Monday, November 9, 2009

လွမ်းတယ်ဆောင်းရယ်

တနေ့က cousin တစ်ယောက်ရဲ့ Facebook status ကိုမြင်ပြီး ဆောင်းရာသီကို လွမ်းသွားတယ်... သူရေးထားတာက "ဆောင်းလေလေးတွေ စတိုက်နေပြီ" တဲ့...ဟုတ်တာပေါ့... ဒီအချိန်ပဲ... နေ့ဘက်သာ ပူချင်ပူမယ်... ညဆိုရင်တော့ ဟေမာန်ဆောင်းရဲ့ အငွေ့အသက်လေးတွေ စခံစားနေရပြီ...

အဆောင်မှာနေတုန်းကဆို အအေးဓာတ်ကို ပိုခံစားရတယ်... ဟုတ်တယ်... ရန်ကုန်နဲ့စာရင် မှော်ဘီကပိုအေးတယ်... ကျွန်မတို့ မှော်ဘီမှာကျောင်းစတက်တော့ ဒီဇင်ဘာလကြီး... အေးမှအေးပေါ့... ညဘက်ဆို ပျဉ်ကြားကလေတိုးတဲ့ဒဏ်ကို အလူးအလဲခံရတယ်... အနွေးထည် အထူကြီးဝတ် စောင်တွေနှစ်ထပ်သုံးထပ်ခြုံထားတာတောင် အေးတုန်းလေ... မနက်ကျောင်းသွားခါနီးဆို ရေချိုးနိုင်ဖို့ကအဝေးကြီး .. မျက်နှာတောင်မနဲသစ်ရတယ်... အိပ်ယာကမထနိုင်လို့ အတန်းလွတ်ရတာလဲ ခဏခဏ... နှင်းတွေအများကြီးကျတဲ့အခါများဆို ကျောင်းဝင်းထဲက ခနော်ခနဲ့ မြေနီလမ်းလေးမှာ ရှေ့ကိုဝေးဝေးမမြင်ရဘဲ စမ်းတ၀ါးဝါးလျှောက်ရတာကိုက အရသာသိပ်ရှိပေါ့... နှင်းဆမ်းထားတဲ့ ခရေပန်းလေးတွေကလည်း ဘာမွှေးသလဲမမေးနဲ့... နှင်းဝေတဲ့ဆောင်းမနက်ခင်းတစ်ခုမှာ တစ်ယောက်သောသူ ပန်ပေးဖူးတဲ့ ငွေပန်းလေးတွေရဲ့ မွှေးရနံ့က ခုထက်ထိတောင် မွှေးနေသယောင်...

မိုးရာသီမှာမွေးတဲ့ကျွန်မက သားလေးကိုတော့ ဆောင်းရာသီမှာမွေးခဲ့တာ... ဇန်န၀ါရီ ၁ရက်နေ့ပေါ့... နယူးရီးယားည ခြံထဲမှာ ဘာဘီကျူးပါတီလုပ်ပြီး ကောင်းကောင်းသောင်းကျန်းလိုက်တာ မနက်လည်းကျရော သားသားလေး ထွက်လာပါလေရော... သားသားရဲ့ ချစ်စရာကောင်တဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့ ကျွန်မရဲ့ နှလုံးသားဟာလည်း ဆောင်းလေလေးနဲ့ ထွေးပွေ့ခံလိုက်ရသလို အေးမြကြည်လင်သွားရတာပေါ့... နှင်းခဲလေးလို ဖြူဖွေးနူးညံ့တဲ့ သားသားလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့အတွက် ကျွန်မရဲ့ဆောင်းမနက်ခင်းက ပိုပြီးပြည့်စုံသွားခဲ့ရတာလေ...

ခုရောက်နေတဲ့နေရာမှာ ဆောင်းရာသီဆိုတာ ဘယ်သွားရှာရမှန်းမသိပေမယ့် ကျွန်မရင်ထဲက ဆောင်းရာသီကတော့ အချိန်တန်ရင် နှင်းတွေဝေနေဆဲ... ထူထူထဲထဲ နှင်းတောထဲက မှုန်ဝါးဝါးနေခြည်အောက်မှာ ဆိတ်ငြိမ်စွာလှပနေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကိုလဲ လွမ်းမိနေဆဲပေါ့......


3 comments:

rose of sharon said...

ကိုင်ဇာသီချင်းလေးသတိရတယ် "ချမ်းလဲချမ်းတယ် လွမ်းလဲလွမ်းတယ်" "အေးသထက်အေးရင် ဆွေးသထက်ဆွေးမယ် "

လင်းကြယ်ဖြူ said...

ဆောင်းဟူသည်က အေးမြခြင်းကို သရုပ်ဖော်တယ်
ငွေနှင်းမှုန်က သန့်စင်တယ်လို့ အဓိပ္ပါယ်ယူ နိုင်တယ်..
ဆောင်းလေပြေ အေးလေးတွေကတော့ ကြည်နူးခြင်း ရင်ခွင် တစ်ခုကို ဖန်တီးတတ်လွန်းလို့ ...
ဆောင်း..အဲ့ဒီ့..ဆောင်းး....အတွက်
အနွေးထည် ပြေးဝယ်လိုက်ဦးမယ်..ဟဲ...း-)

ပျော်ပါစေ

မြစ်ကျိုးအင်း said...

ကျနော်လည်း ဆောင်းရာသီကို နှစ်သက်တယ်
အမသားလေးက ၁ ရက်နေ့မွေးတာဆိုတော့ မှတ်ရတာ ထူးထူးခြားခြားလေး ဖြစ်တယ်နော်။

နှစ်သစ်ရဲ့ ပထမဆုံးနေ့ဆိုတော့ မင်္ဂလာပါပဲလေ။