Friday, December 18, 2009

ကျွန်မညီမလေး


မောင်နှမသုံးယောက်ရှိတဲ့အထဲမှာ ညီမလေးက အလတ်ပေါ့... ကျွန်မနဲ့ မောင်လေးကို အနေအေးတယ်လို့ပြောကြတယ်... အလတ်မကတော့ စတားပဲ... ငယ်ငယ်ကတည်းက စကားလဲအရမ်းတတ်တယ်... စွာသလားလဲမမေးနဲ့... ခေါင်းမာချက်ကလဲ လန်ထွက်နေရော...သူက အသားလေးတော်တော်ညိုပါတယ်... အသားဖြူချင်လိုက်တာလဲ သူ့အပြင်မရှိဘူး... ကျွန်မတို့မေမေကို အသားဖြူဆေးလုပ်ခိုင်းရတာလဲအမော... မေမေက မလုပ်တတ်ဘူးပြောတော့ ဘွဲ့ရတယ်ဆိုပြီး အသားဖြူဆေးလေးတောင် မလုပ်တတ်ဘူးလားတဲ့... တနေ့တော့ မေမေ့ကိုပြောလာတယ်... "ငယ်လေးကို ၀က်သားနဲ့ဂေါ်ဖီထုပ်ပဲ နေ့တိုင်းချက်ပေးပါ" တဲ့... ဘာလို့လဲမေးတော့ သူ့သူငယ်ချင်းကောင်မလေးက ၀က်သားနဲ့ ဂေါ်ဖီထုပ်စားလို့ အသားဖြူတာတဲ့... ငယ်လေးလဲ အသားဖြူချင်လို့ပါတဲ့လေ... ဟိုကလေးမကဖြင့် တရုတ်မလေးဟာကို...

ခြံရှေ့မှာလာကစားနေကြတဲ့ နှင်းဆီကုန်းထဲကကလေးလေးတွေကိုကြည့် ခါးလေးထောက်ဖင်လေးကောက်ပြီး ဟင်း.. အောက်တန်းစားလေးတွေတဲ့ မဲ့ကာရွဲ့ကာပြောတတ်သေးတယ်... ငယ်လေးကဘာလဲလို့မေးတော့ "မောက်တန်းစား" တဲ့... တကယ်တော့ အောက်တန်းစားဆိုတာဘာလဲ သူမသိပါဘူး... ရုပ်ရှင်ထဲမှာကြားဖူးတာကို လိုက်ပြောတာလေ...

မေမေကသူ့ကိုစိတ်ဆိုးလို့ အိမ်မှာမထားဘူးလို့ပြောရင် ရတယ်... အိမ်ပေါ်ကဆင်းမယ်ဆိုပြီး သူလွယ်နေကျအိတ်လေးကောက်လွယ်... ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားရော... ခြံဝမရောက်ခင် ပြန်လှည့်လာပြီး ဒီနေ့ကမှောင်နေပြီ နက်ဖြန်မှပဲဆင်းတော့မယ်တဲ့လေ...

သူမူကြိုစတက်တဲ့နေ့က အိမ်ပြန်ရောက်တော့ အဲဒီမူကြိုမှာ မတက်တော့ဘူးတဲ့... လှေကားလေးနှစ်ထစ်ပဲတက်ရသေးတယ်.. ငယ်လေးကိုလာရိုက်တယ်တဲ့လေ... သူ့ကိုပြောမရလို့ ရေချိုးခန်းထဲလှောင်ထားမယ်လို့ ခြောက်ရင်လဲ ကြောက်မယ်ထင်လား... ရတယ်.. ရေပုလင်းပဲပေးတဲ့... ရိုက်ခံရတော့မယ်လို့ငေါက်ရင်လဲ ရိုက်ပေါ့ ငယ်လေးကြိုက်တာလုပ်ရရင်ပြီးတာပဲ ဆိုတာကလာသေးတယ်...

သူငယ်တန်းစတက်တော့လဲ ရယ်ရသေးတယ်... မေမေက ကျွန်မတို့ကို စာမတတ်ရင် ပလက်စတစ်ကောက်ရမယ်လို့ ခဏခဏပြောတတ်ပါတယ်... တနေ့သူကျောင်းကပြန်လာတော့ လွယ်အိတ်ကလေး ဘုတ်ဆိုပစ်ချပြီးပြောတယ်... ငယ်လေးဆုံးဖြတ်ချက်ချလိုက်ပြီ... ပလက်စတစ်ပဲကောက်တော့မယ်...တဲ့လေ... စာမလုပ်ချင်လို့တဲ့...

သူ၎နှစ်သမီးမှာ မောင်လေးကိုမွေးတယ်... အစက ငယ်ဆုံးလေးဆိုပြီး ဗိုလ်လုပ်နေရာက ရာထူးကျသွားတော့ မောင်လေးကို သူမကျေနပ်ပါဘူး... အဓိကကတော့ မောင်လေးရဲ့အသားလေးက ဖြူဖွေးနေတာကြောင့်ပါပဲ... သူကအရမ်းဖြူချင်တာဆိုတော့ အရမ်းကိုမနာလိုဖြစ်ပါတော့တယ်... ကလေးလာကြည့်တဲ့သူတွေက ကလေးလေးကချစ်စရာလေး အသားလေးကိုဖွေးနေတာပဲ ဘာညာပြောကြတော့ ပိုဆိုးပေါ့... တနေ့ အိမ်လာလည်တဲ့ အန်တီတစ်ယောက်က ငယ်လေးရေ မောင်လေးကိုအန်တီခေါ်သွားရမလားလို့မေးပါတယ်... အငယ်မပြန်ဖြေလိုက်တာက ခုမယူသွားနဲ့ဦး မနက်ဖြန်ကျရင် အဲဒီကလေးကိုဟင်းချက်မှာ အဲဒီတော့မှ တစ်ခွက်လာယူ တဲ့လေ...

မောင်လေးက ဟိုဟိုဒီဒီလိုက်ကြည့်တတ်တဲ့အရွယ်ရောက်လာတော့ သူ့ကိုလိုက်ကြည့်တာပေါ့... သူကအရောင်တောက်တောက်လေးတွေဝတ်ပြီး ပြေးလွှားနေတာကိုး... အဲဒီတော့သူကမေးတယ်... မောင်လေးက ဘာလို့လိုက်ကြည့်နေတာလဲတဲ့... ငယ်လေးကိုချစ်လို့ပေါ့ဆိုတော့ သဘောကျသွားတယ်... အဲဒီကစပြီး မောင်လေးကိုသူချစ်လာတယ်လေ... တနေ့တော့ မေမေ့ကိုလာပြောတယ်... "မေမေရေ... မောင်လေးကတော်လိုက်တာ.. ၄လပဲရှိသေးတယ် ဂျိုးဂျိုးလေးပေါက်နေပြီ.. ငယ်လေးက ၄နှစ်ရှိပြီ ခုထိမပေါက်သေးဘူး" တဲ့လေ...

(အဲဒီလို ကပေါက်တိကပေါက်ချာမလေးက ခုတော့ US မှာ မူကြိုဆရာမလေးဖြစ်နေပြီလေ... ကလေးအရမ်းချစ်တတ်တဲ့ ညီမလေး ကလေးလေးတွေကြားမှာ ပျော်နေပြီ... မောင်လေးနဲ့အတူတူ မောင်နှမနှစ်ယောက်သား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ ချစ်ချစ်ခင်ခင်ရှိနေကြတယ်လေ...)

11 comments:

Unknown said...

I am ko phyo. Thank you for your post. Please try to post about her. I really glad to read about her.

Unknown said...

I am ko phyo. Thank you for your post. Please try to post about her. I really glad to read about her.

Unknown said...

မကြီး မပြောပြနဲ့အဲဒီ စိတ်ပုတ်ကို သိလား

Anonymous said...

ညီမလေးကို သတိယနေတယ်လား။

မိုးခါး said...

း))
ပျော်စရာကြီးပဲနော်
ချစ်ဖို့လည်း ကောင်းနေမှာပဲး))

ရေတမာ said...

မကြီးရေဖတ်ရတာ ကြည်နှုးစရာကောင်းလိုက်တာ။ ရီလည်းရီရတယ်။ မကြီး ညီမလေးကတော့ စံပါပဲနော်။

naychi said...

မမညီမလေးက မမနဲ့ တော်တော်တူတယ်နော်

ရီလည်းရီရတယ်း)))

ကိုလူထွေး said...

ချင်းလူမျိုးတွေထင်တယ်...

ခင်မင်မိပါရဲ့...

းဝ)

tin min htet said...

ညီမလေးက တော်တော် ကပ်သီးကပ်သပ် ပြောတတ်တာပဲ။ အမနဲ့ တူတယ် ထင်ပါရဲ့ ..

T T Sweet said...

ဟုတ်ပါ့ ... ညီမလေးက တော်တော်စကားတတ်ပဲ ... ညီမဒီလောက်တတ်ရင် အစ်မလဲ ... အင်း ... အင်း ...း)

Anonymous said...

စာရေးကောင်းပါတယ်ဗျာ။ ဖတ်သွားတယ်။