Tuesday, December 7, 2010

ကျွန်မနဲ့ကျွန်မရဲ့ဆံပင်


ကျွန်မငယ်ငယ်တုန်းက ဆံပင်လေးတွေက လိမ်လိမ်ကွေးကွေးနဲ့ ပြော့ပြော့လေးတွေ.. ခု သားသားရဲ့ဆံပင်လေးတွေလိုပေါ့.. ဆွဲဆန့်လိုက်ရင် အရှည်ကြီးထွက်လာပြီး လွှတ်လိုက်တာနဲ့ ဖတ်ဆိုပြန်ကပ်သွားရော.. ငယ်ငယ်တုန်းက ဓါတ်ပုံလေးတွေပြန်ကြည့်ရင် အရမ်းသဘောကျမိတာက ဆံပင်လေးတွေပဲ.. လေးနှစ်လောက်ရောက်လာတော့ ဆံပင်က ကျောလည်လောက်ရောက်နေပြီ.. ဖေဖေက သမီးတွေကို ဆံပင်အရှည်ထားပေးချင်တာလေ.. ဆံပင်ရှည်လာတော့ ကျွန်မက မေမေ့ကို ဆံပင်ဖြောင့်ပေးဖို့ ဂျီကျတာပေါ့.. ခုခောတ်လို ဖြောင့်တာတွေမပေါ်သေးတော့ မေမေက ကျစ်စာမြီးသေးသေးလေးတွေကျစ် ကောက်ဆေးထည့်ပြီး ဖွပေးလိုက်တယ်.. ဆံပင်နည်းတဲ့ ကျွန်မနဲ့တော့အကိုက်ပေါ့.. ဖြောင့်သွားတော့ ဆံပင်က ပိုရှည်လာတယ်ထင်ရတာမို့ ကျွန်မကသဘောတွေကျလို့.. သူငယ်တန်းကျောင်းစတက်တော့ ဆံပင်က ခါးကျော်နေပြီ.. မေမေက ခေါင်းစည်းကြိုးလှလှလေးတွေ ကလစ်လှလှလေးတွေ အများကြီးဝယ်ပေးတယ်.. တနေ့တမျိုးနဲ့ ပဲထုတ်လို့ကောင်းမှကောင်းပေါ့..

ကျွန်မ၂တန်းလောက်ရောက်တော့ မေမေက ဆံပင်အလှပြင်သင်တန်းတက်ပြီး ဆိုင်လေးဖွင့်ပါတယ်.. မေမေသင်တန်းတက်နေကတည်းက ကျွန်မဆံပင်ကို မျိုးစုံကောက်ကြည့်လိုက် ညှပ်ကြည့်လိုက်နဲ့.. ဆံပင်ပုံစံအမျိုးမျိုးနဲ့ ကျွန်မကြီးပြင်းခဲ့ရတယ်.. မေမေက ကောက်ဆေးကောင်းကောင်းတွေသုံးပေးတော့ ဆံပင်တော့ သိပ်မပျက်စီခဲ့ပါဘူး.. ၇တန်းလောက်မှာ မေမေက စလုံးကိုထွက်သွားတော့ ကျွန်မလဲဆံပင်ကို ဘာမှအထူးအထွေမလုပ်ဖြစ်တော့ဘူး.. ၁၀တန်းအောင်လို့ ဂျီတီစီတက်တော့ ဆံပင်က တင်ပါးဖုံးနေပြီ.. အဲဒီအချိန်မှာ ကျွန်မဆံပင်က ငယ်ငယ်တုန်းကလို မကောက်တော့ဘူး.. အရမ်းကြီးဖြောင့်တာလဲမဟုတ်ပဲ လှိုင်းကြီးကြီးတွေ ကောက်နေတာမျိုးပေါ့.. ကျွန်မက အမြဲတမ်း ကျစ်စာမြီး၂ဖက်ခွဲစီးထားတတ်လို့ အတန်းထဲကကောင်တွေက အီးတီလို့တောင် နာမည်ပေးတားတယ်.. မှော်ဘီမှာ ရေတွေကမကောင်းလို့ ကျွန်မဆံပင်တွေ စပြီး ပျက်စီးလာတော့ တော်တော်လေးစိတ်ညစ်ခဲ့ရတယ်.. အဖျား၂ခွတွေဖြစ် ဆံပင်တွေက နီကြောင်ကြောင်နဲ့ တော်တော်ရုပ်ဆိုးလာလို့ ပထမနှစ်မကုန်ခင်မှာပဲ တူးစတပ်အတိုလေး ညှပ်ချပစ်လိုက်ရတော့တယ်လေ.. နောက်ပိုင်းတော့ အဆောင်ပြောင်းနေလိုက်တာ ရေကလဲပိုကောင်းလာတာနဲ့ ဆံပင်မပျက်စီးတော့လို့ အရှည်ပဲပြန်ထားဖြစ်တာ ကျောင်းပြီးတဲ့အချိန်မှာ ဆံပင်က ခါးကျော်ကျော်လေးပြန်ရောက်နေပြီ..

စလုံးကို လာခါနီးကျတော့ ဆံပင်ရှည်ကြီးနဲ့ ထိန်းသိမ်းရခက်တယ်ဆိုပြီး ကျောလည်လောက် စတပ်ညှပ်ပြီးကောက်လိုက်တယ်.. သွားကောက်မိတဲ့ဆိုင်က သိပ်မကောင်းတော့ စိတ်တိုင်းမကျတာနဲ့ပဲ ဆံပင်ကို အမြဲစည်းထားဖြစ်တော့ အဖွားကြီအိုရုပ်ထွက်ကရောပဲ.. မင်္ဂလာဆောင်တုန်းက ဆံပင်ကို အခွေလေးတွေလုပ်ပြီး တစောင်းစည်းထားတဲ့ပုံလေး မိတ်ကပ်ဆရာမကလုပ်ပေးတယ်.. နောက်ပိုင်း ကိုယ်ဝန်ရှိလာတော့ ဆံပင်ပြင်တာတွေဘာတွေ ဘာမှကို မလုပ်ဖြစ်တော့ဘူး.. ကိုယ်ဝန်၇လကျော်လောက်မှာ ပူလွန်းအိုက်လွန်းလို့ ဆံပင်ကိုညှပ်ချလိုက်တာမှ တိုကပ်ကပ်လေး.. အဲဒီကမှ ပြန်ရှည်လာတဲ့ဆံပင်ကို ခုနှစ် နှစ်ဆန်းပိုင်းလောက်မှာ ဖြောင့်ပြီး ဆေးဆိုးလိုက်သေးတယ်.. သိပ်စိတ်တိုင်းမကျပါဘူး.. ကျွန်မက မျက်နှာကြီးမျိုးဆိုတော့ ဆံပင်ပြားကပ်ကပ်နဲ့ မလိုက်ဘူးပေါ့.. နည်းနည်းကြာလာတော့ ပြန်ရှည်လာတဲ့ဆံပင်တွေနဲ့ ဖြောင့်ထားတဲ့ဆံပင်တွေကြားမှာ အထစ်ကြီးဖြစ်ပြီး အရောင်ကလဲမတူတာမို့ တော်တော်ကြည့်ရဆိုးလာပါတော့တယ်..

အဲဒါနဲ့ပဲ ပြီးခဲ့တဲ့စနေနေ့က ပန်နင်ဆူလာက သီရိမှာ ဆံပင်သွားကောက်လိုက်ပါတယ်.. ဒစ်ဂျစ်တယ်ကောက်ဆိုလားပဲ.. မဟော်ဂနီရောင်လေးလဲ ပြန်ဆိုးလိုက်တယ်.. ခုတော့ ကျွန်မ ဆံပင်ပုံစံအသစ်လေးကို တော်တော်သဘောကျနေပါတယ်.. မောင်ကပြောတယ်.. ပါးဖောင်းဖောင်း မျက်လုံးပြူးပြူး နှုတ်ခမ်းစူစူ ဆံပင်ကောက်ကောက်နဲ့ အရုပ်မနဲ့တူသွားပြီတဲ့.. သားသားတော့ မေမေ့ဆံပင်တိုတို တဲ့.. ဘာပဲပြောပြော ကျွန်မတော်တော်စိတ်တိုင်းကျသွားပါတယ်.. ကျွန်မနဲ့လိုက်တဲ့ ပုံစံလေးရွေးပြီး စိတ်ရှည်လက်ရှည်လုပ်ပေးတဲ့ သီရိဆိုင်က ညီမလေး “နီ”ကိုလဲ ကျေးဇူးအများကြီးတင်ပါတယ်လို့ ဒီပို့စ်လေးနဲ့ ပြောလိုက်ချင်ပါတယ်..

12 comments:

Unknown said...

show me ur photo please!!

:D

noblemoe said...

ခုမှ ပုံကြည့်မိလို့ တော်တော်လှတာတကယ်လိုက်တယ် အဲ့ဆံပင်ပုံလေးနဲ့

သာယာချမ်းမြေ့ပါစေရှင်း
မိုး

မြူးမြူး said...

@su.. FB မှာ တင်ထားတယ်.. ဟိဟိ..
@မိုး.. ကျေးဇူးစ်စ်စ် :)

ပါရမီဖြည့်ဖက်လေး said...

ဒစ်ဂျစ်တယ်ကောက်လေးနဲ့ မမမြူးပုံလေး မြင်ချင်လိုက်တာ။

မေဇင် said...

သီရိ က...နီ ဟုတ်လား..စိတ်ဝင်စားတယ်... သွားကြည့်ဦးမယ်..း)) ပင်နစူလာ မှာ အဲ့ဆိုင်နာမည် ရှိမှန်းမသိဘူးး)

မြူးမြူး said...

@ပါရမီဖြည့်ဖက်လေး.. Face Book မှာ တင်ထားတယ်ညီမလေးရေ.. myuemyue@gmail.com ကို add လိုက်..
@နောင့်.. ပန်နင်ဆူလာ ၂ထပ်က 4Dဆိုင်နားလေးမှာ နောင့်လေးရဲ့.. ဖွင့်တာမကြာသေးဘူးထင်တယ်.. :)

စန္ဒကူး said...

ငယ်ငယ်ကအကြောင်းဖတ်မိလို့ ပြုံးမိတယ်။
ကူးငယ်ငယ်က မာမီက ဆံပင်ကိုလေးချောင်းအမြဲချီပေးတယ်။ ကျောင်းက ကလေးတွေက ဂျိုပေါက်နေတဲ့ကောင်မလေးလို့အမြဲခေါ်တယ်။
မန္တလေးမှာပူအိုက်တော့ ဆံပင်ကလဲထူတာနဲ့ မာမီက လေးချောင်းခွဲချီပေးတယ်ပြောတာဘဲ...
၅-၆ တန်းရောက်တော့ ကျစ်ဆံမြီး နားနားမှာနှစ်ချောင်းဆီကျစ်ပီး အနောက်ဘက်သိုင်းချည် ထားပေးပြန်တယ်..
အဲတော့ ကျောင်းက ကလေးတွေက ဖက်ဆစ်ဂျပန်မ ခေါ်ပြန်ရော..ဟားဟား..
တွေးရင်းရီချင်တယ်..ဆံပင်အကြောင်းတော့ မပြောချင်တော့ဘူးရယ်.. FB မှာadd လိုက်မယ်.. ကူးလဲဆံပင်အကောင်လေးတွေဆိုသိပ်သိပ်ကြိုက်.. ဒီက ကပလီလေးတွေဆံပင်ဆိုသွားသွားဆွဲတာ ပြန်လိပ်တက်သွားတာသဘောကျလို့

Anonymous said...

မမြူးရယ် မီးကို ဖဘမှာလက်ခံဦးနော်..ဒီနာမည်နဲ့ပဲ
ဒီဇိုင်းသစ်လေးနဲ့လန်းနေတယ်ပေါ့လေ..မထူးထူးလည်းကေအသစ်နဲ့ ညီအမနှစ်ယောက် လန်ထွက်နေတာ..။

ခင်တဲ့
ဆုမြတ်

Baby taster said...

ယုံဖူး
ဓါတ်ပုံပြ နောက်တာ :P
Fb အကောင့်တော့ ရှိတော့ဘူး
ဖျက်လိုက်ပြီ နို့မဟုတ် မြင်ဘူးချင်တယ်
ဆံပင် အသစ်လေးနဲ့ အရင်က ပုံမြင်ဘူးတယ်
သားလေးကို ထမင်းခွံနေတဲ့ ပုံလေးလေ
နောက်တပုံက ရေကူးကန်မှာပေါ့ ဟုတ်တယ်မှလား
ဒီဆံပင်လေးနဲ့ လှတယ်တော့လို့ အပြောခံချင်
ရင် ပုံလေး တင်ပေးပေါ့။

rose said...

အလည်လာပြီး စာလာဖတ်သွားပါတယ် မြူးမြူးရေ... ရို့စ်ကတော့ ဆံပင် အဖြောင့်လေးနဲ့ ဆိုတော့ ကောက်ချင်တယ်လေ။ ခစ်ခစ် လူတွေရဲ့ ဆန္ဒက တစ်ယောက် တစ်မျိုးစီနော်။

Sunny said...

ဆံပင်ပုံစံအသစ်လေး မြင်ဖူးချင်တယ်.. :)

ချော(အစိမ်းရောင်လွင်ပြင်) said...

ပုံမပါဘဲ စာနဲ့ဘဲ လှတယ်ပြောတော့ ဘယ်ယုံပါ့မလဲ
ဓာတ်ပုံနဲ့တကွ တွဲပြီးတင်သင့်တာနော်...
ဒါမှ ယုံမှာပေါ့း)