Wednesday, March 11, 2026

ကိုယ့်အစွမ်းကို စိန်ခေါ်ကြည့်ခြင်း

ပြီးခဲ့တဲ့ရုံးပိတ်ရက်တုန်းက ကျိုက်ထီးရိုးဘုရားကို ရောက်ဖြစ်ခဲ့တယ်.. ညီမလေးက သူအလည်ပြန်လာမယ်လို့ စပြောကတည်းက ကျိုက်ထီးရိုးသွားကြမယ်.. ကင်ပွန်းစခန်းကနေ လမ်းလျှောက်တက်ရအောင်လို့ပြောတော့ ဒီအရွယ်ဒီခြေထောက်တွေနဲ့ ရောက်ပါ့မလားလို့ စိတ်ပူပြီး ကားနဲ့ပဲတက်ရအောင်လို့ သူ့ကိုပြောနေသေးတာ.. နောက်သေချာပြန်စဉ်းစားတော့ ဒီတခေါက်မတက်ဖြစ်ရင် နောက်ဆို မသေချာတော့ဘူး.. ကိုယ့် fitness level ကိုလည်း စမ်းကြည့်သင့်တယ်လို့တွေးမိသွားတာနဲ့ လမ်းလျှောက်ကြမယ်ဆိုပြီး ဆုံးဖြတ်လိုက်တော့တယ်.. ဒူးနာ ခါးနာတတ်တဲ့ ကိုယ့်ကို အိမ်ကလူတွေက စိတ်ပူကြတယ်.. ကိုယ်ကတော့ ဒီတလော လေ့ကျင့်ခန်းတွေလုပ်ဖြစ်နေတာမို့ အမောခံနိုင်လောက်တယ်ဆိုပြီး သိပ်မကြောက်ပါဘူး.. မရောက်တာကြာတော့ လမ်းအခြေအနေသေချာမသိလို့ စိတ်ထင့်နေတာပဲရှိတယ်.. လမ်းပြဖို့နဲ့ အထုပ်ကူသယ်ဖို့ လူခေါ်သွားကြတာပေါ့ဆိုပြီး စိတ်ဒုံးဒုံးချထားလိုက်တာပဲ.. သွားခါနီးမှ စုံရက်ကား မရက်ကားတွေဖြစ်လာလို့ ကားငှားထားတဲ့ဆီကို လှမ်းညှိရသေး.. နောက်ဆုံးတော့ မနက်လေးနာရီထွက်မှာမို့ မရက်ကို စုံကားနဲ့သွားကြဖို့ သဘောတူလိုက်ကြတယ်လေ.. 

ရန်ကုန်ကနေ မနက်၄နာရီထွက်လာကြတာ ဘုရားကြီးမှာ မနက်စာစားပြီး ကင်ပွန်းစခန်းကိုရောက်တော့ ၇နာရီခွဲလောက်ရှိပြီ.. အဒေါ်တွေနဲ့ သမီးငယ်ကို တောင်တက်ကားပေါ်တင်ပေးပြီး ကိုယ်ရယ် စိန်ထူးရယ် စိန်မီးရယ် ယုခိရယ် သူရဲကောင်းလေးများ လမ်းပြအကိုတယောက်ခေါ် ၈နာရီလောက်မှာ စလျှောက်ကြတယ်.. ရွာလမ်းလေးလို ခပ်ပြေပြေမို့ ရေမြောင်ကလေးရောက်ခါနီးအထိ တောင်ဝှေးကို သတိမရကြသေးဘူး.. လမ်းပြအကိုက သတိပေးတော့မှ ရွာထဲမှာ တောင်းဝယ်ကြတယ်.. ကိုယ့်တောင်ဝှေးဆို ပန်းရိပ်တောင်မဖော်ရသေးတဲ့ ဝါးလုံးသက်သက်ကြီး.. တဖြေးဖြေး အတက်လမ်းက မတ်လာတယ်.. တူမလေးယုခိဆို ကြီးမြူး တမိုင်မှာ ဘယ်နှဖာလုံရှိတာလဲတွေဘာတွေမေးပြီး ဘယ်လောက်တောင်လျှောက်ဖို့ကျန်သေးလဲ စတွက်လာပြီ.. ၁မိုင်လျှောက်ပြီးချိန် ရွှေရင်ဆို့စခန်းရောက်တဲ့အချိန်မှာ ကိုယ်က cardio exercise တန်ခိုးနဲ့ အေးဆေးပေမယ့် ဟိုကောင်တွေက ဟစိဟစိဖြစ်နေကြပြီ.. ဓာတ်ပုံတောင် မနည်းခေါ်ရိုက်ရတယ်.. နည်းနည်းဆက်လျှောက်ပြီး အိမ်ဆိုင်လေးတွေ့တော့ ဖရဲသီးတွေ ဝယ်စားကြတာ မောမောနဲ့ စားလို့ကောင်းလိုက်တဲ့ဖြစ်ခြင်း.. ရန်ကုန်ကဝယ်လာတဲ့မုန့်တွေကို လမ်းတွေ့တဲ့ ကလေးတွေရော ခွေးတွေရော ကျွေးသွားကြတယ်.. အားရပါးရစားကြတာတွေ့တော့ ပျော်ရပြန်ရော.. တနာရီလောက်ဆက်လျှောက်ပြီးမှ အိမ်ဆိုင်လေးထပ်တွေ့တယ်.. မုန့်လက်ဆောင်းတွေရောင်းလို့ ဝမ်းသာအားရ ဝယ်သောက်ကြတာပေါ့..

ရေမြောင်ကြီးကို သိပ်မသွားရလောက်ဘူးမှတ်နေတာ ၁၀နာရီခွဲလောက်မှ ရောက်တော့တယ်.. အရင်ဆုံးတွေ့တဲ့ဆိုင် ဝင်ထိုင်ကြပြီး ရသမျှမှာစားကြတော့တာပဲ.. ကိုယ်မှာတဲ့ခေါက်ဆွဲပြုတ်က အရင်ဆုံးရောက်လာတော့ အကုန်ဝိုင်းလုစားကြ.. ဆိုင်ကလည်း လူသိပ်မလာကြတော့ ကြက်ဥတောင် ဆိုင်ရှင်တွေချက်စားဖို့ ၃လုံးပဲကျန်တာဆိုလို့ မနည်းတောင်းပန်ကြော်ခိုင်းရတယ်.. လဖက်သုတ် ဆေးဘဲဥသုတ်တွေမှာပြီး ထမင်းနဲ့တွယ်ကြတယ်.. ကိုယ်တွေထိုင်စားနေတုန်း နောက်ထပ်၂ဖွဲ့လောက် ကျော်တက်သွားတာတွေ့လိုက်တော့ အဖော်ရပြီဆိုပြီး ပျော်သွားတာပေါ့.. စားပြီးနားပြီး ပြန်စလျှောက်တော့ ၁၁နာရီခွဲလောက်ရှိနေပြီ.. နေကအတော်ပူလာတာ.. အပင်ရိပ်ရှိတဲ့နေရာဆို မသိသာပေမယ့် တောင်ထိပ်ကြောတလျှောက်နေရာတွေဆို ပူတာအရမ်းပဲ.. အပူရှိန်ကြောင့် ပိုမောနေရတဲ့အထဲ ဘိုးပြန်တောင်ရောက်တော့ လှေကားထစ်တွေနဲ့ တွေ့တော့တာ မော့ကြည့်ပြီး အတော်အားမွေးယူရတယ်..လှေကားထစ် ၃၀၀ကျော်ကို လမ်းမှာ ၁ခါပဲနားပြီး တက်နိုင်ခဲ့လို့ ငါကွဆိုပြီးတောင် မာန်တက်လိုက်သေး.. ကိုယ်ကသာမာန်တက်နေတာ ကိုယ့်ကောင်တွေ နောက်ကပါမလာလို့ လမ်းပြအကိုခမျာ တခေါက်ပြန်ဆင်းခေါ်ရသေးတယ်.. 

အပေါ်ရောက်လာလေ အိမ်ဆိုင်လေးတွေရှားလာလေပဲ.. နေပူထဲ နားစရာနေရာမရှိဘဲ တနာရီလောက် လျှောက်ရတာ သိပ်တော့မလွယ်လှဘူး.. ကိုယ့်လူတွေကို စောင့်နေရင် သွေးအေးသွားလို့ မလျှောက်နိုင်တော့မှာ စိုးတာနဲ့ လမ်းပြအကိုကို သူတို့နဲ့ထားခဲ့ပြီး ကိုယ်က ရှေ့ကသွားနှင့်တယ်.. စိုင်တမော့ရောက်ခါနီးမှာ ရှုခင်းလှလှနဲ့ နားစရာဆိုင်လေးတွေ့တော့ ဝမ်းသာသွားပြီး နောက်ကလူတွေကို ထိုင်စောင့်နေလိုက်တယ်.. သူတို့ရောက်လာတော့ ခဏပေးနားပြီး ဆက်လျှောက်လာကြတာ စိုင်တမော့မှာ လှေကားထစ်တွေနဲ့ တွေ့ပြန်ရော.. လှေကားရင်းမှာတွေ့တဲ့အဘက အကြံပေးတယ်.. လှေကားထစ်တွေရေတွက်ပြီးတက်သွားတဲ့.. သူပြောသလိုလုပ်ကြည့်တာ လှေကား ၁၁၅ထစ်ကို နားစရာမလိုဘဲ တက်နိုင်သွားလေရဲ့.. အဲဒီကစပြီး စခန်းလေးရွာရောက်တဲ့အထိ နေပူထဲ နားစရာဆိုင်မရှိ ၂နာရီလောက်လျှောက်ရတာ အရမ်းပင်ပန်းတယ်.. ခြေထောက်တွေကလည်း ကြွက်တက်ချင်သလိုဖြစ်လာပြီ.. ပါလာတဲ့ Royal D လေး ချွေတာသောက်ရင်း စခန်းလေးအရောက် တွန်းလျှောက်ရတာပဲ.. 

စခန်းလေးရောက်တော့ ဖရဲသီးတွေဝယ်စားရင်း ကိုယ့်ကောင်တွေကို ထိုင်စောင့်နေလိုက်တယ်.. ရှေ့မှာတော့ နဂါးပတ်တောင်ကြီးက စောင့်ကြိုနေပါပြီ.. သူတို့မီလာတော့ ခဏနားပြီး ဆက်တက်ကြတယ်.. တောင်စောင်းတလျှောက်အိမ်လေးတွေများတော့ ရေသောက်စရာမရှားပေမယ့် ကုန်းလျှောလိုတက်ရတာမဟုတ်ဘဲ လှေကားထစ်အကျယ်အမြင့်ကြီးတွေ ဖြစ်နေတာ တောင်ဝှေးအားပြုပြီး မနည်းကြိုးစားတက်ရတယ်.. လမ်းမှာ တောင်တက်ကားလမ်းနဲ့ဆုံတဲ့နေရာရှိလို့ နောက်လူတွေနဲ့ လမ်းလွဲမှာစိုးတာနဲ့ ခဏစောင့်လိုက်သေးတယ်.. သူတို့ရောက်လာမှ ဆက်တက်ခဲ့တာ cable car စခန်းကိုရောက်တော့ ၁နာရီခွဲ.. ကိုယ့်ကောင်တွေကို ၁၅မိနစ်လောက်စောင့်လိုက်ရတယ်.. Mountain Top Hotel မှာ တည်းမှာဆိုတော့ ၁၀မိနစ်လောက်ဆက်လျှောက်တာနဲ့ ရောက်ပါပြီ.. လမ်းမှာတုန်းကတော့ ရောက်ရင် We did it လို့အော်တဲ့ video ရိုက်မယ်တွေဘာတွေ ပြောလာပြီး တကယ်ရောက်တော့ အခန်းထဲတန်းပြေးကြတာပဲ.. ပစ်လှဲချင်နေကြပြီမို့လား.. 

နောက်ဆုံးတော့ ကိုယ် လုပ်နိုင်ခဲ့တယ်.. ၄၄နှစ်ပြည့်ခါနီးမှာ ၇မိုင်၄ဖာလုံ တောင်၃၄လုံးကို ကျော်နိုင်ခဲ့တယ်ပေါ့.. ကိုယ့် fitness level ကိုယ် ကျေနပ်မိသောပေါ့နော်.. တက်ကြသူတွေထဲ ကိုယ်အကြီးဆုံးပေမယ့် ရှေ့ဆုံးကချည်း ဦးဆောင်နိုင်ခဲ့လို့လည်း ပီတိတွေဖြာပေါ့.. လေ့ကျင့်ခန်းတွေ ဆက်လုပ်သွားဖြစ်ဖို့လည်း ပိုသေချာသွားပါပြီလို့...

Friday, March 22, 2024

ထိုင်ခဲ့ဖူးတဲ့ကန်တင်းဆိုင်လေးများ

ကျောင်းသားဘဝ လွတ်လပ်ပျော်ရွှင်မှုတွေအကြောင်း ပြန်ပြန်တွေးတိုင်း မပါမဖြစ်က ကျောင်းကန်တင်းက ဆိုင်လေးတွေပေါ့.. အပြင်က စားသောက်ဆိုင်တွေမှာ မရတတ်တဲ့ အစားအစာဆန်းလေးတွေနဲ့ ကျွမ်းဝင်ခွင့်ရခဲ့တာလဲ ကျောင်းကန်တင်းက ဆိုင်လေးတွေမှာပဲပေါ့.. ကိုယ်တို့ကျောင်းစတက်တော့ မှော်ဘီဂျီတီစီရဲ့ကန်တင်းမှာ ဆိုင်လေး၃ဆိုင်ပဲရှိသေးတယ်.. ကျောင်းအဝင်ဝရဲ့ဘယ်ဖက်မှာက ဂျက်စမင်းဆိုတဲ့ဆိုင်လေး.. အစားအသောက်သိပ်မကောင်းလို့ ထိုင်ခဲတဲ့ဆိုင်ပေါ့.. စက်မှုက ယောက်ျားလေးတွေအထိုင်များလို့ ၀င်မထိုင်ဖြစ်တာလဲပါတယ်.. နောက်ပိုင်း ကန်တင်းအသစ်ဆောက်ပြီးတော့ ချက်တဲ့သူလဲပြောင်းသွားလို့ထင်တယ်.. စားကောင်းသောက်ကောင်းရှိလာတာနဲ့ ထမင်းချိုင့်ဆွဲတောင် ယူစားဖြစ်လိုက်တယ်လေ.. မောင်နဲ့တွေ့ပြီးတော့မှပါ.. မောင်ကဘေးနားမှာပါနေတော့ ဘယ်ဆိုင်ဖြစ်ဖြစ် ၀င်ရဲသွားပြီလေ.. ဂျက်စမင်ကအစားအစာတွေထဲ မှတ်မိနေတာက တပွဲ၁၀၀ပေးရတဲ့ ကြာဇံဆီချက်ပေါ့.. ဘာအသားမှမပါဘဲကို စားလို့ကောင်းပါတယ်.. ဖဲရှုံးလို့ လက်ထဲပိုက်ဆံပြတ်ရင် မောင်နဲ့ တယောက်တဝက် ဝေမျှစားရတာကိုက အရသာ.. 

နောက်ဆိုင်တစ်ဆိုင်က ကောင်းထက်တဲ့.. အဝင်လမ်းရဲ့ ညာဘက်မှာရှိတာပေါ့.. ကျောင်းစတက်တက်ချင်း အထိုင်အများဆုံးဆိုင်လေ.. ဆိုင်ကကျယ်ပြီး သီချင်းတွေဘာတွေလဲဖွင့်တာမို့ ပျင်းရင်ကို သွားထိုင်နေဖြစ်တယ်.. သူ့ဆိုင်က ထောပတ်သီးဖျော်ရည်ကတော့ အသည်းစွဲပဲ.. ရေခဲသုတ်လဲစားကောင်းတယ်.. ကိုယ်တို့ဘော်ဒါဆောင်နဲ့ မျက်နှာချင်းဆိုင်လိုဖြစ်နေတော့ ညနေစာစားချိန်ဆိုလဲ ကောင်းထက်ကိုပဲ သွားဖြစ်တယ်လေ.. 

နောက်တစ်ဆိုင်က မိဘမေတ္တာတဲ့.. အဘဆိုင်လို့ပဲခေါ်ကြတယ်.. အဘတို့လင်မယားက စေတနာကောင်းလို့ လူအမြဲပြည့်နေတတ်တဲ့ဆိုင်ပေါ့.. ဟင်းတွေလဲကောင်းတယ်.. ဆရာမကြီးအိမ်နဲ့ကပ်လျှက် ညောင်ပင်အောက်မှာရှိတာလေ.. လူများလို့သာမထိုင်ဖြစ်တာ ဟင်းတွေကကောင်းတော့ ပါဆယ်သွားသွားဆွဲဖြစ်တယ်.. အလကားပေးတဲ့ သီးစုံချည်ရည်ကအစ စေတနာထားချက်လို့ စားကောင်းနေတတ်တာပါ.. 

၃လ ၄လလောက်နေတော့ ကောင်းထက်ဘေးနားမှာ ၀ါးရုံရိပ်ဆိုတဲ့ဆိုင်လေးတိုးလာတယ်.. အိမ်ချက်ဟင်းလေးတွေလိုပဲမို့ စားကောင်းတာပါပဲ.. သူတို့ဆိုင်က ရှောက်သီးသုပ်လေး အရမ်းစားကောင်းတာ မှတ်မိနေသေးပါရဲ့.. ကျန်တဲ့အသုပ်တွေတော်တော်များများလဲ ကောင်းတယ်ဆိုတော့ အသုပ်စားချင်ရင် ၀ါးရုံရိပ်ကို သွားဖြစ်တယ်.. ရေနွေးကြမ်းကလည်း လဖက်ခြောက်ကောင်းကောင်းသုံးလို့ သောက်ကောင်းတာကိုး.. 

နောက်ပိုင်းကျတော့ ကန်တင်းဆိုင်ခန်းတွဲတွေ အသစ်ဆောက်လိုက်တယ်.. တစုတစည်းတည်းဖြစ်သွားတာပေါ့.. သီချင်းတွေအပြိုင်ဖွင့်ကြလို့ နားညည်းလိုက်တာမပြောပါနဲ့.. တဆိုင်နဲ့တဆိုင်က ကပ်နေတာမို့လား.. အသံတွေလုံးပြီး ဘယ်လိုမှ သာယာနာပျော်ဖွယ် ဖြစ်မလာနိုင်တော့ဘူးလေ.. ဆိုင်သစ်တွေလဲ ထပ်တိုးလာတယ်.. စီနီယာအစ်ကိုကြီးတွေစုပြီး Mr. Cupid ဆိုတဲ့ဆိုင်လေးတောင်ဖွင့်လိုက်သေးတယ်.. သိပ်မကြာလိုက်ပါဘူး.. သူငယ်ချင်းတွေဒဏ်မခံနိုင်ဘူးထင်ရဲ့.. ဆက်မလုပ်တော့ဘူးလေ.. တိုးလာတဲ့ဆိုင်တွေထဲက စုံစုံလင်လင်လေးရောင်းတာက မဟာနွယ်ဆိုတဲ့ဆိုင်လေးပါ.. တရုတ်ဟင်းတွေပါမှာလို့ရတယ်.. စျေးတော့နည်းနည်းပိုတာပေါ့.. စမူဆာတို့ အီကြာကွေးတို့ ရတတ်လို့ မနက်စာစားလို့ကောင်းတဲ့ဆိုင်ပါ.. 

ကိုယ်တို့အဆောင်ရှေ့မှာလဲ ပြည့်ဝဆိုတဲ့ထမင်းဆိုင်လေးရှိတယ်.. စစချင်းတော့ မောင်နှမတတွေစုပြီးလုပ်ကြတာ.. ဟင်းချက်သိပ်မကောင်းလို့ သိပ်မစားဖြစ်ဘူး.. နောက်ပိုင်း သူတို့ဆီကနေဆိုင်ကိုပြန်ဝယ်လိုက်တဲ့ အန်တီအိက ဟင်းချက်ကောင်းတာမို့ ဒုတိယနှစ်တနှစ်လုံး ပြည့်ဝကိုပဲ အားပေးဖြစ်တယ်.. နေ့လည်စာစားတိုင်း သူငယ်ချင်းတွေတအုပ်ကြီး ပြည့်ဝကိုချီတက်ကြတာပေါ့.. နေ့ခင်းဘက်အတန်းလစ်ပြီး ကန်တင်းသွားဖြစ်ရင်တော့ အဘဆိုင်မှာ ရခိုင်မုန့်တီလေးသောက် လဖက်သုပ်လေးစား... ဂစ်တာတီးပေးတဲ့သူရှိရင် သီချင်းလေးဘာလေး လိုက်အော်ပေါ့.. စာကြည့်တိုက်ကယူလာတဲ့ စာအုပ်တစ်အုပ်အုပ်ထဲ ခေါင်းစိုက်နေဖြစ်တာက ပိုများပါတယ်.. ရေနွေးကြမ်းတွေ တအိုးပြီးတအိုးဖြည့်ခိုင်းလဲ မငြိုငြင်တတ်ကြပါဘူး.. နေ့ခင်းဘက် သီအိုရီချိန်များဆို တတန်းလုံးနီးပါး ကန်တင်းရောက်နေတတ်လို့ ကန်တင်းမှာရိုးကောလ်လိုက်ကောက်ရမတတ်ပဲ.. 

ကျောင်းကန်တင်းကမဟုတ်ဘဲ ကျောင်းကသူငယ်ချင်းတွေနဲ့ အတူတူခဏခဏထိုင်ဖြစ်တဲ့ ဆိုင်လေးလဲရှိသေးတယ်.. သင်္ကန်းကျွန်း ဘဝမြင့်မှတ်တိုင်က လဖက်ရည်ဆိုင်လေးပေါ့.. ဒီဂျစ်တယ်ဆရာကြီး ဦးခင်ဌေးဆီမှာ သင်တန်းတက်ကြရင်း သင်တန်းချိန်ပြီးရင် အိမ်တန်းမပြန်ဘဲ လဖက်ရည်ဆိုင်ထိုင်တတ်ကြတာလေ.. မိန်းကလေးကတော့ ကိုယ်တစ်ယောက်တည်းပေါ့.. ဆိုင်နာမည်တောင် မသိတော့ဘူး.. ပေါ့ဆိမ့်တစ်ခွက်နဲ့ နေဝင်ခဲ့တဲ့ညနေခင်းတွေ ကျွန်မဘဝမှာအများကြီးပါပဲ.. ခြင်စာကျွေး သွေးလှူပွဲလေးလို့လဲ ပြောရင်ရသပေါ့လေ.. စမ်းချောင်းလမ်းထဲက အိမ်မဲမုန့်ဟင်းခါးဆိုင်လေးကလဲ ကိုယ်တို့သူငယ်ချင်းတတွေရဲ့ ဆုံမှတ်ဖြစ်ခဲ့ဖူးသေးတယ်.. ဟင်းရည်ကျဲကျဲနဲ့ ငရုတ်ကောင်းနဲ့မွှေးမွှေးလေးမို့ အရမ်းကြိုက်တဲ့ မုန့်ဟင်းခါးပေါ့.. ကျူရှင်မသွားခင် အမြဲတမ်းစားနေကျ.. 

စလုံးမှာ အလုပ်လုပ်တုန်းက ကိုယ်တို့သင်္ဘောကျင်းက ဘယ်နေရာ ဘာစားသောက်ဆိုင်နဲ့မှ မနီးတာမို့ ရုံးကန်တင်းမှာပဲ နေ့စဉ်စားရပါတယ်.. တရုတ်ဆိုင်တဆိုင် ကုလားဆိုင်တစ်ဆိုင်နဲ့ အအေးတွေ အသီးတွေရောင်းတာကတစ်ဆိုင်... မနက်အစောကြီးတက်ရတဲ့အလုပ်ဆိုတော့ မနက်စာကိုလဲ ရုံးရောက်မှပဲ စားရတာပေါ့.. ကုလားဆိုင်ကတော့ မနက်တိုင်း ပလာတာ ဗယာကြော် မတ်ပဲကြော် မုန့်ပေါင်းတွေရောင်းတယ်.. ကုလားတွေများ ဘာလာလာပဲဟင်းလေးစမ်းပြီး ကြိတ်ပစ်လိုက်တော့တာကိုး.. တခါတလေတော့ ကုလားဆိုင်ကစားဖြစ်တယ်.. အမြဲတမ်းတော့ မစားနိုင်ဘူး.. ချွေးနံ့ကပါ မဆလာနံ့ထွက်လာတယ်ထင်ရအောင် အနံ့ပြင်းလွန်းလို့.. အများဆုံးစားတာကတော့ တရုတ်ကြီးဆီကပါ.. မနက်စာဆိုရင် ပုံမှန်ခေါက်ဆွဲကြော် ကြာဇံကြော်တွေအပြင် တနေ့တမျိုး စပါယ်ရှယ်လေးတွေရှိတယ်.. Fish Ball Mee တို့ Mee Rebus တို့ Laksa တို့ Wanton Mee တို့ပေါ့.. နေ့လည်စာဆိုရင်လဲ ဟင်းချက်မဆိုးဘူးပြောရမယ်.. အရသာလေးဘာလေးရှိသေးတယ်.. စလုံးထမင်းဆိုင်တွေက ဟင်းတွေအကြောင်း စားဖူးသူတိုင်းသိပါတယ်.. သူတို့လို အရသာမရှိအောင်ချက်ပြပါဆို ကိုယ်မချက်တတ်ဘူး တကယ်.. ဘာအရသာမှကိုမရှိတာ.. ဗမာပါးစပ်နဲ့တော့ တလွဲမှ တကယ့်ကိုတလွဲပဲ.. ရုံးကန်တင်းကဆိုင်ကတော့ တော်တော်လေးစားကောင်းတယ်.. ကံကောင်းတယ်ဆိုရမှာပေါ့.. စားမကောင်းလဲ ဘာမှမရှိတော့ သူ့ဆီမှာပဲစားရမှာကိုး.. နောက်အလုပ်တစ်ခုပြောင်းတော့ Lau Pa Sat ဆိုတဲ့ Food court နဲ့နီးတဲ့နေရာ.. စားစရာတွေစုံသလောက် စျေးကြီးတော့ နေ့တိုင်းမစားဖြစ်တော့ဘူး.. ထမင်းဘူးထည့်ပြီး အအေးလောက်ပဲ ဝယ်သောက်ဖြစ်တော့တယ်.. 

မြန်မာပြည်ပြန်ရောက်လာတော့ ကန်တင်းစာတွေ ပြန်စားရတာ PTTEP မှာ အလုပ်ဝင်ပြီး Offshore / Onshore Site တွေကို အလုပ်အတွက် သွားရတဲ့အခါတွေမှာပေါ့.. အရမ်းစားကောင်းတယ်မဟုတ်ပေမယ့် စားလို့တော့ ဖြစ်တာပါပဲ.. ZOC canteen က အမှတ်တရအရှိဆုံးဆို ငပိရည်ဖျော်ပဲ.. ZPQ မှာတော့ Somptum ကို စိတ်ကြိုက်ထောင်းစားဖို့ ငရုတ်ဆုံကြီးပါ ချပေးတာ သဘောကျတယ်... Special Seafood Dinner က ZOC မှာဆို Saturday နဲ့ ZPQ မှာဆို Sunday.. ရုံးအသစ်မပြောင်းခင် Vantage Tower မှာ ရုံးတက်ရတုန်းက Eco Canteen မှာ မနက်စာအမြဲစားဖြစ်တယ်.. အကြိုက်ဆုံးက ခေါက်ဆွဲသုပ်.. သခွားသီးလေးထည့် ဗမာအချဉ်ရည်နဲ့သုပ်တာ.. အရမ်းကောင်း.. ဘန်ကောက်မှာခဏတာဝန်ကျတုန်းက ရုံးနားတဝိုက်မှာ ကန်တင်းတွေများတယ်.. Hot Market လို့ခေါ်တဲ့နေရာဆို စျေးရုံကြီး ၅ခုတောင်.. စားစရာတွေအစုံပေါ့.. ကိုယ်အကြိုက်ဆုံးက ဝက်အစုံစွပ်ပြုတ်ရယ်.. ခေါက်ခါမူလို့ခေါ်တဲ့ ဝက်ခြေထောက်ပေါင်းထမင်းရယ်.. ကဖောင်မူကော့လို့ခေါ်တဲ့ ဝက်ခေါက်ကင်ကဖောင်ကြော်ရယ်.. အရမ်းကြိုက်ပေမယ့် လူအရမ်းများတတ်လို့ စောစောမသွားနိုင်ရင် အကြာကြီးစောင့်ရတတ်တဲ့ဆိုင်က မော့ဖိုင်လို့ခေါ်တဲ့ ကွေ့တယိုဟော့ပေါ့လည်း သိပ်စားကောင်းတာ.. Cold Canteen မှာဆိုရင်တော့ Japan ဆိုင်က Saba Grill set ရယ်.. မြောက်ပိုင်း တောင်ပိုင်း ထမင်း၂ဆိုင်က ပုံစားထမင်းရယ် အစားဖြစ်ဆုံး.. Khao Soi လို့ခေါ်တဲ့ အုန်းနို့ခေါက်ဆွဲတော့ တခါတလေစားတယ်.. ချိုလွန်းတော့ သိပ်မကြိုက်ဘူး.. ခနုံကျင်းဆိုတဲ့ ထိုင်းမုန့်ဟင်းခါးကတော့ စပ်လွန်းတယ်.. အီကြာကွေးပုတိုလေးတွေ ထည့်စားရင်တော့ အတော်ပဲ... 

အခုရောက်နေတဲ့နေရာမှာ ကန်တင်းစာတွေ ပြန်စားနေရပြန်ပြီ.. မနက်စာဆိုရင်တော့ နေ့တိုင်း ဆန်ပြုတ်နဲ့ ဟင်းတွေချည်းကျွေးတာမို့ ကြာတော့ မစားချင်တော့ဘူး.. coffee corner မှာ ရောင်းတာလေးတွေ အပြောင်းအလဲဖြစ်အောင် ဝယ်စားရတယ်.. နေ့လယ်စာကတော့ စားကောင်းပါတယ်.. အကြိုက်ဆုံးကတော့ နမ့်ဖစ်နဲ့ တို့စရာအစုံ နေ့တိုင်းခင်းပေးထားတာပဲ.. မျှစ်ဟင်း ခဏခဏချက်တာလည်း စားကောင်းတယ်.. ညနေစာဆို salad bar က အစုံရှိတော့ အဆင်တွေပြေနေရောပေါ့... 

ကိုယ်မချက်ရ မဆေးရတာနဲ့တင် ကန်တင်းစာတွေကို ကျေးဇူးတင်နေရသူဟာ.. မြူးမြူးပါတဲ့ကွယ်.. 

(ကျောင်းသူဘဝကနေ အခုထိ စားဖူးတဲ့ကန်တင်းလေးတွေအကြောင်း အမှတ်တရလေးပါ.. ဖတ်ရင်း ဗိုက်ဆာလာရင်တော့ မတတ်နိုင်ဘူး.. ရသစာပေဆိုတာ ဒါများလား..)

Thursday, March 21, 2024

ဆရာမခင်ခင်ထူးရဲ့ပန်းကြာဝတ်မှုံနဲ့ ဆရာဇင်ယော်ရဲ့ပန်းကြာဝတ်မှုံ

(ရုပ်ရှင်ပညာကို စိုးစဉ်းမျှနားမလည်သောသူ ပန်းကြာဝတ်မှုံစာအုပ်ကို အရမ်းနှစ်ခြိုက်မိသူတစ်ယောက်ရဲ့ ကိုယ်ပိုင်ခံစားမှုသာ ဖြစ်ပါတယ်..)

ပန်းကြာဝတ်မှုံဝတ္ထုကို မေမေပို့ပေးလို့ လွန်ခဲ့တဲ့၁နှစ်လာက်ကမှ ဖတ်ဖြစ်ခဲ့တာ.. ဖတ်ရတာ အရသာရှိလွန်းလို့ အစကနေအဆုံး ဘယ်နှစ်ခေါက်မှန်းမသိ ဖတ်ဖြစ်ခဲ့တယ်.. လရောင်ကိုကျွန်မချစ်သည် ကစလို့.. ၂၁မိုင်ကိုကျော်လျှင်လဝန်းကိုမြင်ရပြီအထိ အလွတ်ရမတတ်ကို စွဲလန်းခဲ့တာပေါ့.. သီရိမေရဲ့သူငယ်ချင်းတွေကို ကိုယ့်သူငယ်ချင်းတွေအလား ရင်းနှီးနေခဲ့တယ်.. ထွေးထွေးသိန်းရဲ့ဟာသတွေ၊ ခင်ခင့်ရဲ့ဘဝအမောတွေ၊ နွယ်နွယ်တင်ရဲ့ ကံမကောင်းတဲ့အချစ်၊ အုံ့မှိုင်းရီဆိုတဲ့စိုးစိုးမော်၊ ခင်ဖို့ကောင်းတဲ့ကိုတိုးကြီး.. အားလုံးက ကိုယ့်သူငယ်ချင်းတွေပေါ့.. အောင့်အပေါ် အားမလိုအားမရဖြစ်ရတာကလဲ အထပ်ထပ်ပြန်ဖတ်ရင်းနဲ့တောင် ရိုးမသွားတဲ့ခံစားချက်..

ဒီဝတ္ထုကို ရုပ်ရှင်ရိုက်တယ်ကြားတော့ ကိုယ်ရင်ခုန်မိတယ်.. ကိုယ့်စိတ်ကူးထဲက သူငယ်ချင်းတွေကို အသက်ထင်ရှား မြင်ရတော့မှာကိုး.. ကိုယ်ချစ်တဲ့သက်မွန်မြင့်က သီရိမေတဲ့.. သက်မွန်က အညာသူနဲ့မတူလှပေမယ့် သီရိမေတော့ဖြစ်မှာပါလို့ ကြိုတွေးထားလိုက်တယ်.. အောင့်နေရာမှာ နိုင်းနိုင်းဆိုတော့ စိတ်ထဲတမျိုးပဲ.. ကိုယ်တွေးထားတဲ့အောင်က နိုင်းနိုင်းနဲ့ မတူဘူးလေ.. ဒါပေမယ့် သူလဲသရုပ်ဆောင်ကောင်းသူတစ်ယောက်မို့ ကြည့်လို့ကောင်းမယ်ဆိုတာတော့ ယုံထားပြီးသားပါ..

ပြီးခဲ့တဲ့စနေက ဆရာဇင်ယော်ရဲ့ပန်းကြာဝတ်မှုံကို သွားရောက်ခံစားဖြစ်တယ်.. ရှုခင်းကောင်းကောင်း အရုပ်ကောင်းကောင်း အသံကောင်းကောင်းနဲ့မို့ ကြည့်လို့ကောင်းတာတော့အမှန်ပဲ.. သက်မွန်ရော နိုင်းနိုင်းရောလဲ သရုပ်ဆောင်ကောင်းကြပါတယ်.. ဒါပေမယ့် ကိုယ်အားမရဘူး.. ကိုယ်သိပ်နှစ်သက်ခဲ့တဲ့ ၀တ္ထုလေးက အသက်ဝင်မလာခဲ့သလိုပဲ.. ရုပ်ရှင်ဆိုတာ စာအုပ်ထဲကကအတိုင်း ရိုက်လို့မဖြစ်မှန်းတော့ ကိုယ်နားလည်ပါတယ်.. အချိန်ကန့်သတ်ချက်ကြောင့် ဖြတ်ပစ်လိုက်ရတာတွေလဲ ပါမှာပေါ့.. သီရိမေသူငယ်ချင်းတွေရဲ့ စရိုက်တွေကလဲ မပေါ်လွင်လှဘူး.. ထားပါလေ.. သူတို့က အဓိကမှမဟုတ်ဘဲ.. ဒါပေမယ့်အောင့်စရိုက်ကလဲ ပေါ့ပျက်ပျက်ကြီးဖြစ်နေတယ်.. အထူးသဖြင့် မောင်မယ်သစ်လွင် ကြိုဆိုပွဲမှာ အောင်သီချင်းဆိုပြီး စောင်းတီးအပြီး ကောင်မလေးတွေ လက်မှတ်ဝိုင်းထိုးခိုင်းတဲ့အခန်းက ကြောင်တောင်တောင်နဲ့.. သဘာဝမကျဘူးထင်မိတယ်.. ၀တ္ထုထဲကအောင်က လျှို့ဝှက်ချက်တွေနဲ့ စိတ်ဝင်စားစရာကောင်းသလောက် ရုပ်ရှင်ထဲကအောင်က တွေဝေမှုတွေနဲ့ မပြတ်သားတဲ့သူဖြစ်နေတယ်.. ကိုယ့်အမြင်သက်သက်ပါ..

ဆရာမခင်ခင်ထူးရဲ့ သီရိမေက လရောင်ကိုချစ်တဲ့မိန်းကလေး.. လရဲ့ဆွဲငင်အားက ဒီရေတွေကိုတောင် ဆွဲတင်နိုင်မှတော့ မေ့လောက်တော့ အသာလေးပေါ့လို့ အောင်ကတောင် မှတ်ချက်ပြုရတာ.. လခွဲတစ်ကြိမ် လရောင်ကိုမျှော်တတ်တဲ့မိန်းကလေး... အောင်ရဲ့မထိခလုတ်ထိခလုတ် စကားလေးတွေကြောင့် တိတ်တခိုးရင်ခုန်နေရသူ.. လရောင်ကိုမျှော်ပြီး ပွင့်ရတဲ့ ပန်းကြာဝတ်မှုံ.. ၀တ္ထုထဲမှာက သီရိမေရဲ့အတွေးတွေ မျှော်လင့်ချက်တွေကို ရေးပြလို့ကောင်းပေမယ့် ရုပ်ရှင်ရိုက်ဖို့ကြတော့ ဘယ်လွယ်မလဲနော်.. သက်မွန်က သရုပ်ဆောင်ကောင်းပါတယ်..

ကဗျာတွေစာတွေရွတ်ကြတဲ့အခန်းဆို ရယ်စရာကြီးဖြစ်နေတာ.. စာအုပ်ထဲရေးတော့သာ ဖတ်လို့ကောင်း ခံစားလို့ကောင်းတာလေ.. ရုပ်ရှင်ထဲကျ တမျိုးကြီးပဲ... အောင်နဲ့မေ ပြန်ဆုံကြတဲ့အခန်းဆို "ငိုတာကတော့ မေကဦးပါတယ်မေရယ်" လည်းဆိုရော ဝါးခနဲ ဝိုင်းရယ်ကြတာပဲ.. စာအုပ်ထဲတုန်းက မျက်ရည်လေးလည်ပြီး ဖတ်ရတာလေ.. 

ကိုယ်ကြိုက်တဲ့စာအုပ်တွေဆို ရုပ်ရှင်ဖြစ်မလာစေချင်ဘူး.. စာအုပ်ထဲကဇာတ်ကောင်တွေကို ကိုယ့်အတွေးထဲကပုံရိပ်တွေအတိုင်းသာ ဆက်လက်ရှင်သန်နေစေချင်တာ.. အတွေးတွေနဲ့ လွင့်မြောနေရတာကပဲ ပိုအရသာရှိလို့ပါ..

(လွန်ခဲ့တဲ့ ၁၁နှစ်က draft ထဲကျန်နေတာလေး)

Saturday, May 2, 2020

ဘလော့ဟောင်းလေးကို ဖုန်ခါခြင်း

မရေးဖြစ်တာ အတော်လေးကို ကြာနေပါပြီ.. သားသားအကြောင်းတွေ ရေးထားတာပြန်ဖတ်မိတော့ ကြည်နူးမိရလို့ သမီးလေးအကြောင်းတွေပါ မှတ်တမ်းလေးတစ်ခု ရှိနေချင်လို့ ဆက်ရေးချင်စိတ်တွေ ဖြစ်လာပါတယ်.. အခုအခြေအနေနဲ့ အိမ်ပြင်လည်း သိပ်မထွက်ရတာမို့ သားသမီးအကြောင်းတွေသမက ရေးချင်တာလေးတွေရှိလာရင် ဒီမှာလာပြန်ရေးဖို့ ဆုံးဖြတ်လိုက်ပါကြောင်း.. ဟင်းချက်နည်းပေါက်ကရတွေကိုတော့ မြူးမြူးရဲ့မီးဖိုချောင်မှာပဲ တင်ပါမယ်လေ.. မျက်စိနောက်ကြပါကုန်လော့..

Monday, January 16, 2017

ဟုတ်ကဲ့ ကျမရန်ကုန်သူပါရှင်

၂၀၀၇ခုနှစ် မတ်လကတည်းက စင်္ကာပူကို အလုပ်လုပ်ဖို့ ရောက်နေခဲ့ရတဲ့ကိုယ်ဟာ မွေးရပ်မြေ ရန်ကုန်ကို ပြန်ရောက်နေတာ ခုဆို ၃လနီးပါးရှိပြီ... စင်္ကာပူမှာ နေခဲ့တဲ့ ၉နှစ်ကျော်အတောအတွင်း ရန်ကုန်ကို ခဏခဏပြန်ဖြစ်ပေမယ့် အလည်အပတ်သဘောဆိုတော့ နေ့စဉ်လူနေမှုဘဝထဲက အကြောင်းအရာတွေနဲ့ ထိတွေ့ရတာမျိုး မရှိဘူးပေါ့... ခုကတော့ ရန်ကုန်မှာ အလုပ်ခွင်ဝင်နေပြီမို့ ရန်ကုန်သူစစ်စစ် ပြန်ဖြစ်နေရပြီ...

အိမ်ထမင်းအိမ်ဟင်းဆို တနေ့ချက်မှ တနေ့စားရတဲ့ ဘဝကနေ မနက်မိုးလင်း မနက်စာအဆင်သင့် နေ့လည်စာအတွက် ထမင်းဗူးအဆင်သင့် ညနေစာ လက်ဆေးစားရုံ ဆိုတဲ့ ဘဝမျိုးကို ပြန်ရောက်နေပြီ... ပိတ်ရက်မှာ တစ်ပတ်စာ လျှော်ဖွတ် မီးပူတိုက်ရတဲ့ဘဝကနေ မွှေးကော့နေတဲ့ မီးပူကျအဝတ်တွေကို အသင့်ဆွဲယူ ၀တ်လိုက်ယုံဆိုတဲ့ ဘဝမျိုး ပြန်ရောက်နေပြီ... သားသမီးတွေကို မနက်တိုင်း ဖုန်းခေါ်အလွမ်းသယ်ရတဲ့ဘဝကနေ သူတို့လေးတွေရဲ့ ခိုးခိုးခစ်ခစ်အသံလေးတွေနဲ့ မနက်တိုင်းနိုးထရတဲ့ ဘဝကို ရောက်နေပြီ... အလုပ်ပတ်ဝန်းကျင်မှာ လူများစုက ကိုယ့်လူမျိုး ကိုယ့်နိုင်ငံသားတွေနဲ့ အလုပ်ခွင်မျိုးမှာ အလုပ်လုပ်နေရပြီ...

စင်္ကာပူကို မသွားခင်က ကိုယ်ဟာ ရန်ကုန်ရဲ့ public transport ကိိုပဲ အားထားပြီး သွားလာခဲ့သူပါ... စလုံးမှာလည်း public transport ကိုပဲ အများဆုံး သုံးခဲ့ရတာပါ... ဒါပေမယ့် ခုပြန်ရောက်လာတဲ့အခါမှာတော့ ကိုယ် အကျင့်ပျက်နေခဲ့ပြီ... အဆင်ပြေလွန်းတဲ့ စလုံးကစနစ်နဲ့ အသားကျနေခဲ့တဲ့ကိုယ်ဟာ ရန်ကုန်က Bus တွေကို မစီးရဲ မစီးချင် ဖြစ်နေပြီ.. ပိုဆိုးတာက ကိုယ့်ရုံးရှိတဲ့ ဆရာစံလမ်းဟာ Bus လုံးဝမပြေးတဲ့လမ်းဖြစ်နေတာရယ်... အန္တရာယ်ကင်းကင်း လမ်းကူး လမ်းလျှောက်ဖို့ လူကူးမျဉ်းကျား ပလက်ဖောင်းတွေ မရှိတာရယ်က ကိုယ့်ကို အငှားကားပဲ စီးဖြစ်စေတော့တယ်... တကယ်ဆို Bus ရှိတဲ့ အနီးဆုံးမှတ်တိုင်ကနေ ကိုယ့်ရုံးကို လမ်းလျှောက်ရလှ ၁၅မိနစ်ပေါ့... Profession ကိုက Safety မို့ Risk Assessment ကို နေရာတိုင်း လုပ်မိနေလို့ထင်ပါ့... Risk ကို eliminate လုပ်တဲ့အနေနဲ့ ကိုယ် ရန်ကုန်မှာ Public Transport မစီးဖြစ်တော့ဘူး...

ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းအတွက် jogging လုပ်ချင်တဲ့ကိုယ့်အတွက် စိတ်အေးလက်အေး ပြေးနိုင်မယ့်နေရာ သိပ်ရှားတယ်... လမ်းမပေါ်တက်ပြေးတော့ ကားကြောက်ရတယ်.. လူသွားလမ်းသီးသန့်မှ မရှိတာကိုး... လမ်းသွယ်ထဲပြေးတော့ ခွေးလိုက်မှာကြောက်ရတယ်... ပိုင်ရှင်မဲ့ ခွေးတွေက နေရာတကာကိုး.. ပြေးချင်သပဆို ကိုယ့်ခြံပိစိထဲ ပတ်ပြေးချင်ပြေး... Bus စီးပြီး နီးရာပန်းခြံထဲ သွားပြေးချင်ပြေးမှ ရတော့မယ်.. ဒီလိုနဲ့ပဲ ရန်ကုန်ဟာ ကိုယ့်ကို အပျင်းတစ်စေပြန်တယ်...

MSG ကို မစားတာကြာတော့ အပြင်စာတွေစားတိုင်း ကိုယ့်မှာ အဆင်မပြေဖြစ်ရတယ်... အချိုမှုန့် မထည့်ပါနဲ့လို့မှာရင် ပြန်ကြည့်တတ်ကြတဲ့ အကြည့်မျိုးတွေကလည်း စိတ်အနှောင့်အယှက်ဖြစ်စေတယ်လေ... အလုပ်သဘောအရ ခရီးသွားရတဲ့အခါ အပြင်မှာ ကြုံသလိုစားရတော့ ဆီများတဲ့ဒဏ်နဲ့ အချိုမှုန့်ဒဏ်ကို အလူးအလဲခံရတယ်... အသားဖတ် ငါးဖတ်တွေကို ဆီထဲကနေ ဆယ်ဆယ်စားရတာ... အရွက်သုပ်ထဲမှာ အချိုမှုန့်တွေ အချောင်းလိုက်ပါလာတာတွေက ကိုယ့်အတွက် ပြသနာပဲ... တတ်နိုင်သမျှ အပြင်စာတွေ ရှောင်ဖြစ်သွားတယ်... အဲလိုဆိုတော့ ရန်ကုန်က ကိုယ့်ကို ငွေကုန်ကြေးကျ သက်သာစေတယ်...

ကိုယ့်ပတ်ဝန်းကျင်က လူကြီး လူငယ် လူရွယ်အစုံဟာ အပြောင်းအလဲကို ငံ့လင့်ကြတယ်... စနစ်တစ်ခု အသားတကျဖြစ်ဖို့ ပေးရမယ့်အချိန်ကိုကျတော့ မစောင့်ချင် မစောင့်နိုင်ကြတာများတယ်... နည်းကျလမ်းကျတွေးပြီး သီးခံနိုင်စွမ်းတွေ လျော့လာတာကို သတိထားမိတယ်... အရင်က မကျေနပ်ရင်တောင် ပြောရေးဆိုခွင့် နည်းခဲ့ရာကနေ ခုလို social media တွေ တွင်တွင်ကျယ်ကျယ်ဖြစ်လာတဲ့အခါ တဒင်္ဂစိတ်ထဲပေါ်လာသမျှတွေ လူတကာသိအောင် လုပ်ဖို့လွယ်လာတော့ လူတွေရဲ့ အတ္တတွေဟာ ပိုပြီး ထင်သာမြင်သာဖြစ်လာတယ်... သူတို့ကိုယ်တိုင် စည်းကမ်းလိုက်နာမှုရှိသလားလို့ ကြည့်လိုက်ပြန်တော့ အမှိုက်သိမ်းသမားတွေ အလုပ်များတုန်း ကွမ်းတံတွေးတွေ ရဲတုန်း...

ခေတ်ကာလ လိုအပ်ချက်နဲ့အညီ အသုံးဝင်မယ့် ဥပဒေအသစ်တွေ ဖြည်းဖြည်းချင်း ချမှတ်လာနေတယ်... တကယ်တမ်း အသက်ဝင်မှုကျတော့ အတော်လေး လိုအပ်နေသေးတာ တွေ့ရတယ်... ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ ပတ်သတ်တဲ့ဥပဒေဆို အတော်လေး ပြည့်ပြည့်စုံစုံနဲ့ အိမ်နီးချင်းနိုင်ငံတွေထက် သာလွန်တာတောင် တွေ့ရတယ်... တကယ်တမ်းသာ အသက်ဝင်မယ်ဆို သိပ်ကောင်းမှာပေါ့... အဲဒီလိုမျိုး လုပ်ငန်းခွင်ဘေးကင်းကျန်းမာရေးအတွက် ဥပဒေလည်း အမြန်ဆုံး အကောင်အထည်ပေါ်လာစေချင်မိတယ်... သွားရင်းလာရင်း unsafe acts and conditions တွေ မြင်ရရင် စိတ်မချမ်းသာဘူး... ကိုယ့်လူမျိုးတွေ အသက်တစ်ချောင်းကို တန်ဖိုးထားတတ် ကိုယ့်အန္တရာယ်ကို ကိုယ်မြင်တတ်စေချင်မိတယ်... ကိုယ်တတ်တဲ့ပညာကလည်း ဒါပဲမို့ အလုပ်ခွင်ထဲရော ကိုယ့်ပတ်ဝန်းကျင်မှာပါ တတ်နိုင်သမျှ awareness creation လေးတွေတော့ လုပ်ဖြစ်ပါတယ်... အစိုးရကနေ ဥပဒေနဲ့ ထိန်းချုပ်တာမျိုး အမြန်ဆုံး ဖြစ်လာစေချင်မိတာ စေတနာပါ...

ကိုယ်စကားပြောကြည့်ဖြစ်တဲ့ ကိုယ့်မိသားစုမဟုတ် သူစိမ်းတွေထဲမှာ Defensive ဖြစ်တဲ့သူတွေ တွေ့ရတာများတယ်... ဘယ်ကိစ္စမဆို ကိုယ်မမှားဘူးလို့ ခံယူထားတတ်ကြသူတွေပေါ့... မှားပါတယ်လို့ ချက်ကျလက်ကျ ပြန်ပြောပြနိုင်ခဲ့ရင်တောင်မှ အိုးရွဲ့မို့ စလောင်းရွဲ့နဲ့ ဖုံးရတာပါလို့ ဆင်ခြေတက်ကြသူတွေ အများကြီးတွေ့ရတယ်... ဒါဟာ အဆင်မပြေမှုတွေကနေ မြစ်ဖျားခံလာတာမို့လို့ ကိုယ် စိတ်မကောင်းဖြစ်မိရပါတယ်... convenient ဖြစ်နေမယ် comfortable ဖြစ်နေမယ်ဆိုရင် သူတို့ရဲ့ EQ တွေ ပိုကောင်းလာနိုင်မယ်လို့ ကိုယ်ထင်တယ်လေ..

မွေးရပ်မြေကနေ ဆယ်စုနှစ်တစ်ခုနီးပါး ဝေးနေခဲ့တဲ့ ကိုယ့်အတွက် ပြန်ရောက်လာတဲ့အချိန်မှာ cultural shock ရတယ်လို့မဆိုသာတောင် အသားမကျနိုင်မှုလေးတွေကတော့ နေ့စဉ်နဲ့အမျှပါပဲ... စိတ်တော့မပျက်မိပေမယ့် ကသိကအောင့်ဖြစ်ရတာမျိုးလေးတွေတော့ရှိတာပေါ့... ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ဟာ ရန်ကုန်သူမို့ ရန်ကုန်ကို ချစ်တယ်... ရန်ကုန်သူရန်ကုန်သားတွေရဲ့ နေ့စဉ်လူနေမှုဘဝကို အဆင်ပြေစေချင်တယ်... အကောင်းဘက်ဦးတည်တဲ့ ပြောင်းလဲခြင်းတွေ တစ်ခုပြီးတစ်ခု ဖြစ်လာနေပြီမို့လည်း ရန်ကုန်ရဲ့အနာဂတ်အတွက် ကိုယ် ရင်ခုန်နေပါတယ်လေ...

ပွင့်မြူးဇင်
၁၆.၀၁.၂၀၁၇

Saturday, November 16, 2013

ကဗျာထင်တယ်

အစထွက်လာတာလေး  ဆွဲထုတ်ကြည့်ထားတာ..

Now, I'm in "brown"
And my mood is "down"
I'm not longing for "crown"
But what I wanna see is a "dawn"
With which nothing has gone "wrong"
That doesn't mean what i m doing is "wrong"
But I'm feeling like I'm a "clown"
I can't find a firm "ground"
On which I can stand "strong"

I believe my future is "bright"
As long as I do everything "right"
What I may need is a leading "light"
And someone to hold my hands and help me "fight"
So that I can win the battle of "life"

Whatever I did was all my "best"
I'm not sure if it is so for the "rest"
Not intend to regain the things I've "left"
As I don't wanna have a heart with "regret"
Just encouraged myself to learn the word "forget"
But I'm still puzzled what's the thing called "love"

အစအဆုံး  ကိုယ့်ခံစားချက်နဲ့  ထပ်တူမဟုတ်ပါဘူး..  ကာရန်ညီတာလေးတွေ  ကြိုးစားရှာကြည့်ထားတာ..


Sunday, April 7, 2013

ခုတလော

ခုတလောဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးဘာလေးရေးဖို့ အစီအစဉ်မရှိဘူးလားလို့ ချစ်ညီမလေးဆုမြတ်ကမေးလာတယ်..  ကိုယ့်အတွက် ခုတလောလောက် အပြောင်းအလဲတွေများ အလုပ်တွေရှုပ်တာ မရှိဖူးဘူး.. ဘဝတစ်ဆစ်ချိုးလို့ ဆိုရင်တောင်ရလောက်ရဲ့.. ကဲ.. ညီမဆုမြတ်ရေ.. ရေးပြီ..


ခုတလော

တွေးနေမိတာက
ကျောင်းရယ်.. အလုပ်ရယ်.. ပတ်ဝန်းကျင်အသစ်ရယ်ကြား ဘယ်လိုညီမျှအောင် ချိန်ညှိရမလဲ

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက
အသက်ကလေး ၃ထိပ်စည်းဖြစ်လာတော့ စိတ်တွေတိုတတ်လာပြီ.. အရင်ကလောက် ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ဘူး.. ရန်များလာတယ်..

ကျန်းမာရေး
နှာမွှန်နေတာ ၅လလောက်ရှိပြီ.. ဘာဆေးသောက်သေက် ပျောက်ဘူးရယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေ
တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
၀င်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲစာမျက်နှာ
ကေသွယ် - စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ်

ရောက်ဖြစ်နေတာက 
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်

နားထောင်ဖြစ်တာက
Westlife - Home

ရွတ်နေမိတဲ့ကဗျာက
ဖိုးသားထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး (ကျားကျားကိုကြည့်ပြီးရွတ်တယ် :P)

ဖြစ်ချင်နေတာက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်

စားဖြစ်နေတာက
ပင်လယ်စာတွေ

သနားနေမိတာက
ဒီကျွန်းပိစိမှာ တစ်ယောက်တည်းကျန်ခဲ့ရမယ့် ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
မိုးသံစဉ်ဟုအမည်ရတဲ့ တစ်ဦးတည်းသော ချစ်သားလေး (များမကြာမီမှာတော့ လွမ်းရမယ့်သူတစ်ယောက် ထပ်တိုးဦးမယ်..)

မေ့လျော့ပစ်နေရတာက
ကြိုတွေးပြီးပူပန်နေမိတဲ့ စိုးရိမ်စိတ်တွေ

ခါးသက်နေမိတာက
အိမ်ပြန်ခွင့်မရသေးတဲ့ကိုယ့်ရဲ့ဘဝကို

တမ်းတနေမိတာက
မွေးရပ်မြေမှာ မိသားစုနဲ့အတူတူနေခွင့်လေး

ကြိတ်ပြီးချီးကျူးနေမိတာက
တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ရဲတဲ့ ကိုယ့်ကိုယ်ကို

ကြိတ်ပြီးအထင်သေးနေမိတာက
မနာလိုစိတ်တွေဖုံးနေတဲ့ လူတချို့

ဆန်ဒမရှိတဲ့နေရာ
ကိုယ်အခုရောက်နေတဲ့နေရာ

ဆန်ဒရှိနေတဲ့ကိတ်စ
လာမယ့်မေလထဲ အိမ်ခဏပြန်နိုင်ဖို့

မုန်းတီးနေမိတာက
ရုံးကမိန်းမကြီးတွေ (အော်ဂလီဆန်အောင်မုန်းတယ်)

ချစ်နေတာက
ခေါင်းမှာတပ်တဲ့ ဖဲပြားကလစ်လေးတွေ (တွေ့တိုင်းဝယ်မိနေတယ်)

စိတ်ပျက်နေမိတာက
ခုလက်ရှိအလုပ် (ငြီးငွေ့နေပြီ)

စွဲလမ်းနေမိတာက
ဘာကိုမှစွဲစွဲလန်းလန်းမရှိတတ်တာ ကိုယ့်အကျင့်

လိုအပ်နေတာက
သဝေထိုးငဝဆွဲ ငွေ

ရောက်နေတဲ့နေရာက
မေတ္တာတရားတွေ မိုးခေါင်လွန်းတဲ့ ကျွန်းငယ်လေး

နက်နက်နဲနဲပြန်စဉ်းစားမိတာက
ကိုယ့်ဆုံးဖြတ်ချက်တွေအကြောင်း

နိဂုံးချုပ်လိုက်တော့
ခုထိတော့ တော်ရာမှနေပြီး လုပ်သင့်တယ်ထင်တာတွေလုပ်နေရတုန်းပေါ့