Monday, December 20, 2010

သားလေးဖတ်ဖို့

သားလေးရေ...

ဘာမှမကြာလိုက်သေးဘူးလို့ ထင်နေရင်းနဲ့ကိုပဲ မေမေ့သားလေးတောင် ၂နှစ်ပြည့်တော့မယ်.. လွန်ခဲ့တဲ့၂နှစ်တုန်းက ခုလိုချိန်မှာ မေမေက ရန်ကုန်ပြန်ရောက်နေတာပေါ့.. မဆုံတာကြာတဲ့ ဆွေမျိုးတွေနဲ့ လည်ပတ်စားသောက်လို့ ကောင်းမှကောင်းပဲလေ.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့တောင် ပေါ့ပါးသွက်လက်နေလွန်းလို့ မေမေ့ကို အားလုံးက သြချယူရတယ်.. သားလေးက ဗိုက်ထဲမှာကတည်းက မေမေ့ကို ဒုက္ခမပေးတတ်တဲ့ သိတတ်လိမ္မာတဲ့ သားလေးပေါ့.. ဗိုက်ကြီးတကားကားနဲ့ ရုံးတက်နေရလဲ ပင်ပန်းတယ်လို့ကို မေမေမထင်ခဲ့ဘူး.. သားလေးဗိုက်ထဲမှာ ရောက်မလာခင်တုန်းကမှ ခေါင်းမူးခေါင်းကိုက်တွေ ခဏခဏဖြစ်တတ်သေးတယ်.. ကိုယ်ဝန်သက်တမ်းတလျှောက်လုံး ဘာမှကိုမဖြစ်ခဲ့တာမှ စားလို့သောက်လို့ကလဲ ကောင်းမှကောင်းပဲ.. ရန်ကုန်ကိုပြန်တဲ့အချိန် ကိုယ်ဝန် ၃၂ပါတ်မှာ မေမေ့ဗိုက်ကြီးက မိုးပျံပူဖောင်းကြီးအလားပေါ့.. ရန်ကုန်မှာစားဖို့ အသီးစုံ ၇ကီလိုကို ဟန်းကယ်ရီတွန်းလှည်းလေးနဲ့ ခပ်တည်တည်ဆွဲပြီး မေမေတစ်ယောက်တည်း လေယာဉ်ပေါ်တက်နိုင်တဲ့အထိကို ပေါ့ပါးဖြတ်လတ်နေဆဲပဲ.. လေဆိပ်ကိုရောက်တော့ လာကြိုတဲ့သူတွေက အံ့သြလို့.. ဗိုက်ကြီးသည်တစ်ယောက်တည်း ပြန်လာတာကို သယ်လာလိုက်တဲ့အထုတ်တွေက အိမ်ပြောင်းတာကျနေရောတဲ့..

ရန်ကုန်ရောက်ရောက်ချင်း ဘွားဘွားကြီးကိုသွားတွေ့ ပြီးတော့မှအိမ်ကိုရောက်တော့ သားသားဖီးဖီးက ထမင်းပွဲပြင်ပြီးစောင့်နေတယ်.. အိမ်ကလက်ရာကို လွမ်းနေတဲ့မေမေ့အတွက်တော့ ပွဲတော်ကြီးပေါ့.. စားကောင်းကောင်းနဲ့ စားသောက်ပြီး အိပ်လိုက်တာ မနက်လင်းတော့ မထနိုင်တော့ဘူး.. ခါးတွေနာပြီး ခြေထောက်တွေယောင်နေပြီလေ.. ခဏလေးပါပဲ.. နေ့လည်စာစားချိန်ရောက်တော့ အိုကေသွားပြီ.. အမျိုးအိမ်တွေက တရပ်ကွက်ထဲမှာဆိုတော့ အားလုံးဘွားဘွားကြီးအိမ်မှာဆုံကြပြီး လက်ဆောင်တွေဝေကြခြမ်းကြနဲ့ တပျော်တပါးကြီးပေါ့.. မေမေကတော့ ဘယ်သွားသွား ဆိုက်ကားကြီးနဲ့လေ.. ဆိုက်ကားခပ်သေးသေးဆိုရင် ထိုင်လို့တောင်မဆံ့ဘူး.. သားလေးမွေးလာရင် လိုအပ်မယ်ထင်တာလေးတွေကိုလဲ ဈေးတကာပတ်ပြီး ၀ယ်လိုက်သေးတာ.. ရောက်ပြီးနောက်တရက်တုန်းက အိုဂျီနဲ့သွားပြတော့ မေမေကရိုးရိုးပဲမွေးချင်တာကို သားလေးကခေါင်းမလှည့်လို့ မွေးရခက်မယ်တဲ့.. ကလေးက အရမ်းထွားနေတော့ လှည့်လို့မရတော့တာဖြစ်မယ်ဆိုတော့ သားသားရဲ့ဘွားလေးခွာညိုက ခွဲမွေးတာပဲကောင်းပါတယ်ဆိုလို့ ရက်ကောင်းတာလေးရွေးပြီး ဇန်န၀ါရီ၁၄ရက်နေ့မှာ ခွဲမယ်လို့ ရက်ချိန်းယူလိုက်တယ်.. ဂျူးဒိတ်က ဇန်န၀ါရီ ၂၆ရက်နေ့မှလေ.. SSC Women Centre မှာ အခန်းတွေဘာတွေ ဘွတ်ကင်လုပ်ထားတာပေါ့..

ဒီဇင်ဘာ၃၁ရက်နေ့ကျတော့ ဘွားဘွားကြီးတို့ခြံထဲမှာ နယူးရီးယားပါတီနဲ့ ဘာဘီကျူးတွေလုပ်စားကြတယ်.. မေမေကိုယ်တိုင် မနက်ခင်းကတည်းက ပုဇွန်တောင်ဈေးကိုသွား.. လိုတာတွေဝယ်.. ကြက်တောင်ပံက လိုချင်သလောက်မရလို့ Capital ကိုထပ်သွား.. ဘာဘီကျူးလုပ်ဖို့ အသားတွေငါးတွေကို ကိုယ်တိုင်နယ်.. တုတ်တွေနဲ့ထိုး.. တနေကုန်ကို အလုပ်ရှုပ်နေတော့တာ.. ညကျတော့ ဆွေမျိုးတွေပျော်ပျော်ပါးပါး စားကြသောက်ကြနဲ့ အိပ်ယာဝင်တော့ မနက်၂နာရီထိုးနေပြီ.. အိမ်ပြန်မနေတော့ပဲ ဘွားဘွားကြီးအိမ်မှာပဲ အိပ်လိုက်တော့တယ်.. ပင်ပန်းနေပြီကိုး..

ဇန်န၀ါရီ၁ရက်နေ့ မနက်အစောကြီး ခြောက်နာရီလောက်မှာ မေမေရုတ်တရက်လန့်နိုးလာတယ်.. ဗိုက်ထဲကသားလေးက ဆောင့်တိုးလိုက်လို့ပေါ့.. ခဏကြာတော့ ရေတွေဆင်းပါလေရော.. မေမေလဲလန့်ပြီးအော်တော့တာပေါ့.. ပင်ပန်းပြီးအိပ်နေကြတဲ့လူတွေအားလုံး လန့်နိုးသွားပြီး ဘွားလေးခွာညိုဆီဖုန်းဆက်ကြ.. အိုဂျီဆီဖုန်းဆက်ကြ.. မေမေတို့အိမ်ကိုဖုန်းခေါ်ပြီး ဘွားလေးမိုးကို အထုတ်တွေပြင်ခိုင်းကြနဲ့ အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. ၁၄ရက်နေ့မှ ခွဲမယ်လို့စီစဉ်ထားတော့ ဘာမှကို အဆင်သင့်မဖြစ်သေးတာလေ.. အိုဂျီက Women Centre ကိုချက်ချင်းလာခဲ့.. ခွဲမယ်ဆိုတာနဲ့ သားလေးရဲ့ဘဘဘိုဘိုက လိုက်ပို့ပေးတယ်.. ဟိုရောက်တော့ ခွဲခန်းမအားသေးတာနဲ့ မနက်၁၀နာရီမှာခွဲမယ်ဆိုလို့ စောင့်နေရသေးတယ်.. ခွဲခန်းထဲရောက်တော့ မေမေ့ကိုထုံဆေးထိုး ထုံလာတာနဲ့ ခွဲတာပဲ.. မေ့ဆေးမဟုတ်တော့ နာသာမနာတာ မေမေကအားလုံးကိုသိနေတယ်လေ.. သားသားကို ထုတ်မယ်လုပ်တော့ ရုန်းကန်နေလိုက်တာများ မေမေ့ရင်ဝကို ခေါင်းလေးနဲ့တိုးနေတာကို မေမေတောင်သိနေတယ်.. ဘွားလေးခွာညိုက ခွဲခန်းထဲအထိလိုက်လာတယ်လေ.. မေမေ့သားလေးကို ထုတ်ကြတော့လဲ ခြေထောက်ကအရင်ထွက်လာတယ်တဲ့.. ပြီးတော့ သားလေးက ရေတွေမွန်းနေလို့ မွေးမွေးချင်းမှာ မငိုနိုင်ဘူး.. ရေတွေစုတ်ထုတ်လိုက်တော့မှ အာဗြဲကြီးနဲ့ အော်တော့တာလေ.. ငိုသံကြားတော့မှ မေမေလဲစိတ်အေးရတာပေါ့.. ခဏနေတော့ ဘွားလေးခွာညိုက သားလေးကိုချီပြီးလာပြတယ်.. အနှီးထုတ်လေးထဲက သားလေးမျက်နှာလေးက ၀ိုင်းစက်လို့.. မျက်လုံးလေးက တဖက်ပဲပွင့်သေးတယ်လေ.. ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်တဲ့.. ဂျူးဒိတ်ထက် တစ်လနီးပါးစောမွေးတာတောင် သားလေးက သိပ်ထွားနေတာ.. ခွဲခန်းထဲကထွက်လာတော့ သားလေးကိုလာကြည့်ကြတဲ့ ဦးဦး တီတီ ဘိုးဘိုး ဘွားဘွားတွေနဲ့ စည်ကားနေပြီ.. မေမေက ဆရာမအကူအညီနဲ့ သားလေးကို ချိုချိုတိုက်ကြည့်တယ်.. အစားပုတ်လေးက ချိုချိုသောက်ရလို့ ပျော်နေပုံပဲ.. အအိပ်ကလဲပုတ်သေးတယ်.. ညညဆို အကြာကြီးအိပ်နေလို့ မေမေနဲ့ဆရာမက အတင်းနှိုးပြီး ချိုချိုတိုက်နေရတယ်.. သားလေးကထွားတော့ ချိုချိုများများမသောက်ရင် အသားဝါတတ်တယ်ဆိုလို့လေ.. ဒါတောင် ၃ရက်သားလောက်မှာ အသားနည်းနည်းဝါလာလို့ သွေးဖောက်စစ်ရသေးတယ်.. ဖနောင့်ကနေဖောက်တော့ သားလေးက အသံပြာအောင်အော်ငိုတာလေ.. မေမေ့မှာ သားလေးကိုသနားလို့ ရင်ဘတ်ထဲကတောင်ကျင်နေအောင် ခံစားရတယ်.. တော်သေးတာပေါ့ သားလေးက အကြာကြီးငိုမနေဘူး.. သွေးစစ်တဲ့အဖြေထွက်လာတော့ မီးချောင်းအောက်မ၀င်ရဘူးဆိုလို့ မေမေ့မှာပျော်လိုက်ရတာ.. ၅ရက်သားကျတော့ မေမေတို့သားအမိ အိမ်ပြန်ကြတယ်.. သားသားတလခွဲမပြည့်တပြည့်မှာ မေမေတို့ စလုံးကိုပြန်လာခဲ့ကြတယ်လေ.. သားလေးရဲ့မားမားက လေဆိပ်မှာလာကြိုတယ်.. ဖေဖေကတော့ အလုပ်ကပြန်လာမှပဲ သားလေးနဲ့တွေ့ရတော့တာ.. သားလေးဖေဖေက အလုပ်စ၀င်စဆိုတော့ ခွင့်ယူလို့မှမရသေးတာကိုး..

သားလေးက သိပ်ကိုသန္ဓေကောင်းတဲ့ကလေးလေးပါ.. မွေးစကတည်းက နေ့နဲ့ညမှားတာတွေ.. ညမအိပ်လို့ မေမေအိပ်ရေးမ၀တာတွေ တခါမှမရှိခဲ့ဘူး.. အငိုလဲနည်းတယ်လေ.. သားလေးအတွက် ပါတ်စပို့ အချိန်မီမရမှာကို ပူရတာရယ်.. စလုံးမှာ သားလေးနေထိုင်ခွင့်မရတာကို ပူရတာရယ်ကလွဲလို့ သားလေးက မေမေ့ကို ဘာအပူမှ မပေးခဲ့ပါဘူး.. လာမယ့် ဇန်န၀ါရီ၁ရက်နေ့ဆို မေမေ့သားလေး ၂နှစ်ပြည့်ပြီနော်.. သားလေးကို မွေးနေ့မှာပျော်စေချင်လို့ သားလေးသဲဆော့လို့ရအောင် အရှေ့ကမ်းခြေမှာ ဘာဘီကျူးပါတီလေး မေမေစီစဉ်ပေးထားတယ်.. ဘယ်သွားချင်လဲမေးရင် အမြဲတမ်း Beach လို့ဖြေတတ်တဲ့သားလေးအတွက် မေမေ့ရဲ့လက်ဆောင်ပေါ့.. သားလေးရဲ့ ဘွားဘွားနဲ့တီတီလေးလဲ ရောက်နေမှာဆိုတော့ မေမေ့သားလေးအရမ်းပျော်နေမှာ မေမေမြင်ယောင်မိပါသေးတယ်လေ..

(သားလေးကိုမွေးတုန်းကအကြောင်းလေးတွေကို အမှတ်တရအနေနဲ့ မှတ်တမ်းတင်ထားလိုက်တာပါ.. သားလေးကြီးလာရင် ဖတ်ရအောင်ပေါ့.. ကဲ.. သားလေးမွေးနေ့ပွဲလေးကို လာဖြစ်အောင်လာခဲ့ကြဖို့ အားလုံးကိုဖိတ်ကြားအပ်ပါသည်နော်.. )

3 comments:

Anonymous said...

ပိုစ့်လေးကချစ်စရာကောင်းလိုက်တာမမြူးရယ်
မောင်မိုးလေးကြီးလာရင်ဖတ်ရင်းနဲ့တော်တော်လေးခံစားရမယ်ထင်တယ်..။
မီးမီးတို့လည်းလာလို့ရလား..ဟီး
အဆင်ပြေရင်လာခဲ့မယ်နော်...။

ပါရမီဖြည့်ဖက်လေး said...

မမမြူးရေ - သားလေးဖတ်ဖို့ကို လာဖတ်သွားတယ်နော်။ မိခင်မေတ္တာဆိုတာကို သားသမီးမွေးဖွားတဲ့ အချိန်ကျမှပဲ အပြည့်အ၀နားလည် ခံစားရတာ ထင်တယ်နော်။ သားသားက ဗိုက်ထဲမှာကတည်းက သဘောကောင်းတော့ မမမြူးသက်သာတာပေါ့။ ကံကောင်းတယ်နော်။ သားသားလေး ပျော်ရွှင်ဖွယ်မွေးနေ့ဖြစ်ပါစေ။ သားသားလေးတို့ မိသားစု ကျန်းမာပျော်ရွှင်စွာကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်။

ချော(အစိမ်းရောင်လွင်ပြင်) said...

သားလေးကြီးလာလို့ ဖတ်မိရင် ဘယ်လောက်များ စိတ်ကြည်နူးမလဲနော်
သိပ်စိတ်ကူးကောင်းတာဘဲ
ဒါဟာ မိခင်နဲ့ သားသမီးကြားမှာ ပြသင့်တဲ့ ချစ်ခြင်းမေတ္တာ သင်္ကေတလေးတစ်ခုပါဘဲ
ကိုယ်တွေတောင် ဖတ်ရင်နဲ့ ကြည်နူးသွားတယ်
သားသားလေးလဲ ပျော်ရွှင်ချမ်းမြေ့ပါစေ