Wednesday, September 2, 2009

အသွင်တူမှ အိမ်သူဖြစ်တာလား????

ကျွန်မက ကိုယ်ကိုယ်တိုင်အလှပြင်ရတာသာ မကြိုက်တာ အလှအပ အထူးအဆန်းလေးတွေကို သိပ်ကြိုက်တတ်တယ်... စိတ်ကူးကလည်း ယဉ်တတ်သလားမမေးနဲ့... ကဗျာတွေ စာတွေ ရေးရဖတ်ရတာလဲ ကြိုက်မှကြိုက်ပေါ့... သီချင်းများနားထောင်နေရရင် ပတ်ဝန်းကျင်ကို မေ့နေရော... သီချင်းဆိုရတာလည်း အရမ်းပျော်တယ်... အသင့်အတင့်လဲ ဆိုတတ်ပါတယ်... ကျွန်မရဲ့ဖူးစာဖက်ကို ဘယ်လိုလူစားမျိုးများဖြစ်မလဲလို့ စိတ်ကူးကြည့်မိတာလည်း ခဏခဏပေါ့... ကိုယ့်ချစ်သူက ဂစ်တာလေးတီးလို့ ကိုယ့်အတွက်ရည်စူးဖွဲ့ဆိုထားတဲ့ သီချင်းလေးညည်းနေတာကို သူ့ပုခုံးလေးမှီပြီး နားထောင်ခွင့်ရမယ့် လသာညလေးမျိုးကိုလည်း ခဏခဏစိတ်ကူးကြည့်ဖူးပါရဲ့.. ချစ်သူဆီကနေ ဖတ်ခွင့်ရမယ့် စာသားအလှအပ အဆန်းအပြားလေးတွေနဲ့ ကိုယ့်ကိုဘယ်လောက်ချစ်ကြောင်း ရေးဖွဲ့ထားတဲ့ ချစ်သဏ်လွှာလေးတွေကိုလည်း မျှော်လင့်ဖူးပါရဲ့... (ချစ်သူဆီကပဲနော်.. မချစ်သူတွေဆီကတော့ လိုချင်ပေါင်..) ချစ်သူကိုယ်တိုင် သီကုံးထားတဲ့ ခရေပန်းလေးတစ်ကုံးကို ကိုယ့်ကေသာကြော့မှာ သူကိုယ်တိုင်ပန်ဆင်ပေးဖို့ကိုလည်း အိပ်မက်ဖူးပါရဲ့...

တကယ်တမ်းကျတော့ ကျွန်မရဲ့ 'မောင်' ကလေ...

ကိုယ့်အတွက်ရည်းစူးဖွဲ့ဆိုမယ့်သီချင်းဝေးလို့ ရောင်စုံဘောလုံး ကဗျာတောင် ကီးဝင်အောင် မဆိုတတ်တဲ့သူ...

ဂစ်တာတီးတတ်ဖို့ဝေးလို့ လက်ခုပ်တောင် စည်းချက်ကျအောင်မတီးတတ်တဲ့သူ...

စာသားအလှအပတွေနဲ့ ချစ်သ၀ဏ်လွှာရေးတတ်ဖို့ဝေလို့ စာစီစာကုံးတောင် တစ်ပုဒ်မှမရေးဖူးဘူးတဲ့... မရေးတတ်တာလည်း ခပ်ကောင်းကောင်းရယ်... ရေးတတ်ခဲ့ရင်တောင် သူ့ရဲ့ ပဲပင်ပေါက်ကားကြိတ် လက်ရေးကြောင့် ဖတ်မရတာနဲ့ စိတ်ဆင်းရဲရဦးမှာ..း)

ကိုယ်ရေးတဲ့ကဗျာလေးများ သူ့ကိုပေးဖတ်မိရင် "နားမလည်ပါဘူး မ,ရာ" တဲ့... ကြိုးစားပြီးဖတ်ခိုင်းကြည့် မှတ်ချက်ပေးခိုင်းကြည့်မိပါတယ် ကိုယ်ဘယ်လိုမှ မရည်ရွယ်မစဉ်းစားမိတဲ့ အဓိပါယ်တွေဖြစ်ကုန်ရော...

တစ်လုံးထဲရှိတဲ့ ကွန်ပျူတာကို Blogging ချင်တဲ့ ကျွန်မနဲ့ Game ဆော့ချင်တဲ့ ဒင်းနဲ့ ရန်ဖြစ်ပြီး လုရတာလည်း ခဏခဏ...

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့စကားက ကျွန်မတို့အတွက်တော့ အလွဲပေါ့... နှစ်ယောက်သား တက်ညီလက်ညီရှိတာကတော့ အစားအသောက်ပဲ... ဟိုဟာလေးစားရအောင်ဆိုလည်း OK... ဒီဟာလေးချက်မယ်နော်ဆိုလည်း All Right ပဲ... သူနဲ့စတွဲကတည်းက အတွဲညီညီ စားလိုက်သောက်လိုက်နဲ့မို့ မင်္ဂလာဆောင်တော့တောင် တော်တော်ဝနေပြီ... ခုတော့ ပြောကိုမပြောချင်ဘူးလို့ပဲ ဒေါ်မြလေးအသံနဲ့ ညည်းလိုက်ချင်တော့တယ်...

ဒီလောက်တောင်ညည်းပြနေတာ စိတ်ပျက်လို့လားမေးရင်.. ဟုတ်ပါဘူးနော်... ဒီလောက်အသွင်မတူ ကွဲပြားနိုင်လွန်းသူကို ဘာလို့လက်တွဲဖော်အဖြစ် ရွေးခဲ့တာလဲလို့မေးရင်တော့... အဖြေက ရှင်းရှင်းလေးပါပဲ... ချစ်လို့ပေါ့.... အပြစ်တွေမမြင်နိုင်လောက်အောင် အချစ်တွေနဲ့ဖုံးသွားခဲ့လို့ပေါ့ကွယ်.... အဟိ

http://emo.huhiho.com

လာလည်သူတွေလဲ အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားပုံလေးအပေါ် ဘယ်လိုမြင်ကြလဲ သိချင်ပါတယ်... ပြောပြခဲ့ကြပါနော်...

10 comments:

yangonthar said...

အသွင်တူ မှ အိမ်သူဖြစ်မယ်ဆိုရင် တော့ ကျနော့်အမြင် ကမ္ဘာကြီး ကလေးငတ်မွတ်ဘေးဆိုက်နေမယ်ထင်တယ် :P
အင်မတန်သဘောတူပါတယ် အစ်မရေ အချစ်နဲ့ ဆိုးထားတဲ့ 
အိမ်ထောင်ရေး ပန်းချီဟာ အရောင်စုံမတူခြားနားပေမယ့်
ပန်းချီတစ်ခုလုံး ရဲ့ အနှစ်အရသာကတော့ လှပန်းဆန်းပြားပြီး
ခန့် ညားနေမှာပါ ဗျာ ....
နောက်တာစိတ်မဆိုးနဲ့ နော်အစ်မ :D
အပြစ်မမြင်ပါဘူး ချင်ချစ်တာပဲ သိတဲ့ နောက်ပေါ့ :D
ခင်တဲ့ 
ရန်ကုန်သား :D
အေးမြသာယာပါစေ

rose of sharon said...

တစ်ခုတော့တူနေသေးတာဘဲ... အဲဒါနဲ့ဘဲ ကျေနပ်ရမှာပေါ့.... အကုန်တော့လိုက်မတူနိုင်ဘူးလေ...

Anonymous said...

အဟက်.. ကောင်းပါလေ့.. ပျော်နေတာ.. စိတ်ချမ်းသာနေတာ ဘ၀မှာ အလိုအပ်ဆုံးပဲလေ.. ဒီလောက် ချမ်းမြေ့စရာ မိသားစုလေး ပိုင်ဆိုင်ထားပြီပဲ.. ဒီစကားပုံတွေ ဘေးချိတ်သာထားလိုက်ပါ..

The Queen said...

အသွင်မတူပေမယ့် ဦးတည်ရာလမ်းကြောင်း၊ ယုံကြည်ချက် ၊ခံယူချက်တွေ ဖြောင့်ဖြောင့် ကြီး ဆန့်ကျင်မနေရင် အသေးအမွှားလေးတွေ တော့ ခွင့်လွတ်ပြီးနေရင် အကောင်းဆုံးလို့ ထင်ပါတယ်။ အရာရာအားလုံး တထပ်တည်း ကျနေပြီး တခါတလေတောင် ရန်မဖြစ် စိတ်မကောက်ရင် ပျင်းစရာကြီး နေမလား ပဲ????

မေဇင် said...

မမရေ....ချစ်တော့လဲ အရာရာကို ချစ်တဲ့ မျက်စိနဲ့ကြည့်တော့ .... ချစ်စရာ တွေကြီးပါပဲ...။း))

Anonymous said...

အချစ်နဲ့ တည်ဆောက်ထားတဲ့ အိမ်ထောင်ရေးမှာ နားလည်မူတွေရှိနေရင် ပြီးတာပဲလေ။

Anonymous said...

မရေ..................
အသွင်မတူလဲ အိမ်သူ ဖြစ်တာပဲနော်
မှတ်သားသွားတယ်သိလား

ခင်တဲ့
မြူးလေး

naychi said...

မမရေ အသွင်မတူပေမယ့် တယောက်ပေါ်တယောက် နာလည်မှုရှိမယ်ဆိုရင် အဆင်ပြေမှာပါ။
အသွင်တူလွန်းရင်လည်း နှစ်ယောက်ပေါင်းပြီး သောင်းကျန်းလို့ ပိုစိုးကုန်ဦးမယ်.. ဟိဟိး)

နွေးနေခြည်

ThuHninSee said...

ကိုယ်ဖြူရင် သူက အမဲ..
မမဲရင်တောင် မီးခိုးလောက်တော့ လုပ်ချင်သေးတာ။
အားမလျော့နဲ့။ ဘ၀တူတွေပဲ။
း)

Anonymous said...

အသွင်မတူ အိမ်သူမဖြစ် ... မှန်သင့်သလောက်လည်း မှန်မယ် ထင်ပါတယ် .. ဒါပေမယ့် လူ ၂ ယောက် ပေါင်းစပ်ဖို့အတွက် အဲ့ ဆိုရိုးစကားက ဒီလောက်ကြီး တာမသွားဘူး ထင်ပါတယ် ..

သင် ဘယ်လောက် နားလည်နိုင်သလဲ နဲ့
သူ ဘယ်လောက်ခွင့်လွှတ်နိုင် သလဲ ဆိုတဲ့ အကြောင်းအရာ ၂ ခု ဟန်ချက်ညီရင် လူ ၂ ယောက် ပေါင်းစပ်လို့ ရပါတယ် ..

ကိုယ့် ခံယူချက် ကိုယ်ပြောကြည့်တာပါ .. မှန်တယ်လို့ မဆိုလိုပါ ..

နေဒေးသစ်။