Wednesday, August 24, 2011

.............


အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘဝလမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ် ့သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. စျေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁

Friday, August 5, 2011

မိုင်တိုင်၂၉

ဒီနေ့က ကျွန်မရဲ့ ၂၉နှစ်မြောက်မွေးနေ့.. ၂ထိပ်စီးရဲ့ နောက်ဆုံးမွေးနေ့ပေါ့.. အသက်ဘယ်လောက်လဲမေးရင် ၂၀ကျော်လို့ပြောဖို့ ၁နှစ်တိတိကျန်ဦးမယ်.. ပြီးခဲ့တဲ့ ၂၈နှစ်မွေးနေ့တုန်းက “နေ့နဲ့ညရေရင်လေ၂၈နှစ်” ဆိုပြီး ပို့စ်လေးတခုရေးဖြစ်တယ်.. ၂၈နှစ်စာ ဘဝအတွေ့အကြုံလေးတွေအကြောင်းပေါ့.. အခုနှစ်မွေးနေ့အတွက် စာရေးမယ်ဆိုတော့ ခံစားချက်တွေကမျိုးစုံ.. မနှစ်ကနဲ့မတူတော့တာတော့အမှန်ပဲ.. တနှစ်တာအတွင်း မိသားစုအတွက် အချိုးအကွေ့တွေကလဲမျိုးစုံပေါ့..

၂၉နှစ်အရွယ် မိန်းမတစ်ယောက်အနေနဲ့ လောကကြီးကိုဘယ်လိုမြင်နေလဲလို့ တွေးကြည့်တော့.. အကောင်းမြင်နေတတ်သေးတာတော့ သေချာတယ်.. ပျော်တဲ့အခါ အော်ဟစ်ရယ်မောမိတတ်သလို ဒေါသထွက်တဲ့အခါ အလိုလိုကျလာတတ်တဲ့မျက်ရည်ကိုလဲ မထိန်းနိုင်သေးဘူး.. သည်းခံခြင်းသည်အောင်မြင်ရာ၏ ဆိုတာကိုလက်ခံပေမယ့် အလကားသက်သက် အနိုင်ကျင့်ချင်သူတွေ စိတ်သဘောထားသေးသိမ်သူတွေကိုတော့ ဘာဖြစ်ဖြစ်သည်းခံလိုက်မယ်ဆိုတဲ့အထိ ကျွန်မ မရင့်ကျက်သေးတာသေချာတယ်.. လောကထဲမှာ မရှိစေချင်သူတွေကတော့ လူမျိုးရေးခွဲခြားတတ်သူတွေနဲ့ လူတန်းစားခွဲခြားတတ်သူတွေပါပဲ.. ဘဝဇာတ်ခုံပေါ်က မိသားစုငယ်လေးတခုမှာ မိခင်ဆိုတဲ့နေရာက ကပြအသုံးတော်ခံနေရသူမို့ ငါဆိုတဲ့အတ္တထက် ငါ့မိသားစုဆိုတဲ့အတ္တက ပိုပြီးကြီးစိုးထားမယ်ထင်ရဲ့.. ကျွန်မက အတ္တကြီးပါတယ်.. လိုချင်တာကို မရရအောင်ယူတတ်သလို.. ဘယ်လိုမှမရနိုင်တော့ဘူးလို့ သေချာနေရင်တောင် ရနိုင်တာတွေထဲက အကောင်းဆုံးဆိုတာကိုမှ ရအောင်ယူတတ်သူပါ.. အတိတ်ကံလေးကလဲ ကောင်းတယ်ပြောလို့ရတာမို့ ခုထက်ထိတော့ အရှုံးကြီးကြီးမားမားနဲ့ မကြံုရသေးပါဘူး..

မိသားစုအရေးအနေနဲ့ သားလေးကို ရန်ကုန်မှာပြန်ထားလိုက်ရတာက ကျွန်မအတွက် ရင်ကွဲနာပါပဲ.. သူလေးအတွက်တော့ အဖိုးအဖွား ဆွေမျိုးတွေရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေကြားမှာ နေရတာက ခိုအိမ်လေးထဲမှာ ကလေးထိန်းနဲ့နေရတဲ့ ကလေးလေးတယောက်ထက်တော့ အပုံကြီးသာမှာပါ.. မြေကြီးနဲ့နီးတဲ့ ရှင်သန်မှုမျိုး သားလေးကိုပိုင်ဆိုင်စေချင်တာလေ.. ခုဆို သားလေးက ရန်ကုန်အိမ်ကမှ သူ့အိမ်အစစ်လို့ လက်ခံလိုက်ပြီ.. ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဆွမ်းလောင်းတတ်ပြီ.. မနက်တိုင်း စံပယ်ပန်းဝယ်ပြီး ဘုရားကပ်တတ်ပြီ.. အဲဒါလေးတွေကြားရတော့ ဖြစ်လာတဲ့ပီတိက ရင်ကွဲနာကို ကုသပေးနိုင်ခဲ့တယ်.. သားလေးကို လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလေးတယောက် ဖြစ်စေချင်တာက ကျွန်မရင်ထဲက အကြီးမားဆုံးဆန္ဒမို့လား..

ဒီတလောအတွင်း ကျွန်မကို အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ခဲ့တာကတော့ ကျွန်မရဲ့လက်တွဲဖော် မောင်ပါပဲ.. ကျွန်မက တခါတလေ ဘာကိုအလိုမကျမှန်းမသိ စိတ်တွေတိုနေတတ်တယ်.. အဲသလိုအခါမျိုးမှာ မောင်ကစိတ်ရှည်လက်ရှည်ချော့တတ်တယ်.. ကျွန်မမရယ်မချင်းပေါ့.. ကျွန်မသွားချင်တဲ့နေရာကို လိုက်ပေးတယ် (သူက အပြင်သွားရမှာ သိပ်မုန်းတဲ့သူ).. ကျွန်မချက်သမျှကို ကောင်းကောင်းမကောင်းကောင်း “မိန်းမချက်တာမို့ အရမ်းစားကောင်းတာပဲ” ဆိုပြီး အားပေးတယ် (သူမကြိုက်တဲ့ဟင်းတောင် ကုန်အောင်စားပေးတာ).. သူဆီက ကျွန်မမမျှော်လင့်ထားခဲ့ဖူးတဲ့ အလျှော့ပေးဂရုစိုက်မှုလေးတွေကြောင့်သာ ကျွန်မရဲ့စိတ်ဖိစီးမှုတွေ သက်သာရာရခဲ့တာပါ.. ဆိုတော့ကာ ကျေးဇူးစကြာဝဠာပါ ကျားကျားရေ..

လာမယ့်တနှစ်တာအတွင်း ဘာတွေလုပ်မလဲလို့ စဉ်းစားမိတော့ လုပ်ချင်တာတွေကအများသား.. လက်ရှိလုပ်နေရတဲ့လိုင်းကို သိပ်မကြိုက်လို့ လိုင်းပြောင်းဖို့ကြံနေတယ်.. အဲ့အတွက် ပြောင်းချင်တဲ့လိုင်းနဲ့ သက်ဆိုင်တဲ့လက်မှတ်တွေရဖို့ ကျောင်းတက်ချင်နေတယ်.. လာမယ့်ဒီဇင်ဘာလထဲ အိမ်ပြန်ချင်တယ်.. ယောက်ျားနဲ့နှစ်ယောက်တည်း နီးနီးနားနား အပန်းဖြေခရီးလေးတခု သွားချင်တယ်.. သီချင်းတွေဆက်ဆိုချင်တယ်.. ၃ကီလိုလောက် ၀ိတ်ချချင်တယ်.. အရင်ကလို ဟန်းမိတ်အသုံးအဆောင်လေးတွေ ကိုယ်တိုင်ဖန်တီးပြီး သုံးချင်တယ်.. တရုတ်စကားပြောသင်ချင်တယ်.. ပန်းချီဆွဲချင်တယ်.. အများကြီး အများကြီးကျန်သေးတယ်..

ခုလောလောဆယ်တော့ ပါဆာရစ်ပါ့ခ်မှာလုပ်မယ့် မှော်ဘီကျောင်း ဂဲသရင်းအတွက်ရယ်.. ကျွန်မမွေးနေ့နဲ့ လေးရက်ပဲကွာတဲ့ စင်္ကာပူရဲ့မွေးနေ့မှာ ပါ၀င်ချီတက်ဆင်နွှဲဖို့ရယ်.. အလုပ်တွေရှုပ်လို့ အရှုပ်တွေလုပ်နေပါကြောင်း.. း)

Wednesday, July 20, 2011

မိုးသံစဉ်နှင့်စကားစမြည်

စလုံးကနေ ရန်ကုန်ရောက်စတုန်းက
“မေမေ ဂျူရောင်းပွိုင့်သွားမယ်..” “အိုင်အမ်အမ်သွားမယ်..”
ခုကျတော့
“ကပ်ပီတယ်သွားမယ်..” “တော်ဝင်စင်တာသွားမယ်..”

မေမေ။ ။ သားသားရေ ဘာတွေတတ်နေပြီလဲ ပြောပါဦး..
သားသား။ ။ နိုင်ငံရေးဦးတည်ချက်၄ရပ် စီးပွားရေးဦးတည်ချက်၄ရပ် လူမှုရေးဦးတည်ချက်၄ရပ်
မေမေ။ ။ ဘာတွေတုန်းသားသားရဲ့..
သားသား။ ။ တီဗီမှာလာတာတွေလေ.. မေမေသိဘူးလား..

မေမေ။ ။ သားသားရေ.. မေမေကိုစကားပြောပါဦး.. သားသားအသံလေးကြားချင်လို့..
သားသား။ ။ ပြောဘူး.. သားသားအားဘူး.. အလုပ်ရှုပ်နေတယ်.. မားမားနဲ့ပဲပြော..

မေမေ။ ။ သားသား နေမကောင်းဘူးဆို.. နှာစေးနေတယ်ဆို..
သားသား။ ။ အင်း.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေ.. ပြန်လာရင် ထီးလေးဆောင်းပြီးလာနော်..

ဖေဖေ။ ။ သားသား ဘာလုပ်နေလဲ
သားသား။ ။ ဖေဖေ့ကို သတိရနေတာ.. သားသားကို ကားဖြူဖြူလေးဝယ်ပေးနော်.. အရုပ်ကားမဟုတ်ဘူး.. တကယ်မောင်းလို့ရတဲ့ကား..

သားသား။ ။ မားမားရေ.. လေးလေးဖြိုးမောင်းသလို ကားဖြူရောင်လေးက ဘယ်မှာဝယ်ရတာလဲ..
မားမား။ ။ ကားစျေးမှာပေါ့သားသားရဲ့..
သားသား။ ။ သွားဝယ်မယ်လေ..
မားမား။ ။ မားမားခြေထောက်နာနေလို့.. နောက်မှသွားဝယ်ရအောင်နော်..
သားသား။ ။ မားမားကလဲ နေမကောင်းပဲဖြစ်နေတာပဲ.. သားသားကို ပိုက်ပိုက်ပဲပေးလိုက်တော့.. သားသားကိုယ့်ဟာကိုယ်တယောက်တည်းပဲ သွားဝယ်လိုက်တော့မယ်..

(၂နှစ်နဲ့ရလသား မိုးသံစဉ်နဲ့ စကားပြောမိသမျှလေးပေါ့.. လွမ်းလိုက်တာသားလေးရယ်.. )

Saturday, July 9, 2011

ပြန်ဆုံမယ့်ညနေ (GTC Hmawbi Gathering Singapore 2011)

ပြည်လမ်းမကြီးရဲ့ဘေး မှော်ဘီမြို့လေးနဲ့ မဝေးလှတဲ့တနေရာမှာ ကျွန်မတို့ရဲ့ကျောင်းတော်ကြီးရှိတယ်.. ၅နှစ်တိတိ နေ့စဉ်လိုလို ပျော်ခဲ့ဖူးတဲ့ကျောင်းတော်ကြီးနဲ့ ဝေးနေရတာ ခုဆို ၅နှစ်ကျော်လို့ ၆နှစ်နီးနီးတောင်ရှိခဲ့ပေါ့.. သူများတကာတွေရဲ့ အထင်ကရကျောင်းတော်ကြီးတွေလို ခန်းခန်းနားနားမရှိလှပေမယ့် ဆရာဆရာမတွေနဲ့ ကျောင်းသားတွေကြားက ရင်းနှီးနွေးထွေးမှုလေးတွေနဲ့တင် လွမ်းတတ်မယ်ဆိုရင် လွမ်းလောက်စရာတွေက အများသားလေ.. ခုတော့ ကျောင်းဆောင်သစ်ကြီးဆောက်ပြီးသွားလို့ ကျောင်းအဟောင်းလေးလဲ အထီးကျန်နေလောက်ရောပေါ့.. ကျွန်မ ကျောင်းကိုတကယ်လွမ်းပါတယ်.. ပြန်မရနိုင်တော့တဲ့ ပြန်ရောက်ဖို့ရာမလွယ်တော့တဲ့ ကျောင်းတော်ကြီးဆီကို virtual tour လေးလုပ်ကြည့်လိုက်မယ်.. လိုက်ခဲ့မယ်မို့လား..

ကျောင်းအ၀င်ဂိတ် ၂ခုရှိတဲ့အထဲက အ၀င်အထွက်အများဆုံးက ရေအိုးစင်ဂိတ်.. မျက်နှာချင်းဆိုင်မှာ ဘော်ဒါဆောင်တွေ စားသောက်ဆိုင်တွေအပြည့်နဲ့ စည်ကားနေတတ်တဲ့နေရာပေါ့.. ရေအိုးစင်ဂိတ်ကနေ ခနော်နီခနော်နဲ့လမ်းလေးအတိုင်း လျှောက်ဝင်လိုက်ရင် လမ်းဘယ်ဘက်မှာ ကတွတ်ပင်ကြီးရှိတယ်.. ကျီးအာသီးနွယ်တွေက ကတွတ်ပင်ကြီးမှာ ယှက်လိမ်နေတာတွေ့ရတတ်တယ်လေ.. သူ့ဘေးမှာကခရေပင်.. မွှေးနေအောင်ပွင့်တဲ့ခရေပန်းတွေကို အကြွေကောက်ရတာအားမရလို့ အပင်ပေါ်ကနေ မမှီတမှီလမ်းဆွတ်တတ်တဲ့ ကောင်မလေးတယောက်ကို ခရေပင်ကြီးကများ မှတ်မိနေဦးမလား.. ညာဘက်မှာတော့ ညောင်ပင်ကြီးပေါ့.. ညောင်ပင်ဘေးနားက ဂ၀ံလမ်းလေးထဲဝင်သွားရင် ကန်တင်းကိုရောက်မယ်.. ဆိုင်တွေကနိမ့်ပြီး ဂ၀ံလမ်းကမြင့်နေတာမို့ ကန်တင်းလာသူတိုင်း မော်ဒယ်လ်ရှိုးလျှောက်ပြီးမှ ဆိုင်တွေကိုရောက်မယ်..

ကန်တင်းကိုမ၀င်ဘဲ ဆက်လျှောက်လာခဲ့ရင်တော့ လမ်းညာဘက်မှာ ရေစင်ကြီးတွေ့လိမ့်မယ်.. ရင်ဘတ်နဲ့ကြည့်ရင်တော့ တချိန်က ရေစင်ပေါ်တက်ဆော့ခဲ့ဖူးတဲ့ ကျွန်မတို့ခြေရာတွေပါတွေ့ရမယ်.. လွတ်လပ်ပေါ့ပါးစွာ ရယ်မောခဲ့ဖူးတဲ့ ရယ်သံလွင်လွင်လေးတွေပါ ကြားချင်ကြားရနိုင်မယ်လေ.. ရေစင်ကြီးဘေးက မြေနီလမ်းလေးထဲဝင်လိုက်ရင်တော့ ဘယ်ဘက်မှာက ခန်းမကျယ်ကြီးနဲ့ ညာဘက်မှာ ဇင်းကျိုက် မင်းဝံ ဇွဲကပင်စတဲ့ စာသင်ဆောင်တွေရှိတယ်.. လမ်းလေးဆုံးရင်တော့ သီဟိုတောထဲရောက်မှာပေါ့.. ဇင်းကျိုက်ဆောင်ဘေးနားက သရက်ပင်ကြီးတွေကရော ခူးမယ့်သူမရှိလို့ ပျင်းနေလေရော့သလား.. မင်းဝံဆောင်နဲ့ ဇွဲကပင်ဆောင်ကြားမှာ ခုလိုချိန်ဆို ဖလံတောင်ဝှေးပင်းတွေ ပေါက်နေလောက်ရောပေါ့.. မြေနီလမ်းလေးထဲမ၀င်ပဲ ဆက်လျှောက်မယ်ဆိုရင် ညာဘက်မှာ ကျောင်းသားရေးရာဌာနနဲ့ ရုံးခန်းတွေရှိတယ်.. ဆက်သွားလိုက်ရင် ဘယ်ဘက်မှာ အဆောင် ၁ ၂ ၃ ၄ တို့ တန်းစီနေတာ တွေ့ရမှာပေါ့.. ညာဘက်မှာကတော့ Workshop တွေလေ.. ကျွန်မတို့ အီးစီဌာနက လမ်းအဆုံးမှာ.. သူများဌာနတွေထက်ထူးခြားတာက ကျွန်မတို့မှာ ကိုယ်ပိုင်စာကြည့်တိုက်လေးရှိတယ်..

ဒီလောက်ပါပဲ.. သူများတွေကတော့ထင်ချင်ထင်မယ်.. ဘာလွမ်းလောက်စရာရှိလဲပေါ့.. ဟုတ်ပါတယ်.. ရုပ်ပိုင်းဆိုင်ရာအနေနဲ့တော့ လွမ်းလောက်စရာမရှိဘူးပေါ့လေ.. ဒါပေမယ့် ပကာသနတွေကင်းတဲ့ ရိုးရှင်းတဲ့ အရိုင်းဆန်တဲ့ အမှတ်ရစရာတမျိုးက ရင်ဘတ်ထဲအထိတိုးဝှေ့နေဆဲဆိုတာ ကျောင်းသားဟောင်းတိုင်းသိပါတယ်.. ခုဆိုရင် မိခင်ကျောင်းတော်ကြီးကထွက်လို့ ဘ၀ဆိုတဲ့လမ်းပေါ်မှာ လျှောက်နေရပြီဖြစ်တဲ့ သားတွေသမီးတွေ ကမ္ဘာမြေအနှံ့ပေါ့.. အနေနီးသူတွေက အချင်းချင်းဆုံဖြစ်နေကြပေမယ့် အဆက်အသွယ်ပြတ်နေသူတွေကလဲ မနည်းမနော.. လူတိုင်းရဲ့ရင်ထဲမှာတော့ ကျောင်းတော်ကြီးကိုလွမ်းနေမယ် သူငယ်ချင်းတွေကို သတိရနေမယ်လို့ မျှော်လင့်မိပါရဲ့..

သူများကျောင်းတွေက Gathering တွေလုပ်ကြတာမြင်တော့ တို့အလှည့်ဘယ်တော့ဖြစ်နိုင်မလဲလို့ တွေးမိတယ်.. တလောက မျက်နှာစာအုပ်မှာ ကျောင်းနာမည်နဲ့ Page လေးလုပ်ထားတာတွေ့ရပြီး စလုံးမှာတွေ့ဆုံပွဲလုပ်ဖို့ တိုင်ပင်နေကြတာတွေ့တော့ စိတ်ဝင်စားမိပေမယ့် ရက်ကိုကြည့်လိုက်တော့ ကျွန်မရန်ကုန်ပြန်မယ့်ရက်ဖြစ်နေတာမို့ တိတ်တိတ်လေးပဲ ကြေကွဲရတာပေါ့.. ရန်ကုန်ကပြန်လာတော့ ရက်ရွှေ့လိုက်ပြီဆိုတာသိလိုက်ရတယ်.. စနေနေ့တိုင်း အစည်းအဝေးရှိတယ်ဆိုတော့ သွားချင်ပေမယ့်လဲ မအားတာမို့ မသွားဖြစ်ခဲ့ဘူး.. ပြီးခဲ့တဲ့ တနင်္လာနေ့ကတော့ သူငယ်ချင်းကလဲခေါ်တာနဲ့ အစည်းအဝေးသွားတက်ဖြစ်တယ်.. တွေ့ဆုံပွဲအစီအစဉ် အသေးစိတ်လေးတွေကိုလဲ သိခဲ့ရတယ်ပေါ့လေ..

စလုံးမှာရောက်နေတဲ့ မှော်ဘီဂျီတီစီကျောင်းသားဟောင်းတွေအားလုံး ဘယ်နှစ်ကမဆို လာခဲ့ကြဖို့ ဖိတ်ချင်ပါတယ်.. လာမယ့် သြဂုတ်လ၆ရက် (စနေနေ့) ညနေ ၅ နာရီကနေ ည ၁၀ နာရီအထိ.. Pasir Ris Beach မှာပေါ့.. အစိုးမရတဲ့မိုးက နှောက်ယှက်ခဲ့မယ်ဆိုရင်တောင် အားလုံးအဆင်ပြေစေဖို့ Multi-Purpose Hall ကို ငှားထားပါတယ်.. Pasir Ris MRT Station ကနေလဲ လမ်းလျှောက်သွားလို့ရတယ်ဆိုတော့ အဆင်အပြေဆုံးပေါ့.. လက်မှတ်တစောင်ကို $၂၀ပါ.. ဘူဖေးလဲစားလို့ရမယ်.. တီရှပ်လက်ဆောင်လဲ ပေးဦးမှာနော်.. ကျောင်းသားဟောင်း မောင်နှမတွေအားလုံးပဲ ပြန်ဆုံမယ့်ညနေလေးမှာ အတူတူရင်ခုန်လိုက်ကြရအောင်လား.. နော်..

(လက်မှတ်ဝယ်ချင်သူများ.. myuemyue@gmail.com ကိုဆက်သွယ်နိုင်ပါတယ်.. ;) )

Wednesday, June 22, 2011

မိုးသံစဉ်ရဲ့အဝေးမှာ


အကြောင်းကြောင်းကြောင့် သားသားကို ရန်ကုန်ပြန်ပို့လိုက်တယ်.. အရင်က ကလေးထိန်းနဲ့ပဲ တနေကုန်နေရတဲ့သားသားက ခုတော့ ဆွေမျိုးတွေကြားမှာ ပျော်နေပြီပေါ့.. ဒီမှာတုန်းက အစားကောင်းကောင်းမစားလို့ ကျွန်မမှာစိတ်ညစ်လိုက်ရတာ.. ခုတော့ စားချိန်အိပ်ချိန်ကိုမှန်လို့ဆိုပဲ.. ကလေးတွေဟာ မိဘနဲ့ဝေးနေရင် ပိုပြီးလိမ္မာတတ်ကြသလားပဲ.. စလုံးကိုပြန်လာတဲ့နေ့က သားသားကိုမမြင်စေချင်လို့ ကျွန်မမေမေက အပြင်ခေါ်သွားတုန်း ကျွန်မတို့ပြန်လာခဲ့ကြတာလေ.. အိမ်ပြန်ရောက်တော့ သားသားကပြောတယ်တဲ့.. မေမေနဲ့ဖေဖေက ဘွန်လေးပလေ့စ်အိမ်ကိုပြန်သွားပြီ.. သားသားက ရန်ကုန်အိမ်မှာ ကျန်ခဲ့တာတဲ့လေ..

အရင်က သားသားအတွက်နဲ့ ကုန်မှန်းမသိကုန်ခဲ့ရတဲ့ ကျွန်မအချိန်တွေက ခုကျတော့လဲ ဘာလုပ်ရမှန်းမသိကိုဖြစ်လို့.. အလုပ်ဆင်းနေရလို့သာ တော်တော့တယ်.. ရုံးပိတ်ရက်ဆို ဘယ်လိုများနေရမယ်မသိဘူး.. ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းကတော့ ပြန်ရောက်ခါစဆိုတော့ အိမ်ရှင်း ကြမ်းတိုက် အိပ်ယာခင်းတွေလျှော်နဲ့ နေ့တ၀က်ကျိုးသွားတယ်.. နေ့လည်ဘက်ကျတော့ ရန်ကုန်ကပေးလိုက်တဲ့ လူကြုံတွေကို စီးတီးဟောမှာ သွားပေးလိုက်တယ်လေ.. အားနေတဲ့အချိန်မရှိချင်ဘူး.. သားသားကိုလွမ်းရတာ ရင်ဘတ်ထဲကနာလို့.. တခုခုလုပ်နေရင် မေ့မေ့ပျောက်ပျောက်နဲ့မို့ လွမ်းရသက်သာတာပေါ့လေ.. ရုံးမှာက အလုပ်တော်တော်များနေတာမို့ သိပ်မသိသာပေမယ့် အိမ်ပြန်ရောက်ရင် မနေတတ်မထိုင်တတ်ကိုဖြစ်လို့.. ကြာတော့လဲ နေသားကျသွားမယ် ထင်ရတာပဲလေ..

အရင်တုန်းက သားသားနဲ့လုနေရတဲ့ ကျွန်မလပ်တော့ပ်ကို ခုတော့ ယောက်ျားနဲ့လုနေရတယ်.. အိမ်ပြောင်းထားတာမကြာသေးတော့ သူ့ကွန်ပျူတာကို ပြန်မဆင်ရသေးဘူးလေ.. ခုအိမ်လေးကကျဉ်းတော့ သူ့ကွန်ပျူတာကြီးကိုဆင်ဖို့ စားပွဲကလဲမရှိသေး နေရာကလဲမစဉ်းစားရသေးတာနဲ့ ညညဆို လပ်တော့ပ်လုပွဲဆင်နွှဲနေရတယ်.. ရုံးမှာသုံးမရတဲ့ ဂျီမေးလ်တို့ ဖဘတို့က အိမ်ရောက်မှကြည့်ရတာမို့ ဆက်လုနေရဦးမှာပဲ..

သားသားဆီကို တနေ့အနည်းဆုံး၂ခါလောက် ဖုန်းဆက်ဖြစ်နေလို့ စတားဟဘ်ကို လုပ်ကျွေးနေရသလိုပဲ.. ဟိုင်းမိနစ်ကလဲ လိုရင်တမျိုးမလိုရင်တမျိုးမို့လား.. စိတ်မရှည်တာနဲ့ ၀၁၈ကိုနှိပ်နေမိတတ်လို့ ဖုန်းဘီလ်လာမှာကိုတောင် ကြောက်နေရပြီ..

လေယာဉ်လက်မှတ်တွေကလဲ ဈေးချပြန်ပြီ.. လူကို ပြန်ချင်အောင်စွဲဆောင်နေသလိုပဲ.. ၃၁၇ တဲ့.. ၂ပါတ်လက်မှတ်ပေါ့.. သားသားဆီပြန်ချင်လိုက်တာ.. ခွင့်က မိုင်းနပ်စ်ပြနေလို့သာ ငြိမ်နေရတာလေ.. နောက်ဆိုရင်လဲ အမြဲတမ်း ဈေးချနိုင်ကြပါစေလို့ပဲ ဆုတောင်းရတော့မယ်..

အင်း.. ဘာလိုလိုနဲ့ မိုးသံစဉ်ရဲ့အဝေးမှာနေရတာ.. ခုဆို.. ၅ရက်တောင်ရှိပါပေါ့လား.. စိတ်ထဲမှာတော့ ၅နှစ်လို့တောင်ထင်မိရဲ့.. ပိုတယ်လို့မပြောကြပါနဲ့..