Friday, October 21, 2011

နင်နဲ့ငါ

ဆန်းတော့မဆန်းဘူး
ဒါပေမယ့်.. ထူးတယ်..
ရူးတယ်လို့တော့ မသတ်မှတ်ပါနဲ့
ရက်စက်ခဲ့တာလဲ
ကြာပဲကြာလှပေါ့..

မမေ့ချင်ပါဘူး..
မုန်းဖို့လဲ မကြိုးစားခဲ့တာယုံ..
ပုံပေးထားခဲ့တဲ့အချစ်တွေအတွက်
ခပ်စပ်စပ်ရိုက်ချက်လေးနဲ့
နာကျင်မှုတွေပေးခဲ့သူက
ခုတော့လဲ..
သူမဟုတ်သလိုပါပဲလား..

ချစ်သူရေ..
နင့်အတွက်ငါက
လွတ်တဲ့ငါးမို့ကြီးသတဲ့လား..
အရူးမလုပ်ချင်စမ်းနဲ့ကွယ်..
နင့်အတွက်ဆို
အလိုလိုအဆင်သင့်ဖြစ်နေချင်တတ်တာ
နင်အသိပဲမဟုတ်လား..

ငါ..
သတ္တိရှိပါတယ်..
မိုက်ရူးရဲတော့မဖြစ်ချင်ဘူး..
တနေ့နေ့ပေါ့ကွယ်..
နင်တည့်တည့်သာလျှောက်လာခဲ့..
လုံးနေတဲ့ကမ္ဘာကြီးရဲ့တနေရာမှာ..
ငါတို့..
မျက်နှာချင်းဆိုင်..
ပြန်ဆုံဖြစ်ဦးမှာပါ..

ပွင့်မြူးဇင်
၂၁.၁၀.၂၀၁၁

Saturday, October 8, 2011

သို့.. ဖေဖေ

ဖေဖေ...

အချိန်တွေကုန်သွားတာ သိပ်မြန်တာပဲ ဖေဖေရယ်.. လာမယ့်၁၂ရက်နေ့က သီတင်းကျွတ်လပြည့်တဲ့.. အဖွားတို့အိမ်ကြီးမှာ မိသားစုကန်တော့ပွဲ လုပ်ကြမယ်တဲ့လေ.. လွန်ခဲ့တဲ့၃နှစ်တုန်းက အဲဒီမိသားစုကန်တော့ပွဲမှာ ဖေဖေရှိနေခဲ့သေးတယ်နော်.. သမီးက ဖုန်းထဲကနေ ကန်တော့ပါတယ်ပြောတော့ ဆုတွေတသီကြီး ဖေဖေပေးခဲ့သေးတယ်.. နောက်၂ပါတ်လောက်အကြာမှာတော့ ဖေဖေက သမီးတို့ကိုစိတ်ချလက်ချ မျက်ကွယ်ပြုသွားခဲ့တော့တာလေ..

နှစ်ရှည်လများ ဖေဖေခံစားနေခဲ့ရတဲ့ အနာရောဂါတွေက လွတ်မြောက်သွားတာပဲ ရယ်လို့ သမီးတို့ ကြိုးစားပြီး ဖြေသိမ့်ခဲ့ပါတယ်ဖေဖေ.. စိတ်သဘောထားကောင်းပြီး သူတပါးအပေါ် အကောင်းပဲမြင်တတ်တဲ့ဖေဖေက ကောင်းရာမွန်ရာ ဘုံဘဝကိုပဲ ရောက်နေမယ်ဆိုတာ သမီးယုံကြည်ပါတယ်.. ခုဆို ဖေဖေ့ရဲ့သားသမီးတွေ ဖေဖေဖြစ်စေချင်တဲ့ဘဝမျိုးမှာ ကိုယ်စီရပ်တည်နေနိုင်ကြပြီမို့ ဖေဖေကျေနပ်နေလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့ဖေဖေရယ်..

သုံးနှစ်ဆိုတဲ့အချိန်က ဘာမှမကြာလိုက်သလိုပဲ.. ခုတော့ သမီးလဲ မိဘဆိုတဲ့နေရာကို ရောက်နေခဲ့ပြီဖေဖေ.. ဖေဖေမတွေ့ဖူးလိုက်တဲ့ ဖေဖေ့ရဲ့မြေးဦး သမီးရဲ့တစ်ဦးတည်းသောချစ်သားလေးတောင် စကားတွေတော်တော်တတ်နေပြီပေါ့.. ဖေဖေ့ကို သားလေးကသိပါတယ်.. ဖေဖေ့ပုံပြရင် ဖိုးဖိုးဦးလွှမ်းမိုးဇင်လို့ သူပြောတတ်တယ်.. သူကလေးက ဖေဖေ့လိုပဲ ဉာဏ်သိပ်ကောင်းတယ်ဖေဖေ.. ဖေဖေနဲ့မတူတာက သူစကားသိပ်များတယ်.. ဖေဖေကတော့ မလိုအပ်ပဲ ဘာစကားမှသိပ်မပြောသူမို့လား..

ဖေဖေနဲ့အတူတူ ညနက်ကြီးထိ ဘောလုံးပွဲစောင့်ကြည့်ကြပြီး ဖေဖေကြော်ကျွေးတဲ့ ညလယ်စာထမင်းကြော်လေးကို အလုအယက်စားခဲ့ကြဖူးတဲ့ ညလေးများစွာကိုလဲ သမီးသိပ်လွမ်းတယ်.. အိပ်ယာဝင်နောက်ကျလို့ ဖေဖေအိပ်ယာထတဲ့တိုင် သမီးတို့မနိုးသေးလို့ အိမ်ပေါ်ထပ်ကြမ်းခင်းကို အောက်ထပ်ကနေ တုတ်ကောက်နဲ့လှမ်းထိုးပြီး နှိုးတတ်တဲ့ဖေဖေ့ကို သမီးသိပ်လွမ်းတာပေါ့.. ခုလဲ သမီးလေ.. မနက်စောစောတိုင်း ဖေဖေရွတ်လေ့ရှိတဲ့ ဘုရားစာတွေကိုနားထောင်ပြီး ဆုံးသွားရင်သာဓုလိုက်ခေါ်ချင်မိသေးတယ် ဖေဖေရယ်..

သီချင်းတွေကိုနှစ်သက်တဲ့ဖေဖေက သားသမီးတွေ သီချင်းဆိုကြပြီဆို ပြုံးပြီးနားထောင်နေတတ်တယ်.. ဖေဖေ့လက်တွေ ဂစ်တာတီးနိုင်တဲ့အခြေအနေတုန်းက ဖေဖေတီးပြဆိုပြတတ်တဲ့ ဂျိန်းဖောသီချင်းလေးလဲ မှတ်မိနေသေးတယ်.. ကဗျာကို သီချင်းလိုလုပ်ပြီး ကျက်ခဲ့ကြတယ်ဆိုလားပဲ.. နေအရုဏ်အောင်လံစိုက်တော့ ခြေအစုံတောင်ယံတဝိုက်မှာ ဒေါင်းမရေ ကလိုက်ချင်သေး ဆိုတဲ့သီချင်းလေးလေ.. ခောတ်မီတဲ့ဖေဖေက သမီးတို့နဲ့အတူ ဖြူဖြူကျော်သိန်းတို့ လေးဖြူတို့ကိုတောင် ကြိုက်ခဲ့သေးတာနော်..

ဖေဖေရေ.. ညီမလေးရောမောင်လေးရော အိမ်ထောင်တွေအသီးသီးကျကုန်ကြပြီ.. သူတို့တွေလဲ ကိုယ်စီ အောင်မြင်တဲ့ဘဝတွေ ပိုင်ဆိုင်ထားကြပါရဲ့.. မေမေကတော့ သူ့မြေးလေးနဲ့အတူ ရန်ကုန်မှာပြန်နေတယ်လေ.. ဖေဖေသိတဲ့အတိုင်း အလုပ်မလုပ်ရရင် မနေနိုင်သူမို့ ခုထိတောင် ဟိုဟိုဒီဒီ ၀င်ငွေရတဲ့အလုပ်လေးတွေ လုပ်နေတုန်းပေါ့.. ဘောင်ဘောင်ကြီးရယ်.. ဖွားလေးသန်းရယ် ဘဘမျိုးရယ်လဲ ဖေဖေ့လိုပဲ အားလုံးကို မျက်ကွယ်ပြုသွားခဲ့ကြပြီ.. အဖွားကတော့ ခုထိကျန်းကျန်းမာမာပဲဖေဖေ.. ဧပြီတုန်းကတောင် သမီးဆီကို လာလည်သေးတယ်.. ကြီးကြီးသက်နဲ့တူတူပေါ့.. အားလုံးလဲ အဆင်ပြေကြပါတယ်ဖေဖေ.. သမီးတို့လဲ ဖေဖေမရှိတာကလွဲလို့ ပြည့်စုံပါရဲ့..

ခုသမီးရောက်နေတဲ့အခြေအနေကို သမီးကျေနပ်ပါတယ်.. သမီးကိုချစ်တဲ့ခင်ပွန်းရယ်.. ချစ်စရာကောင်းတဲ့သားလေးရယ်.. အဆင်ပြေတဲ့အလုပ်လေးတခုရယ်.. နေပျော်ပါရဲ့ဖေဖေရယ်.. တခါတလေ သိပ်အိမ်ပြန်ချင်တတ်တာကလွဲလို့ သားသားနဲ့ခွဲပြီးနေရတာကလွဲလို့ စရိုက်မတူ ဘာသာမတူသူတွေနဲ့ သဘောထားကွဲလွဲရတဲ့အခါ စိတ်တိုရတာကလွဲလို့ သမီးအဆင်ပြေပါတယ်.. ရွက်ကျပင်ပေါက်လိုမျိုး ရောက်လေရာမှာ နေတတ်ပျော်တတ်အောင် သမီးအတတ်နိုင်ဆုံး ကြိုးစားနေပါတယ်..

လာမယ့်၂၈ရက်နေ့ဆို ဖေဖေဆုံးတာ ၃နှစ်ပြည့်ပြီနော်.. သမီးဖေဖေ့အတွက် ကုသိုလ်ကောင်းမှုလေးတွေ တတ်နိုင်သလောက်လုပ်ပေးချင်လို့ ဘုန်းကြီးဆွမ်းကပ်မယ်လို့ စီစဉ်ထားတယ်ဖေဖေ.. ဖေဖေကြိုက်တဲ့ဟင်းလေးတွေချက်ပြီး သမီးဆွမ်းကပ်မယ်လေ.. ဖေဖေ့အတွက်အမျှဝေတဲ့အခါ ရောက်လေရာအရပ်ကနေ ဖေဖေ ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်ပေးပါနော်..

သမီး ဖေဖေ့ကို သိပ်ချစ်ပါတယ်ဖေဖေ..

ဖေဖေ့ရဲ့

သမီးကြီး

Tuesday, September 13, 2011

ကျွန်မချစ်သော

ကျွန်မ လရောင်ကိုချစ်သည်.. လသာတဲ့ညတွေဆို အလိုလိုပျော်နေတတ်တာ ကျွန်မပေါ့.. ငယ်ငယ်ကတည်းက ကျွန်မအိပ်ယာကို ပြတင်းပေါက်ဘေးမှာပဲ အမြဲရအောင်ထားတတ်တယ်.. လသာတဲ့ညတွေတိုင်း လမင်းကိုကြည့်ရင်း အိပ်ပျော်သွားရတာကို ကျွန်မအရမ်းကြိုက်တာပေါ့.. အိပ်မက်ထဲမှာတောင် လမင်းရဲ့အလင်းအောက် လမ်းလျှောက်ချင်လျှောက်နေတတ်သေးတယ်.. လပြည့်ညရဲ့လမင်းကြီးကိုသာမက လခြမ်းကွေးကွေးလေးကိုတောင် ကျွန်မသိပ်ချစ်တတ်သည်လေ..

ကျွန်မ စာအုပ်တွေကိုချစ်သည်.. စာလုံးပေါင်းပြီး ဖတ်တတ်တဲ့အရွယ်ကတည်းက စာအုပ်တွေက ကျွန်မရဲ့အဖော်ဖြစ်ခဲ့သည်.. ကာတွန်းဆရာပေါင်းစုံရဲ့ ကာတွန်းစာအုပ်တွေ တေဇ မိုးသောက်ပန်းတွေနဲ့အတူ ကျွန်မကြီးပြင်းခဲ့ရသည်.. အသက်အရွယ်ကိုလိုက်ပြီး စာအုပ်မျိုးစုံနေအောင် ကျွန်မ ဖတ်ခဲ့သည်.. မြန်မာစာပေကိုချစ်မြတ်နိုးသူမို့ တစ်ဦးတည်းသောသားလေးကို မြန်မာစာမတတ်မှာ မြန်မာစာအုပ်တွေမဖတ်နိုင်မှာ သိပ်စိုးရိမ်သူက ကျွန်မပေါ့.. ပွင့်မြူးဇင်ရဲ့သားက မြန်မာစာမတတ်ဘူးဆိုတာ လုံးဝမဖြစ်စေရဘူး လို့ ဆုံးဖြတ်ထားပါတယ်..

ကျွန်မ ခရေပန်းကိုချစ်သည်.. ချစ်ပေမယ့် ပန်းပန်ရတာသိပ်မကြိုက်လို့ သိပ်တော့ မပန်ဖြစ်ဘူး.. ခရေရနံ့က ကျွန်မရဲ့စိတ်ကို ကြည်လင်စေတာအမှန်ပဲ.. နွမ်းခြောက်သွားတာတောင် ရနံ့မပျယ်တဲ့ ခရေပွင့်သေးသေးလေးတွေကို ဘယ်လိုချစ်မှန်းကိုမသိ.. ခရေပန်းခြောက်လေးတွေကို သနပ်ခါးထဲ ရောသွေးပြီး လိမ်းရတာကိုလဲ ကျွန်မကြိုက်တယ်.. အဲ တယောက်သောသူပေးဖူးတဲ့ ခရေပန်းကုံးလေးကတော့ ချွင်းချက်ပေါ့.. ခြေမပစ်ရက်လို့ ခုထိသိမ်းထားတုန်း.. ခုထိလဲမွှေးနေတုန်းလေ..

ကျွန်မ မိုးရေစက်တွေကိုချစ်သည်.. မိုးတွေသည်းသည်းမည်းမည်းရွာရင် ကျွန်မအရမ်းပျော်တယ်.. မိုးရေထဲမှာလမ်းလျှောက်ရင်း မျက်နှာကို မိုးစက်တွေတိုက်ရိုက်ကျလာတဲ့ ခံစားမှုမျိုးကို ကျွန်မသိပ်ကြိုက်တယ်.. ကလေးဘဝတုန်းကတော့ မိုးရေချိုးရင်း ပြေးလွှားဆော့တာပေါ့.. အသည်းကွဲတတ်တဲ့အရွယ်ရောက်တော့ မိုးနဲ့အတူငိုဖူးတယ်.. ခုကျတော့လဲ မိုးရွာတာထိုင်ကြည့်ရင်း ဘာကိုမှန်းမသိလွမ်းရင်းပေါ့..

ကျွန်မ ကဗျာတွေကိုချစ်သည်.. ကလေးကဗျာလေးတွေကစလို့ ခုခောတ်မော်ဒန်ကဗျာတွေအထိ ကျွန်မနှစ်နှစ်ခြိုက်ခြိုက်ရှိလှသည်.. ကဗျာတွေဖန်တီးရတာလဲ သိပ်ကြိုက်တယ်.. တခုခု စိတ်ထဲမှာရှုပ်နေတာဖြစ်ဖြစ် ခံစားနေရတာကိုဖြစ်ဖြစ် ကဗျာတပုဒ်အနေနဲ့ စာမျက်နှာပေါ်သွန်ချခွင့်ရရင် ကျွန်မစိတ်ထဲပေါ့သွားတတ်သည်.. ကျွန်မရဲ့လက်တွဲဖော်ကတော့ ကျွန်မကဗျာတွေကို လုံးဝမဖတ်.. စိတ်လဲမဝင်စားဘူးလေ.. သားလေးကိုတော့ ကဗျာတွေကို ချစ်စေချင်မိသည်..

ကျွန်မ သီချင်းတွေကိုချစ်သည်.. သီချင်းဆိုနေရရင် ထမင်းမေ့ဟင်းမေ့ဆိုတာ ကျွန်မပေါ့.. စိတ်ညစ်ရင်လဲသီချင်းနားထောင် ပျော်ရင်လဲသီချင်းနားထောင်နဲ့မို့ သီချင်းတွေက ကျွန်မအတွက် မရှိမဖြစ်လိုအပ်တာပေါ့.. ကျွန်မရေးတဲ့ကဗျာတချို့ကို သူငယ်ချင်းတယောက်က သံစဉ်တွေထည့်ပြီး သီချင်းတွေဖန်တီးဖူးကြတယ်.. ကျွန်မရဲ့သားလေးကလဲ သီချင်းတွေကိုချစ်သတဲ့.. သားသားကြီးလာရင်တော့ သီချင်းတွေတူတူဆိုခွင့် ရချင်မိသေးရဲ့..

ကျွန်မ အိပ်မက်တွေကိုချစ်သည်.. ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်ထဲမှာဖြစ်ခွင့်ရတဲ့အခါ သိပ်ပျော်ရသလောက် ၀မ်းနည်းစရာတွေ ကြုံရတဲ့အခါလဲ ရှိတာပေါ့.. အိပ်မက်ဆိုးတွေကနေ နိုးထလာရတိုင်း အိပ်မက်ပါလား တကယ်မဟုတ်ပါလားလို့ သိလိုက်ရတဲ့ခံစားချက်လေးကိုလဲ ကျွန်မတပ်မက်တယ်.. အိပ်မက်ချိုချိုလေးတွေကနေ နိုးသွားတဲ့အခါ ခံစားရတဲ့နှမြောသလို လွမ်းသလိုလိုအသိလေးကလဲ တမျိုးချစ်စရာကောင်းနေပြန်သည်.. ဘယ်လိုအိပ်မက်မျိုးကိုမဆို ကျွန်မချစ်တတ်ပါသည်..

လရောင်ကိုချစ်သော.. စာအုပ်တွေကိုချစ်သော.. ခရေပန်းကိုချစ်သော.. မိုးရေစက်တွေကိုချစ်သော.. ကဗျာတွေကိုချစ်သော.. သီချင်းတွေကိုချစ်သော.. အိပ်မက်တွေကိုချစ်သော.. ကျွန်မကိုယ်ကျွန်မလဲ ကျွန်မသိပ်ချစ်ပါသည်.. ကျွန်မက အတ္တကြီးတတ်သူမို့လား..


Monday, August 29, 2011

ကျွန်မနှင့်နာနာဘာဝများ

ကျွန်မကို သရဲကြောက်တတ်သလားလို့မေးရင် ကြောက်တော့ကြောက်တယ်.. အရမ်းကြီးကြောက်တာတော့ မဟုတ်ဘူးလို့ ဖြေရမယ်.. သရဲတို့ ၀ိဉာဉ်တို့ ရှိတယ်ဆိုတာ ယုံပါတယ်.. သူတို့ကို ကြောက်စရာကြီးပဲရယ်လို့ သဘောမထားတာတော့အမှန်ပဲ.. တခါတလေတော့ သူတို့ကများ ကြောက်စရာပုံစံကြီးနဲ့ ခြောက်လှန့်လိုက်မလားလို့ တွေးကြောက်မိတတ်တယ်..

ကျွန်မတို့မိသားစု မြို့သစ်မှာနေတုန်းက အဲ့အိမ်ကြီးမှာ သရဲရှိတယ်တဲ့.. ဖေဖေနဲ့ ဘွားဘွားက ကျွန်မတို့ကြောက်မှာစိုးလို့ အိမ်ပြောင်းပြီးမှ ပြောပြတယ်.. အိမ်ကြီးက ၂ထပ်ပါ.. တိုက်ခံပျဉ်ထောင်အိမ်ပေါ့.. အောက်ထပ်မှာ အိပ်ခန်း၁ခန်းရှိပြီး ဖေဖေနဲ့မောင်လေးနေကြတယ်.. အပေါ်ထပ်မှာတော့ အိပ်ခန်း ၂ခန်းနဲ့ ဘုရားခန်းအကျယ်ကြီးရှိတယ်.. လှေကားကတက်သွားရင် ဘုရားခန်းကိုရောက်တယ်.. အိပ်ခန်း၂ခန်းမှာ အလယ်ကအခန်းကို အန်တီမိုးကယူထားတော့ ကျွန်မတို့ညီအစ်မက နောက်ဆုံးခန်းမှာ နေကြတယ်လေ.. အခန်းကအကျယ်ကြီး.. ကျွန်မတို့အခန်းရဲ့ အောက်တည့်တည့်က မီးဖိုချောင်..

ဖေဖေတို့ပြောပြတာက အဲ့သရဲတွေက အပေါ်ထပ်မှာပဲနေကြတယ်တဲ့.. တခါတလေများဆို ဖေဖေတယောက်တည်းရှိတဲ့အချိန် အပေါ်ထပ်မှာ ဆူညံနေအောင် ခြေသံတွေပေးတတ်တယ်တဲ့.. ဖေဖေက အိပ်မရလို့စိတ်တိုပြီး ဟေ့ကောင်တွေ သတ္တိရှိရင် အောက်ဆင်းလာခဲ့လို့ စိန်ခေါ်ရင် လှေကားကနေ တစ်ထစ်နှစ်ထစ်လောက် ဆင်းလာတဲ့ခြေသံကြားရပြီး ပြန်တက်သွားသံကြားရတယ်တဲ့.. တခါမှ အောက်ထပ်ကို ဆင်းမလာဘူး.. အဘွားကဘုရားရှိခိုးရင် ခြင်ကိုက်လို့ ဘုရားစင်ရှေ့မှာ ခြင်ထောင်လေးထောင်ပြီး ရှိခိုးတတ်တယ်.. တခါတလေ ရွတ်တဲ့ဂါထာတွေရှည်နေလို့ အချိန်တန်တဲ့တိုင် အမျှမဝေသေးရင် အပြင်ကနေ မျိုးစုံခြေသံတွေပေးနေတတ်တယ်တဲ့.. အဘွားက ငြိမ်ငြိမ်နေကြပါကွယ်.. ရွတ်လို့ဖတ်လို့ပြီးရင် အမျှဝေမှာပါလို့ ပြောလိုက်ရင်တော့ ငြိမ်သွားတတ်ကြတယ်တဲ့လေ..

တစ်ည.. အဘွားနဲ့အန်တီမိုးက ဘုရားဖူးသွားလို့ အိမ်ပေါ်ထပ်မှာ ညီအစ်မ၂ယောက်တည်း အိပ်ရတဲ့ညပေါ့.. ညလယ်လောက်ကြီး ဘုရားခန်းထဲက ကွပ်ပျစ်ပေါ်ကို တယောက်ယောက်တက်လို့ ခြေသံတွေမြည်သလို အသံတွေကြားရတာမို့ ကျွန်မနိုးလာတယ်.. ညီမလေးကလဲ နိုးလာပြီး သူလဲ ကြားတယ်တဲ့.. ကျွန်မတို့က သူခိုးဝင်တယ်ထင်လို့ သူခိုးဖမ်းမယ်ဆိုပြီး တိတ်တိတ်လေး အသံမထွက်အောင်ထပြီး ဘုရာခန်းထဲထွက်လာခဲ့တယ်.. ခြေသံတွေက ကြားနေရတုန်းပဲ.. မှောင်နဲ့မဲမဲမို့ ဘာမှမမြင်ရတာနဲ့ ဘုရားခန်းမီးကိုဖွင့်လိုက်တော့ ကွပ်ပျစ်ပေါ်မှာ ဘာမှမရှိ.. အသံတွေလဲတိတ်သွားရော.. ၀ရံတာတံခါးကြီးကပွင့်လို့.. ကျွန်မကိုယ်တိုင် ဂျက်ထိုးပြီး ပိတ်ထားတဲ့တံခါးကြီး ပွင့်နေတော့ အံ့သြတာပေါ့.. တခြံလုံးတအိမ်လုံးကို လက်နှိပ်မီးနဲ့ထိုးရှာတော့လဲ ဘာအရိပ်အရောင်မှမတွေ့.. အောက်ထပ်က ဖေဖေက လှမ်းအော်ပြောတယ်.. သမီးတို့ ဘုရားရှိခိုးအမျှဝေပြီး အိပ်ကြတော့တဲ့.. ကျွန်မတို့လဲ ဘာမှရှည်ရှည်ဝေးဝေးမတွေးတော့ပဲ ပြန်အိပ်ပစ်လိုက်တာပေါ့.. ထင်တာက သူခိုးဝင်တာလို့ပဲထင်တာ.. အိမ်ကဘာမှလဲမပျောက်တော့ ပွင့်နေတဲ့တံခါးပြန်ပိတ်ပြီး ပြန်အိပ်လိုက်တာပေါ့.. အဲ့အိမ်ကနေပြောင်းတော့မှ အဘွားကပြောပြတယ်.. အဲသလိုပဲ ဖြစ်နေကျတဲ့.. တော်လိုက်တဲ့သရဲတွေ.. တံခါးတောင်ဖွင့်တတ်တယ်..

မနေ့ညက ကျွန်မတယောက်တည်း အခန်းထဲမှာရှိနေတုန်း ကျွန်မဘေးနားက အသက်ရှုသံခပ်ပြင်းပြင်းကြားလိုက်ရတယ်.. လှည့်ကြည့်လိုက်တော့လဲ ဘယ်သူမှမရှိ.. တော်တော်ကြာကြာထိ ကြားနေရတုန်းပဲ.. ပထမတော့ ဟိုဘက်ခန်းက တယောက်ယောက်များ ဟောက်နေလားလို့ ထွက်ကြည့်သေးတယ်.. အခန်းပြင်ရောက်သွားတော့ မကြားရတော့ဘူး.. ဟိုဘက်ခန်းထဲကလူတွေလဲ မအိပ်ကြသေး.. အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်ထိုင်လိုက်တာနဲ့ ပြန်ကြားရပြန်ရော.. ကိုယ့်ဘေးနားမှာ မောနေတဲ့လူတစ်ယောက် အသက်ပြင်းပြင်းရှုနေသလို အသံမျိုး.. ကျွန်မလဲသတိရလို့ ပဌာန်းရွတ်လိုက်တော့ အသံချက်ချင်းတိတ်သွားတယ်.. မဆိုးဘူး.. အဲ့သရဲက ပဌာန်းတော့ နားလည်တယ်ပေါ့.. မေ့မေ့ပျောက်ပျောက်နဲ့အိပ်လိုက်တော့လဲ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူး.. စဉ်းစားမိတယ် မနေ့က တစ္ဆေပွဲနောက်ဆုံးညမို့ တခါးမပိတ်ခင် လျှောက်လည်နေတဲ့တကောင်ကောင် မျက်စေ့လည်ပြီး ကျွန်မဆီရောက်လာတာဖြစ်မယ်လို့.. ဘာပဲဖြစ်ဖြစ် ခုညတော့ အိမ်ပြန်ရောက်ရင် ပဌာန်းအကျယ်ရွတ် ပရိတ်တွေရွတ်ပြီး ပဌာန်းရေ ပရိတ်ရေနဲ့ တအိမ်လုံးလိုက်ဖြန်းလိုက်ဦးမယ်လို့..

Wednesday, August 24, 2011

.............


အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘဝလမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ် ့သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. စျေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁