Monday, August 29, 2011

ကျွန်မနှင့်နာနာဘာဝများ

ကျွန်မကို သရဲကြောက်တတ်သလားလို့မေးရင် ကြောက်တော့ကြောက်တယ်.. အရမ်းကြီးကြောက်တာတော့ မဟုတ်ဘူးလို့ ဖြေရမယ်.. သရဲတို့ ၀ိဉာဉ်တို့ ရှိတယ်ဆိုတာ ယုံပါတယ်.. သူတို့ကို ကြောက်စရာကြီးပဲရယ်လို့ သဘောမထားတာတော့အမှန်ပဲ.. တခါတလေတော့ သူတို့ကများ ကြောက်စရာပုံစံကြီးနဲ့ ခြောက်လှန့်လိုက်မလားလို့ တွေးကြောက်မိတတ်တယ်..

ကျွန်မတို့မိသားစု မြို့သစ်မှာနေတုန်းက အဲ့အိမ်ကြီးမှာ သရဲရှိတယ်တဲ့.. ဖေဖေနဲ့ ဘွားဘွားက ကျွန်မတို့ကြောက်မှာစိုးလို့ အိမ်ပြောင်းပြီးမှ ပြောပြတယ်.. အိမ်ကြီးက ၂ထပ်ပါ.. တိုက်ခံပျဉ်ထောင်အိမ်ပေါ့.. အောက်ထပ်မှာ အိပ်ခန်း၁ခန်းရှိပြီး ဖေဖေနဲ့မောင်လေးနေကြတယ်.. အပေါ်ထပ်မှာတော့ အိပ်ခန်း ၂ခန်းနဲ့ ဘုရားခန်းအကျယ်ကြီးရှိတယ်.. လှေကားကတက်သွားရင် ဘုရားခန်းကိုရောက်တယ်.. အိပ်ခန်း၂ခန်းမှာ အလယ်ကအခန်းကို အန်တီမိုးကယူထားတော့ ကျွန်မတို့ညီအစ်မက နောက်ဆုံးခန်းမှာ နေကြတယ်လေ.. အခန်းကအကျယ်ကြီး.. ကျွန်မတို့အခန်းရဲ့ အောက်တည့်တည့်က မီးဖိုချောင်..

ဖေဖေတို့ပြောပြတာက အဲ့သရဲတွေက အပေါ်ထပ်မှာပဲနေကြတယ်တဲ့.. တခါတလေများဆို ဖေဖေတယောက်တည်းရှိတဲ့အချိန် အပေါ်ထပ်မှာ ဆူညံနေအောင် ခြေသံတွေပေးတတ်တယ်တဲ့.. ဖေဖေက အိပ်မရလို့စိတ်တိုပြီး ဟေ့ကောင်တွေ သတ္တိရှိရင် အောက်ဆင်းလာခဲ့လို့ စိန်ခေါ်ရင် လှေကားကနေ တစ်ထစ်နှစ်ထစ်လောက် ဆင်းလာတဲ့ခြေသံကြားရပြီး ပြန်တက်သွားသံကြားရတယ်တဲ့.. တခါမှ အောက်ထပ်ကို ဆင်းမလာဘူး.. အဘွားကဘုရားရှိခိုးရင် ခြင်ကိုက်လို့ ဘုရားစင်ရှေ့မှာ ခြင်ထောင်လေးထောင်ပြီး ရှိခိုးတတ်တယ်.. တခါတလေ ရွတ်တဲ့ဂါထာတွေရှည်နေလို့ အချိန်တန်တဲ့တိုင် အမျှမဝေသေးရင် အပြင်ကနေ မျိုးစုံခြေသံတွေပေးနေတတ်တယ်တဲ့.. အဘွားက ငြိမ်ငြိမ်နေကြပါကွယ်.. ရွတ်လို့ဖတ်လို့ပြီးရင် အမျှဝေမှာပါလို့ ပြောလိုက်ရင်တော့ ငြိမ်သွားတတ်ကြတယ်တဲ့လေ..

တစ်ည.. အဘွားနဲ့အန်တီမိုးက ဘုရားဖူးသွားလို့ အိမ်ပေါ်ထပ်မှာ ညီအစ်မ၂ယောက်တည်း အိပ်ရတဲ့ညပေါ့.. ညလယ်လောက်ကြီး ဘုရားခန်းထဲက ကွပ်ပျစ်ပေါ်ကို တယောက်ယောက်တက်လို့ ခြေသံတွေမြည်သလို အသံတွေကြားရတာမို့ ကျွန်မနိုးလာတယ်.. ညီမလေးကလဲ နိုးလာပြီး သူလဲ ကြားတယ်တဲ့.. ကျွန်မတို့က သူခိုးဝင်တယ်ထင်လို့ သူခိုးဖမ်းမယ်ဆိုပြီး တိတ်တိတ်လေး အသံမထွက်အောင်ထပြီး ဘုရာခန်းထဲထွက်လာခဲ့တယ်.. ခြေသံတွေက ကြားနေရတုန်းပဲ.. မှောင်နဲ့မဲမဲမို့ ဘာမှမမြင်ရတာနဲ့ ဘုရားခန်းမီးကိုဖွင့်လိုက်တော့ ကွပ်ပျစ်ပေါ်မှာ ဘာမှမရှိ.. အသံတွေလဲတိတ်သွားရော.. ၀ရံတာတံခါးကြီးကပွင့်လို့.. ကျွန်မကိုယ်တိုင် ဂျက်ထိုးပြီး ပိတ်ထားတဲ့တံခါးကြီး ပွင့်နေတော့ အံ့သြတာပေါ့.. တခြံလုံးတအိမ်လုံးကို လက်နှိပ်မီးနဲ့ထိုးရှာတော့လဲ ဘာအရိပ်အရောင်မှမတွေ့.. အောက်ထပ်က ဖေဖေက လှမ်းအော်ပြောတယ်.. သမီးတို့ ဘုရားရှိခိုးအမျှဝေပြီး အိပ်ကြတော့တဲ့.. ကျွန်မတို့လဲ ဘာမှရှည်ရှည်ဝေးဝေးမတွေးတော့ပဲ ပြန်အိပ်ပစ်လိုက်တာပေါ့.. ထင်တာက သူခိုးဝင်တာလို့ပဲထင်တာ.. အိမ်ကဘာမှလဲမပျောက်တော့ ပွင့်နေတဲ့တံခါးပြန်ပိတ်ပြီး ပြန်အိပ်လိုက်တာပေါ့.. အဲ့အိမ်ကနေပြောင်းတော့မှ အဘွားကပြောပြတယ်.. အဲသလိုပဲ ဖြစ်နေကျတဲ့.. တော်လိုက်တဲ့သရဲတွေ.. တံခါးတောင်ဖွင့်တတ်တယ်..

မနေ့ညက ကျွန်မတယောက်တည်း အခန်းထဲမှာရှိနေတုန်း ကျွန်မဘေးနားက အသက်ရှုသံခပ်ပြင်းပြင်းကြားလိုက်ရတယ်.. လှည့်ကြည့်လိုက်တော့လဲ ဘယ်သူမှမရှိ.. တော်တော်ကြာကြာထိ ကြားနေရတုန်းပဲ.. ပထမတော့ ဟိုဘက်ခန်းက တယောက်ယောက်များ ဟောက်နေလားလို့ ထွက်ကြည့်သေးတယ်.. အခန်းပြင်ရောက်သွားတော့ မကြားရတော့ဘူး.. ဟိုဘက်ခန်းထဲကလူတွေလဲ မအိပ်ကြသေး.. အခန်းထဲပြန်ဝင်ပြီး ကုတင်ပေါ်ထိုင်လိုက်တာနဲ့ ပြန်ကြားရပြန်ရော.. ကိုယ့်ဘေးနားမှာ မောနေတဲ့လူတစ်ယောက် အသက်ပြင်းပြင်းရှုနေသလို အသံမျိုး.. ကျွန်မလဲသတိရလို့ ပဌာန်းရွတ်လိုက်တော့ အသံချက်ချင်းတိတ်သွားတယ်.. မဆိုးဘူး.. အဲ့သရဲက ပဌာန်းတော့ နားလည်တယ်ပေါ့.. မေ့မေ့ပျောက်ပျောက်နဲ့အိပ်လိုက်တော့လဲ ဘာအနှောက်အယှက်မှ မရှိတော့ပါဘူး.. စဉ်းစားမိတယ် မနေ့က တစ္ဆေပွဲနောက်ဆုံးညမို့ တခါးမပိတ်ခင် လျှောက်လည်နေတဲ့တကောင်ကောင် မျက်စေ့လည်ပြီး ကျွန်မဆီရောက်လာတာဖြစ်မယ်လို့.. ဘာပဲဖြစ်ဖြစ် ခုညတော့ အိမ်ပြန်ရောက်ရင် ပဌာန်းအကျယ်ရွတ် ပရိတ်တွေရွတ်ပြီး ပဌာန်းရေ ပရိတ်ရေနဲ့ တအိမ်လုံးလိုက်ဖြန်းလိုက်ဦးမယ်လို့..

Wednesday, August 24, 2011

.............


အရာရာခမ်းခြောက်သွားဖို့..
၁၀နှစ်ဆိုတာ လုံလောက်တဲ့အချိန်လား...

ပေးထားခဲ့ပါတယ်
နင်မရခဲ့ဘူးဆိုရင်တော့
အလွဲတကာ့အလွဲထဲ
ဒီတခါအလွဲဆုံးပေါ့..

နင်မရှုံးပါဘူး
မရုန်းနိုင်တာကငါ..
ဘာမှန်းမသိတဲ့ကြိုးတွေကအထပ်ထပ်နဲ့မို့
အဆုံးမသတ်နိုင်တာက
ငါကိုယ်တိုင်ပေါ့..

ဘဝလမ်းပေါ်မှာ
ဂငယ်ကွေ့ကွေ့လို့ရဖို့
ဘာအမှတ်အသားကိုရှာရမှာလဲ..
မိုးကြိုးကိုကာဖို့
ထန်းလက်ရှာသလိုများ ဖြစ်နေမလားပဲ..

ငါလား..
အသည်းကွဲနေတာမဟုတ်ဘူး
ကွဲစရာအသည်းကို မရှိတော့တာ..
ဘာလိုချင်တာလဲမမေးနဲ့
ငါ့ရင်ထဲ နင်မမြင်ရမှတော့
ဘာကိုလိုချင်ရဦးမှာတဲ့လဲ..

မနှစ်သိမ့်ပါနဲ့..
အနာစိမ်းပေါ်ကို
ပျားရည်ပဲလောင်းလောင်း အက်ဆစ်နဲ့ပဲပက်ပက်
စပ်တာကတော့စပ်မှာပဲ..

အကောင်းဆုံးကတော့ဟာ..
နင်ငါ့ကို ပစ်သာထားလိုက်...
ငါ့အတ္တနဲ့ငါ
ငါ့ဒေါသနဲ့ငါ
ငါ့သောကနဲ့ငါ
မျောချင်ရာပဲမျောနေပါရစေတော့..

အချစ်လား..
အဲဒါတော့ မမေးကြေးပေါ့..

ပွင့်မြူးဇင်
၂၄.၀၈.၂၀၁၁

Saturday, August 20, 2011

သားလေးဖတ်ဖို့ (၂)

သားလေးရေ..

မေမေ့သားလေးကို မတွေ့ရတာ ၂လတောင်ကျော်ပြီ.. သူများတွေကတော့ ထင်ချင်ထင်မယ်.. ၂လပဲရှိသေးတာများလို့.. မေမေ့အတွက်တော့ ၂ကမ္ဘာအလားပေါ့သားလေးရယ်.. တနေ့တနေ့ ရုံးကပြန်ရောက်ရင် အရင်ကလို ကြိုနေမယ့်သားလေးမရှိတော့ မေမေ့ရဲ့အိမ်ပြန်ချိန်တွေက ရည်ရွယ်ချက်မဲ့ပေါ့.. သားလေးရှိတုန်းကဆို အိမ်ကိုအမြန်ဆုံးရောက်အောင် အပြေးပြန်ချင်နေခဲ့ပေမယ့် ခုတော့ ပိတ်ထားတဲ့တခါးတချပ်ကို ကိုယ်တိုင်ဖွင့်ပြီး ၀င်လိုက်ရင် လှောင်ပိတ်နေတတ်တဲ့ အခန်းတစ်ခုထဲကို မေမေလေ တော်တော်နဲ့မပြန်ချင်တတ်ဘူး.. အိမ်အလုပ်တွေလုပ်ရင်း သားလေးကို သတိမရအောင်နေပေမယ့် မရပါဘူးသားလေးရယ်..

သားလေးဖေဖေလည်း သားလေးကိုတော်တော်လွမ်းနေပြီ.. မေမေက မားမားပြောပြတဲ့ သားလေးရဲ့တိုးတက်မှုလေးတွေအကြောင်းများ ပြန်ပြောပြပြီဆို သားဖေဖေမျက်လုံးတွေကလေ အရောင်တွေကို လက်လို့.. ဖခင်တယောက်အနေနဲ့ သူ့သားလေးကို သူရဲကောင်းအဖြစ်နဲ့ ဂုဏ်ယူနေတဲ့ အမူအယာမျိုး.. သူ့သူငယ်ချင်းမိတ်ဆွေတွေကိုလဲ သားလေးအကြောင်း ကြွားရတာအမောပေါ့.. မေမေက ဖေဖေ့ကိုမေးကြည့်တယ်.. သားသားနဲ့မေမေနဲ့ ဘယ်သူ့ကိုပိုချစ်လဲလို့.. ဖေဖေက သားသားကိုပိုချစ်တယ်တဲ့.. ဟုတ်တယ်.. မေမေကလည်း သားသားကိုပဲပိုချစ်တာလေ.. သားလေးက မေမေဖေဖေတို့ရဲ့ အချစ်ဆုံးလေးပေါ့.. မေမေဖေဖေတို့ရဲ့ အနာဂါတ်က သားလေးပေါ့..

မေမေတို့ ခုချိန်မှာ သားလေးနားမနေနိုင်ပေမယ့် မေမေတို့ကြိုးစားနေသမျှဟာ သားလေးအတွက်ပေါ့.. တခါတလေကျတော့တွေးမိတယ်.. ရုပ်ဝတ္ထုတွေပြည့်စုံနေပေမယ် ့သားလေးစိတ်ထဲမှာများ ဒဏ်ရာရနေမလားလို့.. မေမေတို့ကို အနေဝေးလို့ စိမ်းသွားမှာလဲစိုးတယ်လေ.. အဲဒါတွေကြောင့် မေမေ့သားလေးဆီ နေ့တိုင်းဖုန်းဆက်နေတာပေါ့.. မာမားပြောပြလို့ သားသားလူလည်လေးအကြောင်း မေမေကြားနေရပါတယ်.. တွေ့တဲ့လူကို တည့်အောင်ပေါင်းတတ်တဲ့အကြောင်း.. သီချင်းတွေကို အရမ်းကြိုက်တဲ့အကြောင်း.. သားလေးက ရုပ်တော့ဖေဖေနဲ့ပိုတူပြီး အကျင့်လေးတွေက မေမေနဲ့ပိုတူတယ်နော်.. သားလေး၅နှစ်လောက်ရောက်ရင် ဂစ်တာတီးသင်ပေးရမယ်.. သားလေးရဲ့ ကိုကိုကြီးပြည့်ဖြိုးအောင် (သူ့ကိုယ်သူအတင်းကိုကိုကြီးလုပ်ထားတာ)ကို သင်ပေးခိုင်းရမယ်.. ခုကတည်းကတောင် လေးလေးဇော်ဂစ်တာတီးရင် လိုက်တီးနေပြီဆို.. မေမေ့သားလေးက မေမေ့လိုပဲ သီချင်းတွေကိုချစ်တယ်ဆိုလို့ မေမေ အရမ်းပျော်တာပဲသိလား.. တို့သားအမိတွေ ဂစ်တာတွေတီး သီချင်းတွေတူတူဆိုကြမယ်သားလေးရယ်...

သားလေးက သစ်သီးအစိမ်းရောင်တွေနဲ့ ဓါတ်မတည့်ဘူးဆို.. သရက်သီးစိမ်းတွေ မာလကာသီးအစိမ်းတွေတွေ့ရင် တုန်တောင်တုန်နေတယ်တဲ့.. မာမားကပြောပြတယ်.. ထူးဆန်းလိုက်တာ.. မေမေကတော့ အသားစိမ်း ငါးစိမ်းတွေကို အများကြီးမြင်ရင် တကိုယ်လုံးယားလာတတ်တာမို့လား.. စျေးထဲသွားရင် မေမေ့မှာ အသားတန်း ငါးတန်းတွေကို မြန်မြန်ဖြတ်ပြေးရတာ.. သားလေးကျတော့ အသီးတွေကို အသည်းယားတတ်သတဲ့.. ဖေဖေကတောင်ပြောနေသေးတယ်.. သားအမိတွေက တယောက်တမျိုးစီတဲ့..

တနေ့က မာမားကပြောနေတယ်.. သမီးကြီးရေ နင့်သားကို ၁၀နှစ်ပြည့်ရင် ၁၀အိမ်မှုးခန့်လိုက်တော့မယ်တဲ့.. တလမ်းလုံး သူမသိတဲ့လူလဲမရှိဘူးတဲ့.. ဟုတ်တယ်.. သားလေးက ပေါင်းသင်းဆက်ဆံရေးသိပ်ကောင်းတာ.. လမ်းသွားရင် တွေ့သမျှလူကိုနှုတ်ဆက်.. အလာပသလာပတွေပြောနဲ့.. တတ်လဲတတ်နိုင်တဲ့ကလေး.. အရမ်းလဲစပ်စုတာပဲ.. သားလေးရှေ့မှာ စကားဆန်းတခုခုပြောမိလို့ သားလေးနားမလည်ရင် ချက်ချင်းမေးတာပဲတဲ့.. မားမား ပန်လန်လက်တယ်ဆိုတာဘာလဲလို့မေးတော့ မာမားက ပက်လက်လန်လို့ပြန်ဖြေတာကို မကျေနပ်သေးပဲ ဘာလို့ပက်လက်လန်ကို ပန်လန်လက်လို့ပြောတာလဲလို့ ဆက်မေးနေတာ မာမားတောင် ဘာဖြေရမှန်းမသိ ဖြစ်သွားသေးတယ်တဲ့.. သားသားက စပ်စုစိန်လေးပေါ့နော်..

သားလေးက သီချင်းတွေလဲဆိုတတ်နေပြီနော်.. ရွှေပုံပေါ်မှာပျော်ပါနေခြည်တဲ့ မေမေ့ကိုဆိုပြတယ်လေ.. ပြီးတော့ရှိသေးတယ်.. နှုတ်ဆက်ခဲ့ပါတယ် ကျွန်တော်ကွားတော့မယ်.. တဲ့.. သားလေးက သွား ဆိုတာကို ပီအောင်မပြောတတ်သေးတော့ ကွားတော့မယ်ဖြစ်သွားတာပေါ့.. မေမေ့မှာ ရယ်လိုက်ရတာ မျက်ရည်တောင်ထွက်တယ်..

သားလေးနဲ့မာမားကို နှစ်ကုန်ကျရင် စင်္ကာပူကိုလာလည်ဖို့ပြောတော့ သားသားကအရမ်းပျော်တယ်တဲ့.. လေယာဉ်ပေါ်ကဆင်းရင် အမ်အာတီသေးသေးလေးစီးပြီး အမ်အာတီအကြီးကြီးဆီကိုသွားမယ်.. ပြီးရင် အမ်အာတီအကြီကြီးနဲ့ ဂျူရောင်းပွိုင့်ကိုသွားမယ်.. မေမေနဲ့ဖေဖေက ဂျူရောင်းပွိုင့်မှာ စောင့်နေ.. ဂျူရောင်းပွိုင့်ကနေ ဘွန်လေးပလေ့စ်အိမ်ကို တက်ဆီနဲ့သွားကြမယ်တဲ့လေ.. လူလည်လေးက အိမ်ပြန်တဲ့လမ်းကိုပါ မှတ်မိနေသေးတယ်.. ခုမှ ၂နှစ်နဲ့၈လတောင်မရှိသေးဘူး.. သားလေးက အရမ်းကို ဉာဏ်ကောင်းတဲ့ ကလေးလေးပေါ့..

မနေ့ကဖုန်းဆက်တော့ သားလေးကပြောတယ်.. သားသားနေကောင်းဘူး ချောင်းဆိုးတယ် နှာစေးတယ်.. မိုးတွေရွာလို့.. ရာသီဥတုက ကောင်းဘူးမေမေရယ် တဲ့လေ.. မေမေ့အတွက်လဲ သားလေးမရှိတဲ့အရပ်မှာ ရာသီဥတုက ဘယ်တော့မှမကောင်းပါဘူး သားလေးရယ်..

သားလေးရေ.. မာမားစကားကို နားထောင်ပြီး လိမ်လိမ်မာမာနေနော်.. ဘုရားလဲ မှန်မှန်ရှိခိုး.. ဘုန်းဘုန်းကိုလဲ နေ့တိုင်းဆွမ်းလောင်းနော်.. မေမေ့သားလေးက လိမ်မာပြီးသားပါ.. မေမေက သားလေးကို အရမ်းချစ်တယ်နော်.. ဖေဖေကလဲ သားလေးကို အရမ်းချစ်တာ.. မေမေတို့သားလေးက လိမ်မာယဉ်ကျေးတဲ့ မြန်မာ့ဓလေ့တွေကို တန်ဖိုးထားတတ်တဲ့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကလေးလေးတယောက်ဖြစ်လာမယ်ဆို မေမေရင်အကွဲခံပြီး သားလေးနဲ့ခွဲနေရကျိုး နပ်ပြီပေါ့ကွယ်.. ဘယ်လိုလဲသားလေး.. မေမေ ပျော်ရမယ်မို့လား..

Friday, August 12, 2011

သူငယ်ချင်း (၃)

သူငယ်ချင်းရေ..
ပန်းပွင့်ကြွေတွေ လေထဲမှာတွေ့လား..
ဒီလိုကျတော့လဲ လောကကြီးက အလှသားပေါ့..

နင့်ရင်ထဲမယ်..
အချစ်ကြောင့်လွမ်း
အလွမ်းကြောင့်များနွမ်းနယ်နေလေရော့သလား..

ပြေးထွက်ခဲ့စမ်းပါ..
ကိုယ့်ကိုကိုယ် ပိတ်လှောင်မထားစမ်းနဲ့..
လာ.. ဒီမှာ.. ကောင်းကင်ကြီးကပြာလို့..

မိုးတွေညိုလာတော့ကောဘာအရေးလဲ..
တိမ်မဲမဲတွေကမိုးရွာချတဲ့အခါ..
နင့်အလွမ်းတွေကိုပါမိုးရေနဲ့မျှောပစ်လိုက်..
မိုးစဲရင်ရောက်လာမယ့်နေခြည်အောက်
ခုန်ပေါက်ပစ်လိုက်စမ်း..

ကြိုးစားသမျှ အရာမထင်တာတွေ..
ပြန်မရလိုက်တဲ့ နားလည်မှုတွေ..
ထပ်တူမကျနိုင်တဲ့အချစ်တွေ..
အားလုံးခဏဘေးဖယ်ထား..
လောကကြီးကတရားပါတယ်..
နေ့မှာအလင်း ညမှာအမှောင်..
အယောင်ဆောင်တွေထည့်မတွက်ကြေးဆို
ဘယ်ညကမှ နေ့လိုမလင်းနိုင်ဘူးလေ..

အမှောင်ပြီးရင် ရောက်လာမယ့်အလင်းရယ်..
မုန်တိုင်းနောက်က လေပြေညှင်းလေးရယ်..
နုနုနွေးနွေး မိုးစဲနေလေးရယ်..
မြင်ယောင်ကြည့်လိုက်စမ်း..
တို့ကမ္ဘာကြီးက သာယာပါတယ်ဟာ..

သြော်.. ကျန်သေးတယ်..
နင်လိုအပ်နေတဲ့အချိန်တိုင်း..
တုံ့ဆိုင်းမနေနဲ့နော်..
ခေါင်းလေးတချက်သာငဲ့ကြည့်လှည့်..
နင့်သူငယ်ချင်းငါ..
နင့်ဘေးမှာပါလာစေရမယ်..

ပွင့်မြူးဇင်
၁၂.၀၈.၂၀၁၁

Friday, August 5, 2011

မိုင်တိုင်၂၉

ဒီနေ့က ကျွန်မရဲ့ ၂၉နှစ်မြောက်မွေးနေ့.. ၂ထိပ်စီးရဲ့ နောက်ဆုံးမွေးနေ့ပေါ့.. အသက်ဘယ်လောက်လဲမေးရင် ၂၀ကျော်လို့ပြောဖို့ ၁နှစ်တိတိကျန်ဦးမယ်.. ပြီးခဲ့တဲ့ ၂၈နှစ်မွေးနေ့တုန်းက “နေ့နဲ့ညရေရင်လေ၂၈နှစ်” ဆိုပြီး ပို့စ်လေးတခုရေးဖြစ်တယ်.. ၂၈နှစ်စာ ဘဝအတွေ့အကြုံလေးတွေအကြောင်းပေါ့.. အခုနှစ်မွေးနေ့အတွက် စာရေးမယ်ဆိုတော့ ခံစားချက်တွေကမျိုးစုံ.. မနှစ်ကနဲ့မတူတော့တာတော့အမှန်ပဲ.. တနှစ်တာအတွင်း မိသားစုအတွက် အချိုးအကွေ့တွေကလဲမျိုးစုံပေါ့..

၂၉နှစ်အရွယ် မိန်းမတစ်ယောက်အနေနဲ့ လောကကြီးကိုဘယ်လိုမြင်နေလဲလို့ တွေးကြည့်တော့.. အကောင်းမြင်နေတတ်သေးတာတော့ သေချာတယ်.. ပျော်တဲ့အခါ အော်ဟစ်ရယ်မောမိတတ်သလို ဒေါသထွက်တဲ့အခါ အလိုလိုကျလာတတ်တဲ့မျက်ရည်ကိုလဲ မထိန်းနိုင်သေးဘူး.. သည်းခံခြင်းသည်အောင်မြင်ရာ၏ ဆိုတာကိုလက်ခံပေမယ့် အလကားသက်သက် အနိုင်ကျင့်ချင်သူတွေ စိတ်သဘောထားသေးသိမ်သူတွေကိုတော့ ဘာဖြစ်ဖြစ်သည်းခံလိုက်မယ်ဆိုတဲ့အထိ ကျွန်မ မရင့်ကျက်သေးတာသေချာတယ်.. လောကထဲမှာ မရှိစေချင်သူတွေကတော့ လူမျိုးရေးခွဲခြားတတ်သူတွေနဲ့ လူတန်းစားခွဲခြားတတ်သူတွေပါပဲ.. ဘဝဇာတ်ခုံပေါ်က မိသားစုငယ်လေးတခုမှာ မိခင်ဆိုတဲ့နေရာက ကပြအသုံးတော်ခံနေရသူမို့ ငါဆိုတဲ့အတ္တထက် ငါ့မိသားစုဆိုတဲ့အတ္တက ပိုပြီးကြီးစိုးထားမယ်ထင်ရဲ့.. ကျွန်မက အတ္တကြီးပါတယ်.. လိုချင်တာကို မရရအောင်ယူတတ်သလို.. ဘယ်လိုမှမရနိုင်တော့ဘူးလို့ သေချာနေရင်တောင် ရနိုင်တာတွေထဲက အကောင်းဆုံးဆိုတာကိုမှ ရအောင်ယူတတ်သူပါ.. အတိတ်ကံလေးကလဲ ကောင်းတယ်ပြောလို့ရတာမို့ ခုထက်ထိတော့ အရှုံးကြီးကြီးမားမားနဲ့ မကြံုရသေးပါဘူး..

မိသားစုအရေးအနေနဲ့ သားလေးကို ရန်ကုန်မှာပြန်ထားလိုက်ရတာက ကျွန်မအတွက် ရင်ကွဲနာပါပဲ.. သူလေးအတွက်တော့ အဖိုးအဖွား ဆွေမျိုးတွေရဲ့ နွေးထွေးတဲ့ဂရုစိုက်မှုတွေကြားမှာ နေရတာက ခိုအိမ်လေးထဲမှာ ကလေးထိန်းနဲ့နေရတဲ့ ကလေးလေးတယောက်ထက်တော့ အပုံကြီးသာမှာပါ.. မြေကြီးနဲ့နီးတဲ့ ရှင်သန်မှုမျိုး သားလေးကိုပိုင်ဆိုင်စေချင်တာလေ.. ခုဆို သားလေးက ရန်ကုန်အိမ်ကမှ သူ့အိမ်အစစ်လို့ လက်ခံလိုက်ပြီ.. ဆွမ်းခံကြွတဲ့ကိုယ်တော်ကို ဆွမ်းလောင်းတတ်ပြီ.. မနက်တိုင်း စံပယ်ပန်းဝယ်ပြီး ဘုရားကပ်တတ်ပြီ.. အဲဒါလေးတွေကြားရတော့ ဖြစ်လာတဲ့ပီတိက ရင်ကွဲနာကို ကုသပေးနိုင်ခဲ့တယ်.. သားလေးကို လိမ္မာယဉ်ကျေးတဲ့ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်တဲ့ မြန်မာလေးတယောက် ဖြစ်စေချင်တာက ကျွန်မရင်ထဲက အကြီးမားဆုံးဆန္ဒမို့လား..

ဒီတလောအတွင်း ကျွန်မကို အကောင်းဆုံးနှစ်သိမ့်ပေးနိုင်ခဲ့တာကတော့ ကျွန်မရဲ့လက်တွဲဖော် မောင်ပါပဲ.. ကျွန်မက တခါတလေ ဘာကိုအလိုမကျမှန်းမသိ စိတ်တွေတိုနေတတ်တယ်.. အဲသလိုအခါမျိုးမှာ မောင်ကစိတ်ရှည်လက်ရှည်ချော့တတ်တယ်.. ကျွန်မမရယ်မချင်းပေါ့.. ကျွန်မသွားချင်တဲ့နေရာကို လိုက်ပေးတယ် (သူက အပြင်သွားရမှာ သိပ်မုန်းတဲ့သူ).. ကျွန်မချက်သမျှကို ကောင်းကောင်းမကောင်းကောင်း “မိန်းမချက်တာမို့ အရမ်းစားကောင်းတာပဲ” ဆိုပြီး အားပေးတယ် (သူမကြိုက်တဲ့ဟင်းတောင် ကုန်အောင်စားပေးတာ).. သူဆီက ကျွန်မမမျှော်လင့်ထားခဲ့ဖူးတဲ့ အလျှော့ပေးဂရုစိုက်မှုလေးတွေကြောင့်သာ ကျွန်မရဲ့စိတ်ဖိစီးမှုတွေ သက်သာရာရခဲ့တာပါ.. ဆိုတော့ကာ ကျေးဇူးစကြာဝဠာပါ ကျားကျားရေ..

လာမယ့်တနှစ်တာအတွင်း ဘာတွေလုပ်မလဲလို့ စဉ်းစားမိတော့ လုပ်ချင်တာတွေကအများသား.. လက်ရှိလုပ်နေရတဲ့လိုင်းကို သိပ်မကြိုက်လို့ လိုင်းပြောင်းဖို့ကြံနေတယ်.. အဲ့အတွက် ပြောင်းချင်တဲ့လိုင်းနဲ့ သက်ဆိုင်တဲ့လက်မှတ်တွေရဖို့ ကျောင်းတက်ချင်နေတယ်.. လာမယ့်ဒီဇင်ဘာလထဲ အိမ်ပြန်ချင်တယ်.. ယောက်ျားနဲ့နှစ်ယောက်တည်း နီးနီးနားနား အပန်းဖြေခရီးလေးတခု သွားချင်တယ်.. သီချင်းတွေဆက်ဆိုချင်တယ်.. ၃ကီလိုလောက် ၀ိတ်ချချင်တယ်.. အရင်ကလို ဟန်းမိတ်အသုံးအဆောင်လေးတွေ ကိုယ်တိုင်ဖန်တီးပြီး သုံးချင်တယ်.. တရုတ်စကားပြောသင်ချင်တယ်.. ပန်းချီဆွဲချင်တယ်.. အများကြီး အများကြီးကျန်သေးတယ်..

ခုလောလောဆယ်တော့ ပါဆာရစ်ပါ့ခ်မှာလုပ်မယ့် မှော်ဘီကျောင်း ဂဲသရင်းအတွက်ရယ်.. ကျွန်မမွေးနေ့နဲ့ လေးရက်ပဲကွာတဲ့ စင်္ကာပူရဲ့မွေးနေ့မှာ ပါ၀င်ချီတက်ဆင်နွှဲဖို့ရယ်.. အလုပ်တွေရှုပ်လို့ အရှုပ်တွေလုပ်နေပါကြောင်း.. း)