ကိုယ်ရှင်သန်နေထိုင်ရတဲ့ ပတ်ဝန်းကျင်မှာ ပျော်သလားမပျော်သလားဆိုတာ တကယ်တမ်းတော့ စိတ်ပါပဲ.. စိတ်ထဲမှာ ပျော်တယ်လို့လက်ခံထားလိုက်ရင် အထိုက်အလျောက်တော့ ပျော်သွားတတ်တာပါပဲလေ.. ကိုယ်လား.. ပျော်ပါတယ်.. ပျော်အောင်နေပါတယ်.. လုပ်သင့်တာတွေချည်းပဲ လုပ်နေရတာငြီးငွေ့လာရင် လုပ်ချင်တာကို သင့်မသင့်တွေးမနေပဲ လုပ်ပြစ်လိုက်တယ်.. မှားတော့လဲပျော်ပျော်ကြီးခံစားလိုက်ယုံပေါ့လို့သာတွေးထား.. ရှိပြီးသား ဆင်ခြင်တုံတရားလေးကြောင့် စည်းလွတ်ဝါးလွတ်တော့ ဘာမှဖြစ်မသွားဖူးသေးပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ကိုယ့်ပတ်ဝန်းကျင်မှာ ခုတလော အပြောင်းအလဲသေးသေးလေးတွေတော့ များသား.. အိမ်တစ်အိမ်လုံး ငှားပြီးနေနေရာက သူများအိမ်မှာ အခန်းငှားပြီး သွားနေလိုက်တယ်.. တစ်အိမ်လုံးတာဝန်မယူရတော့တာမို့ အချိန်တွေတောင် ပိုထွက်လာသလိုလို.. ပေါင်းသင်းဆက်ဆံရေး သိပ်မညံ့လှတဲ့ကိုယ့်အတွက် သူများအိမ်ပေမယ့် လူတိုင်းနဲ့အဆင်ပြေပြေပါပဲ.. ကိုယ်က ရွက်ကျပင်ပေါက်လို လူစားမျိုးမို့ ဘယ်မှာနေနေ နေပျော်ပါရဲ့.. သားလေးနဲ့အဝေးမှာပေမယ့် ကိုယ်ပျော်အောင်ကြိုးစားထားပါတယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ကိုယ့်သားလေးက ကိုယ်နဲ့အကြိုက်တူတယ်.. အရသာခပ်ပြင်းပြင်း ချဉ်ငံစပ်တွေကြိုက်တယ်.. မျှစ်ဟင်းကြိုက်တယ်.. မုန်လာဥချဉ်ရည်ဟင်းကြိုက်တယ်တဲ့.. လေးဖြူသီချင်းတွေကို အသံနေအသံထား ဟန်အမူအယာအပြည့်နဲ့ ဆိုပြတတ်တာ ကိုယ့်သားမှကိုယ့်သားအစစ်.. သူ့အဖေလိုသာဆို ရောင်စုံဘောလုံး တစ်လုံးငါးပြားဆိုတာလောက်ကို ကီးဝင်အောင် မနည်းသင်ပေးရမှာကိုး.. ပြီးတော့ ကိုယ့်သားလေးက ကိုယ့်လိုပဲ စပ်စုတယ်.. သိချင်တာတွေများတယ်.. ကိုယ့်ထက်သာတာကတော့ သူက မှတ်ဉာဏ်သိပ်ကောင်းတာပါပဲ.. လူတစ်ယောက်ကို တစ်ခါသာမြင်ဖူးထား.. ဘယ်လောက်ကြာကြာမှတ်မိတုန်း.. သူတော်တော်ငယ်ငယ်ကလေးတုန်းက အကြောင်းတွေကိုလဲ ခုထက်ထိ ပြန်ပြောပြနိုင်သေးတယ်.. ပြီးတော့ သားလေးက နားဝင်ချိုအောင်သိပ်ပြောတတ်တယ်.. သူလိုချင်တာကို အပြောချိုချိုလေးနဲ့ မရရအောင် တောင်းတတ်တယ်ပေါ့.. မေမေ့မွေးနေ့မှာ ဘာလက်ဆောင်ပေးမလဲမေးတော့ ကားဝယ်ပေးမယ်တဲ့.. ဘယ်တော့လဲဆိုတော့ သားသားကြီးလာရင်တဲ့.. ခုတော့ မေမေကသားသားကို အရင်ဝယ်ပေးတဲ့လေ.. လူလည်လေးပေါ့.. သားသားလို သားလိမ်မာလေးရှိနေမှဖြင့် အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ကိုယ်ကတော့ စိတ်ထဲမပါရင် ချိုချိုသာသာလဲ မပြောချင်ဘူး.. ခုနှစ်ပိုင်းမှာ ပိုဆိုးလာတယ်.. လူတစ်ယောက်က ကိုယ့်ကို ရင်ထဲကမပါဘဲ လာပြီးချိုသာနေရင်လဲ စိတ်ထဲမှာကို ခိုးလိုးခုလုဖြစ်နေရောပဲ.. အဲသလိုမျိုးတွေကို အရင်ကထက်ပိုပြီး စက်ဆုပ်လာမိသလိုပဲ.. စိတ်မထင်ရင်မထင်သလို စိတ်ထဲရှိတဲ့အတိုင်း ပြောပြောမိနေတတ်တယ်.. ရလဒ်ကတော့ မုန်းသူတွေပိုလာတယ်.. အထူးသဖြင့် အလုပ်ထဲက မိန်းမကြီးတွေ.. သူတို့နဲ့ကိုယ်နဲ့ အရွယ်တူတာလဲမဟုတ်.. အလုပ်အကိုင်အဆင့်အတန်းလဲမတူ.. လာလာပြီး ပြိုင်သလိုလို မနာလိုလို့ ရိသလိုလိုလာလုပ်ရင် တုပ်ထဲ့ပေးလိုက်တယ်.. နားအေးသွားတာတော့အမှန်ပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
အသက်ကလေးက ၃ထိပ်စည်းရောက်လာတော့ အိုလာမှာ ရင့်လာမှာကို မလိုချင်ဘူးဖြစ်လာတယ်.. အရင်က မျက်နှာပြောင်နဲ့အမြဲနေပေမယ့် ခုတော့ ပြင်ပြင်ဆင်ဆင်ဖြစ်လာတယ်.. ဘာမဆို မြန်မြန်လုပ်တတ်လို့သာတော်တော့တယ်.. မနက်မနက် ရေမိုးချိုးပြီး Toner တစ်ထပ်.. Moisturizer တစ်ထပ်.. Foundation Liquid တစ်ထပ်.. Powder တစ်ထပ်.. Eye shadow တွေ.. ပါးနီတွေ.. နှုတ်ခမ်းနီတွေ အပြည့်ပြင်ရတာတောင် နာရီဝက်ထက် ပိုမကြာလို့ ရနာရီခွဲတက်ရတဲ့အလုပ်ကို မိတ်ကပ်အပြည့်နဲ့ ကျော့ကျော့လေး တက်နိုင်သပေါ့လေ.. ညညဆိုလဲ မိတ်ကပ်တွေသေသေချာချာဖျက် Moisturizer လေးလိမ်းပြီးမှ အိပ်တတ်တာ အကျင့်ဖြစ်နေပြီ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
စလုံးမှာနေတာကြာတော့ စလုံးကလူတွေအကျင့် ကူးကူးလာတယ်.. ပိတ်ရက်ကလေးနည်းနည်းရရင် ခရီးသွားချင်တယ်.. လျှော့စျေးနဲ့ရမလားလို့ ချောင်းချောင်းနေတတ်လာပြီ.. ကိုယ့်မွေးနေ့တုန်းကတောင် ဘာတမ်သွားလိုက်သေးတယ်.. စလုံးသူဌေးပိုင်တဲ့ ရီဆော့တ်မှာတည်းတယ်.. စလုံးကို ခပ်ရေးရေးလှမ်းမြင်နိုင်တဲ့နေရာ.. ပင်လယ်ကမ်းဘေးပေမယ့် ကမ်းခြေတော့မရှိဘူး.. သဲသောင်ပြင်မရှိဘူး.. အစားအသောက်တွေကတော့ ကိုယ့်အကြိုက် လေးလေးပင်ပင် အရသာပြင်းပြင်းတွေ.. ရေပြင်ပေါ်က စားသောက်ဆိုင်လေးမှာ ပင်လယ်လေလေးခံစား နေခြည်နုနုနွေးနွေးလေးအောက် ညနေစာစားရတာ ကိုယ့်အကြိုက်.. အုန်းစိမ်းရည်လေးတောင် သောက်လိုက်သေး.. စျေးဝယ်ရတာလဲကောင်းပါ့.. မာဆာ့ချ်ကလဲ ဇိမ်ရှိပါ့.. ၂ရက်နေပြီး မပြန်ချင်ပြန်ချင်နဲ့ ပြန်လာခဲ့ရတယ်.. နောက်တခါကျရင်တော့ သဲသောင်ပေါ်လမ်းလျှောက် ခရုကောက်လို့ရမယ့် ဘင်တန်ကိုသွားမယ်လို့ တေးထားရင်းပေါ့.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
လူတိုင်းကပြောတယ်.. ပိန်သွားတယ်တဲ့.. ကိုယ်လဲ ထူးပြီးတော့ ပိန်အောင်ကြိုးစားတာ မဟုတ်ပါဘူး.. အစားတော့လျှော့မိတာအမှန်.. မနက်စာကိုများများစား.. နေ့လည်စာကိုသင့်ယုံ.. ညနေစာတော့ အပြုတ်လေးလောက်.. ဒါပါပဲ.. ပုံမှန်လေ့ကျင့်ခန်းလေးတောင် မလုပ်ဖြစ်ပါဘူး.. လုပ်မယ်လို့တော့ စဉ်းစားထားတယ်.. တနေ့နေ့ပေါ့.. ချက်ရပြုတ်ရတာလဲ အရင်လောက်စိတ်မပါဘူး.. ဂျီးမများဘဲ ချက်ကျွေးတာကို ကုန်အောင်စားပေးတဲ့သူနဲ့ ရထားလို့သာပဲ.. ချက်လိုက်တိုင်း ပစ်ထည့်ဟင်းတွေဖြစ်လို့.. ထင်ရာတွေပစ်ထည့်ပြီး ချက်နေတာမို့လား.. ဖွယ်ဖွယ်ရာရာ ချက်စားချင်စိတ်လဲ မရှိဘူး.. ခုတော့ ၀ါတွင်းမို့ ကိုယ့်မွေးနေ့ရယ် သူ့မွေးနေ့ရယ်မှာ သက်သက်လွတ်စားနေကြတယ်.. ကြက်ဥက သက်သက်လွတ်ပါတယ်လာပြောနေလို့ ရန်ဖြစ်ရသေး.. ရှင်မစားနိုင်ရင် မစားနဲ့လို့ အော်ထည့်လိုက်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ပြည်တော်ပြန်ကြသူတွေသတင်းကြားရရင် ကိုယ်လဲ ပြန်ချင်လိုက်တာကိုရူးလို့.. အခြေအနေအရပ်ရပ်ကြောင့် ခုထိတော့ ပြန်ဖို့လမ်းမမြင်သေးဘူး.. စီစဉ်နေတာ ကျိတ်ကြံနေတာတွေတော့ ရှိသပေါ့.. ကိုယ့်မြေက ကိုယ့်အိမ်မှာသာနေရ ဘာပဲဖြစ်ဖြစ်လုပ်ချင်ပါရဲ့.. စျေးရောင်းရမလား.. ဘာဖြစ်ဖြစ်.. တစ်ခုပဲ.. ကိုယ်ကတစ်ကိုယ်ရည်တစ်ကာယမဟုတ်တော့.. ကိုယ့်မိသားစုရယ်.. ကိုယ့်သားလေးရယ်အတွက် မနေချင်တဲ့အရပ်မှာ ပျော်အောင်နေနေရတယ်ပေါ့.. စလုံးမှာကလဲ တဖြေးဖြေးနေလို့မကောင်းတော့ဘူး.. အထူးသဖြင့် ကိုယ်တို့လိုနိုင်ငံခြားသားတွေ.. မှီခိုတွေကို တင်းကြပ်လိုက်.. နေထိုင်အလုပ်လုပ်ခွင့်စည်းမျဉ်းတွေကို မျိုးစုံပြောင်း.. နေစားရိတ်စားစားရိတ်တွေကလဲ ခေါင်ခိုက်နေရော.. မတတ်နိုင်ဘူးလေ.. ကိုယ့်မြေမှာ ခုဝင်ငွေရဲ့တဝက်လောက်တောင် ရှာနိုင်ဖို့က မလွယ်လှဘူးကိုး.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ခုတလော အလုပ်တွေကလဲ များမှများ.. ကိုယ်နဲ့ဆိုင်ဆိုင်မဆိုင်ဆိုင် ပေးလာရင်တော့ လုပ်လိုက်တာပါပဲ.. ကြာတော့ အလုပ်ကို ငြီးငွေ့လာတယ်.. တစ်နေရာတည်းမှာ ငါးနှစ်ကျော်လာပြီဆိုတော့လဲ ငြီးငွေ့တာ မဆန်းပါဘူး.. အလုပ်ပြောင်းပါလားဆိုတော့လဲ မပြောင်းချင်.. အခြေခံလစာကသိပ်မကောင်းလှပေမယ့် ဆုကြေးလေး အစုရှယ်ယာလေးနဲ့ပေါင်းလိုက်တော့ မဆိုးဘူးဆိုတာထက်ကို ပိုနေသေးတာမို့လား.. ကိုယ့်အဖြစ်က စားရမှာလဲသဲတရှပ်ရှပ် ပစ်ရမှာလဲအဆီတဝင်းဝင်းဆိုသလို ဖြစ်နေပြီ.. အလုပ်မှာလဲ ငြီးငွေ့မယ့်သာငြီးငွေ့နေတာ.. မန်နေဂျာကလဲ ကိုယ်ပြီးရင်ပြီးတယ်.. ဆူတာပူတာလဲမရှိ.. ငယ်သားတွေကလဲ သင်ရတာ အာပေါက်တာကလွဲလို့ ကိုယ့်အပေါ်ကောင်းကြပါရဲ့.. အဲသည်တော့လဲ.. နေမြဲပေါ့.. ငြီးလွန်းမကငြီးလာမှ ဆေးခွင့်လေးယူပြီး နားပစ်လိုက်.. ကာရာအိုကေလေးဘာလေး သွားဆိုပစ်လိုက်ယုံပဲ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ခုနောက်ပိုင်း ကိုယ့်ကို သံသယတွေက ကြီးစိုးနေတယ်.. ကောင်းတော့မကောင်းမှန်းသိရဲ့.. ဘာကိုပဲဖြစ်ဖြစ် သံသယတဝက်မကနဲ့ ကိုယ့်စိတ်ကိုကိုယ် နှိပ်စက်မိနေတတ်တယ်.. တချို့အကြောင်းအရာတွေကတော့ သံသယဖြစ်လောက်စရာ အထောက်အပံ့တွေ ရှိနေတာကိုး.. သို့ပေမယ့် အရာရာကို သံသယကြီးစွာ ကိုယ်တွယ်နေမိတာတော့ ကိုယ့်ကိုကိုယ် ဘဝင်မကျလှဘူး.. အသေးအဖွဲလေးကအစ သံသယဆိုတာကြီးက ခံခံနေလို့ ချောချောမွေ့မွေ့ကိုမရှိလှဘူး.. တကယ်တော့ ကိုယ်က ဘာကိုမှသံသယမထားလိုသူ.. အစွဲအလမ်းလဲ မကြီးလိုသူ.. ခုတော့ ကိုယ်ဖြစ်ချင်တာနဲ့ ဆန့်ကျင်နေတာက ကိုယ့်ရဲ့စိတ်ပေါ့.. ကိုယ်ရူးနေပြီလား.. ယဉ်ယဉ်လေးထင်တယ်.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
နားလည်မှုဆိုတာကို လူတိုင်းဆီကကိုယ်မလိုချင်ပါဘူး.. ကိုယ်အလေးထားတဲ့လူတွေဆီကတော့ လိုချင်တယ်.. ကိုယ်က သိပ်နားလည်ရခက်တဲ့လူစားမျိုး မဟုတ်ဘူးလို့လဲ ကိုယ့်ကိုကိုယ် ထင်မိရဲ့.. ပြီးတော့ ကိုယ်ချစ်တဲ့သူတွေကိုလဲ ကိုယ်နားလည်ပေးနိုင်ပါတယ်.. ခွင့်လွှတ်တယ်ဆိုတာကတော့ နားလည်ပေးဖို့ထက်ပိုခက်မယ်.. ကိုယ့်အတွက်ကတော့ တတ်နိုင်သမျှ နားလည်ခွင့်လွှတ်ပေးလိုက်ခြင်းက ကိုယ့်ပျော်ရွှင်မှုနဲ့ တိုက်ရိုက်အချိုးကျတယ်လို့ ခံယူထားတာပါ.. ကိုယ့်ကို နားလည်ပေးတတ်တဲ့ ကိုယ်ပြောချင်တာတွေ အမြဲတမ်းသီးခံနားထောင်ပြီး ထပ်တူမျှဝေခံစားပေးတတ်တဲ့ နားတစ်စုံနဲ့ရင်ဘတ်တစ်ခုပိုင်ရှင်တစ်ယောက် ရှိနေသေးတာကိုက ကျေနပ်စရာပါ.. အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..
ကိုယ့်ကမ္ဘာလေးထဲမှာ ခုထိတော့... အို.. ဘာဖြစ်ဖြစ်.. ပျော်ပါတယ်.. ကိုယ်တကယ်ပျော်ပါတယ်ကွယ်..