Monday, March 21, 2011

အခက်ခဲဆုံးသော ဆုံးဖြတ်ချက်

ကျွန်မဘ၀မှာ အခက်ခဲဆုံးလို့ဆိုရမယ့် ဆုံးဖြတ်ချက်တခုကို ချလိုက်ရပြီ.. လာမယ့်ဇွန်လထဲမှာ သားလေးကို ရန်ကုန်ပြန်ပို့တော့မယ်လေ.. ကျွန်မမေမေကလဲ ပြန်ချင်ပြီဆိုတော့ သူ့မြေးလေးကိုလဲ ခေါ်သွားချင်တယ်တဲ့.. အစကတည်းက သားလေးကို မြန်မာပြည်မှာပဲ ကျောင်းထားဖို့စဉ်းစားထားတာဆိုတော့လေ.. မေမေကပြောတယ် မူကြိုကတည်းက မြန်မာပြည်မှာပဲ တက်ခိုင်းကြရအောင်တဲ့.. သားလေးနဲ့ခွဲပြီးနေဖို့ဆိုတာ ကျွန်မအတွက်တော့ အရမ်းကိုခက်ခဲတဲ့အရာပါ.. သူလေးရော ကိုယ်ရော အရမ်းကိုခံစားကြရမှာပါ.. ကောင်းတာတခုက ကျွန်မမေမေကို သားလေးကအရမ်းတွယ်ပါတယ်.. ကျွန်မထက်တောင် သူ့အဖွားကိုပိုကပ်ပါတယ်.. မေမေကလဲ သားလေးမရှိရင် နေတတ်မယ်မထင်ပါဘူး..

ကျွန်မတို့လင်မယားက စလုံးမှာ အကြာကြီးမနေချင်ပါဘူး.. အလွန်ဆုံး နောက်ထပ်၁၀နှစ်လောက်ပဲ ငွေရှာငွေစုပြီး ရန်ကုန်မှာ စီးပွားရေးလေးတခုခု လုပ်ချင်တာပါ.. တကယ်လို့ သားလေးကို စလုံးမှာကျောင်းတက်ခိုင်းလိုက်ရင် ကျွန်မတို့တွေ အနည်းဆုံးသားလေးကျောင်းပြီးတဲ့အထိတော့ နေရတော့မယ်.. သားလေးကလဲ မြန်မာစာ မြန်မာစကား မြန်မာ့ယဉ်ကျေးမှုတွေနဲ့ ဝေးသွားတော့မယ်.. အဲသလိုတော့ ကျွန်မအဖြစ်မခံနိုင်ပါဘူး.. ဒီတော့လဲ ရင်နာနာနဲ့ပဲ ဆုံးဖြတ်လိုက်ရတော့တာပေါ့..

နောက်တခုကတော့ ကုန်ကျစားရိတ်တွေ သက်သာသွားမယ်ပေါ့.. ငွေမြန်မြန်စုနိုင်ပြီး အိမ်မြန်မြန်ပြန်နိုင်မယ်ပေါ့လေ.. သားလေးအတွက်ကုန်ရတဲ့ ကလေးထိန်းခကတင် တလတလ ၉၀၀လောက်အနည်းဆုံးရှိတာမို့လား.. ခုဆို ရရစားစားဖြစ်နေတယ်.. သားသားပြန်သွားရင် အိမ်ကလဲသိပ်ကျယ်ကျယ်မလိုတော့ဘူး.. ကျွန်မတို့၂ယောက် ခြွေခြွေတာတာသုံးမယ်ဆိုရင် ပိုစုမိမယ်ပေါ့.. ခဏခဏ ရန်ကုန်ပြန်ချင်နေမယ့်စိတ်ကိုတော့ တော်တော်ချိုးနှိမ်ထားရမှာ.. ရုံးပိတ်ရက်ရှည်ရှိတိုင်း အိမ်ပြန်ဖြစ်နေတော့မယ်ထင်ပါရဲ့.. ဘာပဲဖြစ်ဖြစ် ဆွေမျိုးတွေကြားထဲမှာ နေရမယ့်သားလေးအတွက်တော့ ပိုကောင်းပါတယ်.. တနေကုန် ကလေးထိန်းနဲ့နေရတာထက်စာရင် အမျိုးတွေ သိုက်သိုက်ဝန်းဝန်းနဲ့ဆိုတော့ သူပိုပျော်မှာပါ..

ခုလောလောဆယ်တော့ ရန်ကုန်ကအိမ်ကို ပြင်နေပါတယ်.. သားလေးအတွက် ပိုအဆင်ပြေအောင် ကြမ်းခင်းကအစ လေအေးစက်အလယ် မျက်နှာကျက်အဆုံး တော်တော်လေးစဉ်းစားပြီး လိုမယ်ထင်သမျှကို ပြင်နေရတာပေါ့.. ရန်ကုန်ကိုနေ့တိုင်းဖုန်းဆက် လိုချင်တာတွေ လုပ်ချင်တာတွေပြောနဲ့ ကျွန်မအန်တီမိုးတော့ နားတွေကိုက်နေလောက်ပြီ.. ကျွန်မလဲ ဖုန်းခနဲ့မွဲတော့မယ်.. လုပ်ချင်တာတွေကများလွန်းလို့ အချိန်မှီမပြီးမှာလဲ စိုးရသေးတယ်.. သားလေးပြန်သွားရင် အားလုံးအဆင်သင့်ဖြစ်နေဖို့လိုတယ်လေ..

ပြီးတော့ စလုံးမှာလဲ အိမ်ရှာနေရပါတယ်.. အိမ်သိပ်မကျယ်ဘဲ ဈေးနည်းနည်း သက်သာတာမျိုးရှာတာပါ.. လူတွေအများကြီးလဲမနေချင်ဘူး.. လူ၆ယောက်စာအတွက် ၃+၁အိမ်လေး ဂျူရောင်း အရှေ့အနောက်မှာ ရှာနေတာပါ.. ဈေးအများဆုံး ၂၂၀၀ တန်လောက်ပေါ့.. အိမ်ထောင်ပရိဘောဂလဲ အများကြီးမလိုပါဘူး.. အဲကွန်းလေး ဖရစ်ခ်ျလေးပါရင် ရပါပြီ.. အ၀တ်လျှော်စက်တောင် ကိုယ်ပိုင်ဝယ်ထားတာရှိတယ်ဆိုတော့လေ.. ပွဲစားတွေနဲ့ရှာရတာ စိတ်ပျက်ဖို့ကောင်းတယ်.. ပွဲခများများလိုချင်တိုင်း ၂နှစ်စာချုပ်ချုပ်ရမယ်ဆိုတာချည်းပဲ.. ၂နှစ်စာချုပ်ဆိုရင် စဘော်က ၂လစာတောင်ဆိုတော့ မပေးချင်ပါဘူး.. ငွေအိပ်တာပေါ့.. ခြေတိုအောင်အိမ်လျှောက်ကြည့်ရတာလဲ စိတ်ပျက်မိတယ်.. မေလဆန်းလောက်ပြောင်းချင်တာမို့ သိပ်အလောကြီးတော့မဟုတ်သေးပါဘူး.. အသိထဲက အိမ်ငှားချင်တာ လက်လွှဲချင်တာလေးများရှိရင် ပြောကြပါဦးနော်..

5 comments:

naychi said...

မ ရေ အစစ အရာရာ အဆင်ပြေပါစေလို့ ဆုတောင်းပေးနေပါမယ်။

The Queen said...

အဆင်ပြေပါစေလို့ ဆုတောင်ပေး ပါတယ် ညီမရေ။ ရန်ကုန် တင်တော့ ပိတ်ရက်တိုင်း ပြန်လို့ ရ လို့ လွယ်ပါတယ်။

Lorem Ipsum said...

မမြူး

မီးလည်းအရမ်းကိုငိုချင်နေတယ် ဒီမှာလည်းမနေချင်ဘူး ပြန်ဖို့လည်းအဆင်မပြေတော့း( စိတ်ဓာတ်တွေလည်းကျတယ်..မောင်မိုးလေးအစစအဆင်ပြေပါစေ..မမြူးရယ်..ဘ၀ဆိုတာဒီလိုပါပဲ.......
အကုန်လုံးအဆင်ပြေတဲ့နေ့ကျရင် မီးတို့တစ်တွေအကုန်သူအိမ်ပြန်ကြတာပေါ့

ချစ်တဲ့
မီးမီး

ပန်းခရမ်းပြာ said...

အဆင်ပြေပါစေ ညီမရေ။

rose said...

မပွင့်မြူး သားလေးနဲ့ ခွဲရမှာမို့ ၀မ်းနည်းနေမှာကို ကိုယ်ချင်းစာမိတယ်။ အင်း... ဒါပေမယ့် အဖွားနဲ့ ဆိုတော့ စိတ်အေး ရပါတယ်။ ရို့စ်လည်း အဖွားကို သိပ်ချစ်တဲ့ သူပါ။ အမေ့ထက်ကို ပိုတွယ်တာပြီး အဖွား အနားမှာ အနေများ ခဲ့တယ်။ မပွင့်မြူးတို့ စီစဉ်ထားသလို ငွေမြန်မြန် စုနိုင်ပြီး မိသားစုလေး ပျော်ပျော်ရွှင်ရွှင်နဲ့ မြန်မာပြည်မှာ အတူတကွ နေနိုင်ပါစေရှင်။