Tuesday, August 18, 2009

သားချော့တေး (၂)

မြှောက်ပေးတဲ့သူ ရှိတာနဲ့ပဲ သားချော့တေးလေးတွေ ထပ်ရေးဖြစ်ပါတယ်... သားသားကိုကျွန်မဆိုပြဖြစ်တဲ့ ကလေးကဗျာလေးတွေပါ... ကျွန်မက ကလေးကဗျာလေးတွေကို သိပ်ချစ်တာ... ကလေးတွေနားလည်လွယ်မယ့် စာသားနုနုလေးတွေနဲ့မို့ ဆိုလို့ကလည်းကောင်းမှကောင်း... ကဲ... ဆိုကြရအောင်နော်...

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက်ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလိုနေပါ့မယ်
လိုက်မယ်... လိုက်မယ်

ဒီကဗျာလေးဆိုတိုင်း ရွာလေးတွေမှာရှိတတ်တဲ့ ကျွန်းတိုင်လုံးကြီးတွေနဲ့ ဘုန်းကြီးကျောင်းကြီးကိုမြင်ယောင်မိတယ်...

တို့ဘ၀ရဲ့ငယ်စဉ်တလျှောက်
ရွာဦးကျောင်းက အုန်းမောင်းခေါက်
ရောင်နီလာမိုးဦးသောက်
ခရေပင်ရှိရာအပြေးလာ
အပြေးရောက်ပန်းလေးရွေးသီကောက်..
မိုးစက်ကလေးတွေတဖေါက်ဖေါက်
သစ်ရွက်ကြွေသံဖြောက်ဖြောက်
ချမ်းတယ်စီးတယ်သဘောမှာမပေါက်
တို့မှာကိုယ်စီခမောက်...
တေးသီချင်းတကျော်ကျော်အော်လည်းနောက်
ဘယ်ခါတို့စိတ်မကောက်
ပြန်ကြမယ်အိမ်ပြန်ရောက်
တို့ကောက်ထားတဲ့ပန်းတွေမှာကွယ်အမောက်...
ငှက်ကလေးတွေတေးဆိုလို့
အော်မြည်ပျံပြေးအဝေးကိုရောက်
လှေကလေးတွေထိုးဝါးထောက်
တို့ချောင်းရိုးဆီတလျှောက်
တို့ရှေ့နားကဖြတ်ကာလျှောက်
လယ်လုပ်သားကြီးတစ်ယောက်
လက်ကနှင်တံအသာမြှောက်
ငညို ငနီအော်မြည်ကာပဲငေါက်...

ဒီကဗျာလေးကတော့ ကျွန်မမေမေ သင်ပေးထားတာ... သူငယ်ငယ်တုန်းက ကျောင်းကပွဲမှာ ယိမ်းကတဲ့ကဗျာလေးတဲ့... အကတိုက်တုန်းကတော့ ဟုတ်လို့ပဲတဲ့... တကယ့်ပွဲနေ့ကျတော့ လုံချည်ဝတ်ရတာကိုး... မ၀တ်တတ်ဝတ်တတ်ဆိုတော့ ခဏခဏကျွတ်နေလို့ လုံချည်ဝတ်နေရတာနဲ့ပဲ သီချင်းသာဆုံးရော မကလိုက်ရဘူတဲ့လေ...

ယုန်ကလေးကနားရွက်ထောင်
ပညာရှိယောင်ဆောင်
ကြောင်ကလေးကလက်သည်းဖွက်
ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးကွက်ရဲ့အိနြေ္ဒ
ဘုရင်ကြီးလိုနေ
မိုးလေတွက်ကာဗေဒင်ဟော
တောက်တဲ့ကိုလေပေါ
ပြောတိုင်းယုံတဲ့ပုတ်သင်ညို
ခေါင်းညိတ်လှတယ်ဆို
ရွှေကျီးညိုသာပါစ
ဧည့်သည်လာပါစ

ဒါကတော့ လူတိုင်းသိမယ့် ကဗျာလေးပါ... အမူအယာလေးတွေနဲ့ ဆိုလို့ကောင်းတယ်လေ... သားသားအရမ်းကြိုက်တယ်...

ပူစီကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
မီးဖိုချောင်ကငါးကြော်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦးပူစီရယ်
မေမေဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မေမေ့ဆီမှာတောင်း

အဲဒီကဗျာကို ကျွန်မက...

သံစဉ်ကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
ရေခဲသေတ္တာထဲက ချောကလက်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦး သံစဉ်ရယ်
မာမားဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မာမားဆီမှာတောင်း....
လို့ ဖျက်ဆိုတာလေ.... သားသားကနားလည်တဲ့အတိုင်း တခစ်ခစ်နဲ့...

နောက်တစ်ပုဒ်ကတော့ နာမည်ကြီးလေ... ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းပေါ့...

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း....
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေရေပေါလော
မြောစုန်လို့လာ...
အဆင်းနဲ့အလာ
ဗေဒါမှအထွေး
အုန်းလက်ကြွေသူ့နံဘေး
စောင့်ခဲ့ပြန်သေး...
စောင့်ခဲ့လည်းမသက်သာ
နောက်တချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ရာ
မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တလံကွာလှိုင်းအကြွ
ပေါ်လိုက်ပြန်ရ...
ပေါ်ပြန်လဲမသက်သာ
ချောင်းအစွယ်မြောင်းငယ်ထဲက
ဘဲထွက်လို့လာ...
ဘဲအုပ်မှာတစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့
ဗေဒါပြန်အံကိုခဲ
ပန်းပန်လျှက်ပဲ....

ဘယ်လိုလဲ.... ဆိုလို့ကောင်းတယ်မဟုတ်လား... မောနေကြပြီထင်တယ်... သောက်လိုက်ကြဦးနော်...

5 comments:

Anonymous said...

ချမ်းတယ်စီးတယ်သဘောမှာမပေါက်
တို့မှာကိုယ်စီခမောက်...

အဲဒါလေးကို အဲဒီလောက်ပဲသိခဲ့တယ်၊ အရှည်ကို အခုမှပဲ သိတော့တယ်။
ကဗျာလေးတွေက စိတ်ကို တကယ်နူးညံ့စေပါတယ်၊ သားလေးကို ရွတ်ပြတော့ ကောင်းတာပေါ့။

လင်းကြယ်ဖြူ said...

အင်း.ခုမှခေါင်းထဲမှာပြန်ပေါ်လာတဲ့ ကဗျာသီချင်းလေးတွေပါပဲ...
ကောင်းတယ်...
အောက်ဆုံးက ဖျော်ရည်တွေကလည်း မိုက်တယ်..

Anonymous said...

ကဗျာလေးရွက်လိုက် ဖျော်ရည်လေးသောက်လိုက်ပေါ့နော်
ဟီဟီ မိုက်တယ်သိလား

The Queen said...

မေ့နေပြီဖြစ်တဲ့ တချို့ကဗျာလေးတွေကို ပြန်လည်တူးဖော်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

tin min htet said...

Thanks