Thursday, September 9, 2010

ဘူမိနက်သန်

ဖေဖော်ဝါရီလ ၂၁ရက်နေနဲ့ မတ်လ ၂၁ရက်နေ့ကြား မွေးဖွားသူများကို မိန်ရာသီဖွားများ (Pisces) လို့ ခေါ်ကြတယ်.. ရာသီခွင် သင်္ကေတကတော့ ငါးရုပ်ပေါ့.. မြန်မာပြည်မှာဆို ဆောင်းအကုန်နွေအကူးကာလ ပူလောင်မှုတွေကနေ တဖြေးဖြေးအေးလာတဲ့ သဘောပေါ့.. ခြောက်ခြောက်သွေ့သွေ့တော့ဖြစ်နေမယ်.. တည်ငြိမ်တဲ့ အေးမြခြင်းပေါ့..

ဇူလိုင်လ၂၂ရက်နေ့နဲ့ သြဂုတ်လ၂၁ရက်နေ့ကြား မွေးဖွားသူများကျတော့ သိဟ်ရာသီဖွားများ (Leo) ပေါ့.. သင်္ကေတက ခြင်္သေ့ရုပ်ကြီးလေ.. မိုးတွေသည်းသည်းမည်းမည်း ရွာတတ်တဲ့ကာလမျိုး.. အေးချမ်းတဲ့သဘောပါပဲ.. အရှိန်အဟုန်တော့ ပြင်းလိမ့်မယ်.. အလောတကြီး ဒေါသတကြီးပေါ့..

မိန်ရာသီဖွားကောင်လေးတစ်ယောက်နဲ့ သိဟ်ရာသီဖွားကောင်မလေးတစ်ယောက်တို့ ဆုံမိကြတဲ့အခါ ခြောက်သွေ့နေတဲ့ မိန်ရာသီဖွားရဲ့ဘ၀ကို သိဟ်ရာသီမိုးစက်လေးတွေက စိုပြေလာစေခဲ့ပါသတဲ့.. သိဟ်ရာသီဖွားရဲ့ အလောတကြီးနဲ့ ဒေါသတွေကို မိန်ရာသီရဲ့တည်ငြိမ်ခြင်းနဲ့ ဖေးမခဲ့ပါသတဲ့.. ၂ယောက်အတူ မခွဲမခွာ အခြေချနေထိုင်ကြဖို့ နယ်မြေသစ်ရှာဖွေကြတဲ့အခါ ကျွန်းဆွယ်တစ်ခုရဲ့ထိပ်နားက ကျွန်းငယ်လေးတစ်ကျွန်းကို သွားတွေ့ကြသတဲ့.. စွန့်စားချင်တဲ့ သိဟ်မလေးက အရင်ဆုံး သွားပြီး နယ်မြေအခြေအနေတွေ လေ့လာတော့တာပေါ့.. မိန်ကောင်လေးကတော့ သိဟ်မလေးကလာခဲ့တော့ဆိုမှ လိုက်လာခဲ့ဖြစ်တယ်.. သူကအငယ်ကိုး.. အငယ်ပေမယ့် အလျှော့ပေးတတ်တော့ ဆရာလုပ်ချင်တဲ့ သိဟ်မလေးနဲ့ အကိုက်ပဲပေါ့...

ဒီလိုနဲ့ ၂ယောက်သား ကျွန်းငယ်လေးပေါ်မှာပဲ ထိမ်းမြားလိုက်ကြတယ်.. နောက်တော့ မကာရရာသီဖွားလေး (Capricorn) တစ်ယောက် ထွန်းကားလာပါသတဲ့.. မကာရရဲ့သင်္ကေတက တောင်ဆိတ်ဆိုတော့ အပြေးမြန်သပေါ့.. ရေထဲကဖေဖေငါးနဲ့ မြေပေါ်ကမေမေခြင်္သေ့ခမျာ တောင်ဆိတ်လေးကိုမှီအောင် မနည်းလိုက်ရတယ်လေ.. မိသားစုတတွေပျော်ပျော်ရွှင်ရွှင်ပါပဲ.. ရန်ဖြစ်လိုက်ကြ ပြန်ချစ်လိုက်ကြ.. အော်ဟစ်လိုက်ကြ ရယ်မောလိုက်ကြနဲ့.. ကျွန်းကလေးကပေးတဲ့ ပင်ပန်းမှုတွေကိုတောင် မိသားစုစိတ်နဲ့ အဝေးပြေးစေခဲ့သတဲ့လေ..

တကယ်တော့ သိဟ်ရာသီ ခြင်္သေ့မလေးက အခြေချဖို့ နယ်မြေရှာတုန်းက လျှို့ဝှက်ချက်လေးရှိတယ်.. Merlion လို့ခေါ်တဲ့အရုပ်ကြီးကို အားလုံးသိကြမှာပေါ့.. ကျွန်းငယ်လေးရဲ့သင်္ကေတလေ.. ခြင်္သေ့တပိုင်း ငါးတစ်ပိုင်း ပေါင်းစပ်ထားတဲ့ ပုံဆိုးပန်းဆိုးကြီးပေါ့.. ခြင်္သေ့တပိုင်း ငါးတပိုင်းဆိုတော့ သိဟ်တပိုင်း မိန်တပိုင်းလေ.. သိဟ်နဲ့မိန်တို့ ပေါင်းစပ်သင့်တဲ့ ဘူမိနက်သန် နေရာမှန်ဟာ ဒီကျွန်းငယ်လေးပဲ ဖြစ်ရတော့မပေါ့ကွယ်.. ခုပဲကြည့် လူမှန်နေရာမှန်မို့ အဆင်ကိုပြေလို့.. တခါတလေတော့လဲ ငြင်းရ ခုန်ရနဲ့ စိတ်ပင်ပန်းသပေါ့လေ.. သင်္ကေတအရုပ်ကြီးကိုက ကိုးရိုးကားယားမဟုတ်လား.. ဒီလောက်တော့ရှိမှာပေါ့.. ဘာပဲပြောပြော ပျော်ခဲ့ရတာကပိုပါတယ်.. ကဲ ခြင်္သေ့မလေး နေရာရွေးတာ မတော်ဘူးလားပြော...

6 comments:

ဧပရယ်လ်ပူး@ပူးတေ said...

တော်ပါ့ တော်ပါ့... ဇာတ်လမ်းလေးကလဲ မိုက်ပ... ခြင်္သေ့မလေးတော်ချက်... ကဲ နောက်ထပ်.. နွားလားဥဿဖလေးတွေ (taurus)၊ အမွှာလေးတွေ (Gemini)၊ ဂဏန်းလေးတွေ (Cancer)၊ စသဖြင့် ထုတ်လုပ်နိုင်ပါစေလို့ ဆုတောင်းလိုက်တယ်နော်....

rose of sharon said...

ပြောမယ်.. ပြောပါ့မယ်... ခြင်္သေ့မလေး တော်တယ် :D

မေဇင် said...

ခြင်္သေ့ 2 ကောင်ဆို ဘယ်လိုနေရာမျိုးကို ရွေးရပါ့....ပြောပြပါဦး မမ ရယ်း))

tin min htet said...

For 2 lions, India is good place. You will get one more lion and will become 3 lions.

tin min htet said...
This comment has been removed by the author.
ပန်းခရမ်းပြာ said...

ပို့စ်တပုဒ်လုံးကို တပြုံးပြုံးနဲ့ ဖတ်သွားလိုက်တာ Merlion ကြီး အထိပဲ ...။
ခြင်္သေ့မလေး သိပ်တော်တယ်။
တောင်ဆိတ်လေးလဲ ချစ်စရာကောင်းတယ်။
ငါးလေးလဲ ပျော်နေမှာပါ။

မချို