Monday, July 6, 2009

ငယ်ငယ်တုန်းက မိုးရာသီ

ဒီအချိန်ဆို အမိမြေမှာမိုးတွေဖြိုင်ဖြိုင်ရွာနေရောပေါ့... ကျွန်မက မိုးတွင်းမှာမွေးတဲ့သူမို့ထင်တယ်.. မိုးရွာတာကိုအရမ်းကြိုက်တယ်... ငယ်ငယ်တုန်းကဆို မိုးရွာတာနဲ့ မေမေရေ မိုးရေချိုးချင်တယ်လို့ အော်တော့တာပဲ... မိုးဦးကျခါစ ပထမဆုံးရွာတဲ့မိုးဆို မေမေကပေးမချိုးဘူး... ဖျားတတ်တယ်တဲ့... ကျွန်မကလည်းအဲဒီမိုးရေကိုမှ အရမ်းချိုးချင်တာလေ... ကျွန်မငယ်ငယ်ကနွေရာသီဆို မိတ်ယားတွေအရမ်းထွက်တယ်... လူကသရဲရုပ်ပေါက်တဲ့အထိကိုထွက်တာ... မိုးရေချိုးပြီရင် မိတ်တွေပျောက်မှာသိတော့ အရမ်းချိုးချင်တာပေါ့... မေမေ့ဆီကခွင့်ပြုချက်ရတာနဲ့ ညီအစ်မနှစ်ယောက်သား မိုးရေထဲပြေးဆင်းတော့တာ... မောင်လေးကငယ်သေးတော့မပါရဘူး... ကျွန်မတို့မိုးရေထဲဆော့နေတာကြည့်ပြီး သူလည်းပျော်နေတာပေါ့... ကျွန်မတို့ကလည်းဆော့တာမှ နှုတ်ခမ်းတွေပြာတဲ့အထိပဲ...

မိုးရေချိုးပြီးတိုင်း ဗိုက်ဆာဆာနဲ့ တဝတပြဲအုပ်နေကျ မိုးရာသီထမင်းဝိုင်းလေးကိုလည်း သတိရမိတယ်... ကျွန်မတို့ အဘောင်ရှင် (အဖွား) ကဟင်းချက်အရမ်းကောင်းတာ... မိုးတွင်းဆို သူချက်နေကျဟင်းတွေက ငါးလေးအိုးကပ်.. ပုဇွန်ဆိတ်ကြော်.. ဒေါင်းပျောက်ငါး (ဗမာလိုမခေါ်တတ်ဘူး) ကိုငရုတ်သီးအနှစ်နဲ့ စပ်စပ်လေးချက်.. ဘူးသီးဟင်းခါး.. ပိန်:ဥဟင်းခါး.. တခါတလေ ဖလံတောင်ဝှေးကို ငပိနဲနဲ ပုဇွန်ခြောက်နဲနဲ ငရုတ်သီးစိမ်းနဲ့ ရခိုင်ချက်လေးချက်... ရခိုင်ငပိထောင်းလေးထောင်း.. တို့စရာတွေက မာလာဖူး.. လယ်ကန်စွန်း.. ဇရစ်ရိုး... ဟင်း... သွားရည်ကျလာပြီနော်... အချိုတဲဖို့ ရင်ကွဲသရက်သီ:မှည့်ချိုချိုလေးလည်းပါသေးတယ်...

မိုးအေးအေးမှာ အိပ်ယာထဲစောင်ခြုံကွေးပြီး ကာတွန်းစာအုပ်ဖတ်ရတာကလည်း ဇိမ်ပဲနော်... မိုးတိတ်သွားတဲ့အခါကျတော့ မြေးအဖိုးတတွေလမ်းလျှောက်ထွက်ကြတယ်... လမ်းလျှောက်ရင်းနဲ့ ချောင်းနားရောက်ရင် ချောင်းစပ်ကိုဆင်းပြီး ကြာဟင်းညွန့်တွေခူး.. ခရာပန်းခရမ်းရောင်လေးတွေခူး... ကြိမ်စေ့လေးတွေခူး... အိမ်ရောက်ရင် ခရာပန်းတွေ ကြိမ်စေ့တွေကို ပုတီးကုံးတွေ ဘယက်တွေဖြစ်အောင်သီနဲ့ အရမ်းပျော်တာပေါ့...

ခုခောတ်ကလေးတွေမှာတော့ အဲဒီလို သဘာဝကျကျပျော်လေးတွေ ရှိတော့မယ်မထင်ဘူး... Computer Game တွေ Amusement Park တွေက ဖန်းတီးတီထွင်ထားတဲ့ ပကာသနတွေကြားမှာပဲ ပျော်နေကြတော့တာ.. တနေ့က ညနေပိုင်း မိုးတွေသည်းသည်းမဲမဲရွာတော့တောင် မေမေ့ကိုပြောမိသေးတယ်... မိုးဒီလောက်ရွာနေတာ မိုးရေချိုးမယ့်သူလည်းတစ်ယောက်မှမရှိဘူး.. မိုးရေထဲဆော့ချင်လိုက်တာဆိုတော့ မေမေက အရူးမတဲ့.. ကလေးအမေပဲဖြစ်နေပြီ... သူငယ်ပြန်မနေနဲ့တဲ့ ကောင်းချီးပေ:တယ်လေ... တကယ်လွမ်းမိတာပါ... ငယ်ငယ်တုန်းကမိုးရာသီကိုရော... အဘောင်ရှင်ချက်ကျွေးတဲ့ မိုးရာသီဟင်းလေးတွေကိုရောပေါ့...

3 comments:

rose of sharon said...

ကျမလဲမိုးရာသီမှာမွေးလို့ထင်ရဲ့ မိုးရေချိုးရတာကြိုက်တယ်.. ခုထိခလေးတွေနဲ့အတူမိုးရေထွက်ချိုးတုန်း...(ခြံထဲမှာ)

မျက်မှန်လေး said...

ဟီးဟီး မိုးရာသီဖွားမဟုတ်ပေမဲ့မိုးရေချိုးရတာကိုအရမ်းကြိုက်တယ်။

Anonymous said...

နည်းပညာအောက်မှာ ပျော်ဝင်နေရပေမယ့် လွတ်လပ်ပျော်ရွှင်စရာကောင်းတဲ့ ကလေးဘဝကိုတော့ တစ်ခါမှ မမေ့ခဲ့ဘူး ..
ပို့စ်ဖတ်ပြီး တကယ်ကို မိုးရေထဲမှာ ရောက်သွားခဲ့သလိုပါပဲ ..
ပြောပြထားတဲ့ ဟင်းအစပ်အဟပ် ..
တန်ဖိုးကြီး ဟင်းလျာမမည်ပေမယ့် တန်ဖိုးအရှိဆုံး အရသာတွေဆိုတာ အသေအချာပါပဲ ..
တကယ်လွမ်းမိသွားတာပါ ..

နေဒေးသစ်။