တခုခုကို စောင့်မျှော်နေသူအတွက်
တစ်မိနစ်က တစ်ကမ္ဘာမကကြာတယ်..
နေထွက်နေ၀င်ပုံမှန်လည်ပတ်နေရက်နဲ့တောင်
ကိုယ့်အတွက်တနေ့တာက ရှည်လျားလွန်းနေတယ်..
တစုံတယောက်ဆီက တစုံတခုသိရဖို့ရယ်
ပြန်ဆုံကြမယ့် မိုးစက်တွေကြားကနေ့လေးတနေ့ရယ်
အတူတူနေခွင့်ရမယ့် သီတင်း၂ပတ်တာကာလလေးရယ်ဆီ
အားသွန်ခွန်စိုက် ပြေးသွားလိုက်ချင်လဲ
ကာလယန္တရား လှုပ်ရှားမှုကိုက နှေးလွန်းနေတယ်..
နေသားမကျတဲ့ရှင်သန်မှုထဲမှာ
အရာရာက အကျည်းတန်စွာအထီးကျန်ဆန်လွန်းနေလို့
ကမ္ဘာကြီးရယ်..
ခပ်မြန်မြန်လေး လည်ပေးလိုက်စမ်းပါ..
ပွင့်မြူးဇင်
၂၇.၀၄.၂၀၁၁
Wednesday, April 27, 2011
Thursday, April 21, 2011
ပေးချင်လို့ပါ
သားသားရဲ့ ပုခက်လေးကို လိုချင်တဲ့သူများရှိရင် ပေးချင်လို့ပါ.. သားသားက ခုကြီးလာပြီဆိုတော့ ပုခက်နဲ့မအိပ်တော့ဘူးလေ.. ပုခက်က စပရိန်နဲ့ချိတ်ပြီး အပေါ်အောက်လှုပ်ပေးရတဲ့ပုခက်ပါ.. ချိတ်ဖို့အတွက် စတိန်းလက်စတီး ဘောင်ကြီးလဲပါပြီး လိုချင်တဲ့နေရာကို တွန်းရွှေ့သွားဖို့ ဘီးလဲပါပါတယ်.. စပရိန်က ၁၅ကီလိုအထိ ၀ိတ်ခံနိုင်ပါတယ်.. ကလေးငယ်ရှိပြီး ပုခက်မ၀ယ်ရသေးတဲ့သူများရှိရင် ပေးချင်ပါတယ်.. သားသားပုခက်က အကောင်းအတိုင်းကြီးပါပဲ.. ပုခက်အ၀တ်လေးသာ ကြာလို့နည်းနည်းဟောင်းနေတာပါ.. အ၀တ်အသစ်လေးတပ်လိုက်ရင် အသစ်အတိုင်းဖြစ်သွားမှာလေ.. အ၀တ်အသစ်ကလဲ အလွယ်တကူ ၀ယ်လို့ရပါတယ်.. လိုချင်တဲ့သူများရှိရင် ပြောပါနော်.. အိမ်မှာပိုနေမယ့်အတူတူ လိုအပ်တဲ့သူကို ပေးချင်လို့ပါ..

Monday, April 18, 2011
ကဗျာလေး ၂ပုဒ်
မနှစ်ကတုန်းက ဓါတ်တော်တိုက်ကျောင်းကလုပ်တဲ့ သင်္ကြန်အမှတ်တရ မိဘကျေးဇူးဖော်ကျူးသီရာတေးကဗျာ ဆိုတဲ့ကဗျာပြိုင်ပွဲလေးမှာ ကျွန်မ ပထမဆုရခဲ့ပါတယ်.. ခုနှစ်လဲ ကဗျာ၂ပုဒ်ပို့ဖြစ်တယ်.. သင်္ကြန်ပွဲလုပ်မယ့်ရက်အထိတောင် ဘာမှအကြောင်းမကြားတော့ ဆုမရဘူးပဲထင်နေတာ.. မနေ့က သင်္ကြန်ပွဲမှာ မုန့်ဟင်းခါးလှူဖြစ်တော့ ပွဲတာဝန်ခံ မခင်မြင့်နဲ့တွေ့တယ်.. သူက ညီမလေး ကဗျာလဲဝင်မပြိုင်ပါလားဆိုမှ ပို့ထားတယ်လေဆိုတော့ သူက မရဘူးတဲ့.. အနားမှာရှိတဲ့ ဘုန်းဘုန်းကြီးကလဲ ကြားသွားတော့ မရဘူး.. သူ့ကဗျာတွေမပါဘဲ ဆုပေးလို့ဘယ်ဖြစ်မလဲဆိုပြီး ကျွန်မကို ကဗျာတွေအလွတ်ရရင် ရေးပေးပါဆိုတာနဲ့ ဖုန်းထဲကနေတဆင့် ဖွင့်ပြလိုက်တယ်.. ခဏနေတော့ မခင်မြင့်ကလာပြောပါတယ်.. ကဗျာဆုယူဖို့ စောင့်နေပေးပါတဲ့.. ကဗျာဆုတွေပေးတော့ ကျွန်မပို့ထားတဲ့ကဗျာ၂ပုဒ်အတွက် အကောင်းဆုံးအထူးဆုဆိုပြီး ပေးပါတယ်.. ဆုငွေ ၁၅၀ ရပါတယ်ရှင်.. ပို့ဖြစ်တဲ့ကဗျာလေးတွေ ဖတ်ကြည့်ကြပါဦးနော်..
သားလေးဖတ်ဖို့ (၂)
သားလေးရေ..
ဖ၀ါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်အရွယ်ကစလို့..
တိုးတိုးပြီးချစ်လာခဲ့ရတာ..
ခုဆိုရင်.. နှစ်နွေကုန် နှစ်မိုးပြောင်းလို့ နှစ်ဆောင်းသစ်ခဲ့ပေါ့..
ပီယ၀ါစာ တီတီတာချိုစကားတွေနဲ့ ချွဲနွဲ့တတ်လာပြီမို့..
ဒို့ဘာသာ ယဉ်ကျေးမှုနဲ့အညီ..
ဆိုလာစကား ချိုသကာပျားဆိုသလိုပြောတတ်စေဖို့..
မေမေသင်ပေးခဲ့ရတယ်..
ချစ်စဖွယ်ယဉ်ကျေးတဲ့..
ကိုယ်အမူအယာလေးတွေပိုင်ဆိုင်စေဖို့..
ဆိုတန်ဆို ရိုက်တန်ရိုက်လို့ မေမေဆုံးမခဲ့တာကိုများ..
သားလေးနားလည်နိုင်ပါ့မလားလို့လည်း တွေးပူမိသေးရဲ့..
ကြီးသူကိုရိုသေ ရွယ်တူကိုလေးစား..
ငယ်သူကိုသနားတတ်ဖို့လည်း..
ဥပမာ ဥပမေယျ ပုံပြင်တွေပြောပြလို့..
တတ်သမျှမှတ်သမျှနဲ့..
မေမေလမ်းညွှန်ပြပေးခဲ့တယ်..
ရပ်ဝေးမြေခြားက..
ဘာသာမတူ လူမျိုးကွဲ သူစိမ်းတွေကြားထဲမှာ..
ကြီးပြင်းရှင်သန် ရုန်းကန်ကြိုးစားနေရပေမယ့်..
အရိုးကို အရွက်မဖုံးဆိုသလို ဂုဏ်ယူဖွယ်ဒို့အစဉ်အလာများ..
ပျောက်ပျက်ကာမသွားစေဖို့ဆိုတာက..
မျိုးဆက်သစ်ကလေးငယ်..
သားလေးတို့အရွယ်ကစလို့..
တာဝန်သိကြဖို့ သိပ်အရေးကြီးတယ်မဟုတ်လား..
မြန်မာဆိုတာ အစဉ်အလာကြီးခဲ့တဲ့လူမျိုး..
ယဉ်ကျေးမှုသမ္ဘာမှာ မယှဉ်သာတဲ့လူမျိုး..
ကိုးကွယ်တဲ့ဘာသာ အခိုင်အမာနဲ့လူမျိုး..
ဖြူစင်ရိုးသား စိတ်ထားမြင့်မြတ်တဲ့လူမျိုးဆိုတာ..
ကမ္ဘာ့အလယ် တင့်တယ်စွာသက်သေပြနိုင်ဖို့..
မေမေ့သားလေးအတွက်ဆုံးမစာ..
အုတ်တစ်ချပ် သဲတပွင့်လေးသာ ဖြစ်ပါစေတော့လေ..
ပွင့်မြူးဇင်
(၀၇.၀၃.၂၀၁၁)
သို့.. ဖေဖေ
ဖေဖေ..
တွယ်တာလှပါတယ်ဆိုတဲ့သံယောဇဉ်များကိုဖြတ်တောက်ပြီး..
သမီးကိုဖေဖေထားခဲ့တာ ကြာပဲကြာလှပေါ့..
ဖေဖေပေးတဲ့အားမာန်တွေနဲ့..
လှမ်းလျှောက်ရမယ့်ဘ၀ခရီးအတွက်..
သမီးလေ.. ဘာကိုမှ ကြောက်မနေခဲ့ဘူး..
ဒါပေမယ့် ဖေဖေ..
လောကဓံလှိုင်းကြမ်းတွေထဲ..
လမ်းပျောက်လုဆဲဆဲကာလတွေတုန်းကတော့..
ဖေဖေ့ကိုတမ်းတစိတ်နဲ့..
ပြိုယိုင်လဲကျလုမတတ် သမီးတွေဝေခဲ့ဖူးတယ်..
ဖေဖေ့သမီးပါ ဖေဖေ..
အားမတန်တာတောင် မာန်မလျှော့ခဲ့ပါဘူး..
ကိုယ်ကောင်းရင် ခေါင်းဘယ်မရွေ့ရယ်လို့..
ဖေဖေပြောနေကျမဟုတ်လား..
ယုံကြည်တဲ့လမ်းကို ခိုင်မာစွာလျှောက်ရဲခဲ့လို့
ခုဆို.. တောင်ကြီး ဖ၀ါးအောက်ပေါ့..
မေတ္တာတရားတွေခေါင်းပါးတဲ့အရပ်မှာ
မလိုသူတွေရဲ့ထိုးနှက်ချက်တွေကြောင့်
တခါတလေများဆို ဘ၀ကိုတောင်အရှုံးပေးလိုက်ချင်မိရဲ့
လဲရင်ပြန်ထ ဒါဘ၀ပဲ.. အသာစံနိုင်ဖို့ အနာခံနိုင်ရမယ်ဆိုတဲ့
ဖေဖေ့ဆုံးမစကားတွေကြောင့်သာ
အမှောင်ကိုခွင်းဖောက်လို့ အလင်းဆီရောက်နိုင်ခဲ့တာ..
ခု.. သမီးလေ..
ဖေဖေနေစေချင်တဲ့ဘ၀မျိုးမှာ
ဖေဖေရစေချင်တဲ့အောင်မြင်မှုမျိုးနဲ့
အခိုင်အမာရပ်တည်နိုင်နေပြီမို့..
အတုအယောင်ပေါတဲ့လောကထဲ
စစ်မှန်ခြင်းသစ္စာတရားကို လမ်းညွှန်ပေးခဲ့တဲ့ဖေဖေ
ကောင်းမွန်ရာဘုံဘ၀ကနေ
သမီးအတွက်.. သာဓုခေါ်ပေးပါတော့နော်..
ပွင့်မြူးဇင်
၀၇.၀၃.၂၀၁၁
Wednesday, April 13, 2011
စိတ်ကူးသင်္ကြန်
သင်္ကြန်အကြိုနေ့

အတာအိုးထိုးဖို့ ပန်းခူးထွက်မယ်.. တနင်္လာနာမ်အတွက် ခရေညွန့်လေးချိုးဦးမှ.. အင်္ဂါအတွက်ကတော့ ဆီးကိုင်းလေးချိုးမယ်.. ဗုဒ္ဓဟူးက ရွက်လှရှိတယ်လေ.. ကြာသပတေးအတွက်တော့ မြေဇာမြက်လေးပဲ နှုတ်လိုက်တော့မယ်.. သောကြာအတွက်ရှာရဦးမယ်.. သြော် သပြေညွန့်လေးတွေရှိသားပဲ.. စနေအတွက်တော့ ဒေါနပန်းစိမ်းဖျော့ဖျော့လေး.. တနင်္ဂနွေအတွက်က အုန်းညွန့်လေးတွေ.. အစုံရပြီ.. မြေအိုးလေးကို အနီနဲ့အဖြူ ရောစပ်ခြယ်ထားတဲ့ အတာအိုးလေးထဲထိုးလို့ သကြားမင်းကြီးကို ကြိုလိုက်ကြဦးစို့.. မောင်ညီမလေးတို့ရေ သကြားမင်းကြီးလာတော့မှာနော်.. ခွေးသားရေပြားမှာ မှတ်ခံမထိအောင်လို့ လိမ်လိမ်မာမာနေကြဦး..
သင်္ကြန်အကျနေ့

လမ်းထိပ်က အုန်းလက်မဏ္ဍပ်လေးမှာ ကလေးတွေရေကစားနေကြပြီ.. ညကတည်းက ကျိုထားတဲ့ အုန်းနို့ကျောက်ကျော်ကို စတုဒီသာကျွေးဖို့ သွားပို့ရဦးမယ်.. သကြားရည်ချိုချိုလေးကြောင့်ရယ်.. အုန်းနို့သားထူထူစိမ့်စိမ့်ကြီးတွေကြောင့်ရယ်.. ကျောက်ကျောကျိုတဲ့သူရဲ့ စေတနာတွေကြောင့်ရယ်.. စားလို့ကောင်းနေမှာ သေချာပါတယ်လေ..
သင်္ကြန်အကြတ်နေ့

မှန်အလုံပိတ်ထားတဲ့ ကားလေးနဲ့ သူများတွေရေပက်တာ ရေပက်ခံနေကြတာတွေ လျှောက်ကြည့်မယ်.. ကန်တော်ကြီးကိုရောက်မှ အောက်ဆင်းလမ်းလျှောက်ပြီး ရေပက်ခံရင်း မဏ္ဍပ်တွေလျှောက်ငေးမယ်.. ရန်ကုန်သူမမလေးတွေရဲ့ သင်္ကြန်ဖက်ရှင်အလန်းစားတွေက ငေးမ၀ချင်စရာဖြစ်မယ်ထင်ရဲ့.. ညနေကျရင်တော့ အိမ်မှာလုပ်စားတဲ့ ရခိုင်ကြာဇံသုပ်ကို ဘော်ဒါတွေပါခေါ်ကျွေးရမယ်.. ရေကစားပြီးရင် ဗိုက်အရမ်းဆာတတ်တော့ စားကောင်းမှာအမှန်ပဲ..
သင်္ကြန်အတက်နေ့

ဒီနှစ်က စနေတာစားတဲ့နှစ်ဆိုတော့ စနေသမီး မေမေနဲ့ ညီမလေးတို့အတွက် ကောင်းမှုလုပ်ရမယ်.. ရွှေရင်အေးစတုဒီသာလုပ်မယ်ဗျာ.. မုန့်လက်ဆောင်းဖတ်စိမ်းစိမ်းလေးတွေနဲ့ ကောက်ညှင်းချက်ထားတာရယ် ပေါင်မုန့်ရယ် မျှော့ချောင်းရောင်စုံတွေက ကိုယ်သိပ်မကြိုက်လို့ နည်းနည်းပဲထည့်မယ်.. သာကူလေးလဲ ကျိုထည့်တာပေါ့လေ.. အုန်းနို့သကြားရည် ချိုမွှေးလေးဆမ်းလို့.. မေမေရေ ဆွမ်းတော်အရင်ကပ်ပါ.. ပြီးရင် လမ်းထဲမှာလိုက်ဝေမယ်.. မုန့်ဝေတဲ့လူကို ရေမပက်ရဘူးနော်.. အဖွားအိမ်မှာချက်တဲ့ သင်္ကြန်ထမင်းလဲ သွားစားရဦးမယ်.. ဖယောင်းနဲ့သင်းနေတဲ့ သင်္ကြန်ထမင်းအေးအေးလေးက ငါးခြောက်ထောင်းကြော် သရက်သီးသုတ်တွေနဲ့ လိုက်မှာလိုက်ပဲလေ.. နော်..
နှစ်ဆန်းတရက်နေ့

ဘုရားစင်ကိုရှင်း.. ဘုရားတွေရေသပ္ပါယ်ရမယ်.. မောင်လေးရေ ရေပုံးနဲ့ရေအပြည့်ခပ်လာပါ.. ရေဇလုံအကြီးကြီးလဲ ယူလာနော်.. ညနေဘက် လမ်းထဲမှာ ပရိတ်တရားနာဖို့ ပရိတ်အိုး ပရိတ်ချည် ပရိတ်သဲတွေ ပြင်ရဆင်ရဦးမယ်.. ပရိတ်အိုးအတွက်အညွန့်တွေက အတာအိုးထိုးတုန်းက အညွန့်တွေပဲပေါ့.. အပ်ချည်လုံး အသစ်တလုံးနဲ့ သဲတခွက်လဲပါတယ်.. ပရိတ်ရွတ်မယ့် ဘုန်းဘုန်းတွေကို အအေးကပ်ဖို့ အအေးပုလင်းတွေလဲ ၀ယ်ပြီးပြီ.. တရားနာပရိတ်သတ်ကိုလဲ အအေးတိုက်ဦးမှာ.. ပရိတ်ရွတ်ပြီးလို့ရှိရင် သံပုံးတီးမယ်.. နာနာဘာဝတွေ မကောင်းဆိုးဝါးတွေ ပြေးကြဦးပေရော့..
အိုး.. စိတ်ကူးနဲ့ သင်္ကြန်ကျပစ်လိုက်တာ.. နှစ်သစ်တောင်ရာက်သွားပါရောလား.. အားလုံးပဲ ပျော်စရာနှစ်ကူးမှာ မြူးနိုင်ကြပါစေနော်..
Friday, April 8, 2011
မကြိုက်မကြိုက်
ညညဆို စောစောမအိပ်ချင်ပေမယ့် အစောကြီးအလုပ်ဆင်းရမှာမို့ စောစောဝင်အိပ်ရတာကို မကြိုက်ဘူး..
အိပ်ရေးမဝသေးခင် နှိုးစက်ကြီးမြည်မြည်လာတာကို မကြိုက်ဘူး..
နှာစီးနေတဲ့နေ့ဆို မနက်စောစောခေါင်းမလျှော်ရတာကို မကြိုက်ဘူး..
ရုံးခန်းထဲကိုယ်အရင်ဆုံးရောက်လို့ အဲကွန်းမဖွင့်ရသေးဘဲ ပူအိုက်နေတတ်တဲ့ရုံးခန်းကို အကြိုက်ဘူး..
ကိုယ့်ဂျာကြီးကို မဆိုင်တာတွေခိုင်းပြီး မလုပ်နိုင်ရင် အသလွတ်ဆူတတ်တဲ့ သဌေးကိုလဲ မကြိုက်ဘူး..
ရုံးမှာ ဂျီမေးဖွင့်မရတာ ဖဘဝင်မရတာတွေကို လုံးဝလုံးဝမကြိုက်ဘူး..
ထမင်းစားချိန်ဆို ကန်တင်းအထိ နေပူကြီးထဲလမ်းလျှောက်ရတာမကြိုက်ဘူး..
ရုံးကန်တင်းမှာ CHICKEN RICE ရောင်းတဲ့အင်္ဂါနေ့ဆို ထမင်းစားရတာမကောင်းလို့ မကြိုက်ဘူး..
ရုံးမှာ ကော်ဖီကုန်နေတာကို ဝယ်ဖို့မေ့တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..
စကားတွေဟိုပြောဒီပြောနဲ့ ကလေးစိတ်မကုန်သေးတဲ့ အတ္တကြီးလွန်းကြတဲ့ ရုံးကမိန်းမကြီးတွေကိုမကြိုက်ဘူး..
တနေကုန်ရုံးမှာထိုင်နေရလို့ ပိုပိုထူလာနေတဲ့ ဗိုက်ခေါက်ကိုလဲ လုံးဝလုံးဝမကြိုက်ဘူး..
ညနေညနေဆို လေ့ကျင့်ခန်းလုပ်ဖို့ ပျင်းနေတတ်တဲ့ ကိုယ့်ကိုကိုယ်လဲ မကြိုက်ဘူး..
တယောက်ယောက်နဲ့ စကားပြောချင်နေတဲ့အချိန်မှာ အထူအပါးနားမလည် ကွန်ပျူတာထဲခေါင်းစိုက်နေတတ်တဲ့ သားသားဖေဖေကိုလဲမကြိုက်ဘူး.. (ဟိ.. ကိုယ်လုပ်ရရင်ကောင်းတယ်)
ဆေးခွင့်ယူချင်တိုင်း private clinic သွားယုံနဲ့မရပဲ polyclinic သွားပြီး အကြာကြီးတန်းစီရတာကိုလဲ မကြိုက်ဘူး..
တနင်္ဂနွေနေ့ဆို သားသားဖေဖေ အချိန်ပိုဆင်းရတတ်တာကို မကြိုက်ဘူး..
ရေသွားကူတိုင်း မျက်မှန်ချွတ်ကူရလို့ ကောင်းကောင်းမမြင်ရတဲ့ မျက်စိကိုလဲမကြိုက်ဘူး..
နည်းနည်းလေးလှုပ်ရှားလိုက်တာနဲ့ ချွေးတွေမတရားထွက်လာတတ်တာကို လုံးဝမကြိုက်ဘူး..
ခဏခဏကျိုးတတ်တဲ့ လက်သည်းပါးပါးလေးတွေကိုလဲ မကြိုက်ဘူး..
ခေါင်းခဏခဏကိုက်တတ်တာလဲ မကြိုက်ဘူး..
ကီးသိပ်မြင့်မြင့် ဆိုလို့မရတဲ့ ကိုယ့်အသံကိုလဲ မကြိုက်ဘူး..
စိတ်ရူးပေါက်တိုင်း ယောက်ျားကိုအသလွတ်ရန်လုပ်တတ်တဲ့ ကိုယ့်အကျင့်ကို မကြိုက်ဘူး..
Thursday, April 7, 2011
အစားအစာနဲ့ ကိုယ်ခန္ဓာ
ကျွန်မတို့နေ့စဉ်စားသုံးနေတဲ့ အစားအစာတွေထဲမှာ လူ့ရဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေနဲ့ ဆင်တူတဲ့အစားအစာလေးတွေ ပါရှိတတ်ပါတယ်.. အဲဒီအစားအစာတွေက သူတို့နဲ့ဆင်တူတဲ့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ဘယ်လိုအကျိုးဖြစ်စေတယ်ဆိုတာလေး ဖတ်မိလို့ ဘာသာပြန်ပြီး မျှဝေလိုက်ချင်ပါတယ်..

မုန်လာဥနီကို ထက်ပိုင်းလှီးထားတာလေးက သေသေချာချာကြည့်ရင် မျက်လုံးထဲက မျက်ဆံလေးနဲ့ဆင်တူပါတယ်.. ထူးဆန်းစွာပါပဲ မုန်လာဥနီကိုစားပေးခြင်းအားဖြင့် မျက်စိအမြင်အာရုံကို ပိုကောင်းလာစေတဲ့ အစွမ်းမျိုးရှိပါတယ်တဲ့.. မုန်လာဥနီမှာပါတဲ့ ဘီတာကယ်ရိုတင်းက အသက်ကြီးလို့ မျက်စိမှုန်တာမျိုးကို လျော့ပါးစေပါတယ်..
သစ်ကြားသီးကို အခွံခွာပြီးကြည့်ရင် လူ့ဦးနှောက်နဲ့ တော်တော်လေးတူတာတွေ့ရပါမယ်.. သစ်ကြားသီးကိုစားပေးခြင်းဖြင့် အယ်လ်ဇိုင်းမားရောဂါဖြစ်ပွားခြင်းကို လျော့ပါးစေပါတယ်.. သစ်ကြားသီးမှာ အိုမီဂါ ၃ ဖက်တီးအက်ဆစ်တွေပါပြီး ဦးနှောက်အတွင်းက အချက်ပေးစနစ်တွေကို ပိုမိုကောင်းမွန်စေပါတယ်..

အနီရောင်ဝိုင်အရက်ကတော့ သွေးနဲ့ဆင်တူတယ်ပေါ့.. တနေ့ကို ၀ိုင်တခွက်စီသောက်ပေးခြင်းဖြင့် သွေးလှည့်ပတ်မှုကို ပိုကောင်းစေပြီး နှလုံးအတွက်လဲ ကောင်းပါတယ်တဲ့..

နီရဲနေတဲ့ခရမ်းချဉ်သီးတလုံးမှာ အခန်းအကန့်လေးခုတိတိပါတတ်တဲ့ အသွင်အပြင်က လူ့နှလုံးသားနဲ့ဆင်တူပါတယ်.. ခရမ်းချဉ်သီးမှာပါဝင်တဲ့ လိုင်ကိုပိန်းက နှလုံးရောဂါနဲ့ ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်.. အထူးသဖြင့် အမျိုးသမီးတွေအတွက် ပိုကောင်းပါတယ်တဲ့..

ကျွန်မတို့ရဲ့ အဆုတ်မှာဖွဲ့စည်းပါဝင်တဲ့ လေအိတ်လေးတွေ လေပြွန်လေးတွေက စပျစ်သီးခိုင်လေးနဲ့ ဆင်တူပါတယ်.. စပျစ်သီးကို စားပေးခြင်းမားဖြင့် အဆုတ်ကင်ဆာကို ကာကွယ်ဖို့ အထောက်အကူဖြစ်စေပါတယ်..

အပေါ်ကပုံမှာ မြင်ရတဲ့အတိုင်းပါပဲ.. ဒိန်ခဲတစ်တုံးကို လှီးဖြတ်ထားတဲ့ပုံက အရိုးကိုအနီးကပ်ရိုက်ထားတဲ့ပုံနဲ့ ဆင်တူပါတယ်.. ဒိန်ခဲမှာပါဝင်တဲ့ ကယ်လ်ဆီယမ်က အရိုးတွေကို သန်မာစေပြီး အမျိုးသမီးတွေမှာအဖြစ်များတဲ့ အရိုးပွရောဂါကို ကာကွယ်ပေးပါလိမ့်မယ်..

ဂျင်းတက်လေးတွေကတော့ လူ့ရဲ့အစာအိမ်နဲ့ဆင်တူတာမို့ အစာအိမ်ကို အကျိုးပြူပါတယ်.. လွန်ခဲ့တဲ့ နှစ်၂၀၀၀ကျော်ကတည်းက တရုတ်လူမျိုးတွေဟာ အစာအိမ်လေနာရောဂါတွေအတွက် ဂျင်းကိုတိုင်းရင်းဆေးအဖြစ်သုံးခဲ့ကြတာပါ.. ကိုယ်ဝန်ဆောင်တွေမှာဖြစ်တတ်တဲ့ မူးဝေအော့အန်ခြင်းတွေကိုလဲ သက်သာပျောက်ကင်းစေပါတယ်..

မှိုပွင့်လေးကို ထက်ဝက်ဖြတ်ကြည့်ရင် နားရွက်လေးနဲ့တူပါတယ်.. မှိုဟင်းစားပေးခြင်းဖြင့် အကြားအာရုံကို တိုးတက်လာစေတယ်လေ.. မှိုထဲမှာပါတဲ့ ဗိုက်တာမင်ဒီကြောင့်ပေါ့..
အားလုံးပဲ ကျန်းမာခြင်းဆိုတဲ့လာဘ်တပါးကို ပိုင်ဆိုင်ထားနိုင်ကြပါစေ..
Wednesday, April 6, 2011
သုံးနှစ်တာအတူတကွစီးဆင်းခြင်း
လက်ထပ်ခြင်းဆိုတာ တမိသားနဲ့တမိသား တမိုးအောက်မှာ အတူတကွပေါင်းသင်းနေထိုင်ခြင်းပေါ့.. ရှင်သန်ကြီးပြင်းခဲ့တဲ့ မိသားစုအသိုက်အဝန်းတွေဆီကနေ အသီးသီးခွဲထွက်ကြပြီး ကိုယ်ပိုင်ဘဝလေးကို တည်ဆောက်ကြရတယ်ဆိုတာ လွယ်လှတယ်တော့ မဟုတ်ပါဘူး.. အဲသလိုမလွယ်တာကိုကပဲ အိမ်ထောင်ရေးရဲ့အရသာလို့ ကျွန်မတော့ထင်မိတယ်.. အနာဂါတ်မိသားစုအရေးကို အစီအစဉ်တွေဆွဲရတာ ပြသနာတခုခုရှိပြီဆို တိုင်တိုင်ပင်ပင်နဲ့ဖြေရှင်းရတာတွေက အိမ်ထောင်ရေးရဲ့ အနှစ်သာရတွေပေါ့.. ဘာလိုလိုနဲ့ သုံးနှစ်တောင်ရှိခဲ့ပြီလေ..
ချစ်သူသက်တမ်း ၅နှစ်အကြာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက ခုလိုဧပြီလ၆ရက်နေ့မှာ တရားဝင်လက်မှတ်ရေးထိုးပွဲနဲ့ ဧည့်ခံပွဲကျင်းပပြီး နှစ်ယောက်တစ်ဘဝကို စတင်ခဲ့ကြတယ်.. ချစ်သူတွေဘဝကတည်းက တယောက်အကြောင်းတယောက် နောကျေအောင်သိခဲ့ပြီးသားဆိုတာတောင် အတူတူနေကြတော့မှ ထပ်ပြီးသိလာရတာတွေက အများကြီးပေါ့.. ကိုယ်ချစ်တဲ့သူအကြောင်း အသစ်အသစ်တွေသိလာရတာ စိတ်ဝင်စားစရာတော့ကောင်းသား.. သူကြိုက်တတ်တဲ့အစားအစာ အဝတ်အစား စတာတွေကို အပေါ်ယံလေးလောက်ပဲ သိခဲ့ရာက သေသေချာချာသိလာရတယ်..
သူက ဘဝကိုပုံသေနည်းတွေနဲ့ ဖြတ်သန်းနေတဲ့သူဆိုတာ လက်ထပ်ပြီးနောက်မှသတိထားမိလာရတော့ ကျွန်မမှာအံ့တွေသြလို့.. သူ့ရဲ့နေ့တွေက ပုံသေနည်းအတိုင်း လှုပ်ရှားနေတာချည်းပဲ.. ဥပမာ ရေချိုးပြီးမှ ထမင်းစားတယ်ဆိုရင် ဘယ်လောက်ပဲဆာနေပါစေ ထမင်းကိုအရင်ဘယ်တော့မှမစားတတ်ဘူး ဆိုတာမျိုး.. ဒီအသားဟင်းဆို ဟိုအရွက်ဟင်းနဲ့မှ စားကောင်းတယ်ဆိုတာမျိုး.. လုပ်နေကျလေးကိုမှ မလုပ်လိုက်ရရင် နေမထိထိုင်မသာဖြစ်နေတတ်တယ် ဆိုတာမျိုးတွေကို သိလာရတော့ ကျွန်မမှာရယ်ချင်ပက်ကျိဖြစ်မိသေးတယ်.. ကျွန်မကတော့ ခံစားမှုဝါဒီ.. ကိုယ်လုပ်ချင်ရင်လုပ်ပစ်လိုက်တာပဲ.. ထုံးစံတွေ အစဉ်အလာတွေ ခေါင်းထဲကိုထည့်မထားတတ်သူပေါ့.. မလုပ်ချင်တာကိုများ လာမလုပ်ခိုင်းနဲ့ လှည့်တောင်မကြည့်ဘူးဆိုတဲ့ လူစားမျိုး.. နှစ်ယောက်တူတာကတော့ သူလဲသူ့အကျင့်နဲ့သူလုပ်ချင်သလိုလုပ် ကိုယ်လဲကြိုက်တာလုပ် အပြစ်မမြင်တတ်ကြတာချင်းပါပဲ.. ကိုယ်လုပ်သလို လိုက်လုပ်ရမယ်ဆိုတာမျိုး မရှိကြတော့ အဆင်ပြေတယ်လေ.. အကျိုးရလာဒ်ကတော့ ထမင်းလက်ဆုံလေးတောင်မှ မစားဖြစ်တာအတော်ကြာပြီ..
သူက သိပ်ရိုးပါတယ်.. မလိမ်တတ် မညာတတ်သူပေါ့.. လင်္ကာချောအောင်တောင် မုသားမပြောတတ်သူပါ.. လူတကာကိုလဲ ယုံလွယ်တတ်ပါတယ်.. သူယုံကြည်တဲ့သူတွေက သစ္စာမဲ့သွားတယ် သူ့ကိုမကောင်းကြံတယ်ဆိုရင်လဲ ဘယ်တော့မှ စိတ်မဆိုးတတ်ဘူး.. ဘေးကမြင်ရတဲ့ကျွန်မကသာ ဒေါသအမျက်တွေ ချောင်းချောင်းထွက်လို့ ဘီလူးဆိုင်းလိုက်တီးရတတ်တယ်.. သူကတော့ အေးအေးဆေးဆေးပဲ.. လိုချင်လောဘဆိုတာလဲ တော်တော်နည်းတဲ့သူ.. အဝတ်အစားဆို ကျွန်မဝယ်မပေးရင် သူ့ဟာသူမဝယ်တတ်ပါဘူး.. လူပျိုဘဝတုန်းက သူ့အမေဝယ်ပေးတာတွေကိုပဲ ၀တ်ခဲ့တာတဲ့.. ဒီအင်္ကျီဆို ဒီလုံချည်နဲ့တွဲဆိုပြီး သူ့အမေကတွဲပေးထားရင် အခြားလုံချည်နဲ့တောင် မတွဲဝတ်တတ်ဘူးတဲ့လေ.. အံ့ရောပဲ..
ရယ်စရာကောင်းတဲ့အလွဲတခုရှိသေးတယ်.. သူက ညအိပ်တဲ့အခါ အသားချင်းထိရင် အိပ်မပျော်တတ်တဲ့သူ.. ကျွန်မက တယောက်ယောက်နဲ့ အသားချင်းထိထားမှ ကောင်းကောင်းအိပ်ပျော်တတ်တဲ့သူ.. ကျွန်မငယ်ငယ်လေးထဲက ညညဆို ဘီလူးစီးသလို အသက်ရှုကျပ်ပြီး လန့်လန့်နိုးတတ်တယ်.. အဘွားကပြောတော့ တယောက်ယောက်နဲ့ အသားချင်းထိထားရင် မဖြစ်တော့ဘူးဆိုတာနဲ့ ညီမလေးလက်ကို ကိုင်ပြီးအိပ်တတ်တာ အကျင့်ပါနေတယ်.. သူနဲ့ကျမှာ ဂွဖြစ်တော့တာပဲ.. မရပါဘူး.. သူပဲလိုက်ကျင့်ပေးရတာပေါ့.. အနည်းဆုံးလက်ဖျားခြေဖျားလေးဖြစ်ဖြစ် ထိထားပြီးမှ ကျွန်မကအိပ်ပျော်တာကိုး.. နောက်တခုရှိသေးတယ်.. ကျွန်မတို့မောင်နှမတွေက အိပ်ခါနီးဆို တယောက်ကိုတယောက် ကျောမှာစာရေးပေးရင်း ဇိမ်လုပ်ပြီးအိပ်တတ်တာ.. မောင်နှမသုံးယောက်သား အလယ်မှာအိပ်ဖို့ကို လုကြရတာအမော.. အလယ်ကလူက အလှည့်တိုင်းရေးပေးခံရတာကိုး.. သူနဲ့ကျတော့ ကျွန်မက သူ့ကိုရေးခိုင်းတာပေါ့.. သူ့ကိုပြန်ရေးပေးမယ်ပြောတော့ မလုပ်ပါနဲ့တဲ့ အရမ်းယားတတ်တာလေ.. ထိတောင်မထိရသေးဘူး တွန့်နေပြီ.. ကျွန်မက ဇိမ်ပဲပေါ့.. ပြန်ရေးပေးစရာမလိုပဲ ဇိမ်လေးနဲ့နှပ်ရတာ..
အချက်အပြုတ်ဝါသနာပါတဲ့ကျွန်မနဲ့ အစားကောင်းကြိုက်တဲ့သူနဲ့တော့ အကိုက်ပဲ.. ကျွန်မက မီးဖိုချောင်ထဲရောက်သွားရင် ပျော်နေရောလေ.. ကိုယ်သာဖြစ်သလိုစားချင်စားမယ် သူ့အတွက်တော့ အမြဲဖွယ်ဖွယ်ရာရာလေး လုပ်ပေးချင်တာ.. သူက ဂျီးမများတတ်ပေမယ့် သူမကြိုက်တဲ့ဟင်းဆိုရင်တော့ လုံးဝမတို့တတ်ဘူး.. ကျွန်မက ငါးခြောက်ကြိုက်သလောက် သူကမကြိုက်ဘူးလေ.. အိမ်မှာငါးခြောက်ချက်တဲ့နေဆို သူ့အတွက် သက်သက်ချက်ပေးရတယ်.. ငါးဟင်းဆိုလဲ အရိုးနွှင်ပေးရတယ်လေ.. ကြေးအိုးကြိုက်တာ ၀က်သားတုတ်ထိုး အသေကြိုက်တာတွေတော့ တူမှတူပဲ.. သူကိုယ်တိုင်ကတော့ ကြက်ဥလောက်ပဲ ကြော်တတ်တဲ့သူ..
အရက်မူးတာကို သေအောင်မုန်းတတ်တဲ့ကျွန်မနဲ့ ဘယ်လောက်သောက်သောက် မမူးတတ်တဲ့သူနဲ့တော့ ဟုတ်နေတာပဲ.. ဘီယာတွေ အရက်ပြင်းတွေ ဘယ်လောက်ပဲသောက်သောက် သူမူးသွားတယ်လို့ တခါမှမတွေဖူးပါဘူး.. တကယ်ကိုဘာမှမဖြစ်တာပါ.. အနံ့သာမရလို့ကတော့ သောက်ထားမှန်းတောင် မသိရပါဘူး.. ကျွန်မကတော့ သူသောက်ထားမှန်းသိရင် ရစ်တော့တာပဲ.. ဟိုဟာခိုင်း ဒီဟာခိုင်းနဲ့ အနိုင်ကျင့်တာပါ.. သူကလဲ သောက်ထားတဲ့အချိန်ဆို ကျွန်မစိတ်ဆိုးမှာစိုးလို့ အားလုံးလုပ်ပေးတတ်ပါတယ်.. ပြီးတော့ပြောတတ်သေးတယ် မသောက်ဘဲမူးပြီး သူ့ကိုရစ်နေတယ်တဲ့..
သားသားကိုမွေးလာတော့ ကျွန်မတို့ဘဝလေးတွေ ပိုပြီးအသက်ဝင်လာတယ်.. ၂ယောက်လုံးက ကိုယ်လုပ်ချင်တာထက် သားသားအတွက်ပိုပြီးကောင်းမယ်ထင်တာကို လုပ်တတ်လာကြတယ်လေ.. သားသားက ရုပ်တော့အဖေနဲ့ပိုတူပြီး အမူအကျင့်တွေ စိတ်ထားတွေက ကျွန်မနဲ့တူပါတယ်.. လုပ်ချင်စိတ်ရှိမှလုပ်တတ်တာ ကျောမှာစာရေးပေးရင် ဇိမ်လုပ်တတ်တာ ဒေါသကြီးတတ်တာ လူတကာနဲ့တည့်အောင်ပေါင်းတတ်တာတွေက ကျွန်မဆီကအကျင့်လေးတွေပေါ့.. သူက ခဏခဏပြောတယ် သားအမိနှစ်ယောက်ပေါင်းပြီး သူ့ကိုအနိုင်ကျင့်တယ်တဲ့လေ..
ဘာပဲပြောပြော သုံးနှစ်ရှိခဲ့ပါပြီ.. ပျော်စရာတွေ ငိုစရာတွေကို အတူတူမျှဝေခံစားခဲ့တာ သုံးနှစ်ပြည့်ခဲ့ပြီပေါ့.. သုံနှစ်တာလုံးလုံး ကျွန်မဆိုးသမျှ အော်ငေါက်သမျှ အနိုင်ကျင့်သမျှကို သည်းခံပေးတဲ့ ချစ်ခင်ပွန်းမောင့်ကို အထူးကျေးဇူးတင်မိပါကြောင်း ပြောချင်ပါတယ်.. မင်္ဂလာသက်တမ်း သုံးနှစ်ပြည့်အမှတ်တရအဖြစ် လာမယ့်တနင်္ဂနွေနေ့ ဆမ်ဘာဝမ်းပန်းခြံမှာလုပ်မယ့် မြန်မာ့နှစ်သစ်ကူးပွဲတော်အတွက် ကြာဇံချက်အလှူလုပ်ပါမယ်.. ကြွရောက်အားပေးချီးမြှင့်ကြဖို့ အားလုံးကိုဖိတ်ပါတယ်နော်...
Tuesday, April 5, 2011
ကိုယ့်စိတ်ကြိုက်များနဲ့တနေ့တာ
နှိုးစက်မြည်တာတောင် မထသေးလို့ ယောက်ျားကအတင်းနှိုးတာကို အိပ်ချင်ယောင်ဆောင်ပြီး စောင့်နေရတာကြိုက်တယ်..
အိပ်ချင်မူးတူးနဲ့ ဟီတာဖွင့်ဖို့မေ့လို့ ရေအေးတွေကျလာမှ လန့်ပြီး မျက်လုံးကျယ်သွားရတာ.. ကိုယ့်အော်သံကြောင့် အပြင်ကနေ ယောက်ျားက ဟီတာဖွင့်ပေးတာကိုလဲ ကြိုက်တယ်..
မီးဖွင့်ရင် သားသားနိုးမှာစိုးလို့ မှောင်ထဲမှာပဲ မျက်နှာကိုလိမ်းစရာရှိတာလိမ်း ထင်ရာတွေဆွဲဝတ်ရတာကိုလဲ ကြိုက်တယ်..
နာရီဝက်ကျော်ကျော်စီးရတဲ့ ရုံးကားပေါ်မှာ ပြတင်းပေါက်မှန်ကို ခေါင်းနဲ့ဆောင့်ရင်း ငိုက်ရတာကိုလဲ ကြိုက်တယ်..
ရုံးကန်တင်းမှာစားရတဲ့ မနက်စာကြာဇံပြုတ်မျိုးစုံကိုလဲ ကြိုက်တယ်..
အလုပ်စားပွဲမှာထိုင်မိတာနဲ့ ဘလော့လေးအရင်ဆုံးပြေးဖွင့်ရတာကိုလဲ အရမ်းကြိုက်တယ်..
ကော်ဖီလေးသောက်ရင်း ဘလော့တကာလည် စာဖတ်ရတာလဲကြိုက်တယ်..
အိပ်ငိုက်နေတဲ့ဂျာကြီးကို ကိုယ့်စားပွဲပေါ်ကဖုန်းနဲ့လှမ်းဆက်.. သူလန်နိုးသွားပြီး ဖုန်းကောက်ဖြေတော့မှ ဖုန်းကိုအသာလေးပြန်ချထားလိုက်ရတာကိုလဲ ကြိုက်တယ်..
နေ့လည်စာစားရင်း ကန်တင်းမှာပွားရတာကိုလဲ ကြိုက်တယ်..
နေ့ခင်းဘက်အိပ်ငိုက်လာရင် လူတကာကို မက်ဆေ့ချ်ပို့ပြီး နှောက်ယှက်ရတာကို ကြိုက်တယ်..
တယောက်နဲ့တယောက် စလိုက်နောက်လိုက်နဲ့ မိသားစုဆန်တဲ့ ကိုယ်တို့ရုံးခန်းလေးကိုလဲ ကြိုက်တယ်..
၄နာရီ၁၅ဆို ရုံးဆင်းတာကိုလဲ ကြိုက်တယ်.. ရုံးဆင်းရင် မေမေနဲ့ချိန်းပြီး ဂျူရောင်းပွိုင့်မှာ ဈေးဝယ်ထွက်ရတာကိုလဲ ကြိုက်တယ်..
အိမ်ပြန်ရောက်ရင် သားသားနဲ့တူတူ ကစားကွင်းသွား ကစားရတာကိုလဲ ကြိုက်တယ်.. သားအမိ၂ယောက်သား တူတူညစာစားရတာကိုလဲ ကြိုက်တယ်..
သားသားနဲ့ ကွန်ပျူတာလုပြီး ဖဘဝင်ရတာကိုလဲ ကြိုက်တယ်..
ရေမိုးချိုး လိုးရှင်းတွေလိမ်းပြီး အေးအေးမွှေးမွှေးလေး အိပ်ယာဝင်ရတာကို ကြိုက်တယ်..
အိပ်ခါနီးဆို မောင်ရေ ဖုန်းအားသွင်းထားလား.. နှိုးစက်ပေးပြီးပြီလား.. လို့ မေးရတာကိုလဲ ကြိုက်တယ်..
အရမ်းညောင်းနေတဲ့နေ့ဆို သားအဖ၂ယောက်နှိပ်ပေးတာကို ဇိမ်နဲ့နှပ်ရတာလဲ ကြိုက်တယ်..
အဲကွန်းကို ၁၈မှာထားပြီး စောင်ထူထူခြုံအိပ်ရတာကိုလဲ အရမ်းကြိုက်တယ်..
ကိုယ်ချစ်တဲ့သူတွေနဲ့ ကိုယ်နေချင်တဲ့ပါတ်ဝန်းကျင်မှာ ကိုယ်ကြိုက်တာတွေချည်းလုပ်ခွင့်ရနေရင် ဘဝဟာ ပျော်စရာအတိပေါ့ကွယ်..
မမသက်ဝေက မတဂ်ပေမယ့် ရေးချင်လို့ရေးလိုက်ပါတယ်.. ပေါ့ပေါ့ပါးပါး ရေးလို့ကောင်းလိုက်တာ.. ဖတ်မိတဲ့သူတွေလဲ မရေးရသေးရင် ရေးကြည့်နော်..
Friday, April 1, 2011
အရိပ်ကလေးရဲ့တေးသံ
လသာတဲ့ညတညပေါ့..
အေးမြတဲ့လရိပ်ကို နှစ်သက်တတ်တဲ့ကျွန်တော် ၀ရံတာမှာရပ်နေရင်း ဟိုဟိုဒီဒီငေးနေမိတယ်.. မျက်စောင်းထိုးအိမ်ကို ဖျတ်ခနဲကြည့်လိုက်မိစဉ်မှာတော့
အိမ်ပေါ်ထပ်မှန်ပြတင်းမှာ ထင်နေတဲ့အရိပ်ကလေးက ကျွန်တော့်ကို ဆွဲဆောင်လိုက်ပါတော့တယ်.. အရင်ကလူမနေတဲ့ အိမ်ကြီးကို ဘယ်တုန်းက လူသစ်တွေရောက်လာပါလိမ့်လို့လဲ တွေးမိသေးရဲ့.. ကျွန်တော်မြင်လိုက်ရတာက ဂစ်တာတီးနေတဲ့ ဆံပင်ရှည်ရှည် ကောင်မလေးတယောက်ရဲ့အရိပ်ပါ.. သီချင်းသံသဲ့သဲ့လေးလဲ ကြားမိသလိုလိုမို့ စူးစိုက်နားထောင်မိတော့ အသံချိုချိုလေးနဲ့ ကျွန်တော်မကြားဖူးတဲ့သီချင်းလေးကို ခပ်အေးအေးညည်းနေတာလေး ကြားလိုက်ရတယ်.. အေးချမ်းလိုက်တဲ့အသံလေးဗျာ.. ဆိုနေဟန်လေးကတော့ ခပ်ဆွေးဆွေး.. မင်းအသည်းကွဲနေတာများလား ကောင်မလေးရယ်..
နောက်နေ့တွေမှာတော့ ကျွန်တော့်အတွက် တာဝန်တခုပိုလာတယ်.. ညတိုင်း ၀ရံတာထွက်ပြီး သူမလေးရဲ့အရိပ်ကိုငေးရင်း သူမသီချင်းလေးတွေကို နားထောင်နေမိတတ်တာပေါ့.. နေ့ခင်းဘက်တွေမှာ သူမတို့အိမ်ဘက်လှမ်းကြည့်မိရင် လှုပ်ရှားမှုရယ်လို့ သိပ်မတွေ့ရတတ်ပါဘူး.. တခါတလေ ပန်းပင်တွေရေလောင်းနေတဲ့ မျက်နှာစူပုတ်ပုတ် ရုပ်ဆိုးဆိုးအမျိုးသားကြီးတယောက်ကိုတွေ့ရတတ်တယ်.. တပတ်၂ခါလောက် အမျိုးသမီးကြီးတယောက်ကို ကိုရုပ်ဆိုးကြီးက ကားမောင်းပြီး ဈေးလိုက်ပို့တာလဲတွေ့ရတတ်တယ်.. ကျွန်တော့်ရဲ့အရိပ်ကလေးကိုတော့ နေ့ခင်းဘက် တခါမှမတွေ့ဖူးသေးဘူး.. ကျွန်တော်ကလဲ နေ့တိုင်း ကျောင်းသွားရတတ်တော့ သူမအပြင်ထွက်ချိန်နဲ့ မကြုံလို့ထင်ပါရဲ့လေ..
တရက်တော့ ကျွန်တော်နေမကောင်းလို့ ကျောင်းမသွားဖြစ်ဘူး.. အိမ်ခန်းထဲနေရတာ ငြီးစီစီမို့ ၀ရံတာကိုထွက်လိုက်ရင်း အရိပ်ကလေးတို့အိမ်ဘက်ကို အမှတ်မထင်ကြည့်မိတော့ ခြံထဲကခုံတန်းလေးမှာထိုင်ပြီး ဂျာနယ်တစောင်ကို စိတ်ဝင်တစားဖတ်နေတဲ့ ကောင်မလေးတယောက်ကို လှမ်းတွေ့လိုက်ရတယ်.. ဆံပင်ရှည်တွေကို ကျစ်စာမြီး၂ဖက်ခွဲစီးထားတော့ သူမက ကလေးလေးတယောက်လို နုနယ်လှပလွန်းနေတယ်လေ.. ငေးကောင်းကောင်းနဲ့ငေးမိနေတုန်း အိမ်ထဲကလှမ်းခေါ်လိုက်လို့ထင်ပါရဲ့ သူမလေးက အိမ်ထဲကို ပြေးဝင်သွားလေရဲ့.. ကျွန်တော့်ရင်ဘတ်ထဲမှာ ဟာတာတာကြီးဖြစ်ကျန်ခဲ့တာပေါ့ဗျာ..
ညရောက်တော့ ထုံးစံအတိုင်း သီချင်းဆိုနေတဲ့ သူမအရိပ်ကလေးကိုငေးရင်း စိတ်ကူးတွေနဲ့ ကျွန်တော်ရူးနေရတာပေါ့.. သူမနဲ့ ခင်မင်ရင်းနှီးချင်စိတ်တွေလဲ တဖွားဖွားနဲ့.. အရိပ်ကလေးဆိုတဲ့ခေါင်းစဉ်နဲ့ ရေးမိတဲ့ကဗျာတွေလဲ မနည်းမနော.. သူမရဲ့ဝိုးတ၀ါးအရိပ်ကလေးကို ခဲခြစ်ပန်းချီလေးတောင်ဆွဲထားမိသေးတယ်.. ထူးဆန်းတာက သူမကို သေသေချာချာမြင်ဖူးလိုက်ပါရက်နဲ့ သူမအရိပ်ကလေးကိုပဲ အိပ်မက်ထဲအထိ စွဲမက်နေတတ်တဲ့အထိ စွဲလန်းနေမိတာပါပဲ..
တနေ့.. မေမေကကျွန်တော်ကို ၀ါဆိုသင်္ကန်းကပ်အတွက် ဖိတ်စာတွေလမ်းထဲမှာလိုက်ဝေခိုင်းတယ်.. အရိပ်ကလေးတို့အိမ်အတွက်လဲ ပါတာပေါ့.. ကျွန်တော်သိပ်ပျော်သွားမိတယ်.. အရိပ်ကလေးနဲ့ ရင်းနှီးခွင့် ကြုံလာပြီမို့လား.. တခြားအိမ်တွေကို ဖိတ်စာအရင်လိုက်ဝေပြီး နောက်ဆုံးကျမှ အရိပ်ကလေးတို့အိမ်ကို သွားလိုက်တယ်.. လူခေါ်ဘဲလ်ကိုတီးလိုက်တော့ ဂါဝန်အဖြူဝတ်ထားတဲ့ ကောင်မလေးက တံခါးလာဖွင့်ပေးပါတယ်..
“ဘာကိစ္စများပါလဲရှင်”
“သြော်.. ကျွန်တော်က မျက်စောင်းထိုးအိမ်ကပါ.. ကျွန်တော့်နာမည် ၀ါခေါင်မိုးပါ.. အိမ်မှာအလှူရှိလို့ ဖိတ်စာလာပေးတာပါ.. လာမယ့်စနေနေ့ ဆက်ဆက်လာခဲ့စေချင်ပါတယ်..”
“ဟုတ်ကဲ့.. ဖြူလာခဲ့ပါမယ်..”
“ကျေးဇူးပဲနော်.. ကျွန်တော်သွားလိုက်ပါဦးမယ်..”
“ဟုတ်ကဲ့..”
လှလိုက်တဲ့ကောင်မလေးဗျာ.. ဖြူနုနေတဲ့မျက်နှာလေးမှာ အကြောစိမ်းလေးတွေကိုထင်းလို့.. ဆံပင်နက်နက်ကြီးတွေကလဲ တင်ပါးဖုံးတဲ့အထိကို အရှည်ကြီးတွေ.. ထူးဆန်းနေတာက သူမအရိပ်ကလေးကိုမြင်ရတိုင်း တဖျတ်ဖျတ်ခုန်နေတတ်တဲ့ကျွန်တော့်နှလုံးသားက သူမကိုအနီးကပ်တွေ့ရတော့ အရင်ကခုန်ခဲ့ဖူးတာ သူမဟုတ်သလို ငြိမ်သက်နေတာပါပဲ..
အလှူနေ့ကျတော့ ကောင်မလေးနဲ့အတူ အန်တီကြီးတယောက်ပါ ပါလာတယ်.. စကားပြောကောင်းပြီး ဖော်ရွေတဲ့ကျွန်တော့်မေမေနဲ့ သူမတို့၂ယောက်နဲ့ အချိန်တိုအတွင်းမှာပဲ ရင်းနှီးသွားကြပါတော့တယ်.. သူမပြောပြတဲ့ သူမဘ၀အကြောင်းက သနားစရာ.. မိဘ၂ပါးလုံး ရန်ကုန်မှာ ကားမှောက်လို့ဆုံးပါးသွားပြီး သူမတယောက်သာ ကံကောင်းစွာနဲ့ ဘာမှကြီးကြီးမားမားမထိခိုက်ပဲ ပွန်းပဲ့ရုံလောက်နဲ့ အသက်ရှင်ကျန်ခဲ့ရတာတဲ့.. မိဘတွေမရှိတော့တဲ့နောက် ဇာတိမြို့လေးကို အပြီးပြန်လာပြီး မိဘတွေထားခဲ့တဲ့အိမ်လေးမှာ လာပြန်နေတာတဲ့လေ.. သူမဖေဖေမိတ်ဆွေတယောက်ရဲ့လုပ်ငန်းမှာ အစုရှယ်ယာဝင်ထားရင်း မားကတ်တင်းမန်နေဂျာအဖြစ် အလုပ်လုပ်ပါတယ်တဲ့လေ.. အန်တီကြီးကတော့ သူမရဲ့အထိန်းတော်ကြီးပေါ့.. အထီးကျန်ဆန်တဲ့ သူမဘ၀လေးကို ကျွန်တော်က ကရုဏာသက်မိပေမယ့် သူမကိုကြည့်ရတာတော့ ခပ်ပျော်ပျော်ပင်.. သိပ်မကြာခင်က ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ဖြစ်ရပ်ကို ပြန်ပြောပြနေပေမယ့် သူမဆီမှာ ၀မ်းနည်းကြေကွဲတဲ့ အရိပ်အယောင်ရယ်လို့ လုံးဝမတွေ့ရ.. တော်တော်အသည်းမာတဲ့မိန်းကလေးပါလားလို့ တွေးမိတယ်..
စကားတွေပြောကြရင်း တော်တော်လေးကြာမှ သူမတို့ပြန်သွားကြတယ်.. ကျွန်တော့်ရင်ထဲမှာတော့ တခုခုကို မတင်မကျကြီးခံစားနေရလေရဲ့.. ဘာရယ်လို့အတိအကျမပြောနိုင်ပေမယ့် ကျွန်တော်လေ သူမနဲ့ပါတ်သတ်လို့ တစ်ခုခုထူးထူးဆန်းဆန်း ခံစားနေရတာတော့ အမှန်ပဲ.. ကျွန်တော့်ရဲ့နေ့တွေညတွေကို လရိပ်ဖြူဆိုတဲ့သူမရဲ့အရိပ်ကလေးက အတိုင်းအတာတစ်ခုအထိ လွှမ်မိုးထားလိုက်ပြီဆိုတာတော့ သိပ်ကိုသေချာတယ်လေ...
(ဆက်ပါဦးမည်)

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx

Subscribe to:
Comments (Atom)