Monday, February 21, 2011

နည်းလမ်းကောင်းလေးပေးမယ်နော်

မနေ့က ဘလော့ဂါညီမလေးတယောက်ရဲ့ မင်္ဂလာဆောင်ကိုသွားဖြစ်တယ်.. မတွေ့တာကြာတဲ့ ဘလော့ဂါမောင်နှမတွေနဲ့လဲ တွေ့ဖြစ်တယ်ပေါ့.. အားလုံးကပြောကြတယ်.. မမြူးပိန်သွားတယ်တဲ့.. မြန်မာဝတ်စုံလေးဝတ်သွားဖြစ်တာဆိုတော့ ပိန်သွားမှန်း နည်းနည်းသိသာတာလဲ ဖြစ်မှာပေါ့လေ.. ၀ိတ်ကျသွားတာတော့အမှန်ပဲ.. လေးလကျော်ကျော်အတွင်းမှာ ၇ကီလိုကျော်လောက်ကျသွားပါတယ်.. လေ့ကျင့်ခန်းတွေလုပ်တဲ့အကြောင်းတော့ ဟိုတလောကရေးဖူးပါတယ်.. ရုံးကလွှတ်တဲ့ Lose To Win Programme ပြီးသွားတော့ ၄ ကီလိုနီးနီးကျသွားတယ်.. ပင်ပန်းတာတော့ သေမတတ်ပဲ.. လူက နေလို့ထိုင်လို့ကောင်းပြီး ပေါ့ပါးသွက်လက်လာတာတော့ အရမ်းကိုသိသာပါတယ်.. ခုထက်ထိတောင် အချိန်တိုတိုနဲ့ ထိရောက်တဲ့လေ့ကျင့်ခန်းလေးတွေ ဆက်လုပ်ဖြစ်နေတုန်းပေါ့..

နောက်ထပ် ၀ိတ်ကျရခြင်းအကြောင်းရင်းကတော့ Detox လို့ခေါ်တဲ့ Programme လေးကြောင့်ပါပဲ.. Detox လုပ်တဲ့နည်းတွေ အမျိုးမျိုးရှိပါတယ်.. ကျွန်မကတော့ သူငယ်ချင်းလေးအညွှန်းကောင်းလို့ Amway Products Vitamins တွေနဲ့ Juice Detox လေးလုပ်ဖြစ်သွားပါတယ်.. ၇ရက်အစီအစဉ်လေးပေါ့.. သူက ၀ိတ်ကျစေရုံမကပဲ ကျန်းမာရေးအတွက်လဲကောင်းတာမို့ ပိုပြီးစိတ်ဝင်စားသွားတာပါ..

ပထမဆုံးအနေနဲ့ ကိုယ့်စိတ်ကို ကိုယ်နိုင်ဖို့လိုပါတယ်.. ဖြစ်အောင်လုပ်မယ်လို့ ဆုံးဖြတ်ပြီးရင်တော့ ၇ရက်တာစားရမယ့် ဗီတာမင်တွေဝယ်ရပါမယ်.. ဗီတာမင်ဘီ မက်ဂနီဆီယမ် ဗီတာမင်စီ ကယ်လ်စီယမ် လီကိုရိုက်စ်အန်ဂါးလစ် စတာတွေပေါ့.. ပရိုတိန်းအမှုန့်လေးလဲ ၀ယ်ရပါတယ်.. မဆာအောင်လို့ ၀ါးပေးရတဲ့ ဖိုင်ဘာဆေးပြားလေးတွေရောပေါ့.. ပြီးရင်တော့ အသီးဖျော်ရည် လုပ်ဖို့ သစ်သီးတွေလဲ ၀ယ်ထားရပါမယ်.. ဖျော်ရည်လုပ်ဖို့ Juice Maker လေးလဲရှိဖို့လိုမယ်နော်..

အစီအစဉ်ရဲ့ ပထမ၃ရက်လုံးလုံး တနေ့ကို သစ်သီးဖျော်ရည် ၂လီတာပဲသောက်ရပါမယ်.. လုံးဝ ဘာမှမစားရပါဘူး.. ရေတော့သောက်လို့ရပါတယ်.. ဗီတာမင်ဆေးပြားတွေကို တနေ့သုံးကြိမ်စားရပါတယ်.. ပရိုတိန်းမှုန့်ကို ဖျော်သောက်ရပါတယ်.. ဘာမှမစားရတော့ ဗိုက်မဆာဘူးလားမေးရင် မဆာပါဘူးရှင်.. စားချင်စိတ်ကတော့ အရမ်းကိုဖြစ်ပါတယ်.. သာမာန်အချိန်မှာ မစားချင်တဲ့အစားအစာတွေပါ စားချင်တာပါ.. စိတ်ကိုနိုင်အောင် တော်တော်ထိန်းရပါတယ်.. သစ်သီးဖျော်ရည်ကို ကျွန်မကတော့ ပန်းသီးစိမ်းရယ် မုန်လာဥနီရယ် ရောဖျော်ပါတယ်.. အရသာလေးကတော်တော်ကောင်းတာပါ..

လေးရက်မြောက်နေ့ကျရင်တော့ အသီးတွေစစားလို့ရပါပြီ.. ဒူးရင်းသီးတို့ ငှက်ပျောသီးတို့တော့ မစားနဲ့ပေါ့နော်.. ရေလဲများများသောက်ပေးပါ.. ကျွန်မကတော့ သခွားမွှေးတွေ မာလကာသီးတွေ စတော်ဘယ်ရီတွေစားပါတယ်.. ငါးရက်မြောက်နေ့ကျရင်တော့ ထမင်းသုံးလေးလုပ်စာလောက်နဲ့ အသီးအရွက်တွေ စားလို့ရပါပြီ.. ကျွန်မကတော့ ကန်ဇွန်းရွက်ကို ရခိုင်ဟင်းလှော်လေး လုပ်ပြီးစားပါတယ်.. ငရုတ်သီးဆားထောင်းလေးနဲ့ပေါ့.. ဆီလုံးဝမစားသေးပါဘူး.. ခြောက်ရက်မြောက်နေ့မှာတော့ အသီးအရွက်တွေအပြင် အသားငါးနည်းနည်းပါ ထည့်စားနိုင်ပါပြီ.. ကျွန်မက ငါးစွပ်ပြုတ်လေးကို ကြာဇံလေးနည်းနည်းထည့်ပြုတ်ပြီး စားပါတယ်.. ဆီမပါတော့ဘူးပေါ့.. ၇ရက်မြောက်နေ့ကျရင်တော့ စားချင်တာစားလို့ရပါပြီ.. လျှော့စားဖို့တော့ လိုတာပေါ့နော်.. ခါတိုင်စားတာရဲ့ ထက်ဝက်လောက်ပဲစားပေါ့.. အစာအိမ်က ကျဉ်းသွားပြီမို့ နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်ပါတယ်.. အစာအိမ်ပြန်ကျယ်မသွားအောင် ထိန်းထိန်းသိမ်းသိမ်းလေး စားသောက်သွားမယ်ဆိုရင် နောက်ပိုင်းမှာ ၀ိတ်ပြန်မတက်နိုင်ပါဘူး..

၇ရက်အစီအစဉ်ပြီးသွားတော့ ၄ကီလိုနီးနီး ထပ်ကျသွားပါတယ်.. လိုအပ်တဲ့အာဟာရတွေကို စားရတဲ့ဗီတာမင်ဆေးပြားတွေက ရနေတာကြောင့် အားနည်းတာ မူးဝေတာတွေ ဘာမှမဖြစ်ပါဘူး.. ကျွန်မဆို ရုံးတက်နေရင်းနဲ့ပဲ ပြီးသွားတာပါ.. ဆိုက်ထဲမှာ ပင်ပင်ပန်းပန်းလုပ်ရတဲ့ လူတွေအတွက်တော့ မကိုက်ဘူး.. အရင်က လေးကီလိုနီးနီးကျထားတာဆိုတော့ စုစုပေါင်း ၇ကီလိုကျော်ကျော်ကျသွားတာပေါ့.. ၀ိတ်မချခင်က ၀တ်ဖို့စဉ်းတောင်မစဉ်းစားရဲတဲ့ မြန်မာဝတ်စုံလေးတွေ ၀တ်လို့အဆင်ပြေလာတယ်.. နေရထိုင်ရတာ ပေါ့ပေါ့ပါးပါးဖြစ်လာတယ်လေ.. သို့သော်.. သို့သော်ပေါ့လေ.. ဆင်ပိန်ကျွဲလောက်ဆိုတဲ့စကားလဲ ရှိသမို့လား.. ခုလဲ ကျွဲလောက်တော့ရှိပါသေးကြောင်း ပုံနှင့်တကွ သက်သေပြပါသည်ရှင့်.....း)







Sunday, February 13, 2011

အချစ်ဆုံးမို့ပြောပြချင်ပါတယ်

ကျွန်မရဲ့ မကောင်းမကန်းအသံလေးကို နားထောင်ကြည့်ကြပါဦး.. အသံတော့နည်းနည်းတိုးမယ်ထင်တယ်..း)

Wednesday, February 9, 2011

အဖွားတို့အိမ်

ရန်ကုန် သုဝဏ္ဏ ကျွန်းရွှေမြိုင်လမ်းထဲကနေ ယင်းမာမြိုင်လမ်းထဲကို ချိုးကွေ့ဝင်လိုက်ရင် အဖွားတို့အိမ်ကိုရောက်မယ်.. အုတ်ခုံလေးတွေတဖက်တချက်ရံထားတဲ့ ရေမြောင်းဖုံး ကွန်ကရစ်တံတားလေးကိုဖြတ်.. သံပန်းတံခါးစိမ်းစိမ်းလေးကိုဖွင့်လို့ ခြံထဲဝင်လိုက်ရင် လူလျှောက်လမ်းလေးက အိမ်ဝထိခေါ်သွားလိမ့်မယ်.. လမ်းကလေးရဲ့ဝဲယာမှာ သစ်ပင်ပန်းပင်လေးတွေနဲ့ ဝေဝေဆာဆာရှိနေလိမ့်မယ်.. အိမ်ထဲဝင်လိုက်ရင်တော့ ပြောင်လက်နေအောင်တိုက်ထားတဲ့ ပါကေးကြမ်းခင်းနဲ့ ဧည့်ခန်းကျယ်ကြီးထဲကို ရောက်သွားမှာပေါ့..

ကျွန်မတို့ငယ်ငယ်တုန်းက အဖွားတို့အိမ်မှာနေကြတယ်.. အဖိုးက ကုလားထိုင်တလုံးနဲ့ တီဗီရှေ့မှာထိုင်နေတတ်ပြီး တခုခုလိုချင်ပြီဆို အဖွားကို အေးရေ.. လို့ လှမ်းအော်ခေါ်တတ်တာ မှတ်မိသေးတယ်.. အဖွားကတော့ မီးဖိုထဲမှာဟင်းချက်နေရင်နေမယ် ခြံထဲမှာအပင်တွေကို ရေလောင်းပေါင်းသင်လုပ်နေမယ်.. အဖွားက အပင်စိုက်ဝါသနာပါတယ်.. ၀ါးမြက်ဦးထုပ်တလုံးဆောင်းလို့ ခြံထဲမှာတကုပ်ကုပ်အလုပ်ရှုပ်နေတတ်တာက အဖွားရဲ့မူပိုင်ပုံရိပ်.. သူ့ခြံထဲမှာဆို အပင်တွေကိုစုံလို့.. ပင့်ကူသစ်ခွတွေကို ၀ါးစင်ကြီးတွေနဲ့ ထောင်ပြီးစိုက်ထားတယ်.. ကားရုံနားမှာတော့ ပိန်းပန်းတွေကို အိုးကြီးအိုးငယ်အသွယ်သွယ်နဲ့ အရောင်စုံစိုက်ထားတယ်.. သရက်ပင်ပင်စည်မှာ ဖယောင်းပန်းလေးတွေ ၀ိုင်းပတ်ပြီးတော့လဲ စိုက်ထားသေးတယ်.. ကားဝင်တဲ့တံခါးဘေးမှာ ပုန်းညက်ပင်ကြီးရယ် ဇီဇဝါပန်းပင်တွေရယ်ရှိတယ်လေ.. ရေမော်တာအိမ်လေးနားမှာ စပါယ်ပန်းရုံလေးလုပ်ထားတယ်.. သူ့ဘေးမှာတော့ နှင်းဆီပင်တွေပေါ့.. အိမ်မကြီးနဲ့ကပ်ရက်မှာ လေးကျွန်းကြာခိုင်ပန်းတွေ ဒေစီပန်းတွေကို အိုးတွေနဲ့စိုက်ထားသေးတယ်.. တံစက်မြိတ်အောက်မှာတော့ မြန်မြန်နမ်းပါဆိုတဲ့ ဆူးများနဲ့ပန်းရောင်စုံလေးများ.. ဘေးနားလေးမှာက ခိုင်ရွှေဝါပန်းရုံလေး.. စက္ကူပန်းရုံလေးတွေကလဲ ဟိုနားတခု ဒီနားတခုနဲ့ ရောင်စုံပေါ့.. ငွေပန်းရုံကြီးလဲရှိသေးတယ်.. အပင်တွေအစုံနဲ့ အဖွားတို့ခြံကြီးက ရာသီမရွေး ပန်းတွေဝေလို့ ပန်းရနံ့တွေသင်းလို့ပေါ့.. ဧည့်ခန်းထဲမှာဆိုလဲ အလှပန်းအိုးလေးတွေနဲ့ ခြံထွက်ပန်းလေးတွေက ဝေဝေဆာဆာ..

သားသမီး ရ
၇ယောက်ရှိတဲ့အဖွားဆီမှာ မြေးက ၁၄ယောက် မြစ်က၅ယောက်ပေါ့.. အားလုံးက အဖွားကိုချစ်ကြောက်ရိုသေကြတယ်.. ကျွန်မ၇နှစ်သမီးလောက်မှာ အဖိုးဆုံးသွားတာဆိုတော့ ခုဆိုနှစ်၂၀ကျော်ပြီပေါ့.. နှစ်တိုင်းနှစ်တိုင်း အဖိုးအတွက်ရည်စူးတဲ့ အလှူကို အဖွားတို့အိမ်မှာလုပ်ကြတယ်.. ဧည့်သည်တွေကအများကြီးဆိုတော့ အားလုံးအလုပ်တွေများကြတာပေါ့.. အလှူမတိုင်ခင်တရက်ကတည်းက စျေးဝယ်ကြ ချက်ကြပြုတ်ကြနဲ့ အဖွားတို့အိမ်ကြီးက ဆူလို့ညံလို့ပေါ့.. ညရောက်ရင် ဧည့်ခန်းထဲမှာ ခြင်ထောင်အကြီးကြီးတွေထောင်လို့ မြေးတွေအားလုံး တန်းစီအိပ်ကြရတယ်.. စကားတွေပြောနေကြတာနဲ့ မအိပ်ဖြစ်တာကများပါတယ်.. ကိုကိုဘိုဘိုပြောပြတဲ့ သရဲပုံပြင်တွေတောင် မှတ်မိနေသေးတယ်.. သရဲပုံပြင်တွေနားထောင်နေတုန်း ရဲရဲက သရဲလိုလာခြောက်လို့ အော်ကြဟစ်ကြနဲ့.. လူကြီးတွေကတော့ ပေါ်ထပ်ကနေလှမ်းဆူတာပေါ့.. မနက်ကျတော့ အစောကြီးထရပြီး စားပွဲဝိုင်းတွေ ခင်းရကျင်းရတယ်.. ဘုန်းကြီးပွဲပြီးသွားရင် အိမ်သားတွေအလှည့်ပေါ့.. ပြီးရင်တော့ ဧည့်သည်တွေလာပါပြီ.. ကျွန်မတို့မိန်းကလေးတွေက စားပွဲထိုးပေါ့.. အိမ်ရှေ့နဲ့နောက်ဖေး လွန်းထိုးပြေးကြရတာ.. ဧည့်သည်တယောက်လာတိုင်း မြေးတွေကိုခေါ်ခေါ်ပြလို့ ကျွန်မတို့တတွေ တန်းစီပြီးပြုံးပြနှုတ်ဆက်ကြရတာ မှတ်မိသေးတယ်.. နည်းနည်းကြီးလာတော့ အလှူအတွက် အဖွားခွဲပေးတဲ့တာဝန်လေးတွေ ယူလာရတယ်.. များသောအားဖြင့်တော့ ကျွန်မက အချိုပွဲတာဝန်ယူရတတ်တယ်.. ကျွန်မတို့အစ်မအကြီးဆုံးနဲ့တွဲပြီးပေါ့.. ကျောက်ကျောတွေမျိုးစုံကျို.. လက်ဖက်အသားကိုနှပ်.. အကြော်တွေကို ၂ပြန်ကြော်လုပ်.. စသဖြင့်ပေါ့လေ..

ကျွန်မတို့မောင်နှမဝမ်းကွဲတွေက အရင်းလောက်နီးနီးကို ချစ်ကြတာ.. ငယ်ငယ်လေးကတည်းက အဖွားတို့အိမ်မှာ တပါတ်တခါလောက် အနည်းဆုံး ဆုံနေကြဆိုတော့ ရင်းရင်နှီးနှီး ချစ်ချစ်ခင်ခင်ပေါ့.. သီတင်းကျွတ်ကန်တော့ပွဲဆို ကြီးစဉ်ငယ်လိုက် ကန်တော့ခံကြ.. မုန့်ဖိုးတွေပေးကြ.. တကယ်ကိုပျော်စရာကြီး.. ကန်တော့လို့ပြီးကြရင် အဖွားချက်ထားတာတွေကို စိတ်တိုင်းကျတွယ်ကြတာပေါ့.. ပြီးရင် ကျွန်မတို့တတွေက ခြံထဲမှာမျောက်ရှုံးအောင်ဆော့ကြတယ်.. လူကြီးတွေကတော့ တီဗီကြည့်ကြ ရှေးဟောင်းနှောင်းဖြစ်တွေပြောကြနဲ့ပေါ့.. ဆော့ရတာလဲမောလာပြီ နေကလဲပူလာပြီဆို အထမ်းနဲ့ရောင်းတဲ့ ရွှေရင်အေးသည်ကြီးကို ခြံထဲခေါ်ပြီး ချိုအေးနေတဲ့ရွှေရင်အေးတွေ တပျော်တပါးဝယ်စားကြတယ်.. ပြီးရင်တော့ လူကြီးတွေစကားဝိုင်းထဲ ၀င်ရှုပ်ကြတာပေါ့.. စကားပြောကောင်းတဲ့ ကြီးကြီးဘေဘီရဲ့ ခရီးသွားဇာတ်လမ်းလေးတွေ နားထောင်ကြရတာ စိတ်ဝင်စားဖို့သိပ်ကောင်း.. ညနေစာစားပြီးကြလို့ မှောင်ပြီဆို ခြံထဲမှာမီးထွန်းပွဲလေးလုပ်ကြတယ်.. လူလျှောက်လမ်းလေးမှာ ဖယောင်းတိုင်လေးတွေ တန်းစီထွန်းကြတယ်.. ၀ရံတာမှာရောပေါ့.. ကလေးတွေက မီးပန်းတွေဆော့ကြ ငရဲမီးတွေေဆော့ကြတယ်.. ညတော်တော်မိုးချုပ်မှ ကိုယ့်အိမ်ကိုယ်ပြန်ကြတယ်လေ..

သင်္ကြန်ရောက်ပြီဆို အဖွားလုပ်တဲ့သင်္ကြန်ထမင်းကို မက်မက်မောမောစားကြတယ်.. ဖယောင်းနံ့လေးသင်းနေတဲ့ မော်လမြိုင်သင်္ကြန်ထမင်းက ငါးခြောက်ထောင်းကြော် သရက်သီးသုပ်တွေနဲ့ဆို လိုက်မှလိုက်ပေါ့.. စားပြီးရင်တော့ အိမ်နီးနားချင်းတွေကို မုန့်လိုက်ဝေပေးရတယ်.. လမ်းသွယ်လေးထဲဆိုတော့ မုန့်လိုက်ဝေယုံလောက်နဲ့တော့ ရေမစိုတတ်ပါဘူး.. သင်္ကြန်ဆို လည်တာပတ်တာဝါသနာမပါတဲ့ ကျွန်မကတော့ အဖွားတို့အိမ်မှာပဲ တနေကုန်နေဖြစ်တယ်.. တီဗီကလာတဲ့ သင်္ကြန်ဇာတ်လမ်းတွေ အကတွေကြည့်ရင်း စာအုပ်တွေဖတ်ရင်းပေါ့.. ညနေဘက် ရေမပက်တော့တဲ့အချိန်ကျမှ အိမ်ပြန်ဖြစ်တယ်..

တပို့တွဲလဆိုရင်တော့ ထမနဲပွဲ.. သားသမီးတွေ တအိမ်ချင်းစီအတွက် ထမနဲကို အဖွားကဒိုင်ခံထိုးပေးတယ်.. မြေးယောက်ျားလေးတွေက အားနဲ့မာန်နဲ့ ထမနဲချေကြရတာပေါ့.. ကျွန်မတို့မိန်းကလေးတွေက အုန်းသီးတွေ ဂျင်းတွေလှီးကြ မြေပဲတွေအခွံချွတ်ကြ နှမ်းဖြူးကြပေါ့.. ထမနဲတအိုးကျခါနီးတိုင်း အဖွားက လာကြဟေ့ နှမ်းလာဖြူးကြဆိုရင် ပြေးပြီးသွားကြတယ်.. ကိုယ့်အိမ်အတွက် အသီးသီးထုပ်ပိုးပြီးကြပြီဆို အဖွားဝေစုထဲက ထမနဲတွေကို အလုအယက်တွယ်ကြတယ်.. အဖွားလက်ရာထမနဲက ဘာနဲ့မှမလဲနိုင်ဘူးပေါ့..

အခုထက်ထိလဲ အဖွားတို့အိမ်ကြီးက အရင်လိုပါပဲ.. ပိတ်ရက်တွေတိုင်း သားသမီးမြေးမြစ်တွေနဲ့ စည်ကားနေဆဲပေါ့.. ကျွန်မတို့မောင်နှမတတွေသာ အဝေးကိုရောက်နေကြတာလေ.. အဖိုးအတွက် ဆွမ်းကျွေးအလှူလုပ်တိုင်း သီတင်းကျွတ်ကန်တော့ကြတိုင်း သင်္ကြန်ရက်တွေတိုင်း ထမနဲပွဲရက်တွေတိုင်း အဖွားတို့အိမ်ကြီးကို ပြေးပြန်သွားလိုက်ချင်စိတ်က ဖိစီးနေတတ်တယ်.. ဝေးနေခဲ့တာ ၄နှစ်ရှိပြီကိုး.. ဘယ်တော့မှ အိမ်ပြန်ခွင့်ရမလဲလို့ တွေးမိရင်မွန်းကြပ်လွန်းလို့ မတွေးချင်တော့ဘူး.. တနေ့နေ့ပေါ့လေ.. အဖွားတို့အိမ်ကြီးရဲ့ အချိန်ရာသီအလိုက် မိသားစုပွဲလေးတွေဆီကို ကျွန်မပြန်လာခဲ့မှာပါ..

Friday, January 28, 2011

မဲပေးလိုက်ကြရအောင်

ကျွန်မတို့မောင်နှမတတွေက ဂီတာကိုတော်တော်ဝါသနာပါကြတယ်.. ဖေဖေနဲ့မေမေကလဲ သီချင်းကြိုက်ကြသူတွေကိုး.. မောင်လေးကတော့ အတီးဘက်ကို ပိုအားသန်တယ်.. ညီမလေးကအဆိုကောင်း.. ကျွန်မကတော့ ဘာမှမယ်မယ်ရရမကောင်း..

မနေ့က ညီမလေးနဲ့ ဂျီတော့ပြောဖြစ်တော့ သူက သူဆိုပြီးအသံသွင်းထားတဲ့ သီချင်းလေးပို့ပေးတယ်.. ပြီးတော့ပြောသေးတယ်.. ပြိုင်ပွဲဝင်ထားတဲ့သီချင်းတဲ့.. ဘယ်မှာပြိုင်ပွဲဝင်တာလဲမေးတော့ မြန်မာကျူးပစ်မှာတဲ့.. မောင်လေးလဲဝင်ပြိုင်ထားသေးတယ်ဆိုပြီး မောင်လေးရဲ့သီချင်းလေးပါ ပို့ပေးတယ်.. နားထောင်လိုက်တော့ သီချင်းဟောင်းလေးတွေဆိုပေမယ့် မဆိုးပါလားပေါ့.. (ကိုယ့်ငါးချဉ် ကိုယ်မချဉ် ဘယ်သူချဉ်မတုန်း) မောင်လေးသီချင်းဆိုတာရှားတော့ သူ့သီချင်းလေးက ထူးထူးခြားခြား နားထောင်ကောင်းနေတယ်.. ချစ်တိုင်းလဲမညား ဆိုတဲ့သီချင်းကို သူကိုယ်တိုင် ဂစ်တာတီးပြီးဆိုထားတာပါ.. ညီမလေးကတော့ သူကာရာအိုကေဆိုရင် ဆိုနေကျသီချင်းလေးတခုကိုပဲ ခပ်အေးအေးလေးဆိုထားတယ်.. နားထောင်လို့တော့ကောင်းသားပေါ့..

Cupid Idol က တခြား Idol တွေလိုပဲ မဲပေးပြီးဆုံးဖြတ်တဲ့စနစ်တဲ့.. နောက်တဆင့်တက်ရင် နောက်သီချင်းတခုဆိုရမှာဆိုပဲ.. သူတို့က နောက်တဆင့်တက်ရင် ဆိုဖို့သီချင်းတောင် စဉ်းစားထားပြီးကြပြီ.. ကျွန်မကိုလဲ သူတို့ကိုမဲပေးကြဖို့ သူငယ်ချင်းတွေဘာတွေများ ကျူးပစ်အဖွဲ့ဝင်ရှိရင် ကူပြောပေးပါဆိုလို့ ဘလော့ကိုလာလည်တဲ့သူတွေထဲမှာ မဲပေးနိုင်တဲ့သူ ပါလိုပါငြား အကူအညီတောင်းမလို့ပါ..

ကျူးပစ်အဖွဲ့ဝင်တွေရေ.. ဇင်လေး (ကျွန်မညီမလေး) နဲ့ နာကာ (ကျွန်မမောင်လေး) တို့ရဲ့သီချင်းလေးတွေ နားထောင်ကြည့်ပေးပြီး ကြိုက်တယ်ဆိုရင် Vote လိုက်ကြပါဦးနော်..း)



Monday, January 17, 2011

သီချင်းတွေကိုချစ်တဲ့ သာလိကာလေးသံစဉ်

သားသားက ငယ်ငယ်လေးကတည်းက သီချင်းတွေကိုချစ်တတ်သူ.. သီချင်းတွေမောအောင်ဆိုသိပ်မှ အိပ်တဲ့ကလေးလေးပေါ့.. သားသားကိုဆိုသိပ်နေကျ သီချင်းလေးတွေ ကလေးကဗျာလေးတွေအကြောင်း ဒီမှာတောင် ရေးဖူးသေးတယ်.. ခုတော့ ဒင်းကလေးက အမေကိုပြန်ပြီး သီချင်းဆိုသိပ်တတ်နေပြီလေ..

သားသားက ယောက်ျားလေးပေမယ့် စကားပြောတာစောတယ်.. ၂နှစ်မပြည့်ခင်မှာကို စကားတွေ အရှည်ကြီးပြောတတ်နေပြီ.. တချို့က ယောက်ျားလေးဆိုရင် စကားပြောတာနောက်ကျတတ်တယ်လို့ ပြောကြတယ်မို့လား.. သားသားကတော့စောတယ်.. စကားကလဲ များသလားမမေးနဲ့.. တတွတ်တွတ်ကိုပြောတာ.. ကျွန်မမေမေကပြောတယ်.. သမီးက သူ့ကို တတွတ်တွတ်ပြောနေတာကိုးတဲ့.. ဟုတ်တယ်.. ကျွန်မက သားသားနဲ့ရှိနေတဲ့အချိန်ဆို သားသားကို စကားတွေတတွတ်တွတ်ပြောနေတတ်တာ သားသားမွေးစလေးကတည်းက.. သူလေးကလဲ နားလည်သလိုလိုမျက်လုံးလေးတွေနဲ့ ကျွန်မကိုကြည့်ပြီး နားထောင်နေတတ်တယ်.. ခုတော့ ပြန်ပါဖြေတတ်ပြောတတ်လာပြီပေါ့.. တခါတလေဆို သူလေးပြောလိုက်တာတွေက ကိုယ်တောင်မတွေးမိတဲ့ဟာမျိုးတွေ..

သီချင်းကတော့ ဘာကြိုက်သလဲမမေးနဲ့.. သားသားနဲ့အတူတူ ဘလောက်တုံးလေးတွေနဲ့ အိမ်ဆောက်တမ်းဆော့ကြရင်း ကျွန်မက “အိမ်လေးလှလှဆောက်ရအောင်ကွယ် ချစ်တဲ့မောင်မောင်ရယ်” လို့ သီချင်းလိုလိုလေး ညည်းမိတယ်.. အဲ သူကမှတ်ထားပြီး နောက်နေ့အိမ်ဆောက်တမ်းဆော့ကြတော့ ကျွန်မကို ပြန်ဆိုပြတယ်လေ.. ရထားလေးနဲ့ဆော့ကြတော့လဲ “တူတူးထရိန်းလေးစီးရအောင်ကွယ် ချစ်တဲ့မောင်မောင်ရယ်”တဲ့.. သူ့ဟာသူတောင် ထွင်ပြီးဆိုပြသေးတယ်.. အိပ်ခါနီးဆို ကျွန်မက သားသားရေ မေမေ့ကို သီချင်းဆိုသိပ်ပါဦးလို့ပြောရင် သူက မေမေလေးရယ်အိပ်ပါကွယ် သားသားသီချင်းဆိုမယ်ဆိုပြီး လက်မောင်းလေးကို ပုတ်ပေးသေးတာ.. ပုံပြောပြပါဆိုရင်တော့ ဟိုးရှေးရှေးတုန်းက ဖေဖေတယောက်ရှိတယ်လို့ အစချီပြီး ပြောပါလေရော.. သူ့အဖေကို တော်တော်ချစ်..

တနေ့တနေ့ ကျွန်မရုံးကပြန်လာပြီဆို သူလေးမှာ အိမ်ဝကနေစီးပြီး တနေ့တာအကြောင်း အစီရင်ခံတော့တာ.. ဘာဟင်းနဲ့စားတယ်.. ဘာတွေလုပ်တယ်.. ဘယ်သူကတော့အိမ်မှာရှိတယ်.. စုံနေတာပဲ.. တလောက နေလည်ဘက် အိမ်မှာသူမှောက်ရက်လဲလို့ နှုတ်ခမ်းပေါက်သွားတယ်.. ကျွန်မကပြန်မရောက်ခင်ကတည်းက မေမေဖုံးဆက်ပြောလို့ သိပြီးပြီ.. အိမ်လဲပြန်ရောက်ရော သားသားကဆီးပြောတယ်.. မေမေ.. သားသားချော်လဲလို့ နာနာဖြစ်သွားတယ်.. သွေးတွေကို တစ်ရှူး၂ခုနဲ့သုတ်လိုက်တယ်.. မာမားလဲချော်လဲလို့ နာနာဖြစ်သွားတယ်.. သားသားလုပ်တာဟုတ်ဘူးတဲ့လေ..

သားသားက ငယ်ငယ်ကတည်းက သီချင်းတော့အရမ်းကြိုက်တယ်.. ကျွန်မနဲ့တူလို့ပေါ့.. သူ့အဖေက သီချင်းဆိုရင် ဘယ်လိုမှကီးမ၀င်တဲ့အသံရှင်မျိုး.. သားသားသချင်းကြိုက်တာကို သတိထားမိနေတာတော့ကြာပြီ.. သီချင်းသံကြားရင် လိုက်စပ်စုတတ်တာ.. တီဗွီမှာ သီချင်းလေးနဲ့ကြော်ငြာတွေဆို ကြိုက်တတ်တာ.. ကျွန်မသီချင်းဖွင့်တာနဲ့ ရောက်တဲ့နေရာကနေပြေးလာတာတွေပေါ့.. မနေ့ကတော့ ကျွန်မလဲ ပျင်းပျင်းရှိတာနဲ့ ကာရာအိုကေဆိုပါတယ်.. ကျွန်မစဆိုတုန်းက သားသားကအခန်းထဲမှာ.. အသံကြားတာနဲ့ချက်ချင်းပြေးလာပြီး.. ကျွန်မဘေးမှာလာရပ် ကျွန်မကိုမော့ကြည့်ပြီး တပြုံးပြုံးနဲ့နားထောင်ပါတယ်.. ပြီးတော့ လက်ခုပ်လက်ဝါးတီးပြီး တခစ်ခစ်ရယ်လို့ မေမေ မေမေ လို့အော်ပြီး အားပေးပါတော့တယ်.. သူလေးအော်နေပုံက စတိတ်ရှိုးတွေမှာ ပရိတ်သတ်က အော်ဟစ်အားပေးနေသလိုပုံစံမျိုး.. ကျွန်မမှာရယ်လိုက်ရတာ.. သီချင်းတောင် ကောင်းကောင်းဆက်မဆိုနိုင်တော့ဘူး.. သူ့အဖေကတော့ လိုက်လဲလိုက်တဲ့အရူးသားအမိတဲ့ သြဘာပေးရှာတယ်.. ကျွန်မတို့သားအမိကတော့ ဂရုမစိုက်ပေါင်.. အမေကသီချင်းဆို သားလေးကအားပေးနဲ့ ဟုတ်ကိုဟုတ်နေတော့တာပါပဲ..း)

Thursday, January 13, 2011

နာမည်လှလှလေး ကူရွေးပေးကြပါ

ကျွန်မမှာ အိမွန်ဇော်ဆိုတဲ့ သူငယ်ချင်းတယောက်ရှိတယ်.. ဂျီတီစီတက်မှ ခင်ရတဲ့သူငယ်ချင်းပေမယ့် အဆောင်မှာ တခန်းတည်းနေကြတာမို့ ညီအမအရင်းတွေလို အတွင်းသိ အစင်းသိ သူငယ်ချင်းတွေပေါ့.. ကျောင်းတက်နေကတည်းက ကျွန်မတို့၂ယောက်သား ကတိလေးထားခဲ့ဖူးတာရှိတယ်.. ကျွန်မကသားလေးမွေးပြီး သူကသမီးလေးမွေးခဲ့ရင် ခမည်းခမက်တော်ကြမယ်လို့ပေါ့..

တိုက်ဆိုင်တယ်ပဲပြောရမလား.. ကျွန်မကတကယ်ပဲသားလေးတယောက် ပိုင်ဆိုင်လိုက်ရသလို အိမွန်ကလဲ သမီးလေးတယောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပိုင်ဆိုင်လိုက်ရပြီလေ.. ကျွန်မတို့ထားခဲ့တဲ့ကတိလေး အသက်ဝင်လာတော့မှာမို့ ပျော်နေကြတာပေါ့.. ချွေးမလောင်းအတွက် အိပ်ယာခုတင်လေးတောင် ပို့ပေးလိုက်သေးတယ်.. ကျွန်မသူငယ်ချင်းက ချောချောလေးဆိုတော့ သူ့သမီးလေးကလဲ ချောမှာအမှန်ပဲ.. ချွေးမချောချောလေး ပိုင်ရချည်သေးရဲ့.. အရင်ကတည်းက ကျွန်မကအိမွန်ကိုပြောနေကျ.. နင့်သမီးလေးက ချောမှာ.. ငါ့သားလေးကတော့ အရပ်ရှည်ရှည် ယောက်ျားပီပီသသလေး ဖြစ်ရင်တော်ပြီပေါ့လို့.. အိမ်ထောင်တောင်မကျရသေးဘူး.. သားသမီးရေးဆွေးနွေးကြတာလေ..

မနေ့က အိမွန်နဲ့ဖုန်းပြောဖြစ်တော့ သူ့သမီးလေးကို နာမည်မပေးရသေးဘူးတဲ့.. သောကြာသမီးလေးမို့ သောကြာနံနဲ့စပြီး အင်္ဂါ ဗုဒ္ဓဟူး စနေ တခုခုနဲ့ဆုံးတဲ့ နာမည်လှလှလေး ကျွန်မကိုစဉ်းစားခိုင်းပါတော့တယ်.. အရမ်းဆန်းပြားတာမျိုး ခေါ်ရခက်တာမျိုးလဲ မကြိုက်ပါဘူးတဲ့.. “လုပ်ပါကဗျာဆရာမရယ်.. ညည်းချွေးမအတွက် နာမည်လှလှလေး” ဆိုတာနဲ့ ကျွန်မလဲ ခေါင်းစားရပါတော့တယ်.. သားသားနာမည်တုန်းကတော့ ကျွန်မမောင်လေးက မွေးတဲ့နေ့မှာပဲ မိုးသံစဉ်လို့ပေးခဲ့တာလေ.. နောက်မှသာ သူ့အဖေနာမည်ပါအောင် မိုးသံစဉ်ကို လုပ်လိုက်တာ.. ခု.. ချွေးမလောင်းအလှည့်ကျမှ ကိုယ်ကိုယ်တိုင် နာမည်ပေးရတော့မယ်..

ကျွန်မရွေးထားတဲ့နာမည်လေးတွေက
သွဲ့သဇင်
သင့်သက်လယ်
သဲမွန်ရည်
သဒ္ဓါယွန်း
သွန်းဆုနှင်း
သက်ထက်မြတ်နိုး
သံသာသာ
သန့်သီရိ
သံလွင်နဒီ
သုန္ဒရီ
ဟေမာန်ဆောင်း
ဟေသီရွှန်း

အားလုံးပဲ ကျွန်မချွေးမလောင်းလေးအတွက် နာမည်လှလှလေး ကူရွေးပေးကြပါဦးနော်.. ကျေးဇူးမမေ့ပါဘူး.. သားမင်္ဂလာဆောင်ကျမှ အားလုံးကိုဖိတ်လိုက်မယ်.. သိပ်မလိုတော့ပါဘူး.. သားသားက ၂နှစ်တောင်ရှိပြီဆိုတော့ စောင့်ရလှ နှစ်အစိတ်လောက်ပေါ့..း)

Wednesday, January 12, 2011

ဖူးနုသစ်ကပေးတဲ့အတွေး

မနေ့က ကိုဇက်တီဘလော့ကို မွှေနှောက်ဖတ်မိရင်း သူရေးထားတာကြာပြီဖြစ်တဲ့ ပို့စ်လေးတခုဖတ်မိတယ်.. ဂြိုဟ်ကြီး၈လုံးဖြစ်သွားတဲ့အကြောင်းပေါ့.. ပို့စ်ထဲမှာ မြန်မာပြည်က ပြဌာန်းစာအုပ်တွေ ဘယ်လောက် Up to Date ဖြစ်လဲဆိုတာ သိချင်တဲ့အကြောင်းလေးရေးထားတာဖတ်ရတော့ ကျောင်းတက်တုန်းက သင်ရတဲ့ Asbestos အကြောင်းကို သွားသတိရတယ်.. အင်္ဂလိပ်စာမှာသင်ရတာပါ.. ရေးထားတာတွေက Asbestos ရဲ့ကောင်းကျိုးတွေချည်းပဲ.. မီးခံကျောက်မို့လို့ မီးသတ်ဖို့အတွက် ပစ္စည်းတွေအမျိုးမျိုး ထုတ်လုပ်လို့ရတယ်လို့ ရေးထားတဲ့ ၂မျက်နှာသာသာ အက်ဆေးလေးပေါ့.. Asbestos ဆိုတာကို ခုမှကြားဖူးတဲ့သူတွေအတွက် တော်တော်ကိုအသုံးဝင်တဲ့ ကျောက်တမျိုးပဲလို့ ထင်နိုင်လောက်စရာ အရေးအသားမျိုး..

စလုံးကိုရောက်လာတော့ လုပ်ရတဲ့အလုပ်က Safety & Health related ဆိုတော့ Occupational Health Disease တွေလေ့လာရင်း Asbestosis ဆိုတာကို သိလာရတယ်.. Asbestos အမှုန်လေးတွေ အဆုပ်ထဲရောက်သွားရင် အဆုပ်ကင်ဆာဖြစ်တတ်တယ်တဲ့.. ကျွန်မ တော်တော်အံ့သြသွားရတယ်.. ကျောင်းမှာသင်ခဲ့ရတုန်းက ဘာမှကိုမပါဘူးလေ.. စလုံးမှာဆို Asbestos ကို Ban ထားတာ ၁၉၈၀ခုနှစ်ကတည်းက.. ကျွန်မ မမွေးခင်ကတည်းကပေါ့.. Asbestos အကြောင်းသင်ရတဲ့အချိန်မှာ ကျွန်မအသက် ၂၀ကျော်ပြီ.. ဘာလို့ကောင်းကျိုးတွေအကြောင်းပဲသင်ပြီး ဆိုးကျိုးတွေကို ထည့်မသင်လဲ စဉ်းစားမရပါဘူး.. အင်္ဂလိပ်စာမှာသင်တဲ့သင်ရိုးမို့ အကြောင်းအရာက အရေးမကြီးဘူး.. ဘာသာစကားကပဲ အရေးကြီးတယ်လို့များ တွေးကြလို့လားတော့ မသိဘူး.. ဘာပဲဖြစ်ဖြစ် အသက်အန္တရယ်ရှိတဲ့ အကြောင်းအရာမျိုးကတော့ သတိထားသင့်တယ်ထင်တာပဲလေ.. ခုကော ဆက်သင်နေသေးလားတော့မသိ..

သူတို့ပြောင်းချင်တဲ့သင်ရိုးကျ ခဏခဏပြောင်းနေကြသားပဲ.. ဥပမာ သူငယ်တန်းဖတ်စာပေါ့.. အဖွားတို့ခောတ်က “ က ကညစ်ပေမှာခြစ်” မေမေတို့ခောတ်ကျတော့ “က ကဇွန်းပင်ရေမှာရွှင်” ကျွန်မတို့ခောတ်ရောက်တော့ “က ကလေးငယ်ချစ်စဖွယ်” ဖြစ်သွားတာမျိုး.. ခုနောက်ပိုင်းလဲ ကျွန်မတို့တုန်းက ဆိုခဲ့တာနဲ့ အတူတာတွေ အများကြီး.. “န နဂါးမောင်အမောက်ထောင်” ဆိုတာကို “န နဖူးပြင်နံ့သာတင်” လို့ပြောင်းလိုက်တယ်.. “အ အမေ တို့တိုင်းပြည်” ဆိုတာကို “အ အမိမြေတို့တိုင်းပြည်” လို့ ပြောင်းလိုက်တယ်လေ.. အမောက်ထောင်တာ မကြိုက်လို့ရယ်.. အမေဆိုတဲ့စကားလုံးကို လက်မခံနိုင်လို့ရယ် ဖြစ်မယ်ထင်ပါရဲ့..

၂တန်းဖတ်စာမှာပါတဲ့ တို့အလံဆိုတဲ့ဖတ်စာတော့ ပြောင်းလိုက်ပြီထင်တယ်.. “ကျွန်တ်ာတို့ကျောင်းရှေ့ရှိ အလံတိုင်းတွင် ကျောင်းဖွင့်သည့်နေ့တိုင်း နိုင်ငံတော်အလံကို လွှင့်တင်ထားပါသည်” အစရှိတဲ့ဖတ်စာလေးကို ဖတ်ရတာအရမ်းကြိုက်ခဲ့ဖူးတယ်.. အလံတော်ရဲ့ ဆိုလိုရင်းကိုလဲ စွဲနေအောင်မှတ်မိနေသေးတယ်.. ခုအလံအသစ်ဖြစ်သွားတော့ ဘယ်အရောင်က ဘာကိုဆိုလိုတယ်.. ကြယ်ဖြူကြီးက ဘာကိုကိုယ်စားပြုတယ်ဆိုတာ သိချင်မိတယ်.. (သိရင်ပြောပြပါဦး)..

ကျွန်မက မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. ကိုယ်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် ပညာတွေသင်ယူခဲ့ပြီး စလုံးမှာ လူလူသူသူအလုပ်ကလေး ရထားခဲ့တာပါ.. သားလေးကိုတောင် မြန်မာပြည်မှာပဲ ကျောင်းတက်ခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်.. ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ကို ခုထက်ပိုပြီး တိုးတက်စေချင်တာတော့ အမှန်ပဲပေါ့.. မူလတန်းကနေ ဘွဲ့လွန်အတန်းတွေအထိ သင်ကြားပေးသူတွေရော သင်ယူကြသူတွေရော အဆင့်အတန်းမီမီနဲ့ ပညာရပ်ကောင်းတွေ သင်ကြားပေးခွင့် သင်ယူခွင့်တွေရရှိကြပြီး အသိပညာရှင် အတတ်ပညာရှင်တွေအများကြီး ထွက်လာစေချင်သေးတယ်.. အခွင့်ကြုံမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ ဆရာမတောင်လုပ်လိုက်ချင်သေးတာ.. ပီတိကိုစား အားမရှိနိုင်လို့သာ စလုံးမှာ Hokkien Mee လာစားနေရတာလေ..း)