Friday, November 19, 2010

ပိန်ချင်သူများအတွက်

ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက တော်တော်လေးပိန်ပါတယ်.. အတန်းထဲမှာ ၀ါးခြမ်းပြားလို့ ခေါ်ခံရတဲ့အထိကို ပိန်တာပါ.. အရပ်ကလဲရှည်တော့ ကလန်ကလားကြီး ဖြစ်နေရာပေါ့.. အစားနည်းတာလဲမဟုတ်ပါဘဲ ပိန်ချင်လို့ကို ပိန်နေတာဆိုတာမျိုး.. အသက်၂၀ကျော်လာတော့ နည်းနည်းပြည့်လာတယ်.. အသက်အစိတ်မှာ အိမ်ထောင်ပြုလိုက်ပြီး ၂၆နှစ်မှာ သားသားကိုမွေး.. ဟင်း.. ခုတော့ ၃၀တောင်မပြည့်ရသေး ကျွန်မ အ၀လွန်လို့ အလွန်ဝနေပြီလေ.. ၅ပေ၅လက်မဆိုတဲ့ အရပ်ကလေးသာမကယ်ရင် ရာဝင်အိုးနဲ့ နင်လားငါလားဖြစ်နေလောက်ပြီ..

ကျွန်မပိန်ချင်တယ်.. လှချင်တာသက်သက်ကြောင့်မဟုတ်ပါဘူး.. ၀လာတော့ သွားတာလာတာကအစ သိသိသာသာလေးလာတယ်.. လှေကားလေးနည်းနည်းတက်လိုက်ရင် မောနေပြီ.. ခြေကျင်းဝတ်တွေက ကိုယ်အလေးချိန်ကို မခံနိုင်လို့ နာနေတတ်တယ်.. လမ်းခပ်မြန်မြန်လျှောက်လိုက်ရင်ကို ခြေသလုံးတွေတောင့်တင်းပြီး မသက်မသာခံစားလာရရော.. ၀လာလို့ ခံစားရတဲ့ဝေဒနာတွေကို သတိထားမိလာတာနဲ့အမျှ ကျွန်မ ပိန်အောင်လုပ်မှဖြစ်မယ်လို့ တွေးမိပါတယ်.. အချိန်ကိုက်လို့ပဲဆိုရမလား Lose To Win ဆိုတဲ့ Weight Management Programme မှာ ပါဝင်ဖို့ ကျွန်မတို့ရုံးကို Health Promotion Board က ဖိတ်ခေါ်စာရောက်လာပါတယ်.. တဖွဲ့ကို ၅ယောက်အထိ ပါဝင်ခွင့်ရှိတယ်ဆိုလို့ လူဝကြီးများရှာဖွေကြတဲ့အခါ ကျွန်မရော ကျွန်မရဲ့မောင်တော်ဘုရားရော အဖွဲ့ဝင်တွေဖြစ်သွားပါလေရော..

၃လကြာမယ့် Programme ထဲမှာ လေ့ကျင့်ခန်းလုပ်ရမှာက တပါတ်ကို ၂ရက်.. Nutrition Workshopရယ်.. Supermarket Tourရယ်.. Cooking Classရယ်က တခါစီ.. Fitness Assessment ကတော့ အားလုံးပေါင်း ၃ခါပေါ့.. စစချင်းမှာ တခါ.. အလယ်လောက်မှာတခါ.. နောက်ဆုံးမှာ တခါလေ.. ပထမဆုံး Fitness Assessment သွားတော့ ၀ိတ်ချိန်.. အရပ်တိုင်း.. ခါးပါတ်လည်တိုင်းပြီးသကာလ ၂ကီလိုမီတာ လမ်းလျှောက်ခိုင်းပြီး နှလုံးခုန်နှုန်းကိုတိုင်း.. Fitness Index တွက်တာပါ.. အောက်တိုဘာ ၂၃က စတာဆိုတော့ ခုဆိုရင် ၁လနီးပါးရှိပြီပေါ့.. ၂ကီလိုကျော်ကျော်ကျသွားပါတယ်.. မောင်တော်ဘုရားကတော့ ၄ကီလိုနီးပါး.. အယ်.. မဆိုးပါလားပေါ့.. လေ့ကျင့်ခန်းကတော့ တော်တော်ကို ပင်ပန်းပါတယ်.. အများနဲ့လုပ်ရတာဆိုတော့ ပင်ပန်းပေမယ့် ပျော်နေကြတာပါပဲ.. ၀ိတ်လေးနည်းနည်းကျသွားတော့ အားတက်လာပြီး သင်တန်းမှာ လေ့လာသင်ယူခဲ့ရသမျှလေးကို မျှဝေချင်လို့ ဒီပို့စ်လေး ရေးဖြစ်သွားတာပါ..

ပထမဆုံးအနေနဲ့ အစားအသောက်ပိုင်းကို အရင်ပြင်ရပါမယ်.. ကိုယ့်ရဲ့ ကိုယ်အလေးချိန်အလိုက် တနေ့တာလိုအပ်တဲ့ ကယ်လိုရီကို အရင်သိဖို့လိုပါမယ်.. မိန်းမတွေအနေနဲ့ တနေ့ကို ၁၂၀၀ ကယ်လိုရီကနေ ၁၇၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပြီး.. ယောက်ျားတွေအတွက်တော့ ၁၅၀၀ ကယ်လိုရီကနေ ၂၂၀၀ ကယ်လိုရီလောက်အထိ လိုတတ်ပါတယ်.. ကျွန်မရဲ့ကိုယ်အလေးချိန် ၇၅ကီလိုအတွက် ၁၆၁၀ ကယ်လိုရီ လိုအပ်ပါတယ်.. အဲဒါက လက်ရှိကိုယ်အလေးချိန်မှာ ထိန်းထားဖို့ လိုတဲ့ကယ်လိုရီပေါ့.. ၀ချင်ရင်ပိုစား.. ပိန်ချင်ရင် လျှော့စားရပါတော့မယ်.. လေ့ကျင့်ခန်းလေးလဲ လုပ်မယ်ဆိုရင်တော့ ပိန်သွားရမှာပေါ့.. ကျွန်မတို့မြန်မာတွေဆိုတာက ဆီပြန်ဟင်းကြိုက်တတ်ကြတာမို့လား.. ဆီလက်ဖက်ရည်ဇွန်းနဲ့ ၁ဇွန်းဆိုရင်ကို ၅၀ကယ်လိုရီရှိနေပြီဆိုတော့ ပိန်ချင်သူများ ဆီပြန်ဟင်းကို ဝေါင်ဝေါင်ရှေးဖို့ လိုတာပေါ့နော်.. စားကိုစားရမှဖြစ်မယ်ဆိုရင်လဲ ဟင်းအနှစ်လေးကို လျှော့စားပေါ့လေ.. ကြက်သား၁တုံးမှာ အရေခွံကိုဖယ်စားလိုက်ရင် ၅၀ကယ်လိုရီလောက်လျော့သွားမယ်ဆိုတာလေးလဲ သတိရပါဦး.. မက်ဒေါ်နယ်ရောက်လို့ ဘာစားရမလဲရွေးရင် McSpicy Extra Value Meal ရွေးမယ့်အစား Cheeseburger, small fries, light drinks ကိုရွေးလိုက်ရင် ၇၀၀ကယ်လိုရီကြီးများတောင်လျော့မှာနော်.. မနက်စာကိုလဲ ကြာဇံကြော်တွေ ခေါက်ဆွဲကြော်တွေအစား Wholemeal bread လေး၂ချပ်ကို Cheese လေးနဲ့စားပြီး ရေနွေးကြမ်းလေးသောက်တာက ၃၀၀ကယ်လိုရီလောက်လျော့သွားပြီ.. ကော်ဖီကို နို့တွေ သကြားတွေနဲ့သောက်ရင် ၁၅၀ကယ်လိုရီလောက်ရှိတယ်လေ.. ရေနွေးကြမ်းကတော့ သုညကယ်လိုရီပါ.. ထမင်းတခွက်စာက ၂၆၀ကယ်လိုရီရှိပါတယ်.. ငါးဟင်းတွေ အသားဟင်းတွေကတော့ ၁၈၀ကနေ ၂၂၀ ကယ်လိုရီအထိရှိတတ်ပါတယ်.. ဆီထဲမှာနှစ်ပြီး ကြွပ်နေအောင်ကြော်ထားတဲ့ အစားအစာတွေကတော့ ပိန်ချင်သူတွေအတွက် ရန်သူတွေပါပဲ.. အချိုတွေစားတာလဲလျှော့ရမယ်.. သကြားကလဲ ကယ်လိုရီတော်တော်များတာကိုး.. ၀ိတ်ချနေတဲ့သူတွေအတွက် အကောင်းဆုံးကတော့ တနေ့တာအတွက် ဘာစားမယ်ဆိုတာ ကြိုတင်စီစဉ်ထားတာပါပဲ.. ၀ိတ်ကျချင်ရင် ပါးစပ်ကို အလိုမလိုက်သင့်ဘူးလေ.. နော်.. ဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေကိုလဲ များများစားပေးသင့်ပါတယ်.. အရမ်းချိုတဲ့ အသီးတွေဆိုရင်တော့ နည်းနည်းလျှော့စားရမှာပေါ့.. အသီးထဲမှာ သဘာဝအတိုင်းပါတဲ့အချိုကိုက သကြားလိုပဲ ကယ်လိုရီများတတ်လိုပါ.. အသီးဖျော်ရည်သောက်တာထက် အသီးကိုစားတာက အမျှင်ဓာတ်ရစေပါတယ်.. အမျှင်ဓာတ်က ဗိုက်ပြည့်စေတော့ တော်တော်နဲ့ပြန်မဆာတော့ဘူးပေါ့..

အစားလျှော့စားတာအပြင် ကိုယ်လက်လှုပ်လျှား လေ့ကျင့်ခန်းလေးတွေကလဲ ပိန်ချင်သူတွေအတွက် အရေးကြီးပါသေးတယ်.. တပါတ်ကို အနည်းဆုံး ၁၅၀မိနစ်လောက် လေ့ကျင့်ခန်းလုပ်ပေးသင့်ပါတယ်.. ချွေးထွက်တဲ့အထိ နှလုံးခုန်မြန်လာတဲ့အထိပေါ့.. လမ်းလျှောက်တာ ပြေးတာတွေကတော့ လူတိုင်းလုပ်တတ်တဲ့ လေ့ကျင့်ခန်းလေးတွေပါပဲ.. ခုကျွန်မတို့ တပါတ်၂ခါလုပ်ရတဲ့ လေ့ကျင့်ခန်းတွေကတော့ Bootcamp လို့ခေါ်ပါတယ်.. လေ့ကျင့်ခန်းစစချင်း ပန်းခြံထဲမှာ ၁ပတ်လမ်းလျှောက် ၂ပတ်ပြေးရပါတယ်.. ပြီးရင်အဖွဲ့တွေခွဲပြီး လေ့ကျင့်ခန်းအမျိုးမျိုးကို ဆက်တိုက်လုပ်ရပါတော့တယ်.. ထိုင်ထ.. ဒိုက်ထိုး.. ခုန်ပေါက်ပြေးလွှား စုံနေအောင်ကိုလုပ်ရပါတယ်.. ၁နာရီခွဲလောက် မရပ်မနားလုပ်ရတာမို့ တော်တော်လေးကို မောတာပေါ့.. ထိရောက်တယ်.. တော်တော်လေးကိုထိရောက်တယ်ပြောရမယ်.. အမောပိုခံနိုင်လာတယ်.. အသားတွေကျစ်လာတယ်.. သွားရလာရတာ ပေါ့ပါးသွက်လက်လာပါတယ်..

လေ့ကျင့်ခန်းလုပ်ရတာလေး အရှိန်ရလာတော့ လင်မယားနှစ်ယောက်သား ညနေဆို အိမ်နားကပြေးလမ်းလေးမှာ ပြေးကြဖို့ တိုင်ပင်ကြပါတယ်.. သင်တန်းမသွားရတဲ့နေ့တွေ နာရီဝက်လောက်ပြေးကြဖို့ သဘောတူညီချက်ရတယ်ပေါ့.. ခုညနေကနေ စပါမယ်.. အရှေ့ဂျူရောင်းနဲ့အနီးတ၀ိုက်မှာ နေကြသူများထဲက ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် သံချောင်းခေါက်လိုက်ပါ.. သင်တန်းမှာလုပ်ရတဲ့ လေ့ကျင့်ခန်းတွေလဲ သင်ပေးပါမယ်.. အဖော်လေးနဲ့ဆိုတော့ ပိုလဲပျော်စရာကောင်းသလို ကိုယ်ကမလုပ်ချင်ဘူးဆိုရင်တောင် သူများကိုအားနာတာနဲ့ လုပ်ဖြစ်နေဦးမှာလေ.. ဘယ်လိုလဲ.. ပူးပေါင်းပါဝင်ကြပါဦးလား.. :)

10 comments:

naychi said...

မှတ်သွားပါတယ်။ ကျွတ်ကျွတ်ကြော်တွေ ဆီတွေ အချိုတွေတော့ သိပ်ကြိုက်ပဲ ... လေ့ကျင့်ခန်းလုပ်ရမှာတော့ ပျင်းတယ်။ :P

Shinlay said...

စိတ်ဝင်စားစွာဖတ်သွားပါတယ်။ ကျမတို့ အလုပ်က
ကိုယ်အလေးချိန်ချပေးတဲ့ လေ့လာမှုတွေလုပ်ပါတယ်။
health prevention ဆိုပါတော့။
ကျမကိုယ်တိုင်တော့ ၀င်မလုပ်ဖြစ်ပါဘူး။
၆ လမှာတချို့ ဆို ၂၀ ကီလိုနီးပါးကိသွားတာတွေ့ ရ ပါတယ်။ လေ့ကျင့်ခန်းမှန်မှန်လုပ်ရင်း အစားကို ဂရုစိုက်စား ရင် အောင်မြင်ကြပါတယ်။
အားပေးလျှက်....

မေဇင် said...

သံချောင်းခေါက်လိုက်ရ ကောင်းမလား...ပျင်းသေးသလိုပဲ...း)) နောင့် အိမ်ပြောင်းသွားလို့ အစ်မရယ်...မဟုတ်ရင် ခေါက်လိုက်ပါတယ်...း))

ရေတမာ said...

ကျနော်က ဝချင်တာဆိုတော့ အမတို့နဲ့ပြောင်းပြန် လုပ်ရမယ်းP

tin min htet said...

ဟိုးလ်မီးလ်ဘရက်ဒ်က တော်တော်ထိရောက်ပါတယ်။ သူက အမျှင်ဓါတ်များတော့ ကိုယ့်မှာရှိတဲ့ အဆီတွေလည်း စုတ်သွားတယ် ပြောပါတယ်။

နောက်တခုက ရေများများသောက်ပါ။ တနေ့ကို ၁လီတာခွဲ ၂ လီတာလောက်သောက်ပါ။ အဲဒါဆိုရင် ကျောက်ကပ်နဲ့ အသည်းရဲ့ အလုပ်တွေ လျော့သွားတယ် ဆိုပါတယ်။ အဲဒီအခါ အသည်းက အဆီတွေကို ပိုချေဖျက်ပေးနိုင်တယ် ပြောပါတယ်။

နေ့လည်နေ့ခင်း ရုံးမှာ ကော်ဖီသောက်တတ်ရင် ရေနွေးကြမ်းလေး ပြောင်းသောက်ကြည့်ပါလား။

mabaydar said...

မြန်မာ အစားအသောက်တွေကို ဘယ်ဟာက ဘယ်လောက် ကယ်လိုရီရှိလဲဆိုတာလေး ပျမ်းမျှ သိသလောက် မျှဝေပေးပါလား.. မဗေဒါလဲ ၀ိတ်လျော့မလို့ ခုထိကို မကျသေးတာ... စိတ်ညစ်လာပြီ... ဒီပိုစ့်လေး ရေးပေးတဲ့အတွက် ကျေးဇူးပါ... နည်းမှန်လမ်းမှန် ၀ိတ်ချဖို့ အားရှိသွားပြီ...

ပါရမီဖြည့်ဖက်လေး said...

ဒီပို့စ်လေးလည်း ဖတ်ပြီးမှ ကိုယ်တစ်နေ့တစ်နေ့ စားနေသမျှတွေက ကယ်လိုရီ များတဲ့ အစာတွေချည်းပါလား ဆိုတာ သဘောပေါက်လာတယ်။ နောက်ဆို ဆင်ခြင်တော့မယ် အစ်မရေ။ ကျေးဇူး။

kyizaw said...
This comment has been removed by the author.
kyizaw said...

အလွယ်ဆုံးပိန်နည်းကတော့ ရေ သိပ်မသောက်ပါနှင့် ...
တစ်နေ့ကို ၃ခွက်လောက်သာသောက်ပါ ...
တစ်ကယ်ပိန်စေရပါမည် ...

Sunny said...

မပါတော့ဘူး.. ဟီးး အခုက ပိန်နေလို့ ၀ချင်နေတာမို့လေ.. :)