Thursday, February 24, 2011

ငွေရတု မွေးနေ့ဆုတောင်း

သူ... မိန်ရာသီဖွား တနင်္လာသား..
ကျွန်မကို ‘မ’ လို့ခေါ်တတ်သူ..
အရာရာကို အပူအပင်မထားတတ်သူ..
ရောင့်ရဲတတ်တဲ့နေရာမှာ ၂ယောက်မရှိသူ..
သီချင်းမဆိုတတ် ဂစ်တာမတီးတတ်တဲ့သူ..
ကျွန်မရေးတဲ့ကဗျာတွေကို နားမလည်ဘူးဆိုတဲ့သူ..
ကျွန်မဘလော့ကို တခါမှမဖတ်ဖူးတဲ့သူ..
ကွန်ပျူတာဂိမ်းကစားနေရရင် မိန်းမကိုတောင်မေ့နေတတ်သူ..
စလုံးမှာအကြာကြီးမနေချင်ဘူး ရန်ကုန်မြန်မြန်ပြန်ရအောင်လို့ ခဏခဏပူစာတတ်သူ..
ဆေးလိပ်လျှော့သောက်လို့ပြောတိုင်း အင်းပါဆိုပြီး ၂ရက်၁ဗူး ကုန်အောင်သောက်တတ်သူ..
ကျွန်မရဲ့ ပွစိပွစိဒဏ်ကို ပြန်မပြောနားမထောင်စတမ်း သည်းခံတတ်တဲ့သူ..

ဒီနေ့သူ့မွေးနေ့ပေါ့... လွန်ခဲ့တဲ့၂၅နှစ်တုန်းက ဒီနေ့မှာ သူ လူ့လောကထဲ စတင်ဝင်ရောက်လာခဲ့တယ်.. သားအကြီးဆုံးမို့ သူ့မိဘတွေရဲ့ အားကိုးချစ်ခင်မှုတွေ သူရခဲ့တယ်.. ညည အကြာကြီးငိုတတ်တဲ့သူ့ကို အိမ်နီးချင်းတွေကတောင် သြချယူရသတဲ့..

၂၅နှစ်ပြည့်တဲ့ ငွေရတုမွေးနေ့မှာတော့ သူကိုယ်တိုင် မိဘနေရာရောက်နေခဲ့ပြီ.. သူ့မွေးနေ့ပေါင်း ၈ခုတိတိကို ကျွန်မနဲ့တူတူ ဖြတ်သန်းဖူးခဲ့ပြီးပြီ.. နောက်နှစ်ပေါင်းများစွာကိုလဲ ကျွန်မရယ် သားလေးရယ် နဲ့အတူတူပျော်ရွှင်စွာ ဖြတ်သန်းသွားနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

3 comments:

Lorem Ipsum said...

ဟတ်ပီးဘတ်ဒေးပါ မမြူးချစ်ချစ်...း)
သာယာပျော်ရွှင်တဲ့မိသားစုဘ၀လေးကိုထာဝရပိုင်ဆိုင်နိုင်ပါစေ...စိတ်ချမ်းသာကိုယ်ကျန်းမာလိုရာဆန္ဒတွေပြည့်နိုင်ပါစေ..။

မီးမီး

JuneOne said...

happy birthday

မျက်မှန်လေး said...

Happy Birthday.. Thar thar phay phay
Wishes you All d best