Wednesday, April 6, 2011

သုံးနှစ်တာအတူတကွစီးဆင်းခြင်း




လက်ထပ်ခြင်းဆိုတာ တမိသားနဲ့တမိသား တမိုးအောက်မှာ အတူတကွပေါင်းသင်းနေထိုင်ခြင်းပေါ့.. ရှင်သန်ကြီးပြင်းခဲ့တဲ့ မိသားစုအသိုက်အဝန်းတွေဆီကနေ အသီးသီးခွဲထွက်ကြပြီး ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ကြရတယ်ဆိုတာ လွယ်လှတယ်တော့ မဟုတ်ပါဘူး.. အဲသလိုမလွယ်တာကိုကပဲ အိမ်ထောင်ရေးရဲ့အရသာလို့ ကျွန်မတော့ထင်မိတယ်.. အနာဂါတ်မိသားစုအရေးကို အစီအစဉ်တွေဆွဲရတာ ပြသနာတခုခုရှိပြီဆို တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းရတာတွေက အိမ်ထောင်ရေးရဲ့ အနှစ်သာရတွေပေါ့.. ဘာလိုလိုနဲ့ သုံးနှစ်တောင်ရှိခဲ့ပြီလေ..

ချစ်သူသက်တမ်း ၅နှစ်အကြာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက ခုလိုဧပြီလ၆ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပွဲနဲ့ ဧည့်ခံပွဲကျင်းပပြီး နှစ်ယောက်တစ်ဘဝကို စတင်ခဲ့ကြတယ်.. ချစ်သူတွေဘဝကတည်းက တယောက်အကြောင်းတယောက် နောကျေအောင်သိခဲ့ပြီးသားဆိုတာတောင် အတူတူနေကြတော့မှ ထပ်ပြီးသိလာရတာတွေက အများကြီးပေါ့.. ကိုယ်ချစ်တဲ့သူအကြောင်း အသစ်အသစ်တွေသိလာရတာ စိတ်ဝင်စားစရာတော့ကောင်းသား.. သူကြိုက်တတ်တဲ့အစားအစာ အဝတ်အစား စတာတွေကို အပေါ်ယံလေးလောက်ပဲ သိခဲ့ရာက သေသေချာချာသိလာရတယ်..

သူက ဘဝကိုပုံသေနည်းတွေနဲ့ ဖြတ်သန်းနေတဲ့သူဆိုတာ လက်ထပ်ပြီးနောက်မှသတိထားမိလာရတော့ ကျွန်မမှာအံ့တွေသြလို့.. သူ့ရဲ့နေ့တွေက ပုံသေနည်းအတိုင်း လှုပ်ရှားနေတာချည်းပဲ.. ဥပမာ ရေချိုးပြီးမှ ထမင်းစားတယ်ဆိုရင် ဘယ်လောက်ပဲဆာနေပါစေ ထမင်းကိုအရင်ဘယ်တော့မှမစားတတ်ဘူး ဆိုတာမျိုး.. ဒီအသားဟင်းဆို ဟိုအရွက်ဟင်းနဲ့မှ စားကောင်းတယ်ဆိုတာမျိုး.. လုပ်နေကျလေးကိုမှ မလုပ်လိုက်ရရင် နေမထိထိုင်မသာဖြစ်နေတတ်တယ် ဆိုတာမျိုးတွေကို သိလာရတော့ ကျွန်မမှာရယ်ချင်ပက်ကျိဖြစ်မိသေးတယ်.. ကျွန်မကတော့ ခံစားမှုဝါဒီ.. ကိုယ်လုပ်ချင်ရင်လုပ်ပစ်လိုက်တာပဲ.. ထုံးစံတွေ အစဉ်အလာတွေ ခေါင်းထဲကိုထည့်မထားတတ်သူပေါ့.. မလုပ်ချင်တာကိုများ လာမလုပ်ခိုင်းနဲ့ လှည့်တောင်မကြည့်ဘူးဆိုတဲ့ လူစားမျိုး.. နှစ်ယောက်တူတာကတော့ သူလဲသူ့အကျင့်နဲ့သူလုပ်ချင်သလိုလုပ် ကိုယ်လဲကြိုက်တာလုပ် အပြစ်မမြင်တတ်ကြတာချင်းပါပဲ.. ကိုယ်လုပ်သလို လိုက်လုပ်ရမယ်ဆိုတာမျိုး မရှိကြတော့ အဆင်ပြေတယ်လေ.. အကျိုးရလာဒ်ကတော့ ထမင်းလက်ဆုံလေးတောင်မှ မစားဖြစ်တာအတော်ကြာပြီ..

သူက သိပ်ရိုးပါတယ်.. မလိမ်တတ် မညာတတ်သူပေါ့.. လင်္ကာချောအောင်တောင် မုသားမပြောတတ်သူပါ.. လူတကာကိုလဲ ယုံလွယ်တတ်ပါတယ်.. သူယုံကြည်တဲ့သူတွေက သစ္စာမဲ့သွားတယ် သူ့ကိုမကောင်းကြံတယ်ဆိုရင်လဲ ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး.. ဘေးကမြင်ရတဲ့ကျွန်မကသာ ဒေါသအမျက်တွေ ချောင်းချောင်းထွက်လို့ ဘီလူးဆိုင်းလိုက်တီးရတတ်တယ်.. သူကတော့ အေးအေးဆေးဆေးပဲ.. လိုချင်လောဘဆိုတာလဲ တော်တော်နည်းတဲ့သူ.. အဝတ်အစားဆို ကျွန်မဝယ်မပေးရင် သူ့ဟာသူမဝယ်တတ်ပါဘူး.. လူပျိုဘဝတုန်းက သူ့အမေဝယ်ပေးတာတွေကိုပဲ ၀တ်ခဲ့တာတဲ့.. ဒီအင်္ကျီဆို ဒီလုံချည်နဲ့တွဲဆိုပြီး သူ့အမေကတွဲပေးထားရင် အခြားလုံချည်နဲ့တောင် မတွဲဝတ်တတ်ဘူးတဲ့လေ.. အံ့ရောပဲ..

ရယ်စရာကောင်းတဲ့အလွဲတခုရှိသေးတယ်.. သူက ညအိပ်တဲ့အခါ အသားချင်းထိရင် အိပ်မပျော်တတ်တဲ့သူ.. ကျွန်မက တယောက်ယောက်နဲ့ အသားချင်းထိထားမှ ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူ.. ကျွန်မငယ်ငယ်လေးထဲက ညညဆို ဘီလူးစီးသလို အသက်ရှုကျပ်ပြီး လန့်လန့်နိုးတတ်တယ်.. အဘွားကပြောတော့ တယောက်ယောက်နဲ့ အသားချင်းထိထားရင် မဖြစ်တော့ဘူးဆိုတာနဲ့ ညီမလေးလက်ကို ကိုင်ပြီးအိပ်တတ်တာ အကျင့်ပါနေတယ်.. သူနဲ့ကျမှာ ဂွဖြစ်တော့တာပဲ.. မရပါဘူး.. သူပဲလိုက်ကျင့်ပေးရတာပေါ့.. အနည်းဆုံးလက်ဖျားခြေဖျားလေးဖြစ်ဖြစ် ထိထားပြီးမှ ကျွန်မကအိပ်ပျော်တာကိုး.. နောက်တခုရှိသေးတယ်.. ကျွန်မတို့မောင်နှမတွေက အိပ်ခါနီးဆို တယောက်ကိုတယောက် ကျောမှာစာရေးပေးရင်း ဇိမ်လုပ်ပြီးအိပ်တတ်တာ.. မောင်နှမသုံးယောက်သား အလယ်မှာအိပ်ဖို့ကို လုကြရတာအမော.. အလယ်ကလူက အလှည့်တိုင်းရေးပေးခံရတာကိုး.. သူနဲ့ကျတော့ ကျွန်မက သူ့ကိုရေးခိုင်းတာပေါ့.. သူ့ကိုပြန်ရေးပေးမယ်ပြောတော့ မလုပ်ပါနဲ့တဲ့ အရမ်းယားတတ်တာလေ.. ထိတောင်မထိရသေးဘူး တွန့်နေပြီ.. ကျွန်မက ဇိမ်ပဲပေါ့.. ပြန်ရေးပေးစရာမလိုပဲ ဇိမ်လေးနဲ့နှပ်ရတာ..

အချက်အပြုတ်ဝါသနာပါတဲ့ကျွန်မနဲ့ အစားကောင်းကြိုက်တဲ့သူနဲ့တော့ အကိုက်ပဲ.. ကျွန်မက မီးဖိုချောင်ထဲရောက်သွားရင် ပျော်နေရောလေ.. ကိုယ်သာဖြစ်သလိုစားချင်စားမယ် သူ့အတွက်တော့ အမြဲဖွယ်ဖွယ်ရာရာလေး လုပ်ပေးချင်တာ.. သူက ဂျီးမများတတ်ပေမယ့် သူမကြိုက်တဲ့ဟင်းဆိုရင်တော့ လုံးဝမတို့တတ်ဘူး.. ကျွန်မက ငါးခြောက်ကြိုက်သလောက် သူကမကြိုက်ဘူးလေ.. အိမ်မှာငါးခြောက်ချက်တဲ့နေဆို သူ့အတွက် သက်သက်ချက်ပေးရတယ်.. ငါးဟင်းဆိုလဲ အရိုးနွှင်ပေးရတယ်လေ.. ကြေးအိုးကြိုက်တာ ၀က်သားတုတ်ထိုး အသေကြိုက်တာတွေတော့ တူမှတူပဲ.. သူကိုယ်တိုင်ကတော့ ကြက်ဥလောက်ပဲ ကြော်တတ်တဲ့သူ..

အရက်မူးတာကို သေအောင်မုန်းတတ်တဲ့ကျွန်မနဲ့ ဘယ်လောက်သောက်သောက် မမူးတတ်တဲ့သူနဲ့တော့ ဟုတ်နေတာပဲ.. ဘီယာတွေ အရက်ပြင်းတွေ ဘယ်လောက်ပဲသောက်သောက် သူမူးသွားတယ်လို့ တခါမှမတွေဖူးပါဘူး.. တကယ်ကိုဘာမှမဖြစ်တာပါ.. အနံ့သာမရလို့ကတော့ သောက်ထားမှန်းတောင် မသိရပါဘူး.. ကျွန်မကတော့ သူသောက်ထားမှန်းသိရင် ရစ်တော့တာပဲ.. ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ အနိုင်ကျင့်တာပါ.. သူကလဲ သောက်ထားတဲ့အချိန်ဆို ကျွန်မစိတ်ဆိုးမှာစိုးလို့ အားလုံးလုပ်ပေးတတ်ပါတယ်.. ပြီးတော့ပြောတတ်သေးတယ် မသောက်ဘဲမူးပြီး သူ့ကိုရစ်နေတယ်တဲ့..

သားသားကိုမွေးလာတော့ ကျွန်မတို့ဘဝလေးတွေ ပိုပြီးအသက်ဝင်လာတယ်.. ၂ယောက်လုံးက ကိုယ်လုပ်ချင်တာထက် သားသားအတွက်ပိုပြီးကောင်းမယ်ထင်တာကို လုပ်တတ်လာကြတယ်လေ.. သားသားက ရုပ်တော့အဖေနဲ့ပိုတူပြီး အမူအကျင့်တွေ စိတ်ထားတွေက ကျွန်မနဲ့တူပါတယ်.. လုပ်ချင်စိတ်ရှိမှလုပ်တတ်တာ ကျောမှာစာရေးပေးရင် ဇိမ်လုပ်တတ်တာ ဒေါသကြီးတတ်တာ လူတကာနဲ့တည့်အောင်ပေါင်းတတ်တာတွေက ကျွန်မဆီကအကျင့်လေးတွေပေါ့.. သူက ခဏခဏပြောတယ် သားအမိနှစ်ယောက်ပေါင်းပြီး သူ့ကိုအနိုင်ကျင့်တယ်တဲ့လေ..

ဘာပဲပြောပြော သုံးနှစ်ရှိခဲ့ပါပြီ.. ပျော်စရာတွေ ငိုစရာတွေကို အတူတူမျှဝေခံစားခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီပေါ့.. သုံနှစ်တာလုံးလုံး ကျွန်မဆိုးသမျှ အော်ငေါက်သမျှ အနိုင်ကျင့်သမျှကို သည်းခံပေးတဲ့ ချစ်ခင်ပွန်းမောင့်ကို အထူးကျေးဇူးတင်မိပါကြောင်း ပြောချင်ပါတယ်.. မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်အမှတ်တရအဖြစ် လာမယ့်တနင်္ဂနွေနေ့ ဆမ်ဘာဝမ်းပန်းခြံမှာလုပ်မယ့် မြန်မာ့နှစ်သစ်ကူးပွဲတော်အတွက် ကြာဇံချက်အလှူလုပ်ပါမယ်.. ကြွရောက်အားပေးချီးမြှင့်ကြဖို့ အားလုံးကိုဖိတ်ပါတယ်နော်...

12 comments:

ပါရမီဖြည့်ဖက်လေး said...

ဒီတစ်ပတ် ဆမ်ဘာဝမ်းသွားမယ်စိတ်ကူထားတာ။ အတော်ပဲ မမြူးဆီမှာလာတီးရမယ်။ ဒီက ကြာဇံချက်ဆိုကြိုက်မှကြိုက်ပဲ

noblemoe said...

မင်္ဂလာသက်တမ်းသုံးနှစ်မှ ရတုများဆက်ဆက်ဒီလိုပဲပျော်ရွှင်ချမ်းမြေ့ပြီးသယာချမ်းမြေ့တဲ့မိသားစုဘဝကိုပိုင်နိုင်ပါစေ...
မိုး

မေဇင် said...

ပျော်ရွှင်ဖွယ် နှစ်ပါတ်လည်နေ့ပေါင်းများစွာကို ပိုင်ဆိုင်ပါစေ..မမမြူး...အိမ်ထောင်ရေး အကြောင်းလေး ရေးထားတာ စိတ်ဝင်စားဖို့ ကောင်းတယ်။း)

Lorem Ipsum said...

Happy Anniversary My Dear Sis

ကြာဆံချက်စားရသေးတာပေါ့ကွာာာာာာာာာား)

ချစ်တဲ့
မီးမီး

မိုးခါး said...

နောင်နှစ်တွေအများကြီး ပျော်ရွှင်စွာ ဆက်လက် စီးဆင်းနိုင်ပါစေ မမြူး ..း))

ကြာဇံချက် လာစားမယ်နော် ..း)

rose said...

မြူးက ငယ်ငယ်လေးပဲ ရှိသေးတယ်နော်။ လှလိုက်တာ။ Happy Anniversary!! ပျော်ရွှင်တဲ့ မိသားစု ဘ၀လေး ဆက်လက် ပိုင်ဆိုင် ရရှိပါစေ။

tin min htet said...

သုံးနှစ်တောင် ရှိသွားပြီကိုး။ မိုးသံစဉ်အတွက် ဆောင်းသံစဉ်တွေ နွေသံစဉ်တွေ မလာတော့ဘူးလား။

နောင်နှစ်ပေါင်းများစွာ က၃လုံးကို ဆက်လက် အနိုင်ကျင့်နိုင်ကြပါစေ :)

rose of sharon said...

့Happy anniversary, for ever and ever :)

Sonata Cantata said...

Happy anniversary!

ကြာဇံချက် လာစားရင် အမက ဘလော့ဂ်ဂါ ဘယ်သူပါလို့ မိတ်ဆက်ရဦးမှာလားဟင် ...း)

သီဟသစ် said...

မပွင့်မြူးရေ

Happy Anniversary ပါဗျာ
ဒီစာလေး ဖတ်ရတာ ပျော်စရာ ကြည်နူးစရာလေးပါ။

ခင်မင်စွာဖြင့်
သီဟသစ်

JuneOne said...

HAPPY ANNIVERSARY ပါ မြူးမြူး။

ပန်းခရမ်းပြာ said...

Happy Anniversary ....
ဆင်ဘာဝမ်း သင်္ကြန် သွားဖြစ်ရင် ကြာဆံချက် လာစားမယ်နော်။

မချို