Wednesday, January 12, 2011

ဖူးနုသစ်ကပေးတဲ့အတွေး

မနေ့က ကိုဇက်တီဘလော့ကို မွှေနှောက်ဖတ်မိရင်း သူရေးထားတာကြာပြီဖြစ်တဲ့ ပို့စ်လေးတခုဖတ်မိတယ်.. ဂြိုဟ်ကြီး၈လုံးဖြစ်သွားတဲ့အကြောင်းပေါ့.. ပို့စ်ထဲမှာ မြန်မာပြည်က ပြဌာန်းစာအုပ်တွေ ဘယ်လောက် Up to Date ဖြစ်လဲဆိုတာ သိချင်တဲ့အကြောင်းလေးရေးထားတာဖတ်ရတော့ ကျောင်းတက်တုန်းက သင်ရတဲ့ Asbestos အကြောင်းကို သွားသတိရတယ်.. အင်္ဂလိပ်စာမှာသင်ရတာပါ.. ရေးထားတာတွေက Asbestos ရဲ့ကောင်းကျိုးတွေချည်းပဲ.. မီးခံကျောက်မို့လို့ မီးသတ်ဖို့အတွက် ပစ္စည်းတွေအမျိုးမျိုး ထုတ်လုပ်လို့ရတယ်လို့ ရေးထားတဲ့ ၂မျက်နှာသာသာ အက်ဆေးလေးပေါ့.. Asbestos ဆိုတာကို ခုမှကြားဖူးတဲ့သူတွေအတွက် တော်တော်ကိုအသုံးဝင်တဲ့ ကျောက်တမျိုးပဲလို့ ထင်နိုင်လောက်စရာ အရေးအသားမျိုး..

စလုံးကိုရောက်လာတော့ လုပ်ရတဲ့အလုပ်က Safety & Health related ဆိုတော့ Occupational Health Disease တွေလေ့လာရင်း Asbestosis ဆိုတာကို သိလာရတယ်.. Asbestos အမှုန်လေးတွေ အဆုပ်ထဲရောက်သွားရင် အဆုပ်ကင်ဆာဖြစ်တတ်တယ်တဲ့.. ကျွန်မ တော်တော်အံ့သြသွားရတယ်.. ကျောင်းမှာသင်ခဲ့ရတုန်းက ဘာမှကိုမပါဘူးလေ.. စလုံးမှာဆို Asbestos ကို Ban ထားတာ ၁၉၈၀ခုနှစ်ကတည်းက.. ကျွန်မ မမွေးခင်ကတည်းကပေါ့.. Asbestos အကြောင်းသင်ရတဲ့အချိန်မှာ ကျွန်မအသက် ၂၀ကျော်ပြီ.. ဘာလို့ကောင်းကျိုးတွေအကြောင်းပဲသင်ပြီး ဆိုးကျိုးတွေကို ထည့်မသင်လဲ စဉ်းစားမရပါဘူး.. အင်္ဂလိပ်စာမှာသင်တဲ့သင်ရိုးမို့ အကြောင်းအရာက အရေးမကြီးဘူး.. ဘာသာစကားကပဲ အရေးကြီးတယ်လို့များ တွေးကြလို့လားတော့ မသိဘူး.. ဘာပဲဖြစ်ဖြစ် အသက်အန္တရယ်ရှိတဲ့ အကြောင်းအရာမျိုးကတော့ သတိထားသင့်တယ်ထင်တာပဲလေ.. ခုကော ဆက်သင်နေသေးလားတော့မသိ..

သူတို့ပြောင်းချင်တဲ့သင်ရိုးကျ ခဏခဏပြောင်းနေကြသားပဲ.. ဥပမာ သူငယ်တန်းဖတ်စာပေါ့.. အဖွားတို့ခောတ်က “ က ကညစ်ပေမှာခြစ်” မေမေတို့ခောတ်ကျတော့ “က ကဇွန်းပင်ရေမှာရွှင်” ကျွန်မတို့ခောတ်ရောက်တော့ “က ကလေးငယ်ချစ်စဖွယ်” ဖြစ်သွားတာမျိုး.. ခုနောက်ပိုင်းလဲ ကျွန်မတို့တုန်းက ဆိုခဲ့တာနဲ့ အတူတာတွေ အများကြီး.. “န နဂါးမောင်အမောက်ထောင်” ဆိုတာကို “န နဖူးပြင်နံ့သာတင်” လို့ပြောင်းလိုက်တယ်.. “အ အမေ တို့တိုင်းပြည်” ဆိုတာကို “အ အမိမြေတို့တိုင်းပြည်” လို့ ပြောင်းလိုက်တယ်လေ.. အမောက်ထောင်တာ မကြိုက်လို့ရယ်.. အမေဆိုတဲ့စကားလုံးကို လက်မခံနိုင်လို့ရယ် ဖြစ်မယ်ထင်ပါရဲ့..

၂တန်းဖတ်စာမှာပါတဲ့ တို့အလံဆိုတဲ့ဖတ်စာတော့ ပြောင်းလိုက်ပြီထင်တယ်.. “ကျွန်တ်ာတို့ကျောင်းရှေ့ရှိ အလံတိုင်းတွင် ကျောင်းဖွင့်သည့်နေ့တိုင်း နိုင်ငံတော်အလံကို လွှင့်တင်ထားပါသည်” အစရှိတဲ့ဖတ်စာလေးကို ဖတ်ရတာအရမ်းကြိုက်ခဲ့ဖူးတယ်.. အလံတော်ရဲ့ ဆိုလိုရင်းကိုလဲ စွဲနေအောင်မှတ်မိနေသေးတယ်.. ခုအလံအသစ်ဖြစ်သွားတော့ ဘယ်အရောင်က ဘာကိုဆိုလိုတယ်.. ကြယ်ဖြူကြီးက ဘာကိုကိုယ်စားပြုတယ်ဆိုတာ သိချင်မိတယ်.. (သိရင်ပြောပြပါဦး)..

ကျွန်မက မြန်မာပြည်ရဲ့ပညာရေးစနစ်ကို အထင်မသေးပါဘူး.. ကိုယ်လဲ မြန်မာပြည်မှာပဲ ကျောင်းတက် ပညာတွေသင်ယူခဲ့ပြီး စလုံးမှာ လူလူသူသူအလုပ်ကလေး ရထားခဲ့တာပါ.. သားလေးကိုတောင် မြန်မာပြည်မှာပဲ ကျောင်းတက်ခိုင်းဖို့ ဆုံးဖြတ်ထားပါတယ်.. ကိုယ့်နိုင်ငံရဲ့ ပညာရေးစနစ်ကို ခုထက်ပိုပြီး တိုးတက်စေချင်တာတော့ အမှန်ပဲပေါ့.. မူလတန်းကနေ ဘွဲ့လွန်အတန်းတွေအထိ သင်ကြားပေးသူတွေရော သင်ယူကြသူတွေရော အဆင့်အတန်းမီမီနဲ့ ပညာရပ်ကောင်းတွေ သင်ကြားပေးခွင့် သင်ယူခွင့်တွေရရှိကြပြီး အသိပညာရှင် အတတ်ပညာရှင်တွေအများကြီး ထွက်လာစေချင်သေးတယ်.. အခွင့်ကြုံမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ပညာရေးလောကမှာ ဆရာမတောင်လုပ်လိုက်ချင်သေးတာ.. ပီတိကိုစား အားမရှိနိုင်လို့သာ စလုံးမှာ Hokkien Mee လာစားနေရတာလေ..း)

4 comments:

ပေတူး said...

ဟုတ် အိ။ ကျွန်တော်တို့ ဆိုဒ်ထဲမှာလဲ အဲဒီကျောက်တွေကို လုပ်တုန်းက အလုပ်သမားတွေ ကာကွယ်ရေးဝတ်စုံ ဝတ်ပြိး အလုပ်လုပ်ရတယ်..

့်Home Sweet Home said...

လာဖတ်သွားတယ်..။ မြူးမြူးကတွေးတက်ရေးတက်တယ်နော်...။

ချော(အစိမ်းရောင်လွင်ပြင်) said...

မမြူး
သူတို့က သူငယ်တန်းစာလောက်ဘဲဖတ်တတ်တာ
အင်္ဂလိပ်လိုကျတော့ ဖတ်တတ်ဘူး
ဒါကြောင့် သင်ရိုးက မပြင်နိုင်တာ
ဟီး သူတို့ဖတ်တတ်တဲ့ဟာကျ ခနခနပြောင်းနေတာ ကြည့်ပါလားး)

zue said...

ချောပြောတာ ဟုတ်လိုက်လေ...
ဒီထက်တော့ တိုးတက်စေချင်သေးတယ်...
သင်တဲ့သူတွေလည်း တကယ်သင်ပြီး တက်တဲ့သူတွေလည်း တကယ်တတ်မြောက်ချင်တဲ့ စိတ်လေး ထက်သန်ကြရင် ပိုပြီးတောင် ကောင်းဦးမယ် ထင်တယ်..