Thursday, January 13, 2011

နာမည်လှလှလေး ကူရွေးပေးကြပါ

ကျွန်မမှာ အိမွန်ဇော်ဆိုတဲ့ သူငယ်ချင်းတယောက်ရှိတယ်.. ဂျီတီစီတက်မှ ခင်ရတဲ့သူငယ်ချင်းပေမယ့် အဆောင်မှာ တခန်းတည်းနေကြတာမို့ ညီအမအရင်းတွေလို အတွင်းသိ အစင်းသိ သူငယ်ချင်းတွေပေါ့.. ကျောင်းတက်နေကတည်းက ကျွန်မတို့၂ယောက်သား ကတိလေးထားခဲ့ဖူးတာရှိတယ်.. ကျွန်မကသားလေးမွေးပြီး သူကသမီးလေးမွေးခဲ့ရင် ခမည်းခမက်တော်ကြမယ်လို့ပေါ့..

တိုက်ဆိုင်တယ်ပဲပြောရမလား.. ကျွန်မကတကယ်ပဲသားလေးတယောက် ပိုင်ဆိုင်လိုက်ရသလို အိမွန်ကလဲ သမီးလေးတယောက် ပြီးခဲ့တဲ့နိုဝင်ဘာလမှာ ပိုင်ဆိုင်လိုက်ရပြီလေ.. ကျွန်မတို့ထားခဲ့တဲ့ကတိလေး အသက်ဝင်လာတော့မှာမို့ ပျော်နေကြတာပေါ့.. ချွေးမလောင်းအတွက် အိပ်ယာခုတင်လေးတောင် ပို့ပေးလိုက်သေးတယ်.. ကျွန်မသူငယ်ချင်းက ချောချောလေးဆိုတော့ သူ့သမီးလေးကလဲ ချောမှာအမှန်ပဲ.. ချွေးမချောချောလေး ပိုင်ရချည်သေးရဲ့.. အရင်ကတည်းက ကျွန်မကအိမွန်ကိုပြောနေကျ.. နင့်သမီးလေးက ချောမှာ.. ငါ့သားလေးကတော့ အရပ်ရှည်ရှည် ယောက်ျားပီပီသသလေး ဖြစ်ရင်တော်ပြီပေါ့လို့.. အိမ်ထောင်တောင်မကျရသေးဘူး.. သားသမီးရေးဆွေးနွေးကြတာလေ..

မနေ့က အိမွန်နဲ့ဖုန်းပြောဖြစ်တော့ သူ့သမီးလေးကို နာမည်မပေးရသေးဘူးတဲ့.. သောကြာသမီးလေးမို့ သောကြာနံနဲ့စပြီး အင်္ဂါ ဗုဒ္ဓဟူး စနေ တခုခုနဲ့ဆုံးတဲ့ နာမည်လှလှလေး ကျွန်မကိုစဉ်းစားခိုင်းပါတော့တယ်.. အရမ်းဆန်းပြားတာမျိုး ခေါ်ရခက်တာမျိုးလဲ မကြိုက်ပါဘူးတဲ့.. “လုပ်ပါကဗျာဆရာမရယ်.. ညည်းချွေးမအတွက် နာမည်လှလှလေး” ဆိုတာနဲ့ ကျွန်မလဲ ခေါင်းစားရပါတော့တယ်.. သားသားနာမည်တုန်းကတော့ ကျွန်မမောင်လေးက မွေးတဲ့နေ့မှာပဲ မိုးသံစဉ်လို့ပေးခဲ့တာလေ.. နောက်မှသာ သူ့အဖေနာမည်ပါအောင် မိုးသံစဉ်ကို လုပ်လိုက်တာ.. ခု.. ချွေးမလောင်းအလှည့်ကျမှ ကိုယ်ကိုယ်တိုင် နာမည်ပေးရတော့မယ်..

ကျွန်မရွေးထားတဲ့နာမည်လေးတွေက
သွဲ့သဇင်
သင့်သက်လယ်
သဲမွန်ရည်
သဒ္ဓါယွန်း
သွန်းဆုနှင်း
သက်ထက်မြတ်နိုး
သံသာသာ
သန့်သီရိ
သံလွင်နဒီ
သုန္ဒရီ
ဟေမာန်ဆောင်း
ဟေသီရွှန်း

အားလုံးပဲ ကျွန်မချွေးမလောင်းလေးအတွက် နာမည်လှလှလေး ကူရွေးပေးကြပါဦးနော်.. ကျေးဇူးမမေ့ပါဘူး.. သားမင်္ဂလာဆောင်ကျမှ အားလုံးကိုဖိတ်လိုက်မယ်.. သိပ်မလိုတော့ပါဘူး.. သားသားက ၂နှစ်တောင်ရှိပြီဆိုတော့ စောင့်ရလှ နှစ်အစိတ်လောက်ပေါ့..း)

11 comments:

့်Home Sweet Home said...

သဲမွန်ရည် နှင့် သက်ထက်မြတ်နိုး ထဲကအဆင်ပြေတာလေးရွေးလိုက်ရင်ကောင်းမလားလို့ ...

noblemoe said...

သက်ထက်မြတ်နိုး ကိုတော့အနှစ်သက်ဆုံးပါ။

သာယာချမ်းမြေ့ပါစေရှင်း
မိုး

ပါရမီဖြည့်ဖက်လေး said...

မမမြူးရေ၊ ညီမကတော့ သွဲ့သဇင် ဆိုတဲ့ နာမည်လေးကို ကြိုက်တယ်။ လှလည်းလှတယ်။ ကလေးက ဆောင်းတွင်း သဇင်ပန်းတွေပွင့်ချိန်မွေးတာဆိုတော့ အံကိုက်လေးဖြစ်သလားလို့ပါ။

moekhar said...

သွန်းဆုနှင်း :D

မိုးခါး

Myo Mon Yee Oo said...

သွင်သစ်ဆန်း၊ သင်းရနံ ၂မျိုးထပ်ပေးလိုက်တယ်နော်။ :)

သင့်သက်လယ်

Lorem Ipsum said...

သက်ထက်မြတ်နိုး ကိုကြိုက်ပါတယ်...

အသစ်-

သင်းသီရိ
သီရိလှိုင်

ရခိုင်အယူအဆအရဆိုရင် မွေးနံကိုအလယ်ထားတာမို့

ဆောင်းသဇင်

tin min htet said...

မိုးသံစဉ်နဲ့ လိုက်သွားအောင် "သံစဉ်သက်ထား" လို့ ပေးလိုက်ပါလား :P

မြူးမြူး said...

နာမည်ကူရွေးပေးကြသူများအားလုံးကို ကျေးဇူးပါ.. အတည်ဖြစ်သွားမှ ဘာနာမည်ပေးဖြစ်လဲပြန်ပြောပြမယ်နော်..

ThuHninSee said...

ကိုတင်မင်းထက်ပေးတဲ့ သံစဉ်သက်ထားဆိုတာလည်း
မိုက်တယ်။ သွဲ့သဇင်လည်းမဆိုးဘူးနော်

မြူးမြူး said...

သူငယ်ချင်းက သန့်သီရိလို့ ပေးလိုက်တယ်တဲ့.. ကျွန်မလဲကြိုက်တယ်..း)

ချမ်းလင်းနေ said...

ချွေးမလောင်းကို ပေးမယ့် နာမည်တွေ အားလုံး လန်းပါ့ဗျာ။