Tuesday, August 31, 2010

မေမေရဲ့မောင်မိုးလေး

သားသားအကြောင်းလေးတွေတောင် မရေးဖြစ်တာကြာပြီ.. ခုသားသားက လ၂၀ပြည့်ခါနီးပေါ့.. လမ်းလျှောက်တတ်ယုံမကလို့ တောက်တောက်ပြေးနေပြီ.. ဘာမြန်သလဲမမေးနဲ့ လုံးဝကို လိုက်လို့မမှီတော့ဘူး.. အကြောက်အလန့်မရှိ တအားကိုဆော့ပါတယ်.. တွေ့သမျှကို စူးစမ်းမယ်.. ခုံတွေ့ရင် တွယ်တက်မယ်.. ကစားကွင်းရောက်ရင် မျောက်ရှူံးအောင်ဆော့မယ်.. ကစားစရာပုံးကို သွန်ချပြီး အထဲဝင်ထိုင်မယ်.. ကွန်ပြူတာကီးဘုတ်မှာ တွေ့ရာကိုနှိပ်မယ်.. သီချင်းသံကြားရင် ကမယ်.. မိုက်ခရိုဖုန်းတွေ့ရင် ဆွဲပြီးသီချင်းဆိုမယ်.. အဲဒါ သားသားလုပ်နေကျတွေပေါ့..

စကားလဲ တော်တော်ပြောနေပြီ.. "ဖေဖေ.. မေမေ.. မားမား.. ဖိုးဖိုး.. မမ.. ကိုကြီး.. "လူမမှားအောင်ခေါ်တတ်တယ်.. သားသားနာမည်ဘယ်လိုခေါ်လဲဆို "မောင်မိုး"တဲ့.. ဘယ်သူမှလဲ မောင်မိုးလို့မခေါ်ပဲနဲ့ သူ့ဟာသူ နာမည်ပေးထားတယ်.. ဖေဖေနာမည်ဘယ်လိုခေါ်လဲဆို "ဗိုက်ပူ"တဲ့.. ကျွန်မသင်ပေးထားတာ.. သူ့အဖေရှေ့ဆိုမခေါ်ဘူးနော်.. မေးရင်မကြားချင်ယောင်ဆောင်နေတာ.. မေမေ့နာမည်ဘယ်လိုခေါ်လဲဆို "မူးမူး"တဲ့.. မြူးမြူးကို ပီအောင်မခေါ်တတ်သေးဘူးလေ.. ဘယ်သူ့ကိုယူမလဲမေးရင် "ထက်ထက်"တဲ့.. အိမ်မှာအတူနေတဲ့ အစ်မကိုပြောတာ.. ပြီးတော့ မားမားတဲ့.. သူ့မားမားကိုလဲ အရမ်းချစ်.. ချစ်လာလို့မေးရင်.. "ချစ်ချစ်.. "ဘယ်လောက်ချစ်လဲဆို "များကြီး.." ဘယ်ထဲကချစ်လဲဆို "ဗိုက်ဗိုက်.." အသည်ယားလောက်အောင် ပြောပြလိမ့်မယ်.. နေမကောင်းရင်လဲပြောပြတတ်တယ်.. ဗိုက်အောင့်နေရင် ဗိုက်ကိုပုတ်ပြပြီး "နာနာ"လို့လာပြောတယ်.. ပရုတ်ဆီပုလင်းယူပြီး လိမ်းခိုင်းတတ်နေပြီ.. ညညဆို မအိပ်ခင် သူ့အဖေကို နှိပ်ခိုင်းတတ်နေပြီ.. ညလယ်တရေးနိုး ဗိုက်ဆာရင် "မေမေ ဘူးဘူး"ဆိုပြီး နို့ဘူးဖျော်ခိုင်းတတ်တယ်.. သူ့ချိုလိမ်လေးကိုတော့ "မန်မန်"တဲ့.. စာသင်တဲ့ ဂိမ်းလေးတွေကစားရင် အေ ဘီ စီ လိုက်ဆိုတတ်နေပြီ.. အပြင်သွားတော့မယ်ဆို တိုက်အောက်ရောက်တာနဲ့ "တက်စီ"လို့ အော်တော့တာပဲ.. သင်ပေးသမျှကို သံယောင်လိုက်တတ်နေပါပြီ.. တခါသင်ပေးထားရင်လဲ မှတ်မိနေရော.. သူ့စာအုပ်လေးထဲက ပုံတွေကို မှတ်မိနေပြီ.. အကုန်နီးပါး ပြောတတ်နေပြီလေ..

သားသားက အရပ်အရမ်းရှည်ပါတယ်.. သူ့အရပ်နဲ့စာရင် ပိန်နေသလိုမို့ ကျွန်မက ထမင်းများများစားစေချင် သူကမစားချင်နဲ့မို့ တနေ့တနေ့ သားအမိတွေ ရန်တကျက်ကျက်ပါပဲ.. သူ့ထမင်းကိုမစားချင်တော့ပဲ လူကြီးစာတွေစားချင်နေပြီလေ.. အစပ်လဲတော်တော်စားနိုင်ပါတယ်.. မနေ့က လက်ဖက်သုပ်စားနေတာ အတင်းလာတောင်းစားလို့ ကျွေးလိုက်တော့ ပျော်လိုက်တာမှအရမ်းပဲ.. လက်ဖက်အရမ်းကြိုက်တယ်.. သားသားလက်ဖက်ကြိုက်တာလဲမပြောနဲ့.. ကျွန်မကိုယ်ဝန်ကြီးနဲ့တုန်းက ပျို့ချင်အန်ချင်လာရင် လက်ဖက်အသားဆီနဲ့နှပ်ထားတာလေး စားလိုက်ရမှသက်သာတာလေ.. တနေကုန်ကို လက်ဖက်စားနေတာ..

တနေ့က ကျွန်မတို့အိမ်ပြောင်းတော့ သားသားကို ကလေးထိန်းအန်တီက သူ့အိမ်ကိုခေါ်ထားပေးပါတယ်.. ညနေပြန်လာပို့ပေးတော့ အိမ်အသစ်ကိုရောက်နေပြီဆိုတော့ သားသားမျက်စိလည်နေပါတော့တယ်.. ညအိပ်ခါနီးကျတော့ မအိပ်ဘူး အောက်ပဲဆင်းခိုင်းနေလို့ စိတ်ညစ်ရသေး.. သူ့အဖေကလဲ နိုက်ဂျူတီကျနေတော့ ကိုယ်ပဲပင်ပန်းရတာပေါ့.. သားသားအိမ်ပြောင်းလာပြီ.. ဒါသားသားတို့အိမ်အသစ်လို့ပြောလဲ ခေါင်းချည်းပဲစွတ်ခါနေတာ.. သူ့အိမ်မဟုတ်ပါဘူးဆိုပြီးတော့လေ.. ခုတော့ နေသားကျသွားပြီ.. အိမ်ကပိုကျယ်တော့ သူအရမ်းပျော်တယ်.. ပြေးလို့လွှားလို့ကောင်းတာကိုး.. ရေကူးကန်နဲ့နီးတာမို့ သားသားကိုရေကူးကန်လိုက်ပို့ပေးမယ်လို့ပြောတော့ သဘောတွေကျလို့.. အိမ်ဘေးနားမှာက မူလတန်းကျောင်းလေးရှိတယ်.. ကျောင်းတက်ကျောင်းဆင်းချိန်ဆို ကလေးတွေအများကြီးနဲ့မို့ သားသားအရမ်းပျော်ပါတယ်.. မနေ့ညကတော့ အပြင်သွားရင် သူ့အတွက်ဆန်ပြုတ်ထည့်ထည့်သွားတဲ့ ဘူးလေးကိုလွယ်ပြီးကျောင်းသွားပါမယ်လုပ်နေလို့ အောက်ကိုလိုက်ပို့ရသေးတယ်.. အိပ်ဖို့တောင် မနည်းပြန်ခေါ်တင်ရတယ်လေ..

သားသားက ကားနီနီလေးတွေကို သဘောကျတတ်တယ်.. တနေ့က အိမ်မပြောင်းခင် သားသားနဲ့အောက်ဆင်းတော့ တိုက်အောက်မှာ ကားနီနီလေးတစီးရပ်ထားတာ သွားကိုင်ကြည့်ပြီး.. "မေမေ.. ကားကား.. နီနီ.." ဆိုပြီး သူ့ကိုယ်သူလက်လေးနဲ့ပုတ်လို့ "မောင်မိုး ကြိုက်ကြိုက်"တဲ့လေ.. ၀ယ်ပေးပါဆိုတဲ့သဘောပေါ့.. ညကျတော့ကျွန်မသူငယ်ချင်းကို ပြန်ပြောပြနေတာ သူကြားတော့ နားထောင်ပြီးပြုံးနေတယ်.. သူငယ်ချင်းက တီတီထီပေါက်ရင် ၀ယ်ပေးမယ်နော်သားသားလို့လဲပြောရော ၀မ်းသားအားရနဲ့ ကျွမ်းတောင်ထထိုးပစ်လိုက်သေးတယ်.. အရမ်းကိုလည်ပါတယ်..

တခါတော့ ကျွန်မကွန်ပြူတာသုံးနေတုန်း အနားလာထိုင်နေရင် စမိုင်လီပုံလေးတွေ့သွားလို့ သူယူပါမယ်ဆိုပြီး ပူဆာပါတော့တယ်.. ပရင်တာကလဲပျက်နေတော့ ထုတ်လို့လဲမရ သူကလဲ တငိုငိုနဲ့မို့ အိမ်နားကဈေးထဲသွားပြီး စမိုင်လီစတစ်ကာလေး သွားဝယ်ပေးရပါတယ်.. စမိုင်လီပုံလေးတွေ ဂူဂယ်လ်နဲ့ ရှာပြီးပြတော့ မျက်လုံးပြူးပြူး ရှေ့သွားကြီးကြီးနဲ့ မျက်မှန်တပ်ထားတဲ့ စမိုင်လီလေးလဲတွေ့ရော.. "ဟားဟား.. မေမေ.." တဲ့လေ.. ကောင်းရော..

Friday, August 27, 2010

လွဲ

ရင်ခုန်သံတွေထပ်တူကျခဲ့ပါရက်နဲ့
မျက်ဝန်းကစကားကို
ဘာသာပြန်တချက်အလွဲမှာ
တသက်ခွဲဖို့ဖြစ်လာမယ်လို့
ငါ.. ထင်ထားခဲ့ပါ့မလား.. ချစ်သူ..

ငါတို့..
ကျောချင်းကပ်ရပ်နေမိတော့
ကမ္ဘာကြီးဘယ်လိုလည်လည်
ဘယ်တော့ဆုံနိုင်မှာမို့လဲ..

ဆုံနိုင်ခွင့်တွေ
ဝေးမနေပါဘဲ
ရှေ့တိုးဖို့မရဲခဲ့လို့
တို့နှစ်ယောက်လွဲခဲ့ပေမယ့်..
ကွဲခဲ့တဲ့အသည်းရင်ထဲထည့်ရင်း
လွမ်းရဲပါသေးတယ်.. ချစ်သူရယ်..

ပွင့်မြူးဇင်
၂၇.၀၈.၂၀၁၀

Friday, August 20, 2010

ထိုင်ခဲ့ဖူးတဲ့ ကန်တင်းဆိုင်လေးများ

ကျောင်းသားဘ၀ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့..

ကျွန်မတို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအ၀င်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်..

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အ၀င်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကျွန်မတို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ..

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ..

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး..

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. ဈေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ..

ကျွန်မတို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ..

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘ၀မြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကျွန်မတစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေ၀င်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘ၀မှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကျွန်မတို့တတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ ကျွန်မအရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ..

ခု စလုံးမှ အလုပ်လုပ်နေတော့လဲ ကျွန်မတို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကျွန်မမချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး..

ဘာရယ်မဟုတ်ပါဘူး.. ရုံးကန်တင်းမှာထိုင်ရင်း ကျောင်းကန်တင်းကိုသတိရမိသွားတာနဲ့ စိတ်ထဲရှိရာချရေးလိုက်မိပါတယ်..

Monday, August 16, 2010

ကျွန်မနဲ့ ကျွန်မရဲ့အလုပ်

စလုံးကို အလုပ်ရှာဖို့ရောက်လာတော့ အလုပ်မရမှာစိုးတဲ့စိတ်က နေ့နေ့ညညနှိပ်စက်တော့တာပဲ.. ကြုံဖူးသူတိုင်း သိပါတယ်.. တနေ့တနေ့ ရွတ်လိုက်ရတဲ့ဘုရားစာ.. လျှောက်လိုက်ရတဲ့အလုပ်ဆိုတာလဲ တနေ့ကို အခု၁၀၀မကဘူး.. အင်တာဗျူးရပြီဆို ရင်တဖိုဖိုနဲ့ မိုးသည်းသည်းလဲမရှောင်နိုင်ဘဲ အရောက်လှမ်းရတာပေါ့... ကျွန်မရောက်ရောက်ချင်းနေတဲ့ သူငယ်ချင်းအိမ်မှာက အင်တာနက်မရှိပါဘူး.. အိမ်နားက အင်တာနက်ဆိုင်လေးမှာ သွားပြီးအလုပ်လျှောက်ရတယ်.. သတင်းစာကို စောစောဝယ်.. သင့်တော်မယ့်အလုပ်လေးတွေရဲ့ လျှောက်ရမယ့် အီးမေးလ်လိပ်စာကို စာရွက်လေးတရွက်မှာကူးထားပြီး ဆိုင်ရောက်တာနဲ့ တန်းစီလျှောက်ပေါ့.. အလုပ်ခေါ်တဲ့ ၀ဘ်ဆိုက်တွေကို ၀င်ပြီးရှာရသေးတယ်.. တွေ့သမျှ အကုန်လျှောက်ပေါ့..

တနေ့ အင်တာနက်ဆိုင်မှာ အလုပ်လျှောက်နေတုန်း ဖုန်းမြည်လာပါတယ်.. ကိုင်လိုက်တော့ ထင်တဲ့အတိုင်း အင်တာဗျူးပါ.. နောက်နေ့မနက် ၈နာရီလာခဲ့ဖို့ခေါ်ပါတယ်.. ကျွန်မက လိပ်စာမေးတော့ သတင်းစာထဲမှာပါတယ်လို့ ပြောပြီး ကုမ္ပဏီနာမည်ပဲ ပြောသွားပါတယ်.. ကျွန်မလဲ ကျန်တဲ့လျှောက်စရာတွေကို မြန်မြန်လျှောက်ပြီး အိမ်ပြန် သတင်းစာထဲမှာ ရှာကြည့်ရတာပေါ့.. မတွေ့ပါ.. သူပြောသွားတဲ့ ကုမ္ပဏီနာမည်က ရှာလို့ကိုမရ.. အဲဒါနဲ့ ခုနကခေါ်ထားတဲ့နံပါတ်ကို ပြန်ဆက်လိုက်တယ်.. မိန်းကလေးတယောက်လာကိုင်ပါတယ်.. ခုနက လူကြီးတစ်ယောက် ငါ့ကို အင်တာဗျူးခေါ်ပြီး လိပ်စာတောင်းတာ မပေးပဲ ကုမ္ပဏီနာမည်နဲ့ သတင်းစာထဲရှာခိုင်းတယ်.. ရှာမတွေလို့ လိပ်စာလေးပြောပြပါလို့မေးတော့ သူက ခုနကခေါ်တာ သူ့ဘော့စ်ဖြစ်မယ်တဲ့.. နင်ဘယ်ရှာတွေ့မလဲ ကြော်ငြာထဲမှာ ကုမ္ပဏီနာမည်မပါဘူးတဲ့လေ.. စိတ်တိုလိုက်တာအရမ်းပဲ.. လိပ်စာရလိုက်လို့ တော်သေးတာပေါ့..

နောက်နေ့ကျတော့ အစောကြီးထပြီး သွားလိုက်တယ်.. လိပ်စာကိုတော့ လွယ်လွယ်ကူကူရှာတွေ့ပြီး ၀င်ရမယ့်အပေါက်ရှာမတွေ့လို လည်နေတာနဲ့ ၉နာရီထိုးခါနီးမှ ရောက်သွားပါတယ်.. ဒါတောင် အကြာကြီးစောင့်လိုက်ရသေးတယ်.. ကျွန်မလျှောက်လိုက်တာက လျှပ်စစ်အင်ဂျင်နီယာရာထူးပါ.. ခေါ်တာက သင်္ဘောကျင်းဆိုတော့ ရမယ်ကို မထင်တော့ဘူး.. သူတို့ကလဲ မှားပြီးခေါ်လိုက်တာတဲ့.. ရောက်လာမှတော့မထူးဘူး.. တခြားရာထူးတစ်ခု မိန်းကလေးနဲ့ကိုက်တာရှိတယ်.. ဖြေသွားလိုက်ပါဆိုလို့ ဖောင်တွေဘာတွေဖြည့်ပေါ့.. ဖြေရတဲ့ရာထူးက Planning Officer တဲ့.. ဘာမှန်းတောင်မသိဘူး.. အင်တာဗျူးမှာ မေးသမျှကို မသိဘူးချည်းပဲဖြေတာ.. သိမှမသိတာကို.. OHS Management System သိလားတဲ့.. ကြားတောင်မကြားဖူးဘူး.. ISO ရောတဲ့.. ကြားတော့ကြားဖူးတယ်.. သေသေချာချာတော့ မသိဘူးပေါ့.. ရုံးခန်းထဲမှာပဲ ထိုင်လုပ်ရမယ့်အလုပ်ကို ကြိုက်လားတဲ့.. Yes, of course ပေါ့.. ကြိုက်မှကြိုက်ပဲ.. ကျွန်မကိုဗျူးတာက မနေ့က ကျွန်မကိုဖုန်းဆက်ခေါ်တဲ့ လူကြီးပဲလေ.. Human Resource Manager တဲ့.. နင်မသိတာတွေ သင်ပေးပါမယ်.. နင်လုပ်ကိုလုပ်နိုင်မယ်လို့ ငါယုံတယ် ဘာညာနဲ့ပြောလိုက်ပြီး သူဌေးဆီက Approval ယူပြီးရင် အကြောင်းကြားလိုက်မယ်ဆိုလို့ ပြန်လာခဲ့လိုက်တယ်..

နောက်တနေ့ကျတော့ အရင်သွားထားတဲ့ အင်တာဗျူးတစ်ခုက နောက်တဆင့်ဗျူးဖို့ထပ်ခေါ်တာနဲ့ သွားရပါတယ်.. အင်တာဗျူးခန်းထဲရောက်နေတုန်း.. မနေ့ကဂျာကြီးက ဖုန်းတဂွမ်ဂွမ်ခေါ်ပါတော့တယ်.. ဘယ်ဖုန်းကိုင်နိုင်ပါ့မလဲ.. အင်တာဗျူးပြီးတော့ သူတို့က အလုပ်ခန့်မယ်.. စ၀င်ဝင်ချင်း ဘယ်လောက်ပေးမယ်.. ၃လနေရင် ဘယ်လောက်ဖြင့်တိုးပေးမယ်လို့ညှိပါတယ်.. ကျွန်မလဲ မနက်ဖြန်မှအကြောင်းပြန်ပါရစေဆိုပြီး ပြန်ခဲ့ပါတယ်.. အပြန်လမ်းမှာ ဟိုဘက်က မန်နေဂျာကြီးကိုဖုန်းခေါ်လိုက်တော့ ခုနက ဘာလို့ဖုန်းမကိုင်တာလဲလို့ မေးပါတယ်.. ကျွန်မက အမှန်အတိုင်းပြောလိုက်တော့ သူတို့က ဘယ်လောက်ပေးလဲလို့ မေးပါတယ်.. ပြောပြလိုက်တယ်.. ငါတို့ ၁၀၀ ပိုပေးပါမယ်.. မနက်ဖြန် S Pass တင်ပေးမယ် လာခဲ့ပါဆိုလို့ လက်ခံလိုက်မိတယ်.. အဲဒီတုန်းက Online တင်တာခောတ်မစားသေးတော့ စာတိုက်ကနေပဲတင်တာပေါ့.. အကြာကြီးစောင့်ရပါတယ်.. စိတ်ပူလိုက်ရတာလဲမပြောပါနဲ့.. ကိုယ်ရထားတဲ့ဘွဲ့နဲ့ တင်တဲ့ရာထူးနဲ့က ဘာမှမဆိုင်တာကြီးလေ..

တစ်လကျော်လောက်ကြာတော့ S Pass ကျလာပါတယ်.. ဆေးစစ်တာ ကဒ်ဖိုးသွင်းတာ ဘာမှ အိတ်စိုက်စရာမလိုဘူးလေ.. မဆိုးဘူးလို့တွေးမိတယ်.. အလုပ်စ၀င်တော့ ကျွန်မကို သင်ပေးပါမယ်ဆိုတဲ့ ဂျာကြီးက ဖိုင်တွေအထပ်လိုက်ထိုးပေးပြီး ဖတ်ခိုင်းပါတော့တယ်.. ကျောင်းမှာတုန်းက ဆရာတွေနဲ့ ကိုယ်နဲ့အတူတူ စာဖတ်ပြီး သင်လာရတာမို့ တော်သေးတယ်ပြောရမယ်.. နားမလည်တာများရှိလို့ ဂျာကြီးကိုမေးမယ်မကြံနဲ့.. ငါလဲသေသေချာချာတော့မသိဘူး ဆိုတာနဲ့ပဲ တိုးရပါတော့တယ်.. သူ့ကျေးဇူးကြောင့် အင်တာနက်သုံးတာ တော်တော်ကျွမ်းသွားတယ်.. တနေ့တနေ့ စလုံးအစိုးရဌာနတွေရဲ့ စာမျက်နှာတွေကို ၀င်ကြည့်.. လိုအပ်တာတွေ ဒေါင်းလုဒ်ဆွဲ.. အိမ်အထိယူသွားပြီးဖတ်ရတယ်.. ဂျာကြီးလွှတ်သမျှ သင်တန်ပေါင်းစုံလဲ တက်လိုက်ရတာအမောပဲ..

Safety Management System ဆိုတာဘာမှန်းနည်းနည်းသိခါရှိသေး Internal Audit လုပ်ရမယ်ဆိုတော့ ဘာတွေမေးလို့ ဘာတွေစစ်ရမှန်းမသိ.. တတ်သာမတတ်သေးတာ လည်တော့လည်တယ်လေ.. Audit Plan ဆွဲတော့ ၀ါရင့်ကြီးတွေကို အဖွဲ့ခေါင်းဆောင်တင် အဖွဲ့တိုင်းမှာ ငယ်သားလိုက်လုပ်လိုက်တော့ သိသွားတယ်.. ဘယ်ဌာနကို ဘာတွေမေးရတယ်.. ဘာစာရွက်စာတမ်းတွေစစ်ရတယ်ဆိုတာကိုပေါ့.. Internal Audit ပြီးလို့ ပေါ့သွားမယ်မထင်နဲ့ Management Review ဆိုတာက ကပ်ပါလာရော.. ၁နှစ်လုံးလုပ်ထားသမျှတွေကို Management က Review လုပ်တာပေါ့.. သူတို့ Review တာက ၂နာရီလောက်.. Review စရာတွေကို ပြင်ဆင်ရတာက ၂ပါတ်လောက်ကြာပါတယ်.. MR ပြီးသွားပြန်တော့ လာပါပြီ .External Audit. ကျရင်တော့သွားပြီပေါ့.. ကံများကောင်းချင်တော့ Minor Non-conformities လေးတွေ ၄ခုလောက်နဲ့ပြီးသွားတယ်.. ပြီးတော့ ကျွန်မအလုပ်ဝင်တာ ၆လပြည့်ပြီ.. အစမ်းခန့်ကနေ အတည်ခန့်ဖြစ်သွားပါတယ်.. လစာလဲ ၂၀၀ တိုးပေးတယ်ပေါ့.. ခိုင်းကောင်းမှန်းသိသွားပြီလေ.. နောက်ပိုင်းတော့ Safety နဲ့မဆိုင်တာတွေလဲ ကူလုပ်ပေးလာရပါတယ်.. လိုင်စင်တွေလျှောက်တာ Renew လုပ်တာ.. Work Permit တွေ S Pass တွေလျှောက်တာကအစ Admin ပိုင်းတွေအဆုံး လိုရင်လိုသလို ကူပေးရပါတော့တယ်..

မနှစ်က နှစ်လယ်လစာတိုးခါနီးကျတော့ Salary Administration ကိုကိုင်တဲ့ တရုတ်လေးက အလုပ်ထွက်သွားပါတယ်.. လုပ်မယ့်သူမရှိတာနဲ့ မနေနိုင်မထိုင်နိုင် ကူညီလိုက်မိတာ Salary Administration တခုလုံး ကျွန်မလက်ထဲကိုရောက်လာပါတော့တယ်.. နှစ်ကုန်ကျရင် ၁၃လစာပေးဖို့.. ဆုကြေးတွေတွက်ဖို့.. ပထမနှစ်ပတ်လည်မှာ လစာတိုးပေးဖို့ အားလုံးလုပ်ရပါတော့တယ်.. လူ ၃၅၀စာလောက်ဆိုတော့ တော်သေးတယ်ပြောရမှာပေါ့.. ၁၀၀၀စာလောက်ဆိုရင်တော့ သေပြီဆရာပဲ.. Excel မှာသုံးတဲ့ Formula တွေ.. Words Document နဲ့တွဲပြီး Mail Merge လုပ်တာတွေ စုံနေအောင်လေ့လာရတယ်.. အသိပညာတိုးတာတော့အမှန်.. ခေါင်းစားရတာလဲအရမ်းပဲ.. မှားသွားရင် အထုခံရမှာမို့ သတိထားနေရတာကြီးက တော်တော်ဆိုးပါတယ်.. တစ်နှစ်စာလုပ်ပြီးသွားတော့ တော်တော်လေးနေသားကျသွားတယ်ဆိုရမယ်..

ဒီနှစ် နှစ်လည်လစာတိုးတဲ့အစီအစဉ်မှာ ကျွန်မကို ရာထူးတိုးပေးပါတယ်.. Senior Planning Officer တဲ့.. လစာလဲ ၂၅၀တိုးသွားတယ်ပေါ့.. အကြံအစည်တစ်ခုခုတော့ရှိရမယ်လို့ ခေါင်းတော့ခပ်ကျိမ်းကျိမ်းဖြစ်နေတုန်း ဒီမနက် ဌာနတွင်း Discussion အပြီးမှာ တရားဝင်ကြေငြာပါတော့တယ်.. ခုကစပြီး Salary Administration ကို လုံးဝတာဝန်ယူရပါမယ်တဲ့.. ဘယ်သူလုပ်ထားတာပဲဖြစ်ဖြစ် လစာနဲ့ပါတ်သတ်ပြီး တခုခုမှားခဲ့ရင် ကျွန်မက တာဝန်ယူရပါမယ်တဲ့လေ.. လူမိုက်ငှားလိုက်ပါပြီ.. ဘာပဲဖြစ်ဖြစ် တိုးပေးထားတဲ့လစာလေးမျက်နှာနဲ့ လုပ်ကိုလုပ်ရပါတော့မယ်.. ကျန်တဲ့သကောင့်သားတွေလုပ်သမျှကိုလဲ မျက်ခြေမပြတ်ကြည့်နေရပါတော့မယ်.. ကိုယ့်ကိုယ်ကိုယ်တော့ ဆုတောင်းပေးလိုက်မိတယ်.. “ကံကောင်းပါစေပွင့်မြူးဇင်ရေ”လို့...

Thursday, August 5, 2010

နေ့နဲ့ည ရေရင်လေ၂၈နှစ်

လွန်ခဲ့တဲ့ ၂၈နှစ် ဒီနေ့မှာ ခုလိုပဲ ၀ါထပ်တဲ့နှစ်မို့ မိုးတွေကသည်းမှသည်းပဲတဲ့.. ကိုယ်ဝန်နေ့စေ့လစေ့ကြီးနဲ့ မေမေက ငွေထမင်းစားချင်တယ်ဆိုလို့ ကြီးကြီးငွေက ငွေထမင်းလုပ်ကျွေးတယ်.. အဲဒီအချိန်မှာ မေမေ့ယောင်းမ ကြီးကြီးနွယ်က အရှေ့ပိုင်းဆေးရုံမှာ ကလေးမွေးဖို့ရောက်နေတယ်လေ.. သူကမွေးရမယ့်ရက်ကို ၁၀ရက်လောက်တောင်ကျော်နေလို့ ခွဲမွေးရတော့မှာ.. နောက်ယောင်းမတစ်ယောက်ဖြစ်တဲ့ ကြီးကြီးဘေဘီက ကလေးဆရာဝန်အဖြစ် အရှေ့ပိုင်းဆေးရုံမှာပဲ တာဝန်ကျနေတယ်.. ဆေးရုံဝင်းထဲက ၀န်ထမ်းအိမ်ယာမှာပဲနေတယ်လေ.. မေမေက ကြီးကြီးနွယ်ကို သွားကြည့်ရင်း ကြီးကြီးဘေဘီစားဖို့ ငွေထမင်းတွေတောင် ယူသွားပေးသေးတယ်တဲ့.. ဆေးရုံရောက်တော့ ဗိုက်ထဲကနာလာသလိုပဲဆိုလို့ ဒေါက်တာခင်သိန်းဦးက စမ်းကြည့်ပြီးတော့ မွေးခါနီးပြီဆိုပြီး မေမေ့ကိုအိမ်ပေးမပြန်တော့ပါဘူး.. မေမေလဲ ဖေဖေအိမ်ပြန်ပြီး ပစ္စည်းတွေသွားယူနေတုန်း ကြီးကြီးဘေဘီတို့အိမ်ကိုသွား ရေချိုး ခေါင်းလျှော် အကြိုက်ကိုလုပ်တော့တာပဲ.. သူတို့အိမ်မှာချက်စားတဲ့ အုန်းနို့ခေါက်ဆွဲကိုတောင် တဝကျိတ်လိုက်သေးတယ်လေ.. ဘဘမျိုးကတောင် နောက်နေသေးတယ်.. အုန်းနို့ခေါက်ဆွဲစားချင်လို့ ဗိုက်နာချင်ယောင်ဆောင်တာ မဟုတ်လားလို့..

ကြီးကြီးနွယ်က ၄နာရီကျော်လောက်မှာ မွေးပါတယ်.. အဲဒီအချိန်ထိ မေမေက ဗိုက်သိပ်မနာသေးဘူးတဲ့.. နောက်ကျမှ ချက်ချင်းပဲနာလာပြီး ကျွန်မကို ၆နာရီ ၁၀မိနစ်မှာမွေးပါတော့တယ်.. မွေးစက ၈ပေါင်နဲ့၁၀အောင်စတောင်ရှိတယ်တဲ့.. ၀တုတ်ကြီးပေါ့.. မေမေက အသက်၂၀မှာကျွန်မကိုမွေးတာလေ.. ကျွန်မကလဲအစားပုတ် မေမေကလည်းနို့အများကြီးထွက်တော့ ကျွန်မငယ်ငယ်တုန်းက တော်တော်လေးဝပါတယ်.. လက်တွေမှာဆို ကောက်ညှင်းထုပ်လို အရစ်အရစ်တွေဖြစ်နေတာ.. ဆံပင်တွေကလိမ်ကောက်ကွေးနေတာပဲ.. ပါးကြီးတွေကလဲဖောင်းလို့.. ကြီးကြီးနွယ်ကမွေးတဲ့ ကျွန်မထက်၂နာရီကြီးတဲ့ အစ်မလေးကတော့ သေးသေးလေးတဲ့.. ကြီးကြီးနွယ်က နို့သိပ်မထွက်တော့ သူ့ဖေဖေက မေမေ့ဆီခေါ်ခေါ်လာပြီး နို့တိုက်ခိုင်းတတ်တယ်.. ကျွန်မတို့၂ယောက်က နို့စို့ဖက်တွေပေါ့.. မေမေ့နို့ကလဲ ၂ယောက်ဝိုင်းသောက်တာတောင် တနေ့တနေ့ မတ်ခွက်ကြီးနဲ့အပြည့် ညှစ်ထုတ်ပစ်ရသေးတယ်တဲ့.. ညညဆို နို့တွေသက်လို့ ပုဆိုးနဲ့တောင်ခံထားရတယ်ဆိုပဲ.. တညတော့ နို့တွေသက်ပြီး ကျွန်မခေါင်းမှာရွှဲနေတော့ ပရွက်ဆိတ်တွေကို အုံခဲနေတာပဲတဲ့.. တော်သေးတာပေါ့ မကိုက်တတ်တဲ့အမဲရောင်ကောင်တွေမို့လို့..

ကျွန်မက ငယ်ငယ်တုန်းက တော်တော်လေးအေးတယ်ပြောတာပဲ.. ချထားရင် ထားတဲ့နေရာမှာ ငြိမ်နေတာပဲတဲ့.. အငိုလဲနည်းတယ်ဆိုပဲ.. ကျွန်မကို နာမည်ပေးဖို့စဉ်းစားကြတော့ ဖေဖေနဲ့မေမေက တယောက်တလုံးစီရွေးကြဖို့ သဘောတူကြတယ်.. နောက်ဆုံးမှာတော့ အဖိုးနာမည် ဇင် ဆိုတာကိုထည့်မယ်ပေါ့.. ဖေဖေက ပွင့်ဆိုတာလေးရွေးလိုက်တယ်.. မေမေကတော့ မြူး ဆိုတဲ့စာအုပ်တိုက်နာမည်လေးကိုသဘောကျတယ်တဲ့.. ပထမတော့ ဖေဖေက မြူးဆိုတာကို မကြိုက်ဘူးတဲ့.. အနေအေးတဲ့ကျွန်မနဲ့ မလိုက်ဘူးပေါ့.. မေမေက မရဘူး သူရွေးထားတာ ပေးကိုပေးရမယ်ဆိုလို့ ကျွန်မနာမည် ပွင့်မြူးဇင် ဖြစ်လာပါတယ်.. အိမ်နာမည်ကတော့ မြူးမြူးပေါ့.. ကျွန်မမိဘတွေ နာမည်ပေးတာ တော်တယ်ပြောရမယ်.. ခုထက်ထိ ကျွန်မနဲ့နာမည်တူ တယောက်မှမတွေ့ဖူးသေးဘူး.. ခပ်ဆင်ဆင်လေးတောင် မတွေ့ဖူးဘူးလေ.. ညီမလေးနာမည် ၀င့်ထူးဇင်ကမှ ဇင်ဝင့်ထူးဆိုတာ တွေ့ဖူးသေးတယ်..

ကျွန်မသူငယ်တန်းကျောင်းစတက်တော့ ရန်ကင်း အ.မ.က (၈)မှာ တက်ပါတယ်.. ကျောင်းကစည်းကမ်းကြီးတယ်.. မိဘတွေကို ကျောင်းထဲပေးမဝင်ဘူး.. ကျွန်မက ထမင်းကိုယ့်ဟာကိုယ်မစားတတ်သေးတော့ နေ့လည်ထမင်းစားချိန်ဆို မေမေကကျောင်းရှေ့ကိုလာ ကျွန်မကအပြင်ထွက်ပြီး ထမင်းသွားသွားစားရတာ မှတ်မိသေးတယ်.. ကျွန်မက ငယ်ငယ်တုန်းက တော်တော်ကြောက်တတ်ပါတယ်.. အတန်းထဲမှာ ဆရာမက သူများတွေကိုဆူရင်လဲ ကျွန်မကကြောက်လို့ ငိုပါတယ်တဲ့.. နောက်တော့ ဆရာမက ဆူချင်ရင် ပွင့်မြူးဇင်မပါဘူးလို့ ပြောပြီးဆူရတယ်တဲ့လေ.. အဲဒီတုန်းက ကျွန်မရဲ့ဟီးရိုးက နှင်းဝတ်ရည်သောင်းပါ.. သူကယောက်ျားလျာလိုပဲ အရမ်းလဲစွာပါတယ်.. သူများတွေကျွန်မကို အနိုင်ကျင့်ရင် သူကရှေ့က စွာပေးပါတယ်.. နည်းနည်းကြီးလာတော့ ကျွန်မ မကြောက်တတ်တော့ပါဘူး.. မေမေကဆို ခုထိပြောတုန်း.. သမီးကို ခုလိုထက်ထက်မြက်မြက်ဖြစ်လာမယ်လို့ ထင်ကိုမထင်ထားဘူးတဲ့..

ကျွန်မ၁၂နှစ်သမီးလောက်မှာ မေမေက စင်္ကာပူကို အလုပ်လုပ်ဖို့ ထွက်သွားပါတယ်.. ဖေဖေကလဲ သင်္ဘောလိုက်နေတုန်းဆိုတော့ မောင်နှမသုံးယောက်သား အဖွားတွေအဒေါ်တွေနဲ့ ကျန်ခဲ့တာပေါ့.. အဲဒီကစလို့ ကျွန်မရင့်ကျက်လာခဲ့တယ်ဆိုရမယ်.. မိဘနဲ့ဝေးနေတော့ ညီမလေးနဲ့မောင်လေးအပေါ် မိဘမေတ္တာကို ပေးနိုင်အောင်ကြိုးစားရင်း ကျွန်မတဖြေးဖြေး ရင့်ကျက်လာခဲ့တယ်ပေါ့.. တော်ယုံပြသနာဆို လူကြီးတွေမသိစေပဲ ကိုယ်တိုင်ရှင်းပစ်လိုက်တယ်.. ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေအပေါ် ယုံကြည်မှုလေးလဲ ရှိလာတယ်လေ.. နောက်ပိုင်း ကျွန်မဖေဖေက ကျန်းမာရေးမကောင်းလို့ အလုပ်နားလိုက်ရတော့ ဖေဖေ့ရဲ့ အနီးကပ်ဆိုဆုံးမမှုတွေအောက်မှာ ကျွန်မတို့သုံးယောက်လုံး လူလားမြောက်ခဲ့ရတယ်ပေါ့.. အေးဆေးတဲ့ဖေဖေက ဘယ်တော့မှ စကားကြမ်းကြမ်းတွေနဲ့ မဆုံးမတတ်ပါဘူး.. လေအေးလေးနဲ့ နားဝင်အောင်ပြောတတ်လို့ ကျွန်မတို့လဲ ဖေဖေ့စကားဆို တသက်စွဲနေအောင် မှတ်မိနေရော..

မှော်ဘီမှာ အဆောင်နေပြီး ကျောင်းတက်ရတော့ ကျွန်မပိုပြီး Independent  ဖြစ်လာတယ်.. ကိုယ်တယောက်စာအလုပ်တွေကို ကိုယ်တိုင်လုပ်တတ်လာတယ်လေ.. အဝတ်လျှော်တာ.. မီးပူတိုက်တာ.. ဟင်းချက်တာတွေလဲ ပိုကျွမ်းလာတယ်.. အိမ်မှာက လုပ်ခွင့်မှမရပဲကိုး.. ကျောင်းတက်ခဲ့တဲ့၅နှစ်အတွင်း ဘဝအကြောင်း အချစ်အကြောင်း လူတွေရဲ့စရိုက်တွေအကြောင်းကို အများကြီးပိုသိလာတယ်.. ကျွန်မရဲ့လက်တွဲဖော်နဲ့လဲ တွေ့ဆုံခွင့်ရခဲ့တယ်လေ.. ကျွန်မကျောင်းပြီးသွားတော့ သူကကျောင်းမပြီးသေးဘူး.. တခြားအလုပ်လဲမလုပ်ချင်လို့ ကျူရှင်ပဲလိုက်သင်ဖြစ်တယ်.. ဂျီတီစီကကျောင်းသားတွေကိုပဲပေါ့.. ကျောင်းပြီးတာက ၂၀၀၅မှာ စလုံးကိုရောက်တာက ၂၀၀၇.. အလုပ်ကို အသည်းအသန်ရှာရတာပေါ့.. ကံကောင်းချင်တော့ ကုမ္ပဏီခပ်ကြီးကြီးမှာ အလုပ်ရတယ်.. ၁၃လစာလေးလဲမှန်မှန်ပေးတယ်.. နှစ်ကုန်ဆုကြေးကလဲ ၅လစာလောက် အနည်းဆုံးပေးတယ်လေ.. ကံပါပဲ.. အလုပ်လက်ခံတုန်းကဆို အဲဒါတွေရမှန်း သိတောင်မသိဘူး.. မေးရကောင်းမှန်းလဲ သိတာမဟုတ်ဘူး.. အလုပ်ရသွားတော့ မောင့်ကို ကျောင်းလျှောက်ပေးလိုက်ပြီး လှမ်းခေါ်လိုက်တယ်.. မောင်ရောက်လာတော့ အတူတူနေကြရမှာဆိုပြီး မင်္ဂလာပွဲကို ခပ်မြန်မြန်ပဲ စီစဉ်ဖြစ်သွားတယ်လေ.. ၂၀၀၈ ခုနှစ် ဧပြီလ ၆ရက်နေ့ပေါ့.. မိဘတွေဆီကမတောင်းချင်လို့ ကိုယ်ဆုကြေးရတဲ့ပိုက်ဆံနဲ့ ကိုယ့်စိတ်ကြိုက်လုပ်ပစ်လိုက်တယ်.. အဲဒီနေ့က ကျွန်မအပျော်ဆုံးနေ့တွေထဲက တနေ့ပေါ့..

သားသားကိုယ်ဝန်၆လလောက်ရှိတဲ့အချိန်မှာ ကျွန်မဖေဖေဆုံးသွားပါတယ်.. နှစ်ရှည်လများ ခံစားခဲ့ရတဲ့ ဝေဒနာတွေ ချုပ်ငြိမ်းသွားတာပေါ့ရယ်လို့ပဲ ကြိုးစားဖြေသိမ့်ရတယ်ပေါ့.. ဖေဖေမဆုံးခင် ဖေဖေလိုချင်တဲ့အိမ်လေးကို ကျွန်မပိုက်ဆံနဲ့ ၀ယ်ပေးနိုင်ခဲ့တာတခုတော့ ဖြေစရာရှိတယ်လေ.. နိုဝင်ဘာလကုန်ပြန်မယ်လို့ စီစဉ်ထားပြီးဖြစ်တော့ ဖေဖေဆုံးတဲ့အချိန် အောက်တိုဘာလမှာ ကျွန်မမပြန်နိုင်ခဲ့ပါဘူး.. အဝေးကနေပဲ မှန်းပြီး ကန်တော့လိုက်ရတယ်လေ.. စီစဉ်ထားတဲ့အတိုင်း နိုဝင်ဘာလကုန်မှာ ရန်ကုန်ကိုပြန်.. ဇန်နဝါရီ ၁ရက်နေ့မှာ သားသားကိုမွေးခဲ့တယ်.. ဘေးနားမှာ ယောက်ျားလဲမရှိ အမေလဲအရှိ မောင်နှမအရင်းချာတွေတောင်မရှိပဲ သားသားကိုမွေးခဲ့တာ.. မောင်က အလုပ်ဝင်စဆိုတော့ ခွင့်ယူလို့မရသေးတာမို့ ပြန်မလာခဲ့နိုင်ဘူးလေ.. သားသားက ကံကောင်းခြင်းတွေ ယူလာပေးခဲ့တယ်ဆိုရမယ်.. သားသားကိုယ်ဝန် ၇လလောက်မှာ မောင်လဲ ကျွန်မတို့အလုပ်ထဲမှာပဲ အလုပ်ရသွားခဲ့တယ်.. ကျွန်မတစ်ယောက်စာ ၀င်ငွေလေးနဲ့ မောင်ရဲ့အချိန်ပိုင်းအလုပ်လေးနဲ့သာဆို သားသားကို ဒီမှာထားနိုင်ဖို့ အဝေးကြီးပေါ့.. ကလေးစားရိတ်က ကြီးမှကြီးကိုး.. ခုတော့ ဒီကျွန်းလေးမှာ ကျွန်မရယ် မောင်ရယ် သားသားရယ် အတူတူရှိနေပါတယ်..

ဒီနေ့ ကျွန်မ ၂၈နှစ်ပြည့်ပြီ.. ၂၈နှစ်စာ အဖြစ်အပျက် အတွေ့အကြုံလေးတွေကို ပြန်တွေးကြည့်ရင်း အမှတ်တရပို့စ်လေး တင်လိုက်တာပါ.. ကျွန်မနဲ့ တနေ့တည်းမွေးတဲ့ ကျွန်မထက် ၂နာရီကြီးတဲ့အစ်မ ဖွေးဖြူသဲကိုလဲ ပျော်စရာမွေးနေ့ဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Wednesday, August 4, 2010

အလင်း VS အမှောင်


တဒင်္ဂလေးပါပဲ..
အရောင်တောက်နေတဲ့တိမ်တွေအောက်
ဆုံမှတ်တူတဲ့မျက်ဝန်းတွေမှာလဲ
တိမ်ရောင်တွေဟပ်ပြီး လင်းလက်လို့...

ဒါပေမယ့်..
တို့အတူရောက်နေခဲ့တာကတော့
အချင်းချင်းတောင်မမြင်နိုင်လောက်တဲ့
အမှောင်ကမ္ဘာထဲလေ...

ပွင့်မြူးဇင်
၎.၈.၂၀၁၀

Photo Credit to My Best Friend, PPA.