Tuesday, March 22, 2011

အချစ်လို့အမည်တွင်သောထိုအရာ

စကားတတ်ကာစအရွယ်တုန်းက ချစ်လားလို့မေးရင် ချစ်တယ်.. ဘယ်လောက်ချစ်လဲဆို များကြီး ဘယ်ကချစ်တာလဲဆို ဗိုက်ဗိုက်ထဲကလို့ ဖြေလေ့ရှိခဲ့တယ်.. အဲဒီအချိန်တုန်းက ချစ်တယ်ဆိုတဲ့စကားလေးနောက်မှာ ဘာအရောင်ဘာအရိပ်မှ ရှိမနေခဲ့လောက်သေး.. နည်းနည်းသိတတ်လာတဲ့အရွယ်ကျတော့ မိဘတွေ ဆွေမျိုးတွေကို ချစ်တယ်ဆိုတဲ့ ချစ်ခြင်းရဲ့နောက်မှာ တွယ်တာခြင်းတွေ လေးစားအားကိုးခြင်းတွေ ရှိနေခဲ့မှာပေါ့.. အဲသလိုချစ်ခြင်းမျိုးက လူတွေပြောတဲ့ ၅၂၈ ချစ်ခြင်း.. အေးမြလှပါတယ်ဆိုတဲ့ ၅၂၈ချစ်ခြင်းကတောင် အကြောင်းအမျိုးမျိုးကြောင့် ကွေကွင်းကြရတဲ့အခါ ပူလောင်ခံစားရစေတာပါပဲ..

သစ်ရွက်လှုပ်တာတောင် ရယ်ချင်တယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်မှာ စိတ်ကစားတယ်ဆိုတာမျိုးကျတော့ အချစ်လို့နာမည်တပ်ရင် အချစ်ဆိုတဲ့အရာကို မလေးစားရာများကျနေမလားပဲ.. ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာပြောင်းလဲလာမှုတွေကြောင့် ပါတ်ဝန်းကျင်ရဲ့ဂရုထားစောင့်ကြည့်မှုကို ခံနေရတယ်လို့ ကိုယ့်ကိုယ်ကို ထင်နေတတ်တဲ့ ကာလမျိုးမှာ ဟိုကောင်လေးက ငါ့ကိုများချစ်နေသလား ဟိုအကိုကြီးရဲ့အကြည့်တွေက မရိုးသားဘူး.. ငါ ဟိုတယောက်ကိုများ ချစ်မိနေပြီလား.. စတာတွေက စိတ်ကစားတာသက်သက်တွေပဲလို့ သတ်မှတ်ထားလိုက်ချင်တယ်..

ကျွန်မအတွက် အချစ်လို့အမည်တွင်သောထိုအရာနဲ့ နဖူးတွေ့ ဒူးတွေ့စတွေ့ရတာက အသက်၁၈နှစ်လောက်မှာပေါ့.. ကျွန်မ လူတယောက်ကို သိပ်ချစ်မိသွားခဲ့တယ်.. သူများတွေအမြင်မှာ ဘာမှထူးခြားမနေတဲ့ သူ့ပုံစံ သူ့အမူအယာတွေက ကျွန်မအတွက်တော့ သိပ်ကိုထူးခြားနေတတ်တာ.. သူဘာလုပ်လုပ် သူဘာပြောပြော အကောင်းပဲမြင်တတ်ခဲ့တာတွေက ကျွန်မသူ့ကိုချစ်နေလို့အပြစ်မမြင်တာပဲဆိုတာ ကျွန်မကိုယ်တိုင်သိလာရတယ်လေ.. သူကတော့ ကျွန်မကိုချစ်မနေခဲ့ဘူး.. ကျွန်မသူ့ကိုချစ်တယ်ဆိုတာတောင် သူမသိခဲ့ဘူး.. ခုထက်ထိလဲ မသိပါဘူး.. ဘာဇာတ်လမ်းမှမဖြစ်ခဲ့တဲ့ ချစ်ခြင်းသက်သက်ပုံပြင်လေးပေါ့.. တနေ့တနေ့ သူ့အကြောင်းကဗျာတွေရေး.. အိပ်မက်ထဲမှာသူနဲ့တွေ့.. သီချင်းဆိုဖြစ်ရင်တောင် တဖက်သတ်အချစ်အကြောင်း ရေးထားတဲ့သီချင်းတွေချည်းပေါ့.. သူလိုအပ်နေမယ်ထင်တာတွေကို သူမသိအောင်ဖြည့်ပေးနေရတာကိုပဲ ကျေကျေနပ်နပ်နဲ့ ကျွန်မပျော်နေခဲ့ဖူးတယ်.. ဘယ်သူမှမသိအောင် ခိုးခိုးကြည့်ရတာကိုက အချစ်ရဲ့အရသာလို့ ကျွန်မထင်ခဲ့ဖူးတာပေါ့.. သူနဲ့စကားပြောနေရရင် သူ့အပြုံးလေးတွေ မြင်နေရရင် ကျွန်မရဲ့နေ့တွေဟာ ပြည့်စုံနေပါပြီလို့ ထင်မိနေတတ်တဲ့အထိကို အချစ်တခုအတွက် ကျွန်မရူးခဲ့ဖူးတယ်လေ.. ခုနေပြန်တွေးကြည့်တော့ သူ့အချစ်ကိုမရခဲ့လို့သာ ကျွန်မသူ့အပေါ်အဲသလောက် ရူးခဲ့တာဖြစ်မယ်လို့.. သူကသာကျွန်မကိုချစ်ခဲ့တယ်ဆိုရင် ကျွန်မရဲ့ရူးသွပ်ခြင်းတွေ အဲသလောက်များခဲ့မယ်မထင်ဘူး.. လူဆိုတာ မရနိုင်တာကိုမှ ပိုပြီးတန်ဖိုးထားတတ်ခဲ့တာမို့လား..

နောက်နှစ်အနည်းငယ်အကြာမှာတော့ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုရှိတယ်ဆိုတဲ့ နယူတန်သဘောတရားနဲ့ချစ်ခြင်းမျိုးကို ကျွန်မစတွေ့ခဲ့ရတယ်.. နှလုံးသားကို အလိုလိုက်တဲ့အရွယ်လဲမဟုတ်တော့တာမို့ ဦးနှောက်ရဲ့အကူအညီနည်းနည်းပါတဲ့ ချစ်ခြင်းပေါ့.. ငါသူ့ကို တသက်လုံးလက်တွဲနိုင်မှာလားလို့ သေသေချာချာတွေးပြီးတော့မှ သူ့အချစ်ကိုလက်ခံခဲ့တာ.. ကျွန်မက သူ့ရဲ့အချစ်ဦးပါ.. ကျွန်မတို့စချစ်သွားကြတဲ့အချိန်မှာ သူက ၁၈နှစ်ပဲရှိသေးတယ်.. သူ့ထက် ၄နှစ်လောက်ကြီးတဲ့ကျွန်မအတွက် သူက ကလေးတယောက်လိုပဲပေါ့.. ကိုယ်လိုချင်တဲ့ဘက်ကို သိမ်မွေ့တဲ့နည်းတွေနဲ့ ဆွဲယူခဲ့ရခြင်းကိုက ချစ်ခြင်းရဲ့အနုပညာပါပဲ.. သူ့ကိုချစ်တဲ့ချစ်ခြင်းကတော့ မိခင်တယောက်ရဲ့ချစ်ခြင်းမျိုးနဲ့ ခပ်ဆင်ဆင်တူမယ်ထင်တယ်.. သူကလဲ ကျွန်မကို ကျွန်မမိသားစုကို သိပ်တွယ်တာသွားခဲ့တယ်.. စိတ်ဆတ်ဒေါသကြီးတဲ့ကျွန်မအတွက် သူက အချော့ကောင်းတယ်လေ.. ဘယ်သူ့ကြောင့်ပဲ စိတ်တွေဆိုးနေနေ သူချော့တတ်ခဲ့တယ်.. မီးနဲ့ရေလိုမျိုး မီးများရင်ရေကူ ရေများရင်မီးကူလို့ အအေးမပူတဲ့အချစ်ဇာတ်လမ်းပေါ့..

ချစ်သူသက်တမ်း ၆နှစ်အကြာမှာ ကျွန်မတို့လက်ထပ်ဖြစ်ခဲ့တယ်.. နောက်တော့ သံယောဇဉ်ကြိုးအကြီးကြီးတခု ထပ်တိုးလာခဲ့တယ်လေ.. ကျွန်မကိုယ်တိုင် မိဘနေရာရောက်လာတော့ မိခင်တယောက်ရဲ့ သားသမီးအပေါ်ချစ်တဲ့ချစ်ခြင်းကို ပိုပြီးနားလည်လာရတယ်.. ကိုယ့်သားသမီးကို လိုလေသေးမရှိထားချင်တာ.. အကောင်းတကာ့အကောင်းဆုံးတွေပဲ ပေးချင်တာ.. ထူးချွန်ထက်မြတ်စေချင်တာတွေက ချစ်ခြင်းကြောင့်ဖြစ်ရတဲ့ လောဘတွေပေါ့.. လိုချင်သလိုများဖြစ်မလာခဲ့ရင် ဒေါသတွေကထွက်ရဦးမယ်.. စိုးရိမ်ပူပန်ရတာတွေကလဲ များမှများပဲ.. သူလေးအတွက် လိုအပ်သမျှတွေကို စဉ်းစားပြီး လိုက်ဖြည့်ဆည်းပေးနေရတာကိုပဲ ပီတိတွေဖြာနေရတာလေ.. မေမေ့ကိုချစ်တယ်လို့များ ပြောလိုက်ရင် ဘာနဲ့မှမတူတဲ့ကြည်နူးမှုလေးတွေနဲ့ ကျေနပ်ပြုံးပျော်နေတော့တာ.. သားလေးရဲ့အသံလေးက လောကမှာအချိုဆုံး.. သားလေးလောက်ချစ်စရာကောင်းတဲ့ကလေး တခါမှမတွေ့ဖူးဘူးလို့ ထင်နေတာလေ.. မိခင်တယောက်ရဲ့ ချစ်ခြင်းတွေက အဲသလိုပေါ့..

ကဲ.. ကျွန်မပြောချင်တဲ့အချစ်အကြောင်းက ဒီလောက်ပါပဲ.. မမသက်ဝေတဂ်လို့ ရေးပါတယ်.. ဖတ်မိတဲ့သူတွေကိုလဲ ရေးပေးကြဖို့ တိုက်တွန်းချင်ပါတယ်.. အဲ.. ကျွန်မရဲ့အချစ်ဦးက ခုဘယ်ရောက်သွားလဲလို့တော့ မေးနဲ့နော်.. ပြောပြဘူး..း)

5 comments:

Lorem Ipsum said...

အချစ်ဦးကို ရင်ခွင်ထဲသွင်းထားနိုင်တော့ ပြောအားရှိတာပေါ့လေ...း)

ချစ်လို့နောက်သွားတဲ့
မီးမီး

သက်ဝေ said...

ရိုးသားပွင့်လင်းတဲ့ စကားလုံးတွေနဲ့ ရေးဟန်ကို တကယ် သဘောကျသွားတယ်...။ ချစ်သူ သက်တမ်း ၆ နှစ်ရယ် သံယောဇဉ်ကြိုး အကြီးကြီး တချောင်းရယ် အခိုင်အမာ ရှိနေတဲ့ ညီမရဲ့ အချစ်အကြောင်းလေးက လှပ ချိုမြနေခဲ့တယ်...
တသက်လုံး နားလည်မှုတွေ ချစ်ခြင်းမေတ္တာတွေနဲ့ လက်ချင်းခိုင်ခိုင်တွဲသွားနိုင်စေကြောင်း ဆုတောင်းပါတယ်...

တက်ဂ်ပိုစ့်လေး ရေးပေးတဲ့အတွက် ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်...း))

rose of sharon said...

မမေးပါဘူးကွယ်.... လက်ရှိအချစ်နဲ့သားသားအကြောင်းဘဲမေးမှာ....

ချော(အစိမ်းရောင်လွင်ပြင်) said...

ဒီအချစ်အကြောင်းလေးကလည်း သာယာနာပျော်ဖွယ်ကောင်းနေတာပါဘဲ..
သံယောဇဉ်ကြိုးအကြီးကြီးလဲ ရှိနေပြီဆိုတော့ ပြည့်စုံသော ချစ်ခြင်း ဖြစ်နေပြီပေါ့နော်..
ချစ်ခြင်းတွေနဲ့ နှောင်ဖွဲ့ရစ်တွယ်ထားတဲ့ အိမ်ထောင်ရေးက သံယောဇဉ်ကြိုးနဲ့ပါထပ်ရစ်ထားမှတော့ သိပ်ကိုလှပတဲ့ အချစ်ဝတ္ထုလေးတစ်ပုဒ် ဖြစ်နေခဲ့ပြီဘဲနော်..
ချစ်ခြင်းများနဲ့ ပျော်ရွှင်သာယာပါစေ..

Sonata Cantata said...

မြူးက အချစ်ကို အစီအစဉ်တကျ ရေးပေးထားတယ်..
နောက်ကထပ်ဆက်လိုက်ဦးမယ်
သားသားအတွက် ချစ်စရာ ညီလေးဖြစ်ဖြစ် ညီမလေး ဖြစ်ဖြစ်...