Tuesday, August 31, 2010

မေမေရဲ့မောင်မိုးလေး

သားသားအကြောင်းလေးတွေတောင် မရေးဖြစ်တာကြာပြီ.. ခုသားသားက လ၂၀ပြည့်ခါနီးပေါ့.. လမ်းလျှောက်တတ်ယုံမကလို့ တောက်တောက်ပြေးနေပြီ.. ဘာမြန်သလဲမမေးနဲ့ လုံးဝကို လိုက်လို့မမှီတော့ဘူး.. အကြောက်အလန့်မရှိ တအားကိုဆော့ပါတယ်.. တွေ့သမျှကို စူးစမ်းမယ်.. ခုံတွေ့ရင် တွယ်တက်မယ်.. ကစားကွင်းရောက်ရင် မျောက်ရှူံးအောင်ဆော့မယ်.. ကစားစရာပုံးကို သွန်ချပြီး အထဲဝင်ထိုင်မယ်.. ကွန်ပြူတာကီးဘုတ်မှာ တွေ့ရာကိုနှိပ်မယ်.. သီချင်းသံကြားရင် ကမယ်.. မိုက်ခရိုဖုန်းတွေ့ရင် ဆွဲပြီးသီချင်းဆိုမယ်.. အဲဒါ သားသားလုပ်နေကျတွေပေါ့..

စကားလဲ တော်တော်ပြောနေပြီ.. "ဖေဖေ.. မေမေ.. မားမား.. ဖိုးဖိုး.. မမ.. ကိုကြီး.. "လူမမှားအောင်ခေါ်တတ်တယ်.. သားသားနာမည်ဘယ်လိုခေါ်လဲဆို "မောင်မိုး"တဲ့.. ဘယ်သူမှလဲ မောင်မိုးလို့မခေါ်ပဲနဲ့ သူ့ဟာသူ နာမည်ပေးထားတယ်.. ဖေဖေနာမည်ဘယ်လိုခေါ်လဲဆို "ဗိုက်ပူ"တဲ့.. ကျွန်မသင်ပေးထားတာ.. သူ့အဖေရှေ့ဆိုမခေါ်ဘူးနော်.. မေးရင်မကြားချင်ယောင်ဆောင်နေတာ.. မေမေ့နာမည်ဘယ်လိုခေါ်လဲဆို "မူးမူး"တဲ့.. မြူးမြူးကို ပီအောင်မခေါ်တတ်သေးဘူးလေ.. ဘယ်သူ့ကိုယူမလဲမေးရင် "ထက်ထက်"တဲ့.. အိမ်မှာအတူနေတဲ့ အစ်မကိုပြောတာ.. ပြီးတော့ မားမားတဲ့.. သူ့မားမားကိုလဲ အရမ်းချစ်.. ချစ်လာလို့မေးရင်.. "ချစ်ချစ်.. "ဘယ်လောက်ချစ်လဲဆို "များကြီး.." ဘယ်ထဲကချစ်လဲဆို "ဗိုက်ဗိုက်.." အသည်ယားလောက်အောင် ပြောပြလိမ့်မယ်.. နေမကောင်းရင်လဲပြောပြတတ်တယ်.. ဗိုက်အောင့်နေရင် ဗိုက်ကိုပုတ်ပြပြီး "နာနာ"လို့လာပြောတယ်.. ပရုတ်ဆီပုလင်းယူပြီး လိမ်းခိုင်းတတ်နေပြီ.. ညညဆို မအိပ်ခင် သူ့အဖေကို နှိပ်ခိုင်းတတ်နေပြီ.. ညလယ်တရေးနိုး ဗိုက်ဆာရင် "မေမေ ဘူးဘူး"ဆိုပြီး နို့ဘူးဖျော်ခိုင်းတတ်တယ်.. သူ့ချိုလိမ်လေးကိုတော့ "မန်မန်"တဲ့.. စာသင်တဲ့ ဂိမ်းလေးတွေကစားရင် အေ ဘီ စီ လိုက်ဆိုတတ်နေပြီ.. အပြင်သွားတော့မယ်ဆို တိုက်အောက်ရောက်တာနဲ့ "တက်စီ"လို့ အော်တော့တာပဲ.. သင်ပေးသမျှကို သံယောင်လိုက်တတ်နေပါပြီ.. တခါသင်ပေးထားရင်လဲ မှတ်မိနေရော.. သူ့စာအုပ်လေးထဲက ပုံတွေကို မှတ်မိနေပြီ.. အကုန်နီးပါး ပြောတတ်နေပြီလေ..

သားသားက အရပ်အရမ်းရှည်ပါတယ်.. သူ့အရပ်နဲ့စာရင် ပိန်နေသလိုမို့ ကျွန်မက ထမင်းများများစားစေချင် သူကမစားချင်နဲ့မို့ တနေ့တနေ့ သားအမိတွေ ရန်တကျက်ကျက်ပါပဲ.. သူ့ထမင်းကိုမစားချင်တော့ပဲ လူကြီးစာတွေစားချင်နေပြီလေ.. အစပ်လဲတော်တော်စားနိုင်ပါတယ်.. မနေ့က လက်ဖက်သုပ်စားနေတာ အတင်းလာတောင်းစားလို့ ကျွေးလိုက်တော့ ပျော်လိုက်တာမှအရမ်းပဲ.. လက်ဖက်အရမ်းကြိုက်တယ်.. သားသားလက်ဖက်ကြိုက်တာလဲမပြောနဲ့.. ကျွန်မကိုယ်ဝန်ကြီးနဲ့တုန်းက ပျို့ချင်အန်ချင်လာရင် လက်ဖက်အသားဆီနဲ့နှပ်ထားတာလေး စားလိုက်ရမှသက်သာတာလေ.. တနေကုန်ကို လက်ဖက်စားနေတာ..

တနေ့က ကျွန်မတို့အိမ်ပြောင်းတော့ သားသားကို ကလေးထိန်းအန်တီက သူ့အိမ်ကိုခေါ်ထားပေးပါတယ်.. ညနေပြန်လာပို့ပေးတော့ အိမ်အသစ်ကိုရောက်နေပြီဆိုတော့ သားသားမျက်စိလည်နေပါတော့တယ်.. ညအိပ်ခါနီးကျတော့ မအိပ်ဘူး အောက်ပဲဆင်းခိုင်းနေလို့ စိတ်ညစ်ရသေး.. သူ့အဖေကလဲ နိုက်ဂျူတီကျနေတော့ ကိုယ်ပဲပင်ပန်းရတာပေါ့.. သားသားအိမ်ပြောင်းလာပြီ.. ဒါသားသားတို့အိမ်အသစ်လို့ပြောလဲ ခေါင်းချည်းပဲစွတ်ခါနေတာ.. သူ့အိမ်မဟုတ်ပါဘူးဆိုပြီးတော့လေ.. ခုတော့ နေသားကျသွားပြီ.. အိမ်ကပိုကျယ်တော့ သူအရမ်းပျော်တယ်.. ပြေးလို့လွှားလို့ကောင်းတာကိုး.. ရေကူးကန်နဲ့နီးတာမို့ သားသားကိုရေကူးကန်လိုက်ပို့ပေးမယ်လို့ပြောတော့ သဘောတွေကျလို့.. အိမ်ဘေးနားမှာက မူလတန်းကျောင်းလေးရှိတယ်.. ကျောင်းတက်ကျောင်းဆင်းချိန်ဆို ကလေးတွေအများကြီးနဲ့မို့ သားသားအရမ်းပျော်ပါတယ်.. မနေ့ညကတော့ အပြင်သွားရင် သူ့အတွက်ဆန်ပြုတ်ထည့်ထည့်သွားတဲ့ ဘူးလေးကိုလွယ်ပြီးကျောင်းသွားပါမယ်လုပ်နေလို့ အောက်ကိုလိုက်ပို့ရသေးတယ်.. အိပ်ဖို့တောင် မနည်းပြန်ခေါ်တင်ရတယ်လေ..

သားသားက ကားနီနီလေးတွေကို သဘောကျတတ်တယ်.. တနေ့က အိမ်မပြောင်းခင် သားသားနဲ့အောက်ဆင်းတော့ တိုက်အောက်မှာ ကားနီနီလေးတစီးရပ်ထားတာ သွားကိုင်ကြည့်ပြီး.. "မေမေ.. ကားကား.. နီနီ.." ဆိုပြီး သူ့ကိုယ်သူလက်လေးနဲ့ပုတ်လို့ "မောင်မိုး ကြိုက်ကြိုက်"တဲ့လေ.. ၀ယ်ပေးပါဆိုတဲ့သဘောပေါ့.. ညကျတော့ကျွန်မသူငယ်ချင်းကို ပြန်ပြောပြနေတာ သူကြားတော့ နားထောင်ပြီးပြုံးနေတယ်.. သူငယ်ချင်းက တီတီထီပေါက်ရင် ၀ယ်ပေးမယ်နော်သားသားလို့လဲပြောရော ၀မ်းသားအားရနဲ့ ကျွမ်းတောင်ထထိုးပစ်လိုက်သေးတယ်.. အရမ်းကိုလည်ပါတယ်..

တခါတော့ ကျွန်မကွန်ပြူတာသုံးနေတုန်း အနားလာထိုင်နေရင် စမိုင်လီပုံလေးတွေ့သွားလို့ သူယူပါမယ်ဆိုပြီး ပူဆာပါတော့တယ်.. ပရင်တာကလဲပျက်နေတော့ ထုတ်လို့လဲမရ သူကလဲ တငိုငိုနဲ့မို့ အိမ်နားကဈေးထဲသွားပြီး စမိုင်လီစတစ်ကာလေး သွားဝယ်ပေးရပါတယ်.. စမိုင်လီပုံလေးတွေ ဂူဂယ်လ်နဲ့ ရှာပြီးပြတော့ မျက်လုံးပြူးပြူး ရှေ့သွားကြီးကြီးနဲ့ မျက်မှန်တပ်ထားတဲ့ စမိုင်လီလေးလဲတွေ့ရော.. "ဟားဟား.. မေမေ.." တဲ့လေ.. ကောင်းရော..

8 comments:

The Queen said...

ခုပဲ သားသား အကြောင်း သတိရလို့ မြူးမြူး ကိုရေးပါဦး ပြောမလို့၊ပို့စ်မှာ ဓါတ်ပုံလေးတောင် မထည့်ဘူး ။ သားသားကအရမ်းသွက်တာပဲ နော်။ ကလေးတွေ စကားပြောတတ်စ အရမ်း စိတ်ဝင်စားဖို့ကောင်းတယ်။

The Queen said...
This comment has been removed by the author.
ဆောင်းနှင်းရွက် said...

အမ ရေးထားတာ
အရမ်း ချစ်ဖို့ကောင်းတာပဲ .. :)

မေဇင် said...

မောင်မိုးလေး...ချစ်ဖို့ကောင်းလိုက်တာ....မမမြူး ရေတူတူသွားကူးမယ်နော်လို့..မောင်မိုးလေး ကို ပြောထားပေးနော်။း))

rose of sharon said...

ချစ်ဖို့ကောင်းလိုက်တာသားသားက... မူးမူးလို့သားကခေါ်တယ်ဆိုတော့ အရက်လျှော့သောက်နော် (နောက်တာ)

noblemoe said...

သားသားက ကားနီနီလေးကြိုက်တယ်ပေါ့
မှတ်ထားဦးမှပဲ မွေးနေ့လာရင်ဝယ်ပေးဖို့  (ဆော့စရာ ကားအနီလေးပါ)

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ဧပရယ်လ်ပူး@ပူးတေ said...

သာသား လူလည်လေးဖြစ်နေပြီပေါ့လေ... ဟိုတခါ အိမ်ကြေငြာတာ မြူးတို့ပြောင်းသွားတာပေါ့... ဟုတ်လား...
သားသားနဲ့ ရေကူးသွားရင် လက်တို့ပါဦး... ရေကူးတတ်လို့တော့ မဟုတ်ဘူး... ကလေးတွေနဲ့ ဆော့ရတာပျော်လို့... ဒီအရွယ်တွေက အရမ်းဆော့ပြီး စားချင်စိတ်မရှိကြဘူးလို့ ကြားဖူးတွေ့ဖူးတယ်... အစားစားချင်စိတ်ဖြစ်အောင် လိုင်ဇင်းပါတဲ့ ဆေးနဲနဲတော့ ကျွေးပေါ့... ကျန်းမာနေကောင်းရင်ကိုပဲ ဒါဟာ ဘုရားပေးသော လာဘ်တပါးပဲ... မိဘဆွေမျိုးနဲ့ ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ သားလိမ္မာလေးဖြစ်ပါစေနော်... သူများတွေကို အားကျအောင်ရေးထားတယ်.. ဟွန့် :D

JuneOne said...

အိမ်ကသားက သိပ်မသွက်ဘူး။စားတာတော့ အပီအပြင်ပဲ။