Saturday, November 14, 2009

လိုသလိုသာ အသုံးချပါတော့

"သခွားရည်နဲ့ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်ကို နာမည်ကြီးလွန်းလို့လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ကောင်းတာပါပဲရှင်" ဆိုတဲ့ ကြော်ငြာလေးကို မှတ်မိကြဦးမယ်ထင်ပါရဲ့.... ကြော်ငြာခောတ်ဦးတုန်းက အန်တီခင်သန်းနုရဲ့ ကြော်ငြာလေးပေါ့... ပင်တိုင်စံမိတ်ကပ်ရဲ့အကြောင်းတော့ မသုံးဖူးလို့မသိပေမယ့် သခွားသီးရဲ့အစွမ်းလေးကိုတော့ လိုအပ်ရင်သုံးလို့ရအောင် အားလုံးအတွက် မျှဝေပေးချင်ပါတယ်...

သခွားသီးတစ်လုံးထဲမှာ ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်... ဗီတာမင် B1, B2, B3, B5, B6 ဖောလစ်အက်ဆစ် ဗီတာမင်စီ ကယ်လစီယမ် သံဓာတ် မဂနီစီယမ် ဖော့စ်ဖရပ်စ် ပိုတက်စီယမ်နဲ့ ဇင့်တို့ပေါ့...

နေ့လည်နေ့ခင်း အလုပ်ထဲမှာ ပင်ပန်းပြီး ငိုက်နေပြီဆို ကဖင်းပါတဲ့ ကော်ဖီ လက်ဖက်ရည်တွေ သောက်မယ့်အစား သခွားသီးနည်းနည်းလောက် စားကြည့်လိုက်ပါ... သခွားသီးထဲမှာပါတဲ့ ဗီတာမင်တွေက သင့်ကို ချက်ချင်းလန်းဆန်းသွားစေပါလိမ့်မယ်...



ရေနွေးလေးနဲ့ ရေချိုးပြီးတိုင်း ရေချိုးခန်းမှန်မှာ ရေငွေ့တွေရိုက်နေတတ်တာကို စိတ်ပျက်နေပြီလား.... သခွားသီးကို အကွင်လိုက်လေးလှီးပြီး မှန်ကိုတိုက်လိုက်ပါ... ရေငွေ့တွေမရိုက်တော့တဲ့အပြင် မွှေးရနံ့သင်းသင်းလေးတောင် ပေးပါလိမ့်ဦးမယ်....

အပင်စိုက်ဝါသနာပါသူအတွက် အပင်ဖျက်ပိုးတွေက ရန်သူတွေပေါ့... သင့်စိုက်ခင်းလေးမှာ ပိုးတွေကျနေရင် သခွားသီးကွင်းလေးတွေကို ဒန်ဘူးဝိုင်းလေးထဲထည့်ပြီး စိုက်ခင်းထဲချထားပေးပါ... သခွားသီးထဲက ဓာတ်တစ်မျိုးနဲ့ အလူမီနီယမ်နဲ့ ဓာတ်ပြုရာက ထွက်လာတဲ့အနံ့က လူတွေအနံ့ခံကြည့်လို့မရပေမယ့် ပိုးမွှားတွေကိုတော့ ပြေးစေပါတယ်....

ရေကူးကန်သွားခါနီးဖြစ်ဖြစ်... ဘောင်းဘီတိုလေးတွေ ၀တ်ချင်ရင်ပဲဖြစ်ဖြစ် ပေါင်တွေမှာရှိနေတတ်တဲ့ ဆယ်လူလိုဒ်အဆီပြင်တွေကို ခဏတာဖုံးကွယ်ချင်တယ်ဆိုရင် လိုအပ်တဲ့နေရာကို သခွားသီးနဲ့ပွတ်တိုက်ပေးပါ... သခွားသီးက အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတဲ့အတွက် အဆီပြင်တွေကို ဖုံးကွယ်ပေးထားပါလိမ့်မယ်...



မနက်အိပ်ယာကနိုးလို့ ငြီးစီစီဖြစ်နေတာတွေ ခေါင်းကိုက်နေတတ်တာတွေက တကယ်ကို အနှောက်အယှက်ပါပဲ... အဲဒါမျိုးတွေကို ကာကွယ်ချင်တယ်ဆိုရင် မအိပ်ခင် သခွားသီးနည်းနည်းလောက်စားပြီးမှအိပ်ပါ... အိပ်ယာကနေ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါလိမ့်မယ်...

အရေးကြီးတဲ့ အင်တာဗျုးသွားရခါနီးမှာ ဖိနပ်ကလည်းမတိုက်ရသေးဘူး အချိန်လည်းမရတော့ဘူးဆိုရင် သခွားသီးကိုလှီးပြီး တိုက်လိုက်ပါ... အချိန်တိုတိုအတွင်းမှာ ပြောင်လက်တောက်ပတဲ့ ဖိနပ်လေးရပါလိမ့်မယ်...

နေ့လည်စာစားပြီး ငုံဆေးကလည်းကုန်နေလို့ ပါးစပ်နံမှာစိုးနေရင် သခွားသီးတစ်ကွင်းလောက်ကို အာခေါင်မှာကပ်ပြီး တစ်မိနစ်လောက်ငုံထားလိုက်ပါ... အနံ့ဆိုးတွေပျောက်ပြီး ခံတွင်းနံ့သင်းပျံ့စေပါတယ်...




ဘောပင်နဲ့ရေးထားတဲ့ အမှားတွေကိုဖျက်ချင်ပြီဆိုရင် သခွားသီးအခွံပိုင်းနဲ့ ပွတ်တိုက်ပြီးဖျက်လို့ရနိုင်ပါတယ်... ကလေးငယ်ရှိတဲ့မိခင်တွေရေ... နံရံတွေမှာညစ်ပေနေတဲ့ သားသားမီးမီးတို့ရဲ့ ပန်းချီလက်ရာတွေကိုလည်း သခွားသီးနဲ့ပွတ်ပြီး ဖျက်လို့ရပါတယ်နော်....

အားလုံးပဲ လိုအပ်ရင်အသုံးဝင်အောင် email ကရတာလေးကို ဘာသာပြန်မျှဝေပါတယ်....

9 comments:

သီဟသစ် said...

မပွင့်မြူးရေ
သခွားသီးရဲ့ အသုံးဝင်ပုံတွေက မဆိုးဘူးပဲဗျ
မျှဝေပေးလို့ ကျေးဇူးပါ.

ခင်မင်စွာဖြင့်
သီဟသစ်

Shinlay said...

နည်းတွေယူသွားပါတယ်။
မျှဝေတာကျေးဇူးတင်ပါတယ်။

ThuHninSee said...

နည်းတွေအကုန်အသုံးဝင်တယ်။ ကျေးဇူးပဲ။
ကော်ဖီတော့ သောက်ကိုသောက်ရမှ။ သခွားသီးမကယ်နိုင်ဘူး
း)

လင်းကြယ်ဖြူ said...

ဒါဆို လာထား..
ဈေးမယ်
အပြေးဝယ်
အကြွေးကွယ် မထား
အများကြီး ပေါ့
သခွားသီး တဲ့...

ပျော်ပါစေ
မှတ်သားစရာမို့
မှတ်ထားလိုက်ပါတယ်ခင်ဗျာ

T T Sweet said...

အိမ်က နံရံမှာ မဂျူဂျူ လက်ရာတွေ အများသား။ သခွါးခွံလေးနဲ့ ဖျက်ကြည့်ဦးမယ်။ ရမရ နောက်မှ လာပြောမယ်နော်။ ရှယ်ပေးတာကျေးဇူးညီမလေး။

The Queen said...

မှတ်သွားတယ် အမတော့ သခွါးသီးဆို ငပိရည်သာ တန်းမြင်တာပဲ ဂျပန်သခွါးက ပိုချိုပြီး ကြွပ်တယ်နော်

rose of sharon said...

သခွါးသီး အမြဲဆောင်ထားတော့မယ်

သုခုမလေဒီ said...

တကယ်ဗဟုသုတရတဲ့ ပိုစ့်ကောင်းလေးတစ်ပုဒ်ပါပဲ။
အဆင်ပြေပျော်ရွှင်ပါစေ။

Evy said...

သခွားသီးကဒီလောက်အသုံးဝင်မှန်းခုမှသိတော့တယ်။ ကျေးဇူးနော်