Tuesday, August 25, 2009

နှစ်သက်မိတဲ့ နာမည်လှလှလေးများ

ကျွန်မကလေ ငယ်ငယ်ကတည်းက နာမည်လှလှ ဆန်းဆန်းလေးတွေဆို သဘောကျတတ်ပြီး မှတ်မှတ်ထားတတ်တယ်... ပထမဆုံးအနေနဲ့ ကျွန်မကြိုက်မိတာက မေမေကိုယ်တိုင်ပေးထားတဲ့ ကျွန်မရဲ့နာမည်.. "ပွင့်မြူးဇင်" ဆိုတာလေးပေါ့... မေမေက "မြူး" ဆိုတဲ့ စာပေတိုက်နာမည်လေးကို သဘောကျလို့ ဒီနာမည်ပေးခဲ့တာတဲ့... ပထမတော့အားလုံးက ခေါ်ရတာထောက်တယ်ဆိုပြီး ကန့်ကွက်ကြသေးတယ်တဲ့... နောက်တော့လဲ အဆင်ပြေသွားပါတယ်... အားလုံးက "မြူးမြူး" လို့ပဲခေါ်ကြတာကိုး... Blog လေးစရေးဖြစ်တော့လဲ "မြူးမြူး"လို့သုံးလိုက်သေးတယ်... နောက်တော့ "မြူးသျှရီလေး" နဲ့မှားမှာစိုးလို့ နာမည်အပြည့်အစုံပဲ ပြောင်းသုံးခဲ့တာ...

ကျွန်မညီမလေးရဲ့ "၀င့်ထူးဇင်" ဆိုတဲ့ နာမည်လေးကိုလည်း ကြိုက်တာပဲ... ကျွန်မနာမည်နဲ့ ကာရံညီတယ်လေ... မောင်လေးနာမည်က "ကြည်ဇော်ဇင်" ... ၈၈မှာ ကျည်ဆန်တွေကြားမွေးတာမို့ မေမေက ကျည်ဆန်ဇင်လို့ ပေးချင်တာတဲ့... အားလုံးဝိုင်းဖျက်ကြလို့... အဲဒီအချိန်မှာ ရေဒီယိုက ဇာတ်လမ်းလေးတစ်ပုဒ်လွှင့်တယ်... ဇာတ်လိုက်နာမည်က ကြည်ဇော်တဲ့... အဲဒီ ကြည်ဇော်ဆိုတာလေးကို သဘောကျပြီး ကြည်ဇော်ဇင်ဖြစ်သွားတာပေါ့...

ပြီးတော့ ဖေဖေတို့မောင်နှမ ၇ယောက်ရဲ့နာမည်လေးတွေ... ဖိုးဖိုးကြီးနာမည်က ဦးဇင်ဆိုတော့ အားလုံးကဇင်တွေချည်းပဲလေ... သက်သက်ဇင်.. မြင့်မြင့်ဇင်.. ချိုနွယ်ဇင်.. ဆွေဆွေဇင်.. ဖေဖေက လွှမ်းမိုးဇင်.. ပြီးတော့ သိဂီင်္ဇင်.. ခွာညိုဇင်... ကျွန်မသူငယ်ချင်းတွေကဆို နာမည်မှာ ဇင်နဲ့ဆုံးတဲ့သူတိုင်းကို ကျွန်မအမျိုးလို့ကို ထင်တော့တာ... ဟိုတလောကတောင် အသိအစ်မကြီးတစ်ယောက်ကမေးတယ်... စာအုပ်ထုတ်ဝေရေးလုပ်တဲ့ အံ့ဘွယ်ဇင်ဆိုတာ မြူးမြူးတို့ အမျိုးလားတဲ့... မဟုတ်ပါဘူးလို့ဖြေရတယ်... အဲဒီလောက် ဇင်များတဲ့အမျိုးလေ...

လေးတန်းတုန်းက ဆရာမတစ်ယောက်နာမည်ဆို ခုထိမှတ်မိနေသေးတယ်... "နီလာမြုတေ" တဲ့... ဆန်းတယ်နော်... ဆရာမကလဲ ချောချောလေး... သူ့နာမည်လေးနဲ့ လိုက်မှလိုက်ပေါ့... အဲဒီတုန်းကပဲ သူငယ်ချင်းတစ်ယောက်လဲ ရှိသေးတယ်... သူ့နာမည်လေးက "ကျော့ယဉ်ဝင်း" တဲ့... သူ့နာမည်လေးကြားတာနဲ့ ကျော့ကျော့လေးကနေတဲ့ ယမင်းရုပ်လေးကို မြင်ယောင်မိသလိုပဲ... နောက်တစ်ယောက်က "နွေး" တဲ့... တစ်တန်းတုန်းကသူငယ်ချင်း... သူ့နာမည်လေးက တစ်လုံးတည်းနဲ့ ဆန်းတာလေ... GTC မှာပြန်တွေ့ကြတော့ သူကမမှတ်မိဘူးလေ... ကျွန်မကတော့ သူ့နာမည်ဆန်းဆန်းလေးနဲ့တွဲပြီး ခပ်ချောချောသူငယ်ချင်းလေးကို မမေ့ခဲ့ပါဘူး...

GTC စတက်တော့ ပထမဆုံးခင်မိတဲ့ ကောင်လေးက "လရောင်ဝေး" တဲ့... ကဗျာဆရာ ဦးအောင်ဝေးရဲ့ သားကြီးပေါ့... သူ့ညီလေးနှစ်ယောက်က "လပြည့်ဝေး" နဲ့ "လမင်းဝေး"... နာမည်လေးတွေက အပျံစားလေးတွေနော်... လရောင်ရဲ့ သူငယ်ချင်းတစ်ယောက်က "မင်းနေ၀န်း" တဲ့... Civil ကကောင်လေးတစ်ယောက်လဲရှိသေးတယ်... "ဆုမွန်ရ" ဆိုပဲ... ပေးလည်းပေးတတ်ကြတယ်နော်... နောက် ညီအစ်ကိုနှစ်ယောက်ရှိသေးတယ်... "အဏ၀ါကျော်ထွတ်" နဲ့ "ရာသက်ပန်ကျော်ထွတ်" တဲ့... ရာသက်ပန်ရဲ့ သားလေးက "ဒီပါကျော်ထွတ်" တဲ့...

Blog လောကထဲရောက်လာတော့လဲ နာမည်ဆန်းဆန်းလေးတွေ အများကြီးတွေ့ရသေးတယ်... ထင်းထင်း... လင်းကြယ်ဖြူ.. နေဒေးသစ်.. နဒီမိုးညို.. နိုင်းနိုင်းစနေ.. ပြည့်ဝတ်မှုန်.. မိုးခါး.. သီဟသစ်.. ညခင်း.. စန္ဒကူးမေ.. မြူးသျှရီ.. ဂျာမုန်း.. သုနှင်းဆီ.. အိမ့်ချမ်းမြေ့.. ဖြူစင်ကြယ်.. မဟာဆန်.. နွေးနေခြည်.. နေနေနိုင်.. ၀သန်မိုး.. အို... အမျာကြီးပေါ့... ဒါတောင် မှတ်မိသလောက်ချရေးထားတာ... အားလုံးရဲ့ နာမည်လေးတွေက လှလည်းလှ ဆန်းလည်းဆန်း....

သားသားအတွက်နာမည်ကိုတော့ သူ့ဦးလေး ကိုကြည်ဇော်ပေးတာလေ... နေ့သင့်နံသင့်ပေါ့... ကြာသပတေးသားလေးလေ... "မိုးသံစဉ်ကို" တဲ့... ခုလောလောဆယ်ရော နောင်ရော ကျွန်မအမြဲကြိုက်နေတော့မယ့် နာမည်လေးပါ... သားသားနာမည်လောက် လှတာလဲမရှိတော့ဘူးထင်နေတာလေ... အင်း.... ထမင်းတော့ ငတ်ဦးမယ်....


သူများတွေ Tag Game ကစားကြတာမြင်တော့ ကျွန်မလဲ Tag ချင်လာတယ်... ညီမလေးထင်းထင်း ညီမလေးမေဇင် နဲ့ မောင်လေးအရမ်းဖြစ်ချင်တဲ့ လင်းကြယ်ဖြူ တို့ကို Tag ချင်ပါတယ်... ကြုံဖူးတဲ့ နာမည်လှလှလေးတွေအကြောင်း ရေးပေးကြပါနော်...

9 comments:

မေလေး said...

မမတို့ မိသားစုနာမည်လေးတွေ လှတယ်နော်မမ။
သမီးလေး မွေးရင်လဲ နာမည်လှလှလေးပေးနော်.
ချစ်လို့ တက်ဂ်တာဆိုတော့လဲ ရေးပေးရမှာပေါ့နော်။
စောင့်အုန်းနော်မမ
ရှေ့မှာ အကြွေး ၂ ပုဒ်။
ဆပ်မယ်နော်။
ချစ်တဲ့
မေလေး(ဆုံနိုင်ခွင့်)

yangonthar said...

အစ်မပွင့်မြူးရေ နာမည်လေးတွေ အကြောင်းလာဖတ်သွား
တယ်ကျွန်တော်လည်း စာရေးရင် ဇာတ်ကောင် နာမည်ပေးတဲ့ 
အခါ အတော်ဒုက္ခရောက်တယ် နဂိုကလည်း ကဗျာဥာဏ်က
မရှိလေ တော့ ကျွန်တော့် ဇာတ်ကောင်တွေ နာမည်တွေများ
တုံးတိတိကြီးတွေ တစ်ခါတစ်လေ ထပ်တောင် ထပ်နေသေး တယ် ... ညီလေး နာမည် လှတယ်ဗျာ အပျံစားပဲ မိုးသံစဉ်ကို ... ကဗျာဆန်လိုက် တာ မိုက်တယ် နာမည်လှလှလေးတွေ
အစ်မ ဆီက လာတောင်းရမယ် နောက်မှ
အေးမြသာယာပါစေ :D
မောင်ငယ် ရန်ကုန်

လင်းကြယ်ဖြူ said...

ကျေးဇူးပါ...ခုလိုအမှတ်တရလေးအတွက်..
အတတ်နိုင်ဆုံးကြိုးစားပြီးရေးပေးပါ့မယ်..
နေမကောင်းပြီးခါးမို့နားနေရလို့ပါနော..
လာမယ်..ကြာမယ်..ပေါ့..ဟဲ
ပျော်ပါစေ ဘော်ဒါရေ

Anonymous said...

နာမည်ဆန်းလေးတွေလာဖတ်တယ်

ခင်တဲ့
မြူးလေး

မေဇင် said...

မမတို့ မိသားစု နာမည်လေး တွေက လှလိုက်တာနော်... အဟဲ နောင့် နာမည် ကလဲ မေဇင် ဆိုတော့ မမ တို့ အမျိုး လို့တော့ မထင်ပါဘူးနော်...း))။ ဟုတ်ကဲ့ မမရေ...နောင့် တော့ သေသေချာချာ ကြီးကို စဉ်းစားရဦးမယ်..နောင့် ပတ်ဝန်းကျင်မှာ ရှိတဲ့ နာမည်တွေကို... အဟီး..နောင့် ကိုယ်တိုင်က စ မိသားစု ၀င်တွေရဲ့ နာမည်တွေကလဲ အာလုံး နောင့် မကြိုက်... အဟဲ..ရေးပေးမယ်နော်...
ချစ်တဲ့
မေဇင်

သီဟသစ် said...

မပွင့်မြူးရေ

မပွင့်မြူးတို့ မိသားစုက နာမည်လှလှလေးတွေ ပေးတတ်လိုက်တာဗျာ.
စကားမစပ် ကျွန်တော့နာမည်အရင်းကလည်း ဇင်နဲ့ ပဲ နောက်ဆုံးစာလုံးက။ မပွင့်မြူးတို့ မိသားစုလို နာမည်လှလှတော့ ဟုတ်ဖူးဗျ..

သားလေးနာမည်ကလည်းချစ်စရာကောင်းတယ်ဗျ
တစ်မိသားစုလုံးရွှင်လန်းချမ်းမြေ့ပါစေဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

naychi said...

အိမ်နာမည်နဲ့ ကျောင်းနာမည်ပေါင်းလိုက်တော့ နွေးနေခြည်ဖြစ်သွားတာပါ... ဟိး)

မင်းပျို said...

လာလည်တယ်နော်အမ စီဘောက်က အဖြူကြီးဖြစ်နေလို. ဒီမှာပဲရေးခဲ့တယ်..နောင်လည်းလာလည်ပါနော်.

Pyae Wut Hmone said...

မိသားစု အားလုံးရဲ့ နာမည်တွေက လှတယ်နော်... အဲဒီအထဲမှာ “မိုးသံစဉ်ကို” က အလှဆုံးပဲနော်...

ကျွန်မနာမည်ကတော့ ဖေဖေပေးတဲ့ နာမည်က ထိပ်ဆုံးနှစ်လုံးကို ယူပြီးချစ်သူရဲ့ နာမည်နဲ့ပေါင်းထားတာပါ...

ကျွန်မတို့က ညီအစ်မ (၃) ယောက်လေ... မမက ၀တ်ရည်... ကျွန်မက ၀တ်မှုံ... ညီမလေးက ပွင့်လွှာပါ... အားလုံးရဲ့နောက်ဆုံးမှာ ဖေဖေနာမည် တစ်လုံးပါတယ်လေ... သုံးယောက်ပေါင်းရင် ပန်းတစ်ပွင့်ပေါ့...