Friday, February 26, 2010

အိပ်မက်ထဲကကျောင်းတော် (၃)

၂၀၀၀ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ ပထမနှစ်စာမေးပွဲဖြေရတယ်.. ၆လပါတ် နှစ်ဝက်စာမေးပွဲထက်စာရင်တော့ တိုးတက်လာတယ်ပြောရမှာပေါ့.. ဟိုတုန်းက မေးချင်ရာမေး ဖြေချင်ရာဖြေခဲ့တာမို့လား.. စာမေးပွဲဖြေပြီးကျောင်းပိတ်ထားတုန်းကများ မနေတတ်မထိုင်တတ်နဲ့ ပျင်းလိုက်တာမပြောပါနဲ့.. သူများတွေကတော့ အောင်စာရင်းအတွက်ရင်ခုန်နေကြတယ်တဲ့.. ကျွန်မကတော့ ဘာမှကိုစိတ်မပူခဲ့တာ.. ခုံနံပါတ်ကောင်းကောင်းရဖို့လဲ စိတ်မ၀င်စားခဲ့ဘူး.. အောင်စာရင်းတွေထွက်တော့ အောင်ကြပါတယ်.. ကျွန်မက အဆင့်၁၀နဲ့အောင်တယ်.. အဲဒီတော့မှ အဆင့်ကောင်းကောင်း လိုချင်ရကောင်းမှန်းသိတော့တာ..

ဒုတိယနှစ်စတက်တော့ ဌာနမှူးအသစ်ရောက်လာတယ်.. ဆရာမဒေါ်အေးအေးမြင့်ပေါ့.. စည်းကမ်းကြီးတဲ့ အပျိုကြီးလေ.. စာသင်လဲအရမ်းကောင်းပါတယ်.. စေတနာအပြည့်နဲ့ သင်ပေးတာမှန်းအရမ်းသိသာတယ်.. စာသင်ချိန်တစ်ချိန်ပြီးတိုင်းသူ့မှာမောလို့.. ဆရာမက ကျွန်မတို့ကို လျှပ်စစ်ဆက်သွယ်ရေးဘာသာသင်ပါတယ်.. လုံးဝသီအိုရီချည်းပေါ့.. ကံဆိုးချင်တော့ သူ့စာသင်ချိန်တိုင်းက ထမင်းစားပြီးစ ပထမဆုံးစာသင်ချိန်တွေချည်းပဲ.. ဘာငိုက်သလဲမမေးနဲ့.. တော်သေးတယ်.. အတန်းထဲမှာ လောအယ်တို့ စံကေးတို့လို လူတွေရှိနေပေလို့.. ဆရာမကစာသင် သူတို့ကရယ်စရာလေးဘာလေးပြောပေါ့.. တခါတလေ သူတို့ပါအိပ်ပျော်နေပြီဆိုရင်တော့ပြီးရောပဲ.. မှတ်မိသေးတယ်.. တနေ့ ဆရာမကရှေ့ကနေ အားကြိုးမာန်တက်စာသင်နေတယ်.. လောအယ်ဆိုတဲ့ကောင်က အိပ်ပျော်တာမှ ဟောက်တောင်နေသေးတယ်.. အားလုံးလည်းကိုယ့်အရှိန်လေးနဲ့ကိုယ် ငိုက်နေကြသပေါ့.. အဲဒီအချိန်မှာ ခင်ဗျာတီချယ် ဆိုတဲ့ လောအယ်ရဲ့အသံအကျယ်ကြီးထွက်လာတယ်.. တီချယ်လဲလန့်သွား အားလုံးလဲ မျက်လုံးကျယ်သွားကြတာပေါ့.. ဘာဖြစ်လို့လဲမေးတော့ သူ့ဘေးနားထိုင်တဲ့ စံကေးက သူ့ကိုနှိုးပြီး တီချယ်ခေါ်နေတယ်ပြောလို့တဲ့လေ.. သူတို့နှစ်ယောက်ကအဲဒီလို.. ဆရာမပေါက်စလေးတွေဆို သူတို့ကိုသိပ်ကြောက်တာပေါ့.. လောအယ်ပြောပြတာမှတ်မိသေးတယ်.. စာမေးပွဲခန်းထဲကအဖြစ်အပျက်လေးပေါ့.. အခန်းစောင့်တဲ့ဆရာမက ငယ်ငယ်လေးတဲ့.. သူကစာကူးချဖို့လုပ်နေတာ ဆရာမကသိတော့ သူ့နားမှာပဲရပ်နေတယ်တဲ့.. စာကူးလို့မရတော့ ရအောင်ကြံမှဆိုပြီး.. မေးခွန်းထဲမှာမမေးထားဘဲနဲ့ ပုံတစ်ပုံကောက်ဆွဲလိုက်တယ်.. ပြီးတော့ဆရာမကိုမော့ကြည့်ပြီး တီချယ်.. သားဆွဲထားတဲ့ပုံလေးလှလားလို့ မေးလိုက်တယ်.. ဆရာမလည်းတစ်ချက်တော့ကြောင်သွားပြီး အင်း.. လှပါတယ်လို့ ပြန်ဖြေတာပေါ့.. အဲဒီတော့သူပြန်ပြောလိုက်တာက.. တီချယ်လဲ အဲဒီလိုပဲ လှတယ်တဲ့လေ.. ဆရာမလေးမှာ တော်တော်လန့်သွားပုံရတယ်.. သူ့နားမလာတော့ဘူးတဲ့.. အဲဒီတော့မှ စာကူးရတာ အဆင်ပြေတော့တယ်တဲ့လေ.. အဲဒီတုန်းက စာမေးပွဲခန်းစောင့်တဲ့ ဆရာမတွေမှာ ကူးချဖို့ယူလာကြတဲ့ စာရွက်တွေသိမ်းရတာ မသက်သာပါဘူး.. ကျန်ကျောင်းအိတ်တွေနဲ့အပြည့်ကိုရတာလေ.. ခောတ်မီတိုးတက်တဲ့နိုင်ငံတော်သစ်ကြီးရဲ့ မျိုးဆက်သစ်လေးတွေလက်ချက်များ မြင်လို့တောင်မကောင်းဘူး..

ဆရာကန်တော့ပွဲတွေ စည်စည်ကားကားလုပ်ကြတာလဲ မှတ်မိပါသေးရဲ့.. ဆရာ ဆရာမတွေရော ကျောင်းသားတွေရောကို ကျွေးဖို့ ထမင်းကြော်တွေ ကြာဆန်ကြော်တွေ ကိုယ်တိုင်ကြော်ကြတာလေ.. ထောက်ကြံ့ဈေးထဲမှာ ဈေးသွားဝယ်ကြ.. ဂေါ်ဖီတွေ မုန်လာဥနီတွေ လှီးကြ.. ထမင်းအိုးကြီးတွေတည်ကြနဲ့ တစ်ညလုံးမအိပ်ကြဘူး.. အကြော်ဆရာကတော့ အားလုံးအချစ်တော် လောအယ်ပေါ့.. သူကဒါမျိုးလဲဖြစ်သားပဲ.. မနက်ပွဲစခါနီးအထိ ပုဆိုးတိုတိုနဲ့ ချွေးတလုံးလုံးကြော်နေရတုန်းလေ.. ဗုဒ္ဓဘာသာဝင်မဟုတ်ပေမယ့် ဆရာကန်တော့ပွဲတွေတိုင်းမှာ တက်တက်ကြွကြွကူညီတတ်တဲ့ သူငယ်ချင်းကို အမြဲအမှတ်ရနေပါတယ်..

ကထိန်ခင်းကြတဲ့အချိန်ဆိုရင်လဲ ပဒေသာပင်တွေအပြိုင်အဆိုင်ပြင်ကြတာပေါ့.. ကျွန်မတို့ကအမြဲထူးထူးခြားခြားလေးတွေလုပ်ဖြစ်တယ်.. ဥပမာ စလောင်းအင်တင်နာပုံ ပဒေသာပင်တို့ဘာတို့ပေါ့.. စလောင်းလုပ်ဖို့ ၀ါးနဲ့ယက်ထားတဲ့ ထမင်းအုပ်ဆောင်းကြီးကို သုံးရတာလေ.. ကထိန်လှည့်တဲ့နေ့ ဒိုးပတ်ဝိုင်းနဲ့အတူ ကွေးနေအောင်ကတဲ့ ဆရာဦးကျော်သူရလွင်ကိုလည်း သတိရသေးတယ်.. ဆရာက တကယ်ကတတ်တာပါ.. ဦးရွှေရိုးလုပ်တာက ကိုကိုအောင်နဲ့ နေလင်းထွန်း.. ဒေါ်မိုးကတော့ တင်မောင်သန်းနဲ့ ကိုသန်းဝေဖြိုးလေ.. ကျွန်မက ဒေါ်မိုးတွေရဲ့ မိတ်ကပ်ဆရာမပေါ့.. ပျော်လိုက်ကြတာအရမ်းပါပဲ.. မှော်ဘီဆောင်းနေ့ခင်းရဲ့ နေပူကျဲကျဲအောက်မှာ မမောနိုင်မပန်းနိုင် ပဒေသာပင်တွေသယ်ပြီး ဘုန်းကြီးကျောင်းကိုသွားကြ.. ဟိုရောက်တော့ ဘုန်းကြီးကျောင်းကကျွေးတဲ့ ဆန်ကြမ်းထမင်းနဲ့ သီးစုံဟင်းကို မြိန်ရည်ယှက်ရည်စားကြနဲ့ ဒီအရသာမျိုး ဘယ်မှာပြန်ရနိုင်တော့မလဲ..

ကျွန်မက ဒုတိယနှစ်ရောက်မှ စာပိုကြိုးစားဖြစ်တယ်.. ဘီတက်ခ်သင်တန်းတက်ခွင့်ရချင်တာကိုး.. အီလက်ထရောနစ်ပိုးကလည်း ၀င်သွားပြီကိုး.. အတန်းမရှိတဲ့အချိန်ဆို လက်တွေ့ခန်းထဲသွားပြီး ဒစ်ဂျစ်တယ်ထရိန်နာကြီးနဲ့ ၀ါယာပေါင်းစုံသုံး တိုင်မာတွေ ကောင်တာတွေ ဆင်နေရတာကိုက အရသာရှိတယ်ထင်နေတော့တာ.. ပီအယ်လ်စီစက်ရောက်လာတော့ ပရိုဂရမ်တွေရေးပြီး ဆရာဦးမိုးဝင်းနဲ့အတူတူ စမ်းသပ်ခဲ့ကြတာတွေလည်း မှတ်မိသေးတယ်.. မီးလုံးတွေလင်းတာမှိတ်တာကိုကြည့်ပြီး လက်ခုပ်လက်ဝါးတီးတဲ့အထိပျော်တတ်ခဲ့တဲ့ ကျွန်မက ဘေးလူတွေအမြင်မှာတော့ ရယ်စရာဖြစ်နေခဲ့မလားပဲ.. အဲဒီတုန်းက ကျွန်မနဲ့အတွဲအညီဆုံးက မိစုဆိုတဲ့ ကျွန်မသူငယ်ချင်းလေး.. ပထမနှစ်တုန်းက သူကအေခန်းကဆိုတော့ မတွဲမိကြဘူး.. စာအရမ်းတော်ပြီး သဘောလဲအရမ်းကောင်းတဲ့သူလေးပါ.. သူတတ်သမျှ သူနားလည်သမျှ မတွန့်တိုတတ်ဘဲ အမြဲမျှဝေတတ်တာပေါ့.. သီအိုရီဘာသာတွေကို စိတ်ရှည်လက်ရှည်မှတ်စုထုတ်ပြီး အားလုံးကိုကူးယူခွင့်ပေးခဲ့တာပေါ့.. ဒါကြောင့်လဲသူအမြဲတမ်းလိုလို အဆင့်၁ရတာလေ..

ကျွန်မတို့ ဒုတိယနှစ်ရောက်တော့ ကျောင်းပိုစည်ကားလာတယ်.. လူတွေပိုများလာတယ်လို့ပြောတာပါ.. ကျောင်းဆောင်သစ်တွေဆောက်တာလဲ ပြီးသွားပြီလေ.. ဆရာအင်အားလည်း ပိုများလာတာပေါ့.. အဲဒီကာလထဲ ထူးခြားတဲ့အဖြစ်အပျက်လေးတစ်ခုလည်း ပြောပြရဦးမယ်.. ကျွန်မတို့အဆောင် သူခိုးခိုးခံရတဲ့အကြောင်းပေါ့.. သူခိုးဝင်ပုံလေးများသိရင် အံ့သြကြမလားပဲ.. ကျွန်မရဲ့ခေါင်းရင်းက ၀ါးထရံကို ဖောက်ပြီးဝင်လာတာလေ.. အဲဒါတောင်ကျွန်မမနိုးပါဘူး.. အဲဒီလောက်အအိပ်မက်တာပါ.. နောက်တော့ ဇာကြီးကနိုးလာပြီး သူရဲ သူရဲဆိုအော်တော့မှ တစ်ဆောင်လုံးနိုးကြတာလေ.. အဲဒီအထိ သူခိုးကဘယ်က၀င်မှန်း မသိကြသေးပါဘူး.. မိုးလင်းတော့မှ ကျွန်မခေါင်းရင်းက အပေါက်ကြီးကိုမြင်ပြီး ဘယ်လောက်လန့်သွားသလဲဆို မေ့တောင်လဲတဲ့အထိ.. တော်တော်သတ္တိကောင်းတာနော်.. အဲဒီအဆောင်မှာလဲ မနေရဲတော့ဘဲ တစ်ဆောင်လုံးပြောင်းပြေးကြတာပေါ့..

(ဆက်ပါဦးမည်)

Thursday, February 11, 2010

အိပ်မက်ထဲကကျောင်းတော် (၂)

ပထမနှစ်တက်နေတုန်းမှာ တက္ကသိုလ်ဝင်ခွင့်တွေခေါ်ပါတယ်.. လျှောက်လွှာထဲမှာ နည်းပညာတက္ကသိုလ်ပါမလာတော့ပါဘူး.. အစိုးရနည်းပညာကောလိပ်ဆိုပြီး ပါလာပါတယ်.. ကျွန်မတို့လည်း ဇဝေဇ၀ါပေါ့.. တက္ကသိုလ်ဝင်ခွင့်နဲ့လျှောက်ရင် ဘီအီးတန်းကို တဆက်တည်းပဲ တက်ခွင့်ရတော့မလိုလိုတွေကလည်းပြောနေကြသေး.. ကျွန်မကတော့ တက်လက်စကိုပဲ ဆက်ကြိုးစားချင်တာ.. ဘွဲ့ရအောင်ပေါ့.. အိမ်ကတင်ဆိုလို့ စီးပွားရေး တက္ကသိုလ်တော့ လျှောက်လိုက်တယ်.. ကျလာတော့ ကျောင်းသွားအပ်ထားလိုက်တယ်လေ.. သူကရွာသာကြီးမှာဆိုတော့ မှော်ဘီလောက်တော့မဝေးဘူးပေါ့.. ဒါပေမယ့် အဲဒီအချိန်မှာ ကျွန်မက မှော်ဘီသူတစ်ပိုင်းဖြစ်နေပြီ.. မှော်ဘီမှာပဲပျော်နေပြီ.. အီကိုကျောင်းကို ကျောင်းအပ်တုန်းတစ်ခါပဲရောက်လိုက်ပါတယ်.. သွားကိုမသွားဖြစ်တော့တာ.. အားလုံးလဲအသီးသီးကျောင်းတွေအပ်ကြ နှစ်ကျောင်းပြိုင်တက်ကြ လုပ်နေကြတဲ့အချိန်မှာ ဂျီတီအိုင်ကျောင်းဘက်က တစခန်းထလာပါတယ်.. ၁၀တန်းအမှတ်စာရင်းမူရင်းတွေပေးရမယ်တဲ့.. အဲဒီမူရင်းဆိုတာ လသာရုံးကဟာ မဟုတ်ဘူးနော်.. တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာတင်ဖို့ စာစစ်ဋ္ဌာနတွေကနေ ထုတ်ပေးတဲ့အမှတ်စာရင်းကိုပြောတာပါ.. အဲဒါက နှစ်စောင်ထုတ်လို့မှမရပဲ.. ကျွန်မတို့ဆီမှာလဲမရှိတော့ဘူး.. သက်သက်ညစ်တာပေါ့လေ.. အဲဒါမပေးရင် ဒီပလိုမာလက်မှတ်မပေးပါဘူးတဲ့.. ကျောင်းမှာတော့ ဆူကြပွက်ကြပေါ့.. ကျောင်းအုပ်ကြီးရုံးခန်းနားမှာ စုဝေးကြ အော်ကြဟစ်ကြ.. ရုံးခန်းထဲကလူတွေကို အပြင်ထွက်မရအောင် ပိတ်ဆို့ထားကြနဲ့.. ပျော်စရာပဲကောင်းသေးတော့တယ်.. ၀န်ကြီးရဲ့စီမံချက်ဆိုတော့လည်း ဘာတတ်နိုင်မှာလဲ.. လည်တဲ့သူတွေကတော့ လည်သလိုလုပ်ပြီးပေးလိုက်ကြတယ်.. (ကျွန်မလဲ အပါအ၀င်).. အဲဒါမပေးနိုင်လို့ ခုထိ လက်မှတ်မရတဲ့သူတွေလည်းရှိတယ်.. အများစုကတော့ ပေးလိုက်နိုင်ကြပါတယ်.. အခြေအနေကိုက လိမ်မှညာမှရမှာဆိုတော့လည်း မိုးခါးရေကို ပျော်ပျော်ကြီးဝိုင်းသောက်လိုက်ကြရုံပေါ့နော်..

စကားမစပ် ကျောင်းကန်တင်းတွေအကြောင်း ရေးချင်သေးတယ်.. ကျွန်မတို့ကျောင်းစတက်တော့ ကန်တင်းက ကျောင်းအ၀င်ဝလေးတင်ပဲ.. အ၀င်ဂိတ်ရဲ့ ဘယ်ဖက်မှာတစ်ဆိုင်.. ညာဘက်မှာတစ်ဆိုင်.. ကျောင်းအုပ်ကြီးအိမ်နားက ညောင်ပင်အောက်မှာတစ်ဆိုင်ပေါ့.. နောက်မှသာ ကန်တင်းဆိုင်ခန်းတွေဆောက်ပြီး ဆိုင်တွေလည်းများလာတာ.. ပေါ်ပြူလာအဖြစ်ဆုံးအစားအစာက ပေါ်တင် တဲ့.. အဆန်းတော့မဟုတ်ပါဘူး.. ဟင်းကို ထမင်းပေါ်တင်ပေးလိုက်တာပါပဲ.. ကြက်သားဟင်းနဲ့ဆိုရင် ကြက်ပေါ်တင်.. ၀က်သားနဲ့ဆို ၀က်ပေါ်တင်ပေါ့.. ချဉ်ပေါင်ကြော်လေး ငရုတ်သီးကြော်လေးတောင် အဆစ်ပါလိုက်သေး.. စလုံးက ထမင်းဆိုင်တွေမှာပေးသလို ထမင်းနဲ့ဟင်းရောထည့်ပေးတာပေါ့.. နောက်မှတ်မိနေသေးတာက ရှကီကြော်ဆိုတာ.. အရက်သောက်တာကို ရှကီထုတယ်လို့ပြောတတ်ကြတာကြားဖူးမှာပေါ့.. ကျွန်မတို့နှစ် စက်မှုစွမ်းအားကျောင်းသားထဲမှာ ဘာလို့မှန်းမသိ ရှကီလို့ခေါ်ကြတဲ့သူတစ်ယောက်ရှိတယ်.. သူကထမင်းစားရင် အစိမ်းကြော်လိုမျိုးကြော်ထားတာကို ထမင်းပေါ်မှာပုံထားတာမျိုး မှာစားလေ့ရှိတယ်တဲ့.. ထမင်းပေါင်းနဲ့ ခပ်ဆင်ဆင်ပေါ့.. ကော်ရည်မပါ အသားမပါတာပဲကွာမယ်.. အဲဒီသူစားတတ်တဲ့ထမင်းမျိုးကို ထမင်းဆိုင်ကမှတ်ထားပြီး သူ့နာမည်နဲ့တွဲလို့ ရှကီကြော်လို့ နာမည်ပေးလိုက်တာတဲ့.. အဆန်းပဲနော်.. ကန်တင်းမှာကျွန်မအကြိုက်ဆုံးက ထောပတ်သီးဖျော်ရည်ပဲ.. အရမ်းကောင်းတယ်.. ဈေးလည်း ရန်ကုန်မြို့ထဲကနဲ့စာရင် သက်သာတယ်လေ.. နေ့တိုင်းလိုလိုသောက်တာပဲ.. ကန်တင်းအသစ်ကိုပြောင်းလိုက်တော့ ဆိုင်တွေကနိမ့်ပြီး အ၀င်လမ်းကမြင့်နေတယ်.. ၀င်လာသမျှလူတွေက စင်ပ်ါမှာမော်ဒယ်ရှိုးလျှောက်ပြသလား ထင်ရအောင်ကိုမြင့်တာလေ.. ဂ၀ံတွေခင်းထားတာကလည်း မညီမညာ.. တချို့ကျောင်းသူတွေများ အံ့သြလောက်ပါပေ့.. ကျွန်မက ဖိနပ်ပါးလေးနဲ့တောင် မလဲအောင်မနည်းလျှောက်ရတဲ့ အဲဒီလမ်းမှာ သူတို့က ပင်ဆယ်ဟီးလ်နဲ့ ကြော့ကြော့လေးလျှောက်နိုင်ကြသတော့.. ကျောင်းစောစောရောက်တတ်တဲ့ကျောင်းသားတွေအတွက်တော့ နေ့တိုင်းကြည့်စရာရတာပေါ့.. လုံချည်ပဲဝတ်ရမယ်လို့ သတ်မှတ်ထားပေမယ့် အဲဒီတုန်းကခောတ်စားတဲ့ သုံးလွှာစကတ်အကွဲတွေဝတ် ဒေါက်မြင့်ဖိနပ်လေးစီး ဆွဲခြင်းလေးဆွဲလို့ ကတ်ဝေါ့လျှောက်ကြတဲ့ မမလှလှတွေများ ခုထိတောင်မြင်ယောင်နေတုန်း..

ဘာပဲဖြစ်ဖြစ် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ကျောင်းသားသဘာဝ ပျော်တာကတော့ ပျော်တာပါပဲ.. မိုးတွင်းမှာ လေကြီးမိုးကြီးကျတဲ့နေ့ ဆရာကမိုးသံကိုလွှမ်းအောင်မအော်နိုင်လို့ စာမသင်ရရင်လဲ သိပ်ပျော်တာပဲ.. ရန်ကုန်ဆောင်းက သိပ်မအေးပေမယ့် မှော်ဘီကတော့ နည်းနည်းပိုအေးတယ်.. နှင်းတွေလည်း ပိုကျတတ်တယ်.. ကျွန်မကနှင်းကျရင်အရမ်းပျော်တာ.. သိန်းဇော်ဦးတို့အဆောင်ရှေ့ ခရေပင်ကြီးက ခရေပန်း အပွင့်အကြီးကြီးတွေကိုလည်း သတိရသေးတယ်.. အရမ်းမွှေးတာလေ.. နွေရာသီဆိုရင်တော့ ပူလိုက်တာပြောမနေနဲ့တော့.. ကန်တင်းတောင်မသွားနိုင်လောက်အောင်ကို နေကပူတော့တာ.. ထိုင်နေရင်းကို ချွေးပြိုက်ပြိုက်ကျရော.. ၂၀၀၀ပြည့်နှစ်ရဲ့ သုံးရာသီစလုံးကို ကျောင်းတက်ရင်းဖြတ်သန်းခဲ့ပြီးတဲ့နောက်တော့ ကျွန်မမှော်ဘီသူလုံးလုံးဖြစ်သွားခဲ့ပြီ.. မှော်ဘီဝန်းကျင်လဲ မရောက်ဖူးတဲ့နေရာမရှိသလောက်ဖြစ်သွားပြီလေ.. မှော်ဘီဈေးထဲက ဈေးသည်တွေနဲ့တောင် ဘော်ဒါတွေဖြစ်နေပြီပေါ့..

(ဆက်ပါဦးမည်)

Wednesday, February 10, 2010

အိပ်မက်ထဲကကျောင်းတော်

ဟိုးငယ်ငယ်လေးကတည်းက ကြီးလာရင်ဘာလုပ်မလဲဆိုတဲ့ မေးခွန်းအတွက် ကျွန်မမှာ ဖြေစရာတစ်ခုတည်းရှိတာ.. အင်ဂျင်နီယာလုပ်မယ်လို့.. ဘယ်တော့မေးမေး ဘယ်နှစ်ခါမေးမေး ပြောင်းလဲမသွားတဲ့အဖြေပေါ့.. တကယ်တမ်း ၁၀ တန်းအောင်တော့ ဂုဏ်ထူး ၂ဘာသာနဲ့ အမှတ်ပေါင်းကလည်း ဟိုမမှီဒီမမှီ.. စိတ်ဓါတ်ကျလိုက်တာဆိုတာ မပြောပါနဲ့.. ကျက်စာကို သေအောင်မုန်းတာမို့ လူမှုရေးဘာသာတွဲကို ၄၄ မှတ်နဲ့ အောင်တယ်ဆိုယုံလေးအောင်ခဲ့တာလေ.. ကျွန်မအကြောင်းသိတဲ့ဖေဖေက အကြံပေးတယ်.. သမီးဂျီတီအိုင်တက်ပါလား.. ကြိုးစားရင် သမီးလိုချင်တဲ့ အင်ဂျင်နီယာဘွဲ့ ရနိုင်တဲ့လမ်းစရှိတယ်တဲ့.. ကျွန်မ ဖေဖေ့ကိုပြန်မေးတဲ့မေးခွန်းမှတ်မိသေးတယ်.. ဂျီတီအိုင်တက်ရင် သမိုင်းတို့ ပထ၀ီတို့လို ဘာမှန်းမသိ အလွတ်ကျက်ရတာတွေ မပါဘူးမဟုတ်လားလို့.. စာကျက်ဘယ်လောက်ပျင်းထားသလဲကြည့်.. ဖေဖေကရယ်တယ်.. ငါ့သမီးက လက်တွေ့မှကြိုက်တာကိုးတဲ့.. ဒီလိုနဲ့ပဲ ၀င်ခွင့်လျှောက်လွှာတင်ဖြစ်သွားတယ်.. လျှောက်လွှာဖြည့်တော့ ဦးစားပေးဘာသာတွေ အစဉ်လိုက်ဖြည့်ရတယ်လေ.. ရူပဗေဒဆို အမြဲအမှတ်ပြည့်ရတတ်တဲ့ ကျွန်မအတွက် ဖေဖေရွေးပေးတာက အီလက်ထရောနစ်တဲ့.. တစ်ခုပဲဖြည့်တယ်.. ၀င်ခွင့်စာမေးပွဲကို သန်လျှင်ဂျီတီအိုင်ကျောင်းမှာသွားဖြေရတာ.. ချောချောမောမောပါပဲ.. အောင်စာရင်းတွေထွက်တော့ ဘာသာရပ်အထူးပြုကတော့ အီလက်ထရောနစ်ပါ.. တက်ရမယ့်ကျောင်းက မှော်ဘီတဲ့.. မှော်ဘီဆိုတာ ကျွန်မအတွက် တကယ့်ကို အစိမ်းသက်သက်ကြီး.. ဘယ်နားရှိမှန်းတောင်မသိဘူး.. အတူတူဝင်ခွင့်ဖြေတဲ့သူငယ်ချင်းတွေက ၀ါးခယ်မတို့ မအူပင်တို့ရောက်ကုန်တယ်.. ကျောင်းသွားအပ်ရတဲ့နေ့က ဖေဖေနဲ့အတူတူ ကားငှားပြီးသွားကြတယ်.. မှတ်မိသေးတယ်.. ဒီဇင်ဘာ ၂၇ ရက်နေ့ ၁၉၉၉... ကိုယ်တက်ရမယ့်ကျောင်းကို ပထမဆုံးမြင်လိုက်ရတော့ အံ့သြလို့.. အထက်တန်းကျောင်းလေးသာသာပဲရှိတာကိုး.. ကျောင်းအုပ်ကြီးနဲ့တွေ့တော့ ဂါဝန်ဝတ်ထားတဲ့ကျွန်မကို ကျောင်းတက်ရင်လုံချည်ပဲဝတ်ရမှာနော်သမီးတဲ့.. ဖေဖေ့ကိုလဲမှာလိုက်တယ်.. သမီးကို လုံချည်ပဲဆင်ပါတဲ့လေ.. မှတ်မှတ်ရရ အဲဒီတုန်းက ကျွန်မမှာလုံချည်ဆိုလို့ ရေလဲလုံချည်နဲ့ ကျောင်းစိမ်းပဲရှိတာ.. ဘာရမလဲ အဒေါ်တွေဆီက သမရတော့တာပေါ့.. အဲဒီတုန်းက ကျောင်းအုပ်ကြီးက ဒေါ်တိုးတိုးသန်း.. ကျွန်မလေးစားရတဲ့သူတွေထဲက တစ်ယောက်ပေါ့.. သဘောကောင်းသလောက် အပြောကြမ်းပါတယ်..

ကျောင်းသွားအပ်တဲ့နေ့က အိမ်ပြန်ရောက်တော့ ပင်ပန်းပြီးလှုပ်တောင်မလှုပ်နိုင်တော့တဲ့ကျွန်မကိုကြည့်ပြီး ဖေဖေက ဒီပုံနဲ့တော့ နေ့တိုင်းအသွားအပြန်လုပ်နေရရင် မဖြစ်ဘူးဆိုပြီး အဆောင်နေခိုင်းပါတယ်.. ဒါနဲ့ပဲ အဆောင်ရှာရပြန်တယ်ပေါ့.. အန်တီမိုးနဲ့အတူတူ အဆောင်သွားရှာကြတော့ ကျောင်းရှေ့က နွေဦးဆိုတဲ့ ဘော်ဒါဆောင်လေးမှာ နောက်ဆုံးကျန်နေတဲ့ တစ်နေရာစာလေး ကံကောင်းထောက်မစွာ ရလိုက်တယ်.. ၂၀၀၀ပြည့်နှစ်ရဲ့ ဇန်န၀ါရီလဆန်းမှာ ၅နှစ်တိတိ မက်ရမယ်မှန်းမသိသေးတဲ့ ကျွန်မရဲ့အိပ်မက်တို့ အစပျိုးခဲ့တယ်ပေါ့...

၂၀၀၀ ပြည့်နှစ်

ကျောင်းစဖွင့်ပြီဆိုလို့သာ အတန်းတက်နေရတယ်.. ဘာစာမှ မယ်မယ်ရရ မသင်ရသေး.. ကျွန်မတို့က စနစ်သစ်ရဲ့ ပထမဆုံးအတန်းဆိုတော့ ဘာဆိုဘာမှ အဆင်သင့်မဖြစ်သေး.. ဆရာတွေလက်ထဲမှာလဲ ဘာသင်ရိုးညွှန်းတမ်းမှမရှိ.. တကယ့်ကို ယောင်ခြောက်ဆယ်ကာလပါပဲ.. အဆောင်မှာအတူနေကြသူတွေထဲမှာ ကျွန်မနဲ့မေဂျာတူတဲ့သူတွေရှိတော့ရှိပါတယ်.. သူတို့တွေက စာကြမ်းပိုးတွေ.. သင်သမျှစာကိုပဲ အထပ်ထပ်ကြည့်.. ဘယ်မှမသွားချင်ကြဆိုတော့ ကျွန်မနဲ့က သိပ်ကီးမကိုက်ဘူး.. ကီးကိုက်တဲ့ဘော်ဘော်တွေကျပြန်တော့ မေဂျာကမတူ.. အတန်းချိန်တွေချင်းကမတူ.. အမြဲလိုလို တစ်ယောက်တည်းပေါ့.. တစ်လလောက်ယောင်နေခဲ့ပြီး အတန်းတွေခွဲလိုက်တော့ တန်းခွဲ စီမှာကျတယ်.. အဲဒီတုန်းက ၀ိုင်တီယူတိုက်ရိုက်ဝင်ခွင့်ရတဲ့သူတွေနဲ့ အတူတူတက်ရတုန်း.. သူတို့တွေကလည်း မကျေနပ်ချက်တွေနဲ့လေ.. ငါတို့ကို ဂျီတီအိုင်တွေနဲ့ ရောထားရလား.. တူသလား.. တန်သလားပေါ့.. ကျွန်မတို့စီခန်းမှာ မိန်းကလေးအများစုက ၀ိုင်တီယူကဟာတွေဆိုတော့ ကိုယ်နဲ့ကသိပ်မကိုက်ဘူး.. သူငယ်ချင်းမရှိဘာမရှိနဲ့ ပျင်းလိုက်တာဆိုတာ မပြောပါနဲ့တော့.. နောက်နည်းနည်းကြာတော့ ၀ိုင်တီယူတွေကို အတန်းသပ်သပ်ခွဲလိုက်တယ်.. ကျွန်မက ဘီခန်းမှာ တက်ရတယ်ပေါ့.. နှစ်ခန်းပဲကျန်တော့တာကိုး.. နည်းနည်းလဲနေသားကျသွားပြီ.. အတန်းထဲကလူတွေနဲ့လဲ ခင်ခင်မင်မင်ဖြစ်လာပြီဆိုတော့ အရင်ကလောက်ပျင်းမနေရတော့ဘူးပေါ့.. လက်တွေ့ချိန်တွေမှာ တစ်ဖွဲ့တည်းကျတဲ့ ကောင်လေးတွေနဲ့ တော်တော်ခင်သွားတယ်.. တစ်ယောက်က သိန်းဇော်ဦး.. တစ်ယောက်ကပြည့်ဖြိုးအောင်တဲ့.. သူတို့နဲ့တစ်ဆောင်တည်း အတူတူနေကြတဲ့ နေလင်း.. ကိုကိုအောင်.. ကိုသန့်ဇင်တို့နဲ့ပါ ခင်သွားတယ်.. ကန်တင်းသွားလဲ သူတို့နဲ့ပဲ.. အဲဒီအထိ အတန်းထဲကမိန်းကလေးတွေနဲ့ သိပ်အစေးမကပ်သေးဘူး.. သင်ရတဲ့စာတွေကလည်း ဘာမှမရေရာပါဘူး.. သင်လိုက်ကြ.. ပြီးရင်သင်ထားတာတွေ မပါတော့ဘူးလို့ပြောလိုက်ကြ.. အသစ်တွေထပ်သင်လိုက်ကြနဲ့ လုံးချာလည်နေတာပဲ.. အပျော်ဆုံးကတော့ ပုံဆွဲရတာပဲပေါ့.. ဇင်းကျိုက်ဆောင်က ပုံဆွဲခန်းတွေကို လွမ်းမိသေးတော့တယ်.. ပုံဆွဲရင်း သရက်သီးတွေခူးစားကြတာလဲမှတ်မိသေးတယ်.. ဇင်ကျိုက်ဆောင်ဘေးက သရက်ပင်တွေကို တွေးမိရင်တောင်သနားလာတယ်.. တီစကွဲတွေနဲ့ သရက်သီးခူးကြတာလေ.. ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ၆လပြည့်တော့ ပထမနှစ်ဝက်စာမေးပွဲဖြေရတယ်.. မေးချင်ရာမေးဖြေချင်ရာဖြေပဲ.. ဒါလည်းအောင်တာပါပဲ.. ကျောင်းကဆရာတွေပဲ စစ်တာကိုး.. အကြောင်းသိတွေဆိုတော့ ပြီးရောပေါ့..

ဒုတိယနှစ်ဝက်ကို မင်းဝံဆောင်မှာတက်ရတယ်.. ကျွန်မတို့နာမည်ပေးထားတာက မဲဇာတဲ့.. မဲဇာရောက်လဲ ပျော်ပျော်ပါပဲ.. ပိုတောင်လွတ်လပ်သေးတယ်.. ကျောင်းအုပ်ကြီးရုံးခန်းနဲ့ဝေးတာကိုး.. အဲဒီတုန်းက ရုံးခန်းက အဆောင်၁ရဲ့ အပေါ်ထပ်မှာလေ.. ၁၀၇ နဲ့ ၁၀၈ အခန်းတွေပေါ့.. အဲဒီမင်းဝံဆောင်အခန်းလေးထဲမှာ ဆရာဦးမိုးဝင်းက ဒစ်ဂျစ်တယ်နဲ့မိတ်ဆက်ပေးခဲ့တယ်.. ဆရာဦးစိုးရာဇာက ဆားကစ်တွေကို ခွဲခြမ်းစိတ်ဖြာပြခဲ့တယ်.. ဆရာမဒေါ်အမာကြူက ဆက်သွယ်ရေးတွေအကြောင်း ပြောပြခဲ့တယ်.. ကျွန်မတို့တတွေလည်း ကန်တင်းတစ်လှည့်.. ဖဲဝိုင်းတလှည့်.. စာသင်ခန်းထဲတလှည့်ထိုင်ရင်း.. တစ်နှစ်ကုန်ခဲ့တယ်ပေါ့...

(ဆက်ပါဦးမည်)

Friday, February 5, 2010

သားသားလူလည်လေး

တစ်နှစ်ကျော်ပြီမို့ သားသားက အတော်လေးလည်နေပြီ.. မေမေ ဖေဖေ မားမားခေါ်တတ်ပြီ.. သားသားရေလို့ခေါ်ရင် ဗျာလို့ထူးတတ်ပြီ.. ထမင်းစားချင်ရင် မန်မန်လို့တောင်းတတ်ပြီ.. တွတ်တီးတွတ်တာ အရွယ်ကလေးရောက်လာပြီပေါ့.. ပြောသမျှစကားတွေကို အကုန်နားလည်နေပြီလေ.. အရပ်ကအရမ်းရှည်နေတော့ ပိန်နေသလိုပဲ.. ၀.၈၂၅ မီတာတောင်ရှိတယ်.. တစ်နှစ်အရွယ် ရွယ်တူတွေနဲ့ယှဉ်တော့ သားသားက အရှည်ကြီးဖြစ်နေတယ်.. ကျွန်မက သူ့ကို တုတ်တုတ်ခဲခဲလေးဖြစ်စေချင်တော့ အခု အသားတွေများများကျွေးနေတယ်လေ.. သူကတော့ကျွေးရင်စားတာပဲ.. အသီးတွေလည်းအရမ်းကြိုက်တယ်.. ဖရဲသီးနဲ့ပန်းသီးကတော့ သူ့အကြိုက်ဆုံးပေါ့.. ဖရဲသီးကိုဆို သူ့သွားလေး ၈ချောင်းနဲ့ ကိုက်ဝါးစားတတ်ပြီ.. ချောကလက်လည်းအရမ်းကြိုက်တယ်.. ချိစ်လဲ ကြိုက်မှကြိုက်..

သားသားက ပူရင်တစက်မှမနေနိုင်ပါဘူး.. အရမ်းအအေးကြိုက်တယ်.. ညနေဆို ကျွန်မပြန်ရောက်တာနဲ့ အခန်းထဲခေါ်သွားပြီး အဲကွန်းအတင်းဖွင့်ခိုင်းတတ်နေပြီ.. ရီမုတ်ကွန်ထရိုးယူပေးတယ်.. ကွန်ပရက်ဆာခလုတ်ကို လက်ညှိုးထိုးပြပြီး ဖွင့်ခိုင်းတယ်.. ပြတင်းပေါက်ပိတ်ခိုင်းတယ်.. ရေချိုးခန်းတံခါးပိတ်ခိုင်းတယ်လေ.. လူကြီးတွေလုပ်သမျှ မှတ်ထားပြီး အမူအယာနဲ့ ခိုင်းတော့တာ.. စကားများပြောတတ်လို့ကတော့ ဖေဖေရောမေမေရော ခိုင်းဖတ်ဖြစ်ဖို့သာပြင်ပေတော့ပဲ.. ရေချိုးခန်းထဲကထွက်ရင် မီးပိတ်ရတာလဲအမော.. မားမားဖုန်းကိုဆို ခဏခဏယူဆော့လွန်းလို့ ကျွမ်းနေပြီ.. ကင်မရာဖွင့်ပြီး ရိုက်တတ်နေပြီ.. ကြီးလာရင် ဦးဦးသစ်တို့ ဦးဦးဗီလိန်တို့ကိုင်တဲ့ အုန်းသီးဝယ်ပေးလို့များ ပူဆာမလားပဲ..

လမ်းစလျှောက်ဖို့ကြိုးစားနေပြီ.. ကိုင်ပြီးတော့လျှောက်သွားတတ်နေပြီဆိုတော့ တစ်ချက်မှ အလစ်ပေးလို့မရဘူးပေါ့.. ဆိုဖာပေါ်တွယ်တက် ခုတင်ပေါ်တွယ်တက်နဲ့မို့ ပြုတ်ကျမှာစိုးတာနဲ့ သူ့နောက်တကောက်ကောက်လိုက်နေရတယ်လေ.. ထိန်းရတဲ့သူ မသက်သာဘူးပေါ့.. ဂျီမကျတတ်တာပဲတော်သေးတယ်ပြောရမယ်.. သူ့ဟာသူ ဆော့နေတာပဲ.. တစ်အိမ်လုံး မွစာကျဲနေအောင်လည်း ဖွတတ်နေပြီ.. အံဆွဲတွေပါမကျန် သူ့လက်မကျတဲ့နေရာမရှိသလောက်ပဲ..

တိုက်အောက်ကိုရောက်ပြီဆို အအေးရောင်းတဲ့စက်နားကို သွားရမှ.. အအေးဝယ်ရမှ.. မိုင်လိုဘူးကိုသိနေပြီ.. မိုင်လိုဘယ်မှလဲဆို ဘူးတွေအစုံရှိတဲ့အထဲက ရွေးပြတတ်တယ်.. တနေ့က မိုင်လိုကုန်နေလို့ ပန်းသီးဖျော်ရည်ဝယ်တိုက်တယ်.. တစ်ငုံသောက်ကြည့်ပြီးတော့ တအံ့တသြလေး ကျွန်မကိုမော့ကြည့်ပြီး “အာ.. ပဲပဲ” တဲ့.. ပန်းသီးကို သူက ပဲပဲလို့ခေါ်တာလေ.. ပန်းသီးပါလားဆိုတဲ့သဘောပေါ့.. အရသာမှတ်မိနေတာများ ရိုက်ချင်စရာလေး..

သားသားလူလည်လေးရဲ့ တိုးတက်မှုလေးတွေပါ.. အမေတွေများ သားသမီးအကြောင်း ကြွားနေရရင် မမောနိုင်မပန်းနိုင်ပေါ့...

Wednesday, February 3, 2010

ကျွန်မတို့ဘော့စ်

မနက်က ကျွန်မမန်နေဂျာနဲ့ကျွန်မ ရန်ဖြစ်ကြပါတယ်.. စလုံးတွေရဲ့ထုံးစံအတိုင်း တစ်ခုခုဆို သူ့လွှဲချကိုယ့်လွှဲချလုပ်ကြလို့ ရန်ဖြစ်ရတာပေါ့.. ကျွန်မက ရုံးမှာရှိသမျှ လိုင်စင်တွေအားလုံးကို လျှောက်တာ အသစ်လဲတာတွေ တာဝန်ယူရပါတယ်.. Barges တွေရဲ့လိုင်စင်တွေရောပဲပေါ့.. Barges တွေအတွက်က လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဆိပ်ကမ်းဌာနကိုတင်ပြီးရင် လိုင်စင်ချမပေးခင် Craft Inspection လာစစ်ပါတယ်.. မနေ့က ကျွန်မရုံးမတက်တုန်း ဘာတွေဖြစ်ကြတယ်မသိဘူး.. မနက်ရုံးရောက်တာနဲ့ကျွန်မကို မေးပါတယ်..
Manager: Zin, have u renewed the MPA License for Atlantis II & V?
Me: Yes, I had already submitted the renewal application last week.
Manager: Then why GM told me all these licenses had expired?
Me: It may be because of the Inspection had failed.
Manager: Why the inspection failed? Why did u submit the renewal application lately?
Me: Who told u that I had submitted the application lately? The inspection, neither pass nor fail, is nothing to do with us!
Manager: You say it is nothing to do with us but later, if the blame come to us, I don't know how to answer!
Me: Well! You don't know how to handle it, right? If somebody blame on us, just call me in. Just ask me to handle him. I don't care anybody! I did nothing wrong!
အပြန်အလှန်ပြောကြတာက ဒီလောက်ပါပဲ.. ပြီးတော့သူတစ်ယောက်တည်း ဘာတွေပွစိပွစိပြောနေလဲမသိဘူး.. ကျွန်မလည်းစိတ်တိုလာပြီး ဟိုဆောင့် ဒီဆောင့်လုပ်တာပေါ့.. ကျွန်မစိတ်တိုလာမှန်းသိတော့ တိတ်သွားပါတယ်.. ကျွန်မကပြောထားဖူးတာကိုး တို့မြန်မာတွေက တော်ရုံစိတ်မဆိုးတတ်ဘူး.. စိတ်ဆိုးလာရင်လဲ လူတောင်သတ်ရဲတယ်.. မဟုတ်ဘဲတော့လာမပြောနဲ့လို့.. ခဏနေတော့ အစည်းအဝေးသွားတက်ပါတယ်.. အစည်းအဝေးကပြန်လာတော့ ၁၀ပေတောင်မဝေးတဲ့ သူ့စားပွဲကနေကျွန်မဆီဖုန်းလှမ်းဆက်ပါတယ်.. မနက်ကသူမှားသွားတာ တောင်းပန်ပါတယ်တဲ့.. နင်ပြောတာမှန်ပါတယ်တဲ့.. ငါကဘာမှန်းမသိလို့နင့်ကိုပြောမိတာပါတဲ့လေ.. ဘာမှပြန်မပြောဘဲ ဖုန်းချပစ်လိုက်တယ်.. သူ့ကိုလှမ်းကြည့်တော့ သွားဖြဲလေးနဲ့ရီပြတယ်..
ထမင်းစားချိန်ကျတော့ ကျွန်မလဲ ကန်တင်းသွားဖို့ပျင်းလို့ ခေါက်ဆွဲပြုတ်စားပါတယ်.. အဲဒါသူမြင်သွားတော့ ဘာလို့ခေါက်ဆွဲပဲစားနေတာလဲ.. ထမင်းသွားမစားဘူးလား.. ငါအပြင်သွားစားမှာ.. ဘာဝယ်လာပေးရမလဲတဲ့.. နေပါစေ.. မလိုဘူးလို့ ပြန်ပြောလိုက်တယ်.. ရုံးပြန်တက်တော့ကျွန်မကိုလာခေါ်တယ်.. မနက်ဖြန်လုပ်မယ့် ဆာဗေးအတွက် မုန့်သွားမှာမလို့ လိုက်ခဲ့တဲ့.. ဟိုရောက်တော့မုန့်မှာပြီး အပြန် ရုံးခန်းထဲကလူတွေအားလုံးအတွက် မုန့်ဝယ်မယ်တဲ့.. ကျွန်မကြိုက်တာဝယ်ဆိုပြီး အတင်းဝယ်ခိုင်းပါတယ်.. ဘာရမလဲ ဈေးအကြီးဆုံးရွေးဝယ်လာခဲ့တယ်.. ရုံးရောက်တော့ အားလုံးကအံ့သြနေကြတာပေါ့.. ကပ်စေးနဲကြီးက မုန့်ဝယ်ကျွေးလို့.. နောက်ဆို နင်သူနဲ့များများရန်ဖြစ်ပေးတဲ့ ၀ိုင်းပြောကြတယ်.. ဟုတ်ပ.. မုန့်ခဏခဏစားရအောင် ရန်ပဲဖြစ်နေရတော့မလိုလို.. ကျွန်မတို့ ဘော့စ်ကအဲဒီလို......


Monday, February 1, 2010

THE CANDLE ROCK PERFORMANCE

စနေနေ့က အတွေ့အကြုံတစ်ခု ရလိုက်တယ်... သိပ်ပျော်စရာကောင်းပါတယ်.. သီချင်းဆိုတာ ၀ါသနာပါတဲ့ကျွန်မအတွက် တီးဝိုင်းနဲ့ လူရှေ့မှာ ပထမဆုံးဆိုဖူတဲ့ အတွေ့အကြုံသစ်ပေါ့.. ကြောက်နေမယ်ထင်ထားခဲ့တာ.. အံ့သြစရာပဲ လုံးဝကြောက်မနေခဲ့ဘူး.. ဆိုလို့ကလည်းကောင်းမှကောင်းပဲ.. ကံကောင်းသွားတာက စုံတွဲသီချင်းကို အရင်ဆိုရတာပါပဲ.. တစ်ယောက်တည်းမဟုတ်တော့ ကြောင်မနေတော့ဘူးပေါ့... မြတ်နိုးခြင်းမိုးတိမ် ဆိုတဲ့သီချင်းလေ.. ယောက်ျားလေးအဆိုရှင်က ကိုပန်ကိုပါ.. အရမ်းကို အသံကောင်း သီချင်းအဆိုကောင်းတဲ့ အစ်ကိုကြီးပေါ့.. လေးဖြူရဲ့ ဂီတလိုသီချင်းမျိုးကို အသံအားကောင်းကောင်းနဲ့ ဆိုသွားနိုင်တယ်လေ.. ကိုထင်ကြီး ကိုဘိုဘို ကိုထက်အောင်ဖြိုး ကိုသန်းအောင် ကိုမင်းဥာဏ် အားလုံးပဲ အရမ်းတော်ကြပါတယ်.. တကယ့် ဟဲဗီးရော့ခ်တွေကို အသံကောင်းကောင်းနဲ့ ဆိုသွားလိုက်ကြတာများ အားကျမိပါရဲ့.. ကိုကိုရေချစ်မိပြီဆိုတဲ့ ထက်ထက်ရယ်.. မချစ်ဘူးမပြောပါနဲ့ လို့ဆိုလေတဲ့ မေသူရယ်.. မင်းပဲကောင်းတယ်လို့ပြောတဲ့ မယုရယ်ကလဲ အရမ်းတော်ကြပါတယ်.. ကျွန်မဆိုရတဲ့ နောက်တစ်ပုဒ်က ချယ်ရီမြို့တဲ့ ဆုန်သင်းပါရ်သီချင်း.. သီချင်းကောင်းလေးပါပဲ.. ကျွန်မဆိုလိုက်မှ ပျက်သွားသလားတော့ မပြောတတ်ဘူးး) .. တီးတဲ့သူတွေကလည်း အရမ်းတော်ပါတယ်.. ခင်မင်ရင်းနှီးတဲ့သူတွေချည်းပဲ စုစည်းကြတဲ့ပွဲလေးမို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ.. နောက်လဲ ဒီလိုပွဲမျိုးကြုံချင်ပါသေးတယ်.. ကဲ.. စီစဉ်သူ ကိုအောင်မြိုင်သင်းရေ.. နောက်တစ်ပွဲဘယ်တော့လဲဗျို့......