Friday, December 31, 2010

ခြင်္သေ့လည်ပြန်

ရက်ကိုလစား လကိုနှစ်စားလို့ အချိန်တွေကုန်သွားလိုက်တာ ၂၀၁၀ခုနှစ်ကြီးက လက်ပြနှုတ်ဆက်နေပြီ.. မနက်ဖြန်ဆို နှစ်သစ်ရောက်ပြီပေါ့.. တနှစ်တာအတွင်းလုပ်ခဲ့သမျှ ပြန်စဉ်းစားကြည့်လိုက်တော့ .....

ခရီးသွားခြင်း

ဖေဖော်ဝါရီလမှာ ရန်ကုန်ကိုခဏပြန်ဖြစ်တယ်.. တပါတ်ထဲဆိုတော့ ဘယ်မှလဲသိပ်မသွားဖြစ်.. ဘာမှလဲသိပ်မစားဖြစ်.. လုပ်မယ်လို့စဉ်းစားထားတာတွေ အကုန်လုပ်ဖို့တောင် အချိန်မရလိုက်ဘူး..
ဇွန်လထဲမှာ ဘန်ကောက်ကိုသွားပြီး ညီမလေးနဲ့တွေ့ခဲ့တယ်.. လေးနှစ်ကျော် ငါးနှစ်နီးပါး မတွေဖြစ်ကြတဲ့ ညီအစ်မတတွေ ဘန်ကောက်တခွင်ပြဲပြဲစင်အောင် လည်ပတ်စားသောက်ပစ်လိုက်ကြတယ်..

အလုပ်အကိုင်

လုပ်သက်သုံးနှစ်ပြည့်တဲ့လမှာ ရာထူးတက်သွားပါတယ်.. တိုးပေးလိုက်တဲ့ လစာနဲ့မတန်အောင် တာဝန်ယူရတာတွေ ပိုများလာတော့တာပေါ့.. အကြီးတန်းအရာရှိဖြစ်သွားတော့ ဘောစိရဲ့လူမိုက်ငှားခြင်းကို ခံရပါတော့တယ်.. ခုလောလောဆယ်တော့ စာရင်းစစ်လာတော့မှာမို့ အာလီဘာဘာဘုရင်မဖြစ်နေပါတယ်.. တနှစ်လုံး မေ့ထားသမျှ ခုမှစုပုံရှင်းလုပ်နေရပါတယ်ရှင်..

ငွေရေးကြေးရေး

၂၀၀၉အတွက်ဆုကြေးကို ၂၀၁၀ မတ်လမှာရတော့ မနှစ်က၀ယ်ထားတဲ့ ရန်ကုန်ကအိမ်ကလေးကို ပြင်ပစ်လိုက်တာ ကုန်ပါလေရော.. တလတလရသမျှလဲ ရရစားစားပေါ့.. လည်လည်လာတဲ့ ယောက်ခမရယ် ယောက်မရယ်ကောင်းမှုနဲ့ ၂ယောက်သားရတဲ့ ၁၃လစာလေးလဲ ပြောင်ပါပေါ့လား.. အို.. ဘာပဲဖြစ်ဖြစ် စားချင်တာစား ၀တ်ချင်တာဝတ် ၀ယ်ချင်တာဝယ်နိုင်သေးတာပဲ.. ရောင့်ရဲတတ်မှပေါ့ ပွင့်မြူးဇင်ရယ်..

မိသားစုအရေး

ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ပါပဲ.. စိတ်တိုတိုင်း အသံပြာအောင်အော်တတ်တဲ့ ကျွန်မရယ် စိတ်ဆိုးရင် နှုတ်ခမ်းတတောင်လောက်စူလာတတ်တဲ့ မောင်ရယ်.. ကျွန်မတို့စကားများရင် တဟားဟားရယ်တတ်တဲ့သားသားရယ်.. ရယ်လိုက်ကြ ငိုလိုက်ကြ ပြုံးလိုက်ကြ မဲ့လိုက်ကြနဲ့ ဆက်လက်ချီတက်နေဆဲပါပဲ..

အလှူအတန်း

မွေးနေ့မှာ မေမေကဘုန်းကြီးကျောင်းမှာ န၀ကမ သွားလှူပေးတယ်.. အောက်တိုဘာလထဲမှာ ဖေဖေဆုံးတာ ၂နှစ်ပြည့်အလှူအဖြစ် အိမ်မှာဘုန်းကြီးဆွမ်းကပ်ဖြစ်တယ်.. ရခိုင်ပြည်လေဘေးအတွက် အ၀တ်အထည်လေးနဲနဲပါးပါး လှူဖြစ်တယ်.. တလောက ကိုဇူလိုင်တို့ဦးစီးလုပ်တဲ့ အလှူလေးမှာလဲ ပါဝင်ဖြစ်တယ်.. လှူဖြစ်တာနည်းနေသေးတယ်လို့ ခံစားရပါတယ်.. နောက်နှစ်ကို ပိုပြီးအလှူအတန်းလေးလုပ်ဖြစ်အောင် ကြိုးစားရဦးမယ်..

ကျန်းမာရေး

အသေးအဖွဲလေးကလွဲလို့ ဘာမှမဖြစ်တာမို့ ကျန်းမာရေးကောင်းနေတယ်လို့ ပြောရမယ်.. ခုတလောတော့ ဗိုက်ခဏခဏအောင့်နေလို့ ငရုတ်သီးရှောင်နေရပါတယ်.. အစပ်မပါရင် စားမ၀င်တာမို့ တော်တော်လေးခက်သား.. မတတ်နိုင်ဘူး.. ကျန်းမာခြင်းသည် လာဘ်တပါးဆိုတာ စလုံးမှာပိုမှန်တာကိုး.. မကျန်းမာရင် ဆေးရုံဆေးခန်းတွေအတွက် လာဘ်တပါးဖြစ်သွားတော့မှာလေ..

လူမှုရေး

သားတယောက်နဲ့ အလုပ်တွေရှုပ်နေလို့ လူမှုရေးပျက်ကွက်ခဲ့တာလဲ များလှပြီ.. သူငယ်ချင်းတွေက နားလည်ပေးတတ်ကြလို့သာ တော်သေးတာပေါ့.. အားလုံးထဲမှာ အရင်ဆုံးကလေးအမေဖြစ်တာဆိုတော့ သူတို့ကလဲ နားလည်ကြပါတယ်.. မတွေ့တွေ့ဖြစ်အောင် ကျွန်မတို့အိမ်မှာပဲ စုပြီး စားကြသောက်ကြတယ်.. မဆိုးဘူပေါ့..

လက်ဆောင်

၂၀၁၀တနှစ်လုံး ရသမျှလက်ဆောင်တွေထဲက စွဲစွဲမြဲမြဲ သုံးဖြစ်နေတာက ဘလော့ဂါညီမလေးတွေ မွေးနေ့လက်ဆောင်ပေးတဲ့ ချားလ်စ်အန်ကိတ်က အိတ်ကလေးရယ်.. မေမေ၀ယ်ပေးတဲ့ ဝေါလက်လေးရယ်ပါပဲ.. ကျန်တာတွေကတော့ မေ့မေ့ပျောက်ပျောက်..


ခြုံကြည့်လိုက်ရင်တော့ ၂၀၁၀က အထိုက်အလျောက် အဆင်ပြေနေခဲ့တဲ့နှစ်ပါပဲ.. လာမယ့်နှစ်သစ်ကို ကြိုဆိုရင်း အားလုံးပဲ မင်္ဂလာနှစ်သစ်ပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်ရှင်..

(ပို့စ်ခေါင်းစဉ်ကို ပထမ သမင်လည်ပြန်လို့ပေးမလို့.. LEO ရာသီဖွားမို့ ခြင်္သေ့လည်ပြန်က ပိုကောင်းမယ်ထင်လို့လေ..)

5 comments:

ဧပရယ်လ်ပူး@ပူးတေ said...

သူငယ်ချင်းရေ ၂၀၁၀ ကို အဆင်ပြေပြေနဲ့ ကျော်ဖြတ်လာပြီးတဲ့နောက်မှာ ၂၀၁၁ ကိုလဲ ဒီထက် အဆပေါင်းများစွာ အဆင်ပြေ ပျော်ရွှင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်... ဘောနပ်စ်လဲ ဒီထက်ပိုပြီး များများရပါစေလို့ (ရပြီးရင်တော့ မုန့်ဝယ်ကျွေးနော်) :)

ဆောင်းနှင်းရွက် said...

ဟဟ ...
LEO မှာ ၅ ခု ရှိတဲ့ ထဲက ဘယ် အပိုင်းလဲ ...

LEO ဖွားတွေ က
စိတ်ကြီးတယ်တဲ့ ...
ဘူး ဆို ဖရုံ မသိဘူး ဆိုလားပဲ .. :D

ပြန်မပြော နားမထောင် ...
ခေါင်းမာတယ် တဲ့ ..

ဖတ်ဖူးတဲ့ စာအုပ်တွေထဲက
အဲ့လို ပြောတာပဲ ...
LEO ဖွားချင်း အတူတူမလို့ ..း))

နှစ်သစ်မှာ ပျော်ရွှင်နိုင်ပါစေ အမ ရေ ..း))


ခင်မင်လျှက်
ဆောင်းနှင်းရွက်

Thandar Lwin said...

မြူးေ၇.....

2011 မှာဒီထက်အဆင်ပြေပျော်ရွှင်ပါစေ။
မနက်ဖြန် သားလေးမွေးနေ့ East Coast သွားဖြစ်လား။
နှစ်သစ်မှာ မိသားစုပျော်ရွှင် ကျန်းမာပါစေနော်။

tin min htet said...

ခြင်္သေ့လည်ပြန်က ပိုလိုက်ပါတယ်။ အခုက ခြင်္သေ့ ကေနဲ့ မဟုတ်လား :P

Baby taster said...

မင်္ဂလာရှိသော နှစ်သစ်ဖြစ်ပါစေ
သားလေးရော မွေးနေ့မှာပျော်ရွှင်ပါစေ