Friday, March 25, 2011

မောင်နှမသုံးယောက်ရှိလေသည်

ကျွန်မတို့မောင်နှမသုံးယောက်အကြောင်းလေးပေါ့.. မေမေပြန်ပြောပြတဲ့ ငယ်ဘဝအမှတ်တရလေးတွေကို မှတ်တမ်းတင်ထားချင်လို့ပါ..

ကျွန်မတို့သုံးယောက်ကို မသိတဲ့လူတွေဆိုရင် မောင်နှမလို့ ထင်မှာကိုမဟုတ်ဘူး.. ရုပ်ချင်းကတစက်မှမတူလို့ပေါ့.. ကျွန်မက မျက်လုံးပြူးပြူး ပါးဖောင်းဖောင်း နှုတ်ခမ်းထူထူ မျက်နှာဝိုင်းဝိုင်း.. ညီမလေးက မျက်လုံးမှေးမှေး နှုတ်ခမ်းပါးပါး.. မောင်လေးကျပြန်တော့ မျက်နှာရှည်ှရှည်ကြီး.. ကျွန်မနဲ့ ညီမလေးက အသားညိုကြပြီး မောင်လေးကျတော့ ဖြူဖွေးနေတာပဲ.. အရပ်ရှည်တာတော့ အားလုံးတူကြတယ်.. ကျွန်မနဲ့ညီမလေးက ၅ပေ၅လက်မ မောင်လေးက ၆ပေ..

ကျွန်မငယ်ငယ်က သိပ်ကိုအေးတယ်တဲ့.. အော်ဟစ်ငိုယိုတာမျိုး မရှိသလောက်ပဲတဲ့လေ.. မေမေက ညီမလေးကိုမွေးဖို့ ဆေးရုံသွားတော့ မောင်လေးမွေးပေးနော်.. သမီးနဲ့ဘောလုံးကန်ရအောင်လို့ပြောပြီး အိမ်မှာကျန်ခဲ့တာ.. ညီမလေးမွေးလာတော့လဲ ချစ်တာပါပဲ.. ညီမလေးရဲ့နားထင်မှာ အမှတ်ကြီးတခုပါတယ်.. ကျွန်မက အမှတ်ကြီးကို အနာထင်လို့ ညီမလေးသနားပါတယ် နာနာကြီးနဲ့လို့ ပြောတယ်တဲ့လေ.. ညီမလေးက ကျွန်မထက် ၂နှစ်ငယ်ပါတယ်.. ညီမလေးကို နာမည်ပေးကြတော့ ကျွန်မနာမည် ပွင့်မြူးဇင်နဲ့ကာရန်ညီအောင် ၀င့်ထူးဇင်လို့ပေးတယ်.. အားလုံးခေါ်ကြတာတော့ မြူးမြူးနဲ့ထူးထူးပေါ့..

ထူးထူးလို့နာမည်မပေးခင် မေမေကပြောတယ် ဖြစ်ပါ့မလားတဲ့.. သူတွေ့ဖူးသမျှ ထူးထူးတွေက ဆိုးကြတယ်တဲ့.. ထင်တဲ့အတိုင်းပါပဲ ညီမလေးငယ်ငယ်က တော်တော်လေးဆိုးပါတယ်.. စကားကလဲအရမ်းတတ် ခေါင်းကလဲမာဆိုတော့ မေမေနဲ့တကျက်ကျက်ပေါ့.. သူဆိုးလို့ မေမေကစတိုခန်းထဲလှောင်ထားမယ်ဆိုရင် ရတယ် ရေပုလင်းပဲပေးဆိုတာမျိုး.. နင့်ကိုငါမမြင်ချင်ဘူးဆိုရင် သူ့အိတ်ကလေးကောက်လွယ် ခြေထောက်ကလေးဆောင့်ပြီး အိမ်ကဆင်းသွားတာမျိုးတွေ လုပ်တတ်တယ်.. ညီမလေးက ဆိုးပေမယ့် သူ့စိတ်ထားလေးက အရမ်းကောင်းပါတယ်.. အရမ်းသနားတတ်တယ်.. သူများကို ကူညီချင်စိတ်အရမ်းရှိတယ်.. ဖွဲပြာသည်တွေဘာတွေခေါ်ဝယ်လို့ သူတို့တွေကလုံချည်အဟောင်းတွေတောင်းရင် လူကြီးတွေက မရှိဘူးပြောနေတုန်းရှိသေးတယ် သူက တန်းမှာလှန်းထားတဲ့လုံချည်အကောင်းတွေယူလာပြီး သနားပါတယ် ပေးလိုက်ပါ ဗီရိုထဲမှာအများကြီးရှိသေးတာပဲဆိုပြီး အတင်းပေးခိုင်းတတ်တာ.. နောက်ဆို အိမ်ကိုစျေးသည်ခေါ်ခါနီးဆို တန်းကအဝတ်တွေအရင်သိမ်းရတဲ့အဖြစ်ကိုရောက်ရော.. ကလေးလေးချီပြီး ပိုက်ဆံလိုက်တောင်းနေတာတွေ့ရင် ပိုက်ဆံမပေးရမချင်း အာခေါင်ခြစ်အော်ငိုတတ်တဲ့ကလေးမပါ.. သီလရှင်တွေကို ဆန်လောင်းဖို့ ဆန်နို့ဆီဘူးမှာ ဇွန်းတပ်ပြီးပေးလိုက်ရင် ဇွန်နဲ့ခပ်မလောင်းပဲ တဗူးလုံးလောင်းလိုက်တဲ့အပြင် ဇွန်းပါပြန်ပါမလာတော့ဘူး.. ဆန်တဇွန်းထဲနဲ့ ချက်စားလို့မှမရတာတဲ့.. နောက်တခါ ဇွန်းတပ်မပေးအောင် ဇွန်းပါလောင်းပစ်လိုက်ပြီတဲ့လေ..

ညီမလေးက ငယ်ငယ်လေးကတည်းက အရမ်းလှချင်ပါတယ်.. အသားလေးညိုရှာတော့ အသားလဲအရမ်းဖြူချင်ပါတယ်.. မေမေ့ကို အသားဖြူဆေးဖော်ပေဖို့ တောင်းဆိုရတာအမော.. မေမေက မလုပ်တတ်ဘူးပြောတော့ ဘွဲ့ရတယ်လဲဆိုသေးတယ် အသားဖြူဆေးလေးတောင် မလုပ်တတ်ဘူးလားတဲ့.. မေမေက ညီမလေးကိုမွေးပြီးမှ စာပေးစာယူပြန်တက်တာပါ.. ညီမလေးမူကြိုအရွယ်ရောက်တော့ မေမေကစာသင်ပေးဖို့ကြိုးစားတာပေါ့.. အဲဒါကို သူက မေမေတောင်ခုမှကျောင်းတက်နေတုန်းရှိသေးတာ ငယ်လေးကိုဘယ်သင်တတ်မှာလဲ.. ကျောင်းမှာပဲသင်မယ်ဆိုလို့ မူကြိုပေးတက်ရပါတယ်.. ၂ရက်လောက်ပဲတက်ရသေးတယ် မတက်တော့ဘူးတဲ့.. လှေကားလေး၂ထစ်ပဲတက်ရသေးတယ် ကြိမ်လုံးနဲ့ရိုက်လို့တဲ့လေ.. မူကြိုကျောင်းကနေပြီး ညီမလေးတယာက် အဆဲတတ်လာပါတယ်.. အိမ်ပြန်ရောက်တော့ တခါးကြားထဲဝင်ပြီး ပွစိပွစိနဲ့ဆဲကြည့်နေတာကို မေမေကြားတော့ ပါးစပ်ကိုအပ်နဲ့ထိုးမယ်လို့ ခြောက်လိုက်မှာ မဆဲတော့တာလေ.. ဆဲတာကို မကောင်းမှန်းသိလို့သာ ဒင်းကလူရှေ့မှာမပြောဘဲ တံခါးကြားထဲဝင်ဆဲနေတာပေါ့.. တော်တော်လည်တဲ့ကောင်မလေးပါ.. ကျွန်မက ညီမလေးဗိုလ်ကျတာကို အမြဲခံရပါတယ်.. သူစိတ်ဆိုးလာရင် ကုန်းကိုက်တာများ အကွင်းလိုက်ပေါက်တဲ့အထိပေါ့.. ကိုက်ပြီးမှ သူကပြန်သနားနေတတ်သေးတယ်.. မကြီး နာလားဟင်.. ငါနောက်ကိုမကိုက်တော့ပါဘူး ဘာညာပေါ့..

အငယ်မက စာလုပ်ဖို့အရမ်းပျင်းပါတယ်.. သူငယ်တန်းကျောင်းစတက်ပြီး တပါတ်လောက်ပဲရှိသေးတယ် ကျောင်းကပြန်ရောက်တော့ လွယ်အိတ်ကလေးဘုတ်ဆိုပစ်ချပြီး ငယ်လေးဆုံးဖြတ်ချက်ချလိုက်ပြီ.. ကျောင်းမတက်တော့ဘူး ပလက်စတစ်ပဲကောက်တော့မယ်တဲ့လေ.. မေမေက စာမတတ်ရင် ပလက်စတစ်ကောက်ရမယ်လို့ ပြောထားတာကိုး.. ကျောင်းစာအုပ်တွေကိုလဲ လုံးဝမရိုသေပါဘူး.. မေမေက သူ့စာအုပ်တွေကို မီးပူတောင်တိုက်ပေးရတဲ့အထိပဲ.. လွယ်အိတ်ထဲကို ထိုးသွပ်ထည့်တော့ စာအုပ်တွေက အနားတွေလိပ်ပြီး ကြေမွနေလို့ပေါ့.. လက်ရေးဆိုရင်လဲ သေသေသပ်သပ်မရေးချင်လို့ မေမေနဲ့တရန်ပေါ့.. ကျွန်မကိုတုန်းက မေမေပုံသွင်းသလိုရခဲ့ပေမယ့် အငယ်မနဲ့မှ မေမေလဲလက်လျှော့ရတယ်လေ..

မောင်လေးကိုမွေးတော့ ကျွန်မက၆နှစ် ညီမလေးက၄နှစ်.. အရေးအခင်းကာလကြီးမွေးတာပေါ့.. မေမေညဘက်ဗိုက်နာလို့ ဆေးရုံသွားဖို့ကို မြို့နယ်အဆင့်ဆင့် လမ်းတောင်းပြီးသွားရတဲ့အခြေအနေပေါ့.. ဖေဖေကလဲ နယ်ကိုတာဝန်ကျနေတဲ့အချိန်.. မောင်လေးကိုမွေးပြီးတော့ ဖေဖေတို့ရုံးကို လှမ်းအကြောင်းကြာရတယ်.. အဲဒီအချိန်မှာ ဖေဖေတို့သင်္ဘောက ပင်လယ်ထဲရောက်နေတာတဲ့.. ကမ်းခြေရုံးကနေ ရေဒီယိုနဲ့လှမ်းအော်ပေးတာပေါ့.. စီအီးမိန်းမ စုဗူးပေါက်ပြီလို့.. ဘာလေးလဲလို့ ဖေဖေကအသည်းအသန်ပြန်မေးတော့ ရော့ကတ်လေးလို့ ပြန်အော်တာတဲ့.. ဖေဖေလဲအရမ်းပျော်သွားတာပေါ့.. ဖေဖေက တဦးတည်းသောသားလေ.. ဇင်မျိုးရိုးအတွက် သားလေးတယောက်လောက် အရမ်းလိုချင်နေတာကိုး..

မောင်လေးက အသားအရမ်းဖြူပါတယ်.. မွေးကာစကဆို အသားလေးတွေကကြည်နေတော့ နို့စို့နေရင် ဗိုက်ထဲကိုနို့တွေဝင်သွားတာ မြင်နေရပါတယ်.. ကျွန်မက အသည်းယားလို့ မကြည့်ရဲပါဘူး.. မောင်လေးကို နာမည်ပေးကြမယ်ဆိုတော့ မေမေက တနင်္လာသား အပစ်အခတ်တွေကြားမှာမွေးလို့ ကြည်ဆန်ဇင်လို့ ပေးမယ်တဲ့.. အားလုံးက ၀ိုင်းတားကြတာပေါ့.. နောက်တော့ ကြည်ဇော်ဇင်လို့ ပေးဖြစ်သွားပါတယ်.. မောင်လေးမွေးလာတော့ ညီမလေးက အရမ်းကို မနာလိုဖြစ်ပါတော့တယ်.. အသားဖြူတာကို အရမ်းမနာလိုတာပေါ့.. ကလေးလာကြည့်တဲ့လူတွေက ကလေးလေးကအရမ်းချောတာပဲ အသားလေးကဖွေးနေတာပဲလို့ ပြောကြတော့ ပိုဆိုးတာပေါ့.. တနေ့တော့ အိမ်ကိုလာလည်တဲ့အမျိုးတယောက်က ငယ်လေးရေ မောင်လေးကိုလိုချင်လို့ ပေးမလားလို့မေးပါတယ်.. ညီမလေးပြန်ဖြေလိုက်တာက ခုယူမသွားနဲ့ဦး.. မနက်ဖြန်ကျရင် အဲ့ကလေးကို ဟင်းချက်မှာ.. ကျက်တော့မှတခွက်လာယူတဲ့လေ.. နောက်ကျတော့လဲသူပဲ မောင်လေးကိုချစ်လိုက်တာမှ တုန်လို့..

မောင်လေးငယ်ငယ်က အရမ်းကြောက်တတ်ပါတယ်.. ခဏခဏလဲ လန့်ပြီးဖျားတတ်တယ်.. ဖျားပြီဆိုကိုယ်တွေကပူခြစ်ပြီး ကယောင်ကတမ်းတွေပြောနေတာပေါ့.. ကျွန်မကစိတ်ပူတတ်တော့ မောင်လေးဖျားပြီဆို ကျွန်မပါအိပ်မရတော့ဘူး.. မောင်လေးက အချိုတွေအရမ်းစားတော့ သွားလဲခဏခဏကိုက်ပါတယ်.. သွားကိုက်ရင်သောက်တဲ့ဆေးတွေကိုတောင် သူကမှတ်မိနေပြီး ဆရာဝန်ဆီကတောင်းတတ်တာပါ.. မောင်လေးရဲ့ အရေပြားတွေက အရမ်းနုတော့ နည်းနည်းလေးညစ်ပတ်တာနဲ့ ယားနာတွေပေါက်တတ်ပါတယ်.. ယားနာလိမ်းဆေးပေါင်းစုံနဲ့ နပန်းလုံးနေရတာပေါ့.. မောင်လေးက အရမ်းရွံတတ်ပါတယ်.. ရွှံ့တွေဗွက်တွေတွေ့ရင် အသားတွေတုန်တဲ့အထိကို ရွံတတ်တာပါ.. ဘာလေးမဆို အကောင်းကလဲကြိုက်မှကြိုက်ပဲ.. သူလိုချင်တဲ့ဟာဆို အကောင်းစားဝယ်မပေးနိုင်သေးရင် ၀ယ်ပေးနိုင်တဲ့အထိစောင့်မယ်တဲ့.. အပေါစားနဲ့တော့မရဘူးဆိုတာမျိုး.. အစားအစာဆိုရင်လဲ အကောင်းမှစားချင်တာလေ.. အအေးဆိုလဲ ကိုကာကိုလာမှသောက်တယ်.. ကျွန်မတို့ငယ်ငယ်တုန်းက ကုတ်ကဝယ်ရခက်တာမို့လား.. ဖေဖေ့သင်္ဘော စလုံးကပြန်လာရင်တော့ ကုတ်တွေအများကြီးသောက်ရတတ်တယ်..

ကျွန်မတို့ညီအမက အကြမ်းခံသလောက် မောင်လေးကနုပါတယ်.. မိုးရေထဲဆော့မိရင်လဲဖျားတတ်လို့ ကျွန်မတို့ပါ မဆော့ရတော့ဘူး.. သူက ငယ်ငယ်ကတည်းက အကြမ်းပတမ်းတွေသိပ်မဆော့ဘူး.. တီဗွီဂိမ်းတွေကစားတယ်.. စာဖတ်တယ်.. သီချင်းနားထောင်တယ်.. မောင်လေးငယ်ငယ်က ဇော်ဝင်းထွဋ်ကိုသိပ်ကြိုက်တာ.. သူ့နာမည်ကိုတောင် ကြည်ဇော်ဝင်းထွဋ်လို့ ပြောင်းပါမယ်လုပ်သေးတာလေ.. ၁၀နှစ်သားလောက်ကတည်းက ဂစ်တာကောင်းကောင်းတီးတတ်နေပြီ.. သူ့သူငယ်ချင်းတွေအိမ်လာလည်ရင် သူကတီး သူငယ်ချင်းတွေကဆိုနဲ့ ဆူလို့ညံလို့ပေါ့.. အဲသလိုအချိန်ဆို အစ်မတွေကို အိမ်ခန်းထဲမှာ သော့ပိတ်ထားတတ်တယ်.. သူ့သူငယ်ချင်းတွေတွေ့မှာစိုးလို့တဲ့.. မောင်လေးက အလှအပလဲကြိုက်တတ်တယ်.. လမ်းထိပ်ကလေးခဏသွားရင်တောင် အဝတ်အစားကျကျနနဝတ်ပြီးမှသွားတာ.. တခါတလေ အငယ်မက အိမ်နေအဝတ်အစားနဲ့ သူ့နောက်ကလိုက်ဖို့လုပ်ရင် မထူးရယ် အဲ့ပုံစံနဲ့တော့ ငါ့နောက်လိုက်မလာပါနဲ့.. ငါ့အိမ်က အိမ်ဖော်လေးလို့ သူများတွေထင်နေပါဦးမယ်တဲ့လေ.. တခါတုန်းကလဲ မေမေကတိုရှည်ဝယ်ခိုင်းလို့ အငယ်မက သွားဝယ်ပါတယ်.. ခဏနေတော့မောင်လေးကျူရှင်ကပြန်လာတယ်.. ပြန်ရောက်ရောက်ချင်း မေမေ့ကို.. မေရယ် မထူးကိုသွားပြန်ခေါ်လိုက်ပါ.. တိုရှည်ကုလားမဘေးနားမှာထိုင်နေတာများ သူ့အိမ်သူ့ယာလိုပဲ.. မသိရင်ကုလားမသမီးလားတောင်ထင်ရတယ်.. မေလဲ တိုရှည်စားမနေပါနဲ့တော့တဲ့လေ.. အငယ်မသိတော့ ရန်တွေဖြစ် စကားတွေများကြရော..

အခုတော့ ကျွန်မတို့မောင်နှမသုံးယောက်လုံး အတူတူမဆုံဖြစ်တာကြာပြီ.. မောင်လေးနဲ့ ညီမလေးက ယူအက်စ်မှာရောက်နေကြတယ်.. မတည့်အတူနေနှစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ တယောက်ကိုတယောက် ဖေးမနေကြရလေရဲ့.. လာမယ့်ဇွန်လကျရင်တော့ ကျွန်မတို့ရန်ကုန်မှာဆုံကြမယ်.. မနှစ်က ညီမလေးကဘန်ကောက်ကိုလာပြီးလက်ထပ်တော့ ကျွန်မတို့မိသားစုသွားလိုက်ကြသေးတယ်.. ခုနှစ်တော့ မောင်လေးအလှည့်ပေါ့.. မောင်လေးလက်ထပ်တော့မယ်ဆိုတော့ နှမြောမိသလိုလို.. ၂၃နှစ်ပဲရှိသေးတာမို့လား.. ပြန်စဉ်းစားလိုက်တော့ ကျွန်မနဲ့မောင်လက်ထပ်တုန်းက မောင်က ၂၂နှစ်.. ဟိ.. ကိုယ့်မောင်လေးအလှည့်ကျမှ တိုတောင်းနေလို့ ရဘူးလေနော်.. ယောင်းမလောင်းလေးက ၁၉နှစ်ပဲရှိသေးတယ်.. သူတို့က နီးချင်ပြီဆိုမှတော့ လုပ်ပေးရမှာပေါ့လေ..

ပြန်ဆုံကြမယ့်အချိန်ကို မြန်မြန်ရောက်ချင်လို့ အချိန်တွေကလဲကုန်ခဲတယ်တောင် ထင်နေမိတယ်.. ခရီးသွားဖို့ အစီအစဉ်တွေလဲရှိတော့ ကြိုပြီးပျော်နေမိတာပေါ့.. ရန်ကုန်ရောက်ရင်နေဖို့ အိမ်ကအခန်းတွေကို အခုကတည်းက လုနေကြရတာလဲ ပျော်စရာပါ.. ဘယ်လိုပဲဖြစ်ဖြစ် မောင်နှမသုံးယောက်သား ပြန်ဆုံရမယ့်နေ့လေးတွေကတော့ လှပချိုမြနေမှာတော့ သေချာပါတယ်လေ..

Tuesday, March 22, 2011

အချစ်လို့အမည်တွင်သောထိုအရာ

စကားတတ်ကာစအရွယ်တုန်းက ချစ်လားလို့မေးရင် ချစ်တယ်.. ဘယ်လောက်ချစ်လဲဆို များကြီး ဘယ်ကချစ်တာလဲဆို ဗိုက်ဗိုက်ထဲကလို့ ဖြေလေ့ရှိခဲ့တယ်.. အဲဒီအချိန်တုန်းက ချစ်တယ်ဆိုတဲ့စကားလေးနောက်မှာ ဘာအရောင်ဘာအရိပ်မှ ရှိမနေခဲ့လောက်သေး.. နည်းနည်းသိတတ်လာတဲ့အရွယ်ကျတော့ မိဘတွေ ဆွေမျိုးတွေကို ချစ်တယ်ဆိုတဲ့ ချစ်ခြင်းရဲ့နောက်မှာ တွယ်တာခြင်းတွေ လေးစားအားကိုးခြင်းတွေ ရှိနေခဲ့မှာပေါ့.. အဲသလိုချစ်ခြင်းမျိုးက လူတွေပြောတဲ့ ၅၂၈ ချစ်ခြင်း.. အေးမြလှပါတယ်ဆိုတဲ့ ၅၂၈ချစ်ခြင်းကတောင် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းကြရတဲ့အခါ ပူလောင်ခံစားရစေတာပါပဲ..

သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတယ်ဆိုတာမျိုးကျတော့ အချစ်လို့နာမည်တပ်ရင် အချစ်ဆိုတဲ့အရာကို မလေးစားရာများကျနေမလားပဲ.. ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကြောင့် ပါတ်ဝန်းကျင်ရဲ့ဂရုထားစောင့်ကြည့်မှုကို ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတတ်တဲ့ ကာလမျိုးမှာ ဟိုကောင်လေးက ငါ့ကိုများချစ်နေသလား ဟိုအကိုကြီးရဲ့အကြည့်တွေက မရိုးသားဘူး.. ငါ ဟိုတယောက်ကိုများ ချစ်မိနေပြီလား.. စတာတွေက စိတ်ကစားတာသက်သက်တွေပဲလို့ သတ်မှတ်ထားလိုက်ချင်တယ်..

ကျွန်မအတွက် အချစ်လို့အမည်တွင်သောထိုအရာနဲ့ နဖူးတွေ့ ဒူးတွေ့စတွေ့ရတာက အသက်၁၈နှစ်လောက်မှာပေါ့.. ကျွန်မ လူတယောက်ကို သိပ်ချစ်မိသွားခဲ့တယ်.. သူများတွေအမြင်မှာ ဘာမှထူးခြားမနေတဲ့ သူ့ပုံစံ သူ့အမူအယာတွေက ကျွန်မအတွက်တော့ သိပ်ကိုထူးခြားနေတတ်တာ.. သူဘာလုပ်လုပ် သူဘာပြောပြော အကောင်းပဲမြင်တတ်ခဲ့တာတွေက ကျွန်မသူ့ကိုချစ်နေလို့အပြစ်မမြင်တာပဲဆိုတာ ကျွန်မကိုယ်တိုင်သိလာရတယ်လေ.. သူကတော့ ကျွန်မကိုချစ်မနေခဲ့ဘူး.. ကျွန်မသူ့ကိုချစ်တယ်ဆိုတာတောင် သူမသိခဲ့ဘူး.. ခုထက်ထိလဲ မသိပါဘူး.. ဘာဇာတ်လမ်းမှမဖြစ်ခဲ့တဲ့ ချစ်ခြင်းသက်သက်ပုံပြင်လေးပေါ့.. တနေ့တနေ့ သူ့အကြောင်းကဗျာတွေရေး.. အိပ်မက်ထဲမှာသူနဲ့တွေ့.. သီချင်းဆိုဖြစ်ရင်တောင် တဖက်သတ်အချစ်အကြောင်း ရေးထားတဲ့သီချင်းတွေချည်းပေါ့.. သူလိုအပ်နေမယ်ထင်တာတွေကို သူမသိအောင်ဖြည့်ပေးနေရတာကိုပဲ ကျေကျေနပ်နပ်နဲ့ ကျွန်မပျော်နေခဲ့ဖူးတယ်.. ဘယ်သူမှမသိအောင် ခိုးခိုးကြည့်ရတာကိုက အချစ်ရဲ့အရသာလို့ ကျွန်မထင်ခဲ့ဖူးတာပေါ့.. သူနဲ့စကားပြောနေရရင် သူ့အပြုံးလေးတွေ မြင်နေရရင် ကျွန်မရဲ့နေ့တွေဟာ ပြည့်စုံနေပါပြီလို့ ထင်မိနေတတ်တဲ့အထိကို အချစ်တခုအတွက် ကျွန်မရူးခဲ့ဖူးတယ်လေ.. ခုနေပြန်တွေးကြည့်တော့ သူ့အချစ်ကိုမရခဲ့လို့သာ ကျွန်မသူ့အပေါ်အဲသလောက် ရူးခဲ့တာဖြစ်မယ်လို့.. သူကသာကျွန်မကိုချစ်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ရူးသွပ်ခြင်းတွေ အဲသလောက်များခဲ့မယ်မထင်ဘူး.. လူဆိုတာ မရနိုင်တာကိုမှ ပိုပြီးတန်ဖိုးထားတတ်ခဲ့တာမို့လား..

နောက်နှစ်အနည်းငယ်အကြာမှာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်သဘောတရားနဲ့ချစ်ခြင်းမျိုးကို ကျွန်မစတွေ့ခဲ့ရတယ်.. နှလုံးသားကို အလိုလိုက်တဲ့အရွယ်လဲမဟုတ်တော့တာမို့ ဦးနှောက်ရဲ့အကူအညီနည်းနည်းပါတဲ့ ချစ်ခြင်းပေါ့.. ငါသူ့ကို တသက်လုံးလက်တွဲနိုင်မှာလားလို့ သေသေချာချာတွေးပြီးတော့မှ သူ့အချစ်ကိုလက်ခံခဲ့တာ.. ကျွန်မက သူ့ရဲ့အချစ်ဦးပါ.. ကျွန်မတို့စချစ်သွားကြတဲ့အချိန်မှာ သူက ၁၈နှစ်ပဲရှိသေးတယ်.. သူ့ထက် ၄နှစ်လောက်ကြီးတဲ့ကျွန်မအတွက် သူက ကလေးတယောက်လိုပဲပေါ့.. ကိုယ်လိုချင်တဲ့ဘက်ကို သိမ်မွေ့တဲ့နည်းတွေနဲ့ ဆွဲယူခဲ့ရခြင်းကိုက ချစ်ခြင်းရဲ့အနုပညာပါပဲ.. သူ့ကိုချစ်တဲ့ချစ်ခြင်းကတော့ မိခင်တယောက်ရဲ့ချစ်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်.. သူကလဲ ကျွန်မကို ကျွန်မမိသားစုကို သိပ်တွယ်တာသွားခဲ့တယ်.. စိတ်ဆတ်ဒေါသကြီးတဲ့ကျွန်မအတွက် သူက အချော့ကောင်းတယ်လေ.. ဘယ်သူ့ကြောင့်ပဲ စိတ်တွေဆိုးနေနေ သူချော့တတ်ခဲ့တယ်.. မီးနဲ့ရေလိုမျိုး မီးများရင်ရေကူ ရေများရင်မီးကူလို့ အအေးမပူတဲ့အချစ်ဇာတ်လမ်းပေါ့..

ချစ်သူသက်တမ်း ၆နှစ်အကြာမှာ ကျွန်မတို့လက်ထပ်ဖြစ်ခဲ့တယ်.. နောက်တော့ သံယောဇဉ်ကြိုးအကြီးကြီးတခု ထပ်တိုးလာခဲ့တယ်လေ.. ကျွန်မကိုယ်တိုင် မိဘနေရာရောက်လာတော့ မိခင်တယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ချစ်ခြင်းကို ပိုပြီးနားလည်လာရတယ်.. ကိုယ့်သားသမီးကို လိုလေသေးမရှိထားချင်တာ.. အကောင်းတကာ့အကောင်းဆုံးတွေပဲ ပေးချင်တာ.. ထူးချွန်ထက်မြတ်စေချင်တာတွေက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ လောဘတွေပေါ့.. လိုချင်သလိုများဖြစ်မလာခဲ့ရင် ဒေါသတွေကထွက်ရဦးမယ်.. စိုးရိမ်ပူပန်ရတာတွေကလဲ များမှများပဲ.. သူလေးအတွက် လိုအပ်သမျှတွေကို စဉ်းစားပြီး လိုက်ဖြည့်ဆည်းပေးနေရတာကိုပဲ ပီတိတွေဖြာနေရတာလေ.. မေမေ့ကိုချစ်တယ်လို့များ ပြောလိုက်ရင် ဘာနဲ့မှမတူတဲ့ကြည်နူးမှုလေးတွေနဲ့ ကျေနပ်ပြုံးပျော်နေတော့တာ.. သားလေးရဲ့အသံလေးက လောကမှာအချိုဆုံး.. သားလေးလောက်ချစ်စရာကောင်းတဲ့ကလေး တခါမှမတွေ့ဖူးဘူးလို့ ထင်နေတာလေ.. မိခင်တယောက်ရဲ့ ချစ်ခြင်းတွေက အဲသလိုပေါ့..

ကဲ.. ကျွန်မပြောချင်တဲ့အချစ်အကြောင်းက ဒီလောက်ပါပဲ.. မမသက်ဝေတဂ်လို့ ရေးပါတယ်.. ဖတ်မိတဲ့သူတွေကိုလဲ ရေးပေးကြဖို့ တိုက်တွန်းချင်ပါတယ်.. အဲ.. ကျွန်မရဲ့အချစ်ဦးက ခုဘယ်ရောက်သွားလဲလို့တော့ မေးနဲ့နော်.. ပြောပြဘူး..း)

Monday, March 21, 2011

အခက်ခဲဆုံးသော ဆုံးဖြတ်ချက်

ကျွန်မဘ၀မှာ အခက်ခဲဆုံးလို့ဆိုရမယ့် ဆုံးဖြတ်ချက်တခုကို ချလိုက်ရပြီ.. လာမယ့်ဇွန်လထဲမှာ သားလေးကို ရန်ကုန်ပြန်ပို့တော့မယ်လေ.. ကျွန်မမေမေကလဲ ပြန်ချင်ပြီဆိုတော့ သူ့မြေးလေးကိုလဲ ခေါ်သွားချင်တယ်တဲ့.. အစကတည်းက သားလေးကို မြန်မာပြည်မှာပဲ ကျောင်းထားဖို့စဉ်းစားထားတာဆိုတော့လေ.. မေမေကပြောတယ် မူကြိုကတည်းက မြန်မာပြည်မှာပဲ တက်ခိုင်းကြရအောင်တဲ့.. သားလေးနဲ့ခွဲပြီးနေဖို့ဆိုတာ ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲတဲ့အရာပါ.. သူလေးရော ကိုယ်ရော အရမ်းကိုခံစားကြရမှာပါ.. ကောင်းတာတခုက ကျွန်မမေမေကို သားလေးကအရမ်းတွယ်ပါတယ်.. ကျွန်မထက်တောင် သူ့အဖွားကိုပိုကပ်ပါတယ်.. မေမေကလဲ သားလေးမရှိရင် နေတတ်မယ်မထင်ပါဘူး..

ကျွန်မတို့လင်မယားက စလုံးမှာ အကြာကြီးမနေချင်ပါဘူး.. အလွန်ဆုံး နောက်ထပ်၁၀နှစ်လောက်ပဲ ငွေရှာငွေစုပြီး ရန်ကုန်မှာ စီးပွားရေးလေးတခုခု လုပ်ချင်တာပါ.. တကယ်လို့ သားလေးကို စလုံးမှာကျောင်းတက်ခိုင်းလိုက်ရင် ကျွန်မတို့တွေ အနည်းဆုံးသားလေးကျောင်းပြီးတဲ့အထိတော့ နေရတော့မယ်.. သားလေးကလဲ မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဝေးသွားတော့မယ်.. အဲသလိုတော့ ကျွန်မအဖြစ်မခံနိုင်ပါဘူး.. ဒီတော့လဲ ရင်နာနာနဲ့ပဲ ဆုံးဖြတ်လိုက်ရတော့တာပေါ့..

နောက်တခုကတော့ ကုန်ကျစားရိတ်တွေ သက်သာသွားမယ်ပေါ့.. ငွေမြန်မြန်စုနိုင်ပြီး အိမ်မြန်မြန်ပြန်နိုင်မယ်ပေါ့လေ.. သားလေးအတွက်ကုန်ရတဲ့ ကလေးထိန်းခကတင် တလတလ ၉၀၀လောက်အနည်းဆုံးရှိတာမို့လား.. ခုဆို ရရစားစားဖြစ်နေတယ်.. သားသားပြန်သွားရင် အိမ်ကလဲသိပ်ကျယ်ကျယ်မလိုတော့ဘူး.. ကျွန်မတို့၂ယောက် ခြွေခြွေတာတာသုံးမယ်ဆိုရင် ပိုစုမိမယ်ပေါ့.. ခဏခဏ ရန်ကုန်ပြန်ချင်နေမယ့်စိတ်ကိုတော့ တော်တော်ချိုးနှိမ်ထားရမှာ.. ရုံးပိတ်ရက်ရှည်ရှိတိုင်း အိမ်ပြန်ဖြစ်နေတော့မယ်ထင်ပါရဲ့.. ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေကြားထဲမှာ နေရမယ့်သားလေးအတွက်တော့ ပိုကောင်းပါတယ်.. တနေကုန် ကလေးထိန်းနဲ့နေရတာထက်စာရင် အမျိုးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ဆိုတော့ သူပိုပျော်မှာပါ..

ခုလောလောဆယ်တော့ ရန်ကုန်ကအိမ်ကို ပြင်နေပါတယ်.. သားလေးအတွက် ပိုအဆင်ပြေအောင် ကြမ်းခင်းကအစ လေအေးစက်အလယ် မျက်နှာကျက်အဆုံး တော်တော်လေးစဉ်းစားပြီး လိုမယ်ထင်သမျှကို ပြင်နေရတာပေါ့.. ရန်ကုန်ကိုနေ့တိုင်းဖုန်းဆက် လိုချင်တာတွေ လုပ်ချင်တာတွေပြောနဲ့ ကျွန်မအန်တီမိုးတော့ နားတွေကိုက်နေလောက်ပြီ.. ကျွန်မလဲ ဖုန်းခနဲ့မွဲတော့မယ်.. လုပ်ချင်တာတွေကများလွန်းလို့ အချိန်မှီမပြီးမှာလဲ စိုးရသေးတယ်.. သားလေးပြန်သွားရင် အားလုံးအဆင်သင့်ဖြစ်နေဖို့လိုတယ်လေ..

ပြီးတော့ စလုံးမှာလဲ အိမ်ရှာနေရပါတယ်.. အိမ်သိပ်မကျယ်ဘဲ ဈေးနည်းနည်း သက်သာတာမျိုးရှာတာပါ.. လူတွေအများကြီးလဲမနေချင်ဘူး.. လူ၆ယောက်စာအတွက် ၃+၁အိမ်လေး ဂျူရောင်း အရှေ့အနောက်မှာ ရှာနေတာပါ.. ဈေးအများဆုံး ၂၂၀၀ တန်လောက်ပေါ့.. အိမ်ထောင်ပရိဘောဂလဲ အများကြီးမလိုပါဘူး.. အဲကွန်းလေး ဖရစ်ခ်ျလေးပါရင် ရပါပြီ.. အ၀တ်လျှော်စက်တောင် ကိုယ်ပိုင်ဝယ်ထားတာရှိတယ်ဆိုတော့လေ.. ပွဲစားတွေနဲ့ရှာရတာ စိတ်ပျက်ဖို့ကောင်းတယ်.. ပွဲခများများလိုချင်တိုင်း ၂နှစ်စာချုပ်ချုပ်ရမယ်ဆိုတာချည်းပဲ.. ၂နှစ်စာချုပ်ဆိုရင် စဘော်က ၂လစာတောင်ဆိုတော့ မပေးချင်ပါဘူး.. ငွေအိပ်တာပေါ့.. ခြေတိုအောင်အိမ်လျှောက်ကြည့်ရတာလဲ စိတ်ပျက်မိတယ်.. မေလဆန်းလောက်ပြောင်းချင်တာမို့ သိပ်အလောကြီးတော့မဟုတ်သေးပါဘူး.. အသိထဲက အိမ်ငှားချင်တာ လက်လွှဲချင်တာလေးများရှိရင် ပြောကြပါဦးနော်..

Monday, March 14, 2011

မြူးမြူးဘာလုပ်

ကျွန်မ အလုပ်တွေရှုပ်နေတယ်.. ရုံးမှာက ဆုကြေးအတွက် တွက်ရချက်ရ ပြင်ရဆင်ရပေါ့.. ဆရာသမားက ခွင့်ယူပြီး ဖူးခက်ကို လည်လည်သွားနေလေတော့ ပိုဆိုးပေါ့.. တနေ့တနေ့ လာသမျှပြဿနာကို ခေါင်းခံပြီးဖြေရှင်းနေရတယ်.. ကိုယ်တိုင်ဆုံးဖြတ်မရတာတွေဆို ဆရာသမားဆီမက်ဆေ့ခ်ျပို့ပြီး ဆုံးဖြတ်ချက်တောင်းခံရသေးတာ.. What's ur opinion? လို့များမက်ဆေ့ခ်ျပြန်လာရင် သေရောပဲ.. ဘာက ဘယ်လိုမို့ ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာကို လိပ်ပတ်လည်အောင် ရှင်းပေတော့ပေါ့.. တနေ့တနေ့ အနှိပ်ခံနေရတဲ့ တယ်လီဖုန်းလေးခမျာ သနားစရာ..

ပြီးခဲ့တဲ့ကြာသပတေးနေ့က ရုံးမှာ မျက်စိစစ်ပေးတယ်.. အဲဒီတော့မှပဲ ခေါင်းခဏခဏကိုက်ခြင်းရဲ့တရားခံ ဘွားခနဲပေါ်လာတော့တာပဲ.. ဘယ်ဖက်မျက်လုံးက ပါဝါမကိုက်တော့တာပါကလား.. မျက်မှန်ကြီးတပ်ပြီး ညာဖက်မျက်လုံးကိုအုပ်လို့ နံရံပေါ်မှာကပ်ထားတဲ့ စာလုံးတွေဖတ်ခိုင်းတာ ပထမ၂ကြောင်းပဲ ကောင်းကောင်းမြင်ရသကွယ်.. သွားရှာပါပေါ့လား.. မျက်မှန်ချက်ချင်းလဲပါဆိုတဲ့ မှတ်ချက်ကြီးနဲ့ စာရွက်တရွက်ရလိုက်တယ်.. ကုန်ရချည်သေးရဲ့..

သောကြာနေ့ညနေက ရုံးကအပျိုကြီးလူထွက်တယောက်ရဲ့ မင်ဂါဆောင်သွားရတယ်.. ကိုယ့်ထက် ၁၀နှစ်ကြီးတာ ခုမှမင်ဂါဆောင်တော့ အပျိုကြီးလူထွက်ခေါ်တာ မဆန်းပါဘူးနော်.. ယောက်မလေး လက်ဆောင်ပေးထားတဲ့ မြန်မာဝတ်စုံ မရမ်းစေ့ရောင်လေးဝတ်သွားတာ ဂါဝန်ဝတ်တွေ ဘောင်းဘီဝတ်တွေကြားထဲမှာ စတားပေါ့.. ကိုယ့်ရိုးရာဝတ်စုံလေးကို လူမျိုးခြားတွေ သဘောကျတာတွေ့ရတော့ ဘ၀င်တွေတောင်မြင့်လို့.. နင်နဲ့အရမ်းလိုက်တာပဲ.. ရုံးကိုလဲဝတ်လာပါလားနဲ့ ၀ိုင်းပြောကြတော့ အရူးဘုံမြှောက်ကိုဖြစ်ကရော.. နောက်ထပ် ၃စုံ၎စုံလောက် ထပ်လိုချင်တာပေါ့.. ရန်ကုန်ပြန်တော့မှာ အများကြီးထပ်ချုပ်လာဦးမယ်.. ဟိ..

သောကြာနေ့က အိမ်ပြန်ရောက်တော့ ညသန်းခေါင်.. အိပ်တော့ ၁နာရီထိုးနေပြီ.. စနေနေ့မနက် ရုံးမတက်နိုင်တော့လို့ ဆေးခွင့်ယူမယ်လို့ ရုံးကိုလှမ်းပြောပြီးပြန်အိပ်.. အိပ်ရာနိုးတော့ ၁၀နာရီထိုးနေပြီ.. ဆေးခန်းသွားဖို့ ပျင်းတာနဲ့ ခွင့်ပဲတင်လိုက်တော့မယ်လို့ ဆုံးဖြတ်ပြီး ညကကျန်တဲ့ဟင်းလေးတွေ နွှေးပြီးသားအမိ၂ယောက်စားသောက်.. ခဏနေတော့ ယောက်ျားဆီကမက်ဆေ့ခ်ျဝင်လာတယ်.. ပြန်လာနေပြီတဲ့.. နေ့လည်စာဘာစားရမလဲတဲ့.. ပြန်သာလာခဲ့ပါ ရှိတာလေးပြင်ထားလိုက်မယ်လို့ပြန်ပြော.. ဘာရှိလဲမွှေနှောက်လိုက်တော့ ပုန်းရည်ကြီးရှိတယ်.. ကြက်ဥရှိတယ်.. ကြက်ဥလေးကိုခေါက်ကြော်လိုက်တယ်.. ပုန်းရည်ကြီးသုပ်လေးနဲ့.. သူ့အကြိုက်တွေမို့ ပြုံးဖြီးလို့.. သားသားကတော့ ဖေဖေကဘာတွေစားနေလဲ မည်းမည်းကြီးတဲ့.. ညနေကျတော့ အာပြဲခြောက်ကို အာလူးလေးနဲ့ချက်စားတယ်.. သားသားအတွက်က သူ့တောင်းဆိုချက်အရ KFC မှာကျွေးရတယ်..

တနင်္ဂနွေနေ့မနက်ကျမှ ဈေးသွားဝယ်ပြီး ဟင်းကောင်းကောင်းချက်စားဖြစ်တယ်.. ရန်ကုန်ကပို့ပေးတဲ့မျှစ်ချဉ်ကို ငါးနဲ့အရည်ကျဲလေးချက်တယ်.. ညနေစာအတွက်ပါ.. မျှစ်ချဉ်က ကြာကြာချက်မှကောင်းတာမို့ မနက်ကတည်းကချက်ပြီး မီးအေးအေးနဲ့တည်ထားတာ.. နေ့လည်စာအတွက်က ပဲပြားကြော်သုပ် ဒန့်သလွန်ရွက်ဟင်းခါး ငပိထောင်းတို့စရာနဲ့.. ကောင်းမှကောင်းပဲ.. သားသားကို ဟင်းခါးလေးနဲ့ ကြက်ဥခေါက်ကြော်လေးနဲ့ကျွေးတယ်.. နေ့ခင်းကျတော့ အိမ်နားက စတူဒီယိုမှာ သီချင်းသွားတိုက်တယ်.. အသံမကောင်းပေမယ့် ၀ါသနာကတားမရတော့ ဆိုနေရရင်ကို ပျော်နေတာမို့လား.. အတီးသမားတွေက စိတ်ရှည်လို့တော်သေးတယ်.. အံမ၀င်မချင်း စိတ်ရှည်လက်ရှည်တိုက်ပေးပါတယ်.. သီချင်း၃ပုဒ်တိုက်ထားတယ်.. ချယ်ရီမေမှာဆိုမလို့ပါ.. နောက်လထဲပေါ့.. ရက်တော့အတိအကျမသိသေးဘူး.. သိရရင်ပြောမယ်လေ.. လာပြီးနားဒုက္ခခံပေးကြပေါ့နော်.. သီချင်းတိုက်ပြီးအိမ်ပြန်ရောက်တော့ ၉နာရီထိုးတော့မယ်.. မျှစ်ချဉ်ဟင်းလေးနဲ့ထမင်းစားပြီး ခဏနား ပြီးတော့အိပ်ပစ်လိုက်တာ တရေးတည်းပဲ..

ဒီမနက် ယောက်ျားကလာနှိုးမှ မထချင်ထချင်ထ ရေမိုးချိုးပြီး အိတ်ကိုတရွတ်ဆွဲလို့ အိမ်ကနေထွက်.. ရုံးကားပေါ်မှာ ပြတင်းမှန်နဲ့ခေါင်းနဲ့မိတ်ဆက်ရင်း တလမ်းလုံးငိုက်လာခဲ့တာ.. ရုံးရောက်တော့ စားပွဲပေါ်မှာမှောက်ပြီးဆက်အိပ်.. ရုံးတက်ဥသြဆွဲတော့မှ ကော်ဖီလေးထဖျော်.. အွန်လိုင်းမှာ သတင်းပလင်းလေးဖတ်ရင်း ပို့စ်လေးတခုလောက်တင်ဦးမှပါရယ်လို့ နေကြာစေ့လေးတဖျောက်ဖျောက်ဝါးရင်း စာတွေရေးပြီး ဒီပို့စ်လေးကို တင်လိုက်ရပါကြောင်း..

နေ့တ၀က်ကျိုးပြီဖြစ်တာမို့ ကျွန်မ အလုပ်စလုပ်ပါတော့မယ်ဆိုတဲ့အကြောင်း သတင်းကောင်းပါးအပ်ပါသည်ခင်ဗျား...း)

Thursday, March 10, 2011

တောင်ပံတမ်းချင်း

ငါ...
ဘ၀ဆိုတဲ့ရေပြင်ကျယ်ကြီးရဲ့..
ပစ္စုပ္ပန်ကမ်းပါးမှာထိုင်ရင်း..
အနာဂတ်ကိုမျှားနေတယ်..
မျှော်လင့်ချက်ငါးမျှားတံမှာ..
အိပ်မက်တွေကိုငါးစာအဖြစ်နဲ့ပေါ့..

ငါ့နဘေးမှာတော့..
အတိတ်တွေက တောင်းတလုံးနဲ့အပြည့်..
ကြာပြီမို့ငြိမ်သက်သွားကြတာတွေရော..
လတ်လတ်ဆတ်ဆတ်မို့..
တဖျတ်ဖျတ်လူးနေဆဲတွေရော..

ရင်ဘတ်ထဲမှာကျတော့..
လောဘကြောင့်ရခဲ့တဲ့အားမာန်တွေရယ်..
ဒေါသကြောင့်ဖြစ်ရတဲ့အပူတွေရယ်..
မောဟကြောင့်မောမှန်းမသိမောရတာတွေရယ်..
သံယောဇဉ်ကြိုးခပ်တင်းတင်းတွေရယ်..

တနေ့နေ့ပေါ့..
အားလုံးကိုလွှတ်ချနိုင်ခဲ့တဲ့တနေ့ကျရင်..
လေဟုန်ကိုစီး အမြင့်ကြီးပျံနိုင်ဖို့..
အတောင်ပံတွေရကောင်းပါရဲ့လေ....

ပွင့်မြူးဇင်
၁၀.၀၃.၂၀၁၁

Wednesday, March 2, 2011

သားသားနဲ့ ကျွန်မတို့

Pumper လဲခြင်း

မေမေ။ ။ သားသားရေ.. Pumper လဲရအောင်..
သားသား။ ။ လဲဘူး..
မေမေ။ ။ ရှုရှုတွေများနေပြီလေ..
သားသား။ ။ များပါဘူးဆို..
မေမေ။ ။ ကုလားကိုခေါ်လိုက်ရမလား..
သားသား။ ။ ခေါ်နဲ့..
မေမေ။ ။ ခေါ်နဲ့ဆိုရင် လာ.. Pumper လေးလဲမယ်လေ..
သားသား။ ။ လဲပါဘူးဆို..
မေမေ။ ။ အေးအေး.. လဲဘူးနော်.. အဟောင်းလေးကိုချွတ်ပြီး.. သစ်သစ်လေးကို ၀တ်မှာနော်..
လဲတာဟုတ်ဘူးနော်..
သားသား။ ။ အင်း.. ဟုတ်တယ်နော်.. လဲဘူးနော်..

ဘူးသောက်ခြင်း

သားသား။ ။ ဘူးဘူးသောက်မယ်.. မေမေ.. သွားဖျော်ပေးပါ..
မေမေ။ ။ ဖေဖေရေ.. သားသားကဘူးသောက်မယ်တဲ့.. ဖျော်ပေးပါနော်..
ဖေဖေ။ ။ သားသားရေ.. လာ.. ဘူးသောက်မယ်.. ဖေဖေဖျော်လာပြီ..
သားသား။ ။ သောက်ဘူး.. ဖေဖေနဲ့သောက်ဘူး.. မေမေတိုက်..
ဖေဖေ။ ။ နေကွာ.. သက်သာတယ်.. ရော့..
မေမေ။ ။ သောက်မယ်ဟေ့.. မေမေတိုက်မယ်နော်.. သောက်သားလေး သောက်..
သားသား။ ။ အား.. ကောင်းဘူး.. ပူတယ်.. နွေးအောင်လုပ်ပေး..
(ရေစိမ်ပြီး နွေးသွားသောအခါ)
မေမေ။ ။ သားသားရေ.. ရပြီ.. သောက်ရအောင်နော်..
သားသား။ ။ ခဏနေမှသောက်မယ်..
မေမေ။ ။ ခုသောက်ပါသားလေးရယ်..
သားသား။ ။ သောက်ဘူး.. ခဏနေမှသောက်မယ်ဆို..
(ခဏကြာသော်)
မေမေ။ ။ သားသား.. အိပ်နဲ့ဦးလေ.. ဘူးသောက်ဦး..
(နည်းနည်းမြည်းကြည့်ပြီးသော်)
သားသား။ ။ အား.. ကောင်းဘူး.. အေးစက်နေတယ်.. နွေးအောင်လုပ်ပေး..
မေမေ။ ။ မိုးသံစဉ်.. မေမေစိတ်တိုလာပြီနော်..
သားသား။ ။ အော်နဲ့.. သားသားက သောက်မှာပေါ့.. မေမေ့ကိုချစ်တယ်.. ရမ်းချစ်တယ်နော်..

အဲသလို တယောက်တလှည့် ချော့ကာခြောက်ကာနဲ့...

Friday, February 25, 2011

သူတို့ကြောင့်ပေါ့


စင်္ကာပူနိုင်ငံကို အုပ်ချုပ်နေသူ လူလည်ကြီးများအကြောင်းပေါ့.. တံခါးတွေဖွင့်တုန်းက ဖွင့်ပေးထားပြီး ခုကျတော့ တမျိုးဖြစ်ပြန်ပြီ.. ပီအာလျှောက်သမျှ ရီဂျက်လုပ်ပစ်နေတာ တော်တော်လေးတောင်ကြာလှပေါ့.. အကြံအစည်တခုခုတော့ရှိရမယ်လို့တော့ ထင်သား.. နိုင်ငံခြားသားတွေကို နှိပ်ကွပ်ဖို့ နည်းလမ်းမျိုးစုံပေါ့.. မနှစ်က စင်္ကာပူဘက်ဂျက်ထွက်လာတော့ S Pass တွေ WP တွေရဲ့ လဲဗီးတွေ တိုးကောက်ပါတယ်.. S Pass အတွက် လဲဗီး ၅၀ ပေးနေရရာကနေ ၂၀၁၀ ဇူလိုင်ကစပြီး ၁၀၀ ပေးရမယ်တဲ့.. ၂၀၁၂ ဇူလိုင်လကစပြီး ၁၅၀ပါတဲ့လေ.. WP တွေကတော့ Marine Sector အတွက် လဲဗီး ၁၅၀ ပေးနေရရာကနေ ၁၆၀ ပြီးရင် ၂၀၀ ဖြစ်မယ်ပေါ့..

ခုလဲ၂၀၁၁ ဘတ်ဂျက်ထွက်လာပြီ.. လုပ်ချလိုက်ပြန်ပြီလေ.. ရက်စက်ချက်ကတော့ ဒီမှာသာရှုကြပါတော့..

အဲသလောက် များသွားမှာဆိုတော့ သဌေးလဲ မျက်ခုံးလှုပ်ပြီလေ.. ၂ဆမကကြီးတောင် ပိုဆောင်ရတော့မှာကိုး.. ကျွန်မတို့ဆီမှာက S Pass က အားလုံးပေါင်း ၂၂ယောက်.. WP က ၁၃၀ တောင်ရှိတာမို့လား.. သေပြီဆရာပေါ့.. ခုလောလောဆယ် သေပြီဆရာဖြစ်နေတာက ကျွန်မပါ.. NTS Worker တယောက်ကို ခန့်ထားတဲ့အတွက် ကုန်ကျတဲ့စားရိတ်ကို သိချင်တော်မူပါသတဲ့လေ.. Subcon အလုပ်သမားတွေခေါ်ခိုင်းရင် တနာရီကို ၄ကျပ်ခွဲလောက်ပဲပေးရတာ.. ကိုယ်ပိုင်အလုပ်သမားအတွက် နေစားရိတ်တွေ ကြိုပို့စားရိတ်တွေ လဲဗီးတွေ အားလုံးပေါင်းလိုက်တော့ တနာရီကို ၇ကျပ်ကျော် ၈ကျပ်နီးပါး.. ဒါတောင် ခုလောလောဆယ် ပေးနေရတဲ့ လဲဗီးနှုန်းထားနဲ့ တွက်ထားတာ.. အလုပ်သမား ကိုကိုကုလားတွေတော့ မျက်ခုံးလှုပ်နေလောက်ပြီ.. သဌေးက Action Plan ပေးပါတဲ့ တောင်းနေပြီလေ.. စိတ်နဲ့ ကိုယ်နဲ့ညစ်တယ်ကွယ်.. ကုန်ကျစားရိတ်လျှော့ဖို့က လူလျှော့ယုံကလွဲလို့ ဘာ ရှိရဦးမှာလဲ.. S Pass တွေအတွက်ကတော့ ပူစရာသိပ်မလို.. လစာများတဲ့သူတွေကို EP လျှောက်ပေးလိုက်ရင် လဲဗီးမှ မပေးရတော့ဘဲ.. သနားဖို့ကောင်းတာက အလုပ်သမားတွေ.. လစာလေးကနည်းရတဲ့အထဲ အလုပ်ပါပြုတ်ဦးမယ်ဆို ပြသနာပေါ့.. အဲသလောက်တော့ မရက်စက်လောက်ဘူးထင်တာပဲ.. ခုတော့ Action Plan ထဲရေးထည့်လိုက်ရပြီ.. "To closely monitor those with poor performance appraisal grades for retrenchment." လို့လေ.. တခြားနည်းလမ်းကောင်းလေးများ စဉ်းစားမိရင်လဲ ပြောကြပါဦး.. သူများထမင်းအိုး ရိုက်ခွဲမိသလိုဖြစ်မှာမို့ အရမ်းစိတ်မကောင်းဖြစ်နေမိလို့ပါ..