Tuesday, September 13, 2011

ကျွန်မချစ်သော

ကျွန်မ လရောင်ကိုချစ်သည်.. လသာတဲ့ညတွေဆို အလိုလိုပျော်နေတတ်တာ ကျွန်မပေါ့.. ငယ်ငယ်ကတည်းက ကျွန်မအိပ်ယာကို ပြတင်းပေါက်ဘေးမှာပဲ အမြဲရအောင်ထားတတ်တယ်.. လသာတဲ့ညတွေတိုင်း လမင်းကိုကြည့်ရင်း အိပ်ပျော်သွားရတာကို ကျွန်မအရမ်းကြိုက်တာပေါ့.. အိပ်မက်ထဲမှာတောင် လမင်းရဲ့အလင်းအောက် လမ်းလျှောက်ချင်လျှောက်နေတတ်သေးတယ်.. လပြည့်ညရဲ့လမင်းကြီးကိုသာမက လခြမ်းကွေးကွေးလေးကိုတောင် ကျွန်မသိပ်ချစ်တတ်သည်လေ..

ကျွန်မ စာအုပ်တွေကိုချစ်သည်.. စာလုံးပေါင်းပြီး ဖတ်တတ်တဲ့အရွယ်ကတည်းက စာအုပ်တွေက ကျွန်မရဲ့အဖော်ဖြစ်ခဲ့သည်.. ကာတွန်းဆရာပေါင်းစုံရဲ့ ကာတွန်းစာအုပ်တွေ တေဇ မိုးသောက်ပန်းတွေနဲ့အတူ ကျွန်မကြီးပြင်းခဲ့ရသည်.. အသက်အရွယ်ကိုလိုက်ပြီး စာအုပ်မျိုးစုံနေအောင် ကျွန်မ ဖတ်ခဲ့သည်.. မြန်မာစာပေကိုချစ်မြတ်နိုးသူမို့ တစ်ဦးတည်းသောသားလေးကို မြန်မာစာမတတ်မှာ မြန်မာစာအုပ်တွေမဖတ်နိုင်မှာ သိပ်စိုးရိမ်သူက ကျွန်မပေါ့.. ပွင့်မြူးဇင်ရဲ့သားက မြန်မာစာမတတ်ဘူးဆိုတာ လုံးဝမဖြစ်စေရဘူး လို့ ဆုံးဖြတ်ထားပါတယ်..

ကျွန်မ ခရေပန်းကိုချစ်သည်.. ချစ်ပေမယ့် ပန်းပန်ရတာသိပ်မကြိုက်လို့ သိပ်တော့ မပန်ဖြစ်ဘူး.. ခရေရနံ့က ကျွန်မရဲ့စိတ်ကို ကြည်လင်စေတာအမှန်ပဲ.. နွမ်းခြောက်သွားတာတောင် ရနံ့မပျယ်တဲ့ ခရေပွင့်သေးသေးလေးတွေကို ဘယ်လိုချစ်မှန်းကိုမသိ.. ခရေပန်းခြောက်လေးတွေကို သနပ်ခါးထဲ ရောသွေးပြီး လိမ်းရတာကိုလဲ ကျွန်မကြိုက်တယ်.. အဲ တယောက်သောသူပေးဖူးတဲ့ ခရေပန်းကုံးလေးကတော့ ချွင်းချက်ပေါ့.. ခြေမပစ်ရက်လို့ ခုထိသိမ်းထားတုန်း.. ခုထိလဲမွှေးနေတုန်းလေ..

ကျွန်မ မိုးရေစက်တွေကိုချစ်သည်.. မိုးတွေသည်းသည်းမည်းမည်းရွာရင် ကျွန်မအရမ်းပျော်တယ်.. မိုးရေထဲမှာလမ်းလျှောက်ရင်း မျက်နှာကို မိုးစက်တွေတိုက်ရိုက်ကျလာတဲ့ ခံစားမှုမျိုးကို ကျွန်မသိပ်ကြိုက်တယ်.. ကလေးဘဝတုန်းကတော့ မိုးရေချိုးရင်း ပြေးလွှားဆော့တာပေါ့.. အသည်းကွဲတတ်တဲ့အရွယ်ရောက်တော့ မိုးနဲ့အတူငိုဖူးတယ်.. ခုကျတော့လဲ မိုးရွာတာထိုင်ကြည့်ရင်း ဘာကိုမှန်းမသိလွမ်းရင်းပေါ့..

ကျွန်မ ကဗျာတွေကိုချစ်သည်.. ကလေးကဗျာလေးတွေကစလို့ ခုခောတ်မော်ဒန်ကဗျာတွေအထိ ကျွန်မနှစ်နှစ်ခြိုက်ခြိုက်ရှိလှသည်.. ကဗျာတွေဖန်တီးရတာလဲ သိပ်ကြိုက်တယ်.. တခုခု စိတ်ထဲမှာရှုပ်နေတာဖြစ်ဖြစ် ခံစားနေရတာကိုဖြစ်ဖြစ် ကဗျာတပုဒ်အနေနဲ့ စာမျက်နှာပေါ်သွန်ချခွင့်ရရင် ကျွန်မစိတ်ထဲပေါ့သွားတတ်သည်.. ကျွန်မရဲ့လက်တွဲဖော်ကတော့ ကျွန်မကဗျာတွေကို လုံးဝမဖတ်.. စိတ်လဲမဝင်စားဘူးလေ.. သားလေးကိုတော့ ကဗျာတွေကို ချစ်စေချင်မိသည်..

ကျွန်မ သီချင်းတွေကိုချစ်သည်.. သီချင်းဆိုနေရရင် ထမင်းမေ့ဟင်းမေ့ဆိုတာ ကျွန်မပေါ့.. စိတ်ညစ်ရင်လဲသီချင်းနားထောင် ပျော်ရင်လဲသီချင်းနားထောင်နဲ့မို့ သီချင်းတွေက ကျွန်မအတွက် မရှိမဖြစ်လိုအပ်တာပေါ့.. ကျွန်မရေးတဲ့ကဗျာတချို့ကို သူငယ်ချင်းတယောက်က သံစဉ်တွေထည့်ပြီး သီချင်းတွေဖန်တီးဖူးကြတယ်.. ကျွန်မရဲ့သားလေးကလဲ သီချင်းတွေကိုချစ်သတဲ့.. သားသားကြီးလာရင်တော့ သီချင်းတွေတူတူဆိုခွင့် ရချင်မိသေးရဲ့..

ကျွန်မ အိပ်မက်တွေကိုချစ်သည်.. ကိုယ်ဖြစ်ချင်တာတွေ အိပ်မက်ထဲမှာဖြစ်ခွင့်ရတဲ့အခါ သိပ်ပျော်ရသလောက် ၀မ်းနည်းစရာတွေ ကြုံရတဲ့အခါလဲ ရှိတာပေါ့.. အိပ်မက်ဆိုးတွေကနေ နိုးထလာရတိုင်း အိပ်မက်ပါလား တကယ်မဟုတ်ပါလားလို့ သိလိုက်ရတဲ့ခံစားချက်လေးကိုလဲ ကျွန်မတပ်မက်တယ်.. အိပ်မက်ချိုချိုလေးတွေကနေ နိုးသွားတဲ့အခါ ခံစားရတဲ့နှမြောသလို လွမ်းသလိုလိုအသိလေးကလဲ တမျိုးချစ်စရာကောင်းနေပြန်သည်.. ဘယ်လိုအိပ်မက်မျိုးကိုမဆို ကျွန်မချစ်တတ်ပါသည်..

လရောင်ကိုချစ်သော.. စာအုပ်တွေကိုချစ်သော.. ခရေပန်းကိုချစ်သော.. မိုးရေစက်တွေကိုချစ်သော.. ကဗျာတွေကိုချစ်သော.. သီချင်းတွေကိုချစ်သော.. အိပ်မက်တွေကိုချစ်သော.. ကျွန်မကိုယ်ကျွန်မလဲ ကျွန်မသိပ်ချစ်ပါသည်.. ကျွန်မက အတ္တကြီးတတ်သူမို့လား..