Saturday, November 16, 2013

ကဗျာထင်တယ်

အစထွက်လာတာလေး  ဆွဲထုတ်ကြည့်ထားတာ..

Now, I'm in "brown"
And my mood is "down"
I'm not longing for "crown"
But what I wanna see is a "dawn"
With which nothing has gone "wrong"
That doesn't mean what i m doing is "wrong"
But I'm feeling like I'm a "clown"
I can't find a firm "ground"
On which I can stand "strong"

I believe my future is "bright"
As long as I do everything "right"
What I may need is a leading "light"
And someone to hold my hands and help me "fight"
So that I can win the battle of "life"

Whatever I did was all my "best"
I'm not sure if it is so for the "rest"
Not intend to regain the things I've "left"
As I don't wanna have a heart with "regret"
Just encouraged myself to learn the word "forget"
But I'm still puzzled what's the thing called "love"

အစအဆုံး  ကိုယ့်ခံစားချက်နဲ့  ထပ်တူမဟုတ်ပါဘူး..  ကာရန်ညီတာလေးတွေ  ကြိုးစားရှာကြည့်ထားတာ..


Sunday, April 7, 2013

ခုတလော

ခုတလောဆိုတဲ့ခေါင်းစဉ်နဲ့ စာလေးဘာလေးရေးဖို့ အစီအစဉ်မရှိဘူးလားလို့ ချစ်ညီမလေးဆုမြတ်ကမေးလာတယ်..  ကိုယ့်အတွက် ခုတလောလောက် အပြောင်းအလဲတွေများ အလုပ်တွေရှုပ်တာ မရှိဖူးဘူး.. ဘဝတစ်ဆစ်ချိုးလို့ ဆိုရင်တောင်ရလောက်ရဲ့.. ကဲ.. ညီမဆုမြတ်ရေ.. ရေးပြီ..


ခုတလော

တွေးနေမိတာက
ကျောင်းရယ်.. အလုပ်ရယ်.. ပတ်ဝန်းကျင်အသစ်ရယ်ကြား ဘယ်လိုညီမျှအောင် ချိန်ညှိရမလဲ

ကိုယ့်ကိုယ်ကိုယ်ပြန်ဆင်ခြင်မိတာက
အသက်ကလေး ၃ထိပ်စည်းဖြစ်လာတော့ စိတ်တွေတိုတတ်လာပြီ.. အရင်ကလောက် ပေါင်းသင်းဆက်ဆံရေးမကောင်းတော့ဘူး.. ရန်များလာတယ်..

ကျန်းမာရေး
နှာမွှန်နေတာ ၅လလောက်ရှိပြီ.. ဘာဆေးသောက်သေက် ပျောက်ဘူးရယ်

ဖတ်ဖြစ်တဲ့စာအုပ်တွေ
တက္ကသိုလ်ဘုန်းနိုင် - ကမ္ဘာကုန်ကျယ်သရွေ့ဝယ်
၀င်းဝင်းလတ် - အချစ်၏နောက်ဆက်တွဲစာမျက်နှာ
ကေသွယ် - စိန်ပန်းနဲ့ကံ့ကော်တွေအတူပွင့်ခဲ့တယ်

ရောက်ဖြစ်နေတာက 
အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်

နားထောင်ဖြစ်တာက
Westlife - Home

ရွတ်နေမိတဲ့ကဗျာက
ဖိုးသားထူး ဖိုးသာထူး အလွန်ဝတဲ့ဖိုးသာထူး (ကျားကျားကိုကြည့်ပြီးရွတ်တယ် :P)

ဖြစ်ချင်နေတာက
အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်

စားဖြစ်နေတာက
ပင်လယ်စာတွေ

သနားနေမိတာက
ဒီကျွန်းပိစိမှာ တစ်ယောက်တည်းကျန်ခဲ့ရမယ့် ကိုယ့်ကိုယ်ကို

လွမ်းနေမိတာက
မိုးသံစဉ်ဟုအမည်ရတဲ့ တစ်ဦးတည်းသော ချစ်သားလေး (များမကြာမီမှာတော့ လွမ်းရမယ့်သူတစ်ယောက် ထပ်တိုးဦးမယ်..)

မေ့လျော့ပစ်နေရတာက
ကြိုတွေးပြီးပူပန်နေမိတဲ့ စိုးရိမ်စိတ်တွေ

ခါးသက်နေမိတာက
အိမ်ပြန်ခွင့်မရသေးတဲ့ကိုယ့်ရဲ့ဘဝကို

တမ်းတနေမိတာက
မွေးရပ်မြေမှာ မိသားစုနဲ့အတူတူနေခွင့်လေး

ကြိတ်ပြီးချီးကျူးနေမိတာက
တစ်ယောက်တည်းနေဖို့ ဆုံးဖြတ်ရဲတဲ့ ကိုယ့်ကိုယ်ကို

ကြိတ်ပြီးအထင်သေးနေမိတာက
မနာလိုစိတ်တွေဖုံးနေတဲ့ လူတချို့

ဆန်ဒမရှိတဲ့နေရာ
ကိုယ်အခုရောက်နေတဲ့နေရာ

ဆန်ဒရှိနေတဲ့ကိတ်စ
လာမယ့်မေလထဲ အိမ်ခဏပြန်နိုင်ဖို့

မုန်းတီးနေမိတာက
ရုံးကမိန်းမကြီးတွေ (အော်ဂလီဆန်အောင်မုန်းတယ်)

ချစ်နေတာက
ခေါင်းမှာတပ်တဲ့ ဖဲပြားကလစ်လေးတွေ (တွေ့တိုင်းဝယ်မိနေတယ်)

စိတ်ပျက်နေမိတာက
ခုလက်ရှိအလုပ် (ငြီးငွေ့နေပြီ)

စွဲလမ်းနေမိတာက
ဘာကိုမှစွဲစွဲလန်းလန်းမရှိတတ်တာ ကိုယ့်အကျင့်

လိုအပ်နေတာက
သဝေထိုးငဝဆွဲ ငွေ

ရောက်နေတဲ့နေရာက
မေတ္တာတရားတွေ မိုးခေါင်လွန်းတဲ့ ကျွန်းငယ်လေး

နက်နက်နဲနဲပြန်စဉ်းစားမိတာက
ကိုယ့်ဆုံးဖြတ်ချက်တွေအကြောင်း

နိဂုံးချုပ်လိုက်တော့
ခုထိတော့ တော်ရာမှနေပြီး လုပ်သင့်တယ်ထင်တာတွေလုပ်နေရတုန်းပေါ့

Tuesday, January 15, 2013

အရိုးဆုံးသောအချစ်ဇာတ်လမ်း

(ဇန်နဝါရီလ ၂၅ရက်နေ့မှာ ကျရောက်မယ့် ၁၀နှစ်ပြည့်ချစ်သူသက်တမ်း အမှတ်တရ ကိုယ်တွေ့ဇာတ်လမ်းကို ဖတ်ကောင်းအောင်ရေးကြည့်ထားတာပါ.. အားပေးကြပါဦး..)

၂၀၀၂ ဒီဇင်ဘာ၊ နည်းပညာကောလိပ်မှော်ဘီ

မှော်ဘီဆောင်းက ထုံးစံအတိုင်းအစွမ်းပြနေတယ်.. နှင်းတွေပိတ်နေလိုက်တာမှ ၅ပေအကွာလောက်ကိုတောင် လူလုံးမကွဲတော့ဘူး.. တတိယနှစ်ကျောင်းသူဖြစ်နေပြီမို့ ကျောင်းဝင်းထဲ မျက်စိမှတ်ပြီးတောင် သွားနိုင်နေပြီမို့သာ တော်တော့တယ်.. ဘွားခနဲပေါ်လာတတ်တဲ့ စက်ဘီးတွေကိုတော့ သတိထားနေရသေး.. ဆောင်းကိုချစ်တဲ့ကိုယ်က နှင်းတွေကြားမှာလမ်းလျှောက်နေရတော့  ကြည်နူးနေလိုက်တာများ မျက်နှာမှာတောင် အပြုံးရောင်ဟပ်နေတယ်ထင်ရဲ့.. ကျောင်းကိုရောက်တဲ့အချိန်က တော်တော်လေးစောသေးတာမို့ တော်ဝင်လမ်းတလျှောက် လူရှင်းနေသေးတယ်.. လမ်းနံဘေး မြက်ပင်လေးတွေကြားက ပင့်ကူအိမ်လေးတွေပေါ် နှင်းတွေခိုတွဲနေလို့ နှင်းအိမ်လေးတွေဖြစ်နေတာ ချစ်စရာပဲကောင်းသေးတော့တယ်.. စက်ဘီးရန်ကြောက်လို့ လမ်းဘေးကပ်လျှောက်နေရင်း ခြေဖမိုးက ယားကျိကျိဖြစ်လာလို့ ငုံ့ကြည့်မိတော့..
“အား.. ကျွတ်ကြီး..”
“လန့်လိုက်တာဗျာ.. နေဦး ကျွန်တော်ဖြုတ်ပေးမယ်..”
ဘေးမှာလျှောက်နေတဲ့ကျောင်းသားတစ်ယောက်က သစ်ကိုင်းလေးချိုးပြီး ခြေထောက်ကကျွတ်ကိုဖြုတ်ပေးတယ်.. တွယ်နေတာကြာပြီမို့လားမသိ ဖြုတ်လိုက်တာနဲ့ သွေးတွေက ရဲခနဲ.. သွေးမြင်ရင်မူးတတ်တဲ့ကိုယ် မျက်လုံးတွေကို ပြာထွက်သွားတာပဲ.. ခြေထောက်က အေးခနဲဖြစ်သွားမှ သတိပြန်ဝင်လာတယ်.. ကျွတ်ဖြုတ်ပေးတဲ့ကောင်လေးက ခြေထောက်ပေါ်ကို သူ့ရေဗူးထဲကရေတွေနဲ့ လောင်းဆေးပေးလိုက်တာကိုး.. ဘယ်မေဂျာကပါလိမ့်.. တစ်ခါမှလဲမတွေ့ဖူးသလိုပဲ.. သူ့ဆီမှာ ကိုယ်ချစ်တဲ့ဆံပင်ခွေခွေလေးတွေရှိတယ်.. လက်ဖောင်းဖောင်းလေးတွေရှိတယ်..
“လုံခြည်အရှည်ကြီးဝတ်ပြီး မြက်နားကပ်လျှောက်ရလားဗျ.. မတော်ရာ ကျွတ်ဝင်သွားမှ ဒုက္ခများနေမယ်.. သွေးတိတ်သွားအောင် ပလာစတာပါရင် ကပ်ထားလိုက်”
ပြောပြောဆိုဆိုနဲ့ ကန်တင်းဘက်လျှောက်သွားတဲ့ ကောင်လေးကို ကိုယ် ပါးစပ်အဟောင်းသားနဲ့ ငေးပြီးကျန်ခဲ့တယ်..
“နေနှင့်ဦး.. ငါ့ကိုများ ဆရာကြီးလေသံနဲ့ငေါက်သွားသေးတယ်.. ဟွန်း”

XXXXXXXXXXXXXXXXXXXXXXXXXX

“တန်းထ.. ဆရာမကိုနှုတ်ဆက်..”
ခပ်တည်တည်နဲ့ဖရက်ရှာအခန်းထဲဝင်လိုက်တဲ့အချိန်မှာ ဇာတ်တိုက်ထားတဲ့အတိုင်း ဘော်ဒါတွေက နောက်ဆုံးတန်းမှာနေရာယူပြီး အော်ထည့်လိုက်တာမို့ ဖရက်ရှာလေးတွေအားလုံး မတ်တပ်ရပ်ပြီး နှုတ်ဆက်လိုက်ကြတယ်.. ဆရာမအိုက်တင်လုပ်ပြီး တပ်ထားတဲ့မျက်မှန်ကို အသာပင့်ရင်း အတန်းထဲကိုဝေ့ကြည့်လိုက်တော့.. ဗုဒ္ဓေါ.. ဟိုသတ္တဝါလေးက ဒီနှစ်ဖရက်ရှာတန်းကပါလား.. သေတော့မှာပဲ.. ဒင်းကြည့်ရတာ ကိုယ့်ကိုမှတ်မိပုံမရဘူး.. တော်ပါသေးရဲ့.. ခြေထောက်တွေကတုန်နေပြီ.. ရင်တွေကလဲခုန်နေလိုက်တာ.. အတန်းရှေ့မှာ ဘယ်လိုမှဆက်မနေရဲတော့လို့..
“ဒါ မက်ကာထရောနစ်အတန်းမဟုတ်ဘူးလား.. ဆောရီးနော်.. အတန်းမှားလာလို့..”
အသံမတုန်အောင်ကြိုးစားပြောရင်း အမြန်ဆုံးနည်းနဲ့ ပန်ကန်လုံးစီး ပြေးထွက်လာတော့ နောက်ဆုံးတန်းက ဘော်ဒါတွေလဲ တရုန်းရုန်းပြေးလိုက်လာကြတယ်..
“ဟဲ့.. နင်က ဘာလို့ထွက်ပြေးလာတာတုန်း.. စီစဉ်ထားတာတွေတော့ ပျက်ပါပြီ.. ခါတိုင်းလဲ လုပ််နေကျကို ခုမှ ဘာကြောင်တာလဲဟ..”
“မပြောပြဘူး.. အသေသတ်လိုက်”
မချိုမချဉ်မျက်နှာပေးကို မသင်္ကာကြတဲ့ကိုယ့်သူငယ်ချင်းတွေက ကိုယ့်ကို အတင်းဝိုင်းမေးကြပေမယ့် မကြားချင်ယောင်ဆောင်ပြီး ခုံပေါ်မှောက်အိပ်နေလိုက်တယ်.. ရင်တွေကတော့ ခုထိခုန်နေတုန်း..

XXXXXXXXXXXXXXXXXXXXXXXXXXXX

ကိုယ်တို့အီးစီမေဂျာရဲ့ ကိုယ်ထူကိုယ်ထ စာကြည့်တိုက်လေးက နေ့လည်ထမင်းစားချိန်မို့ ထုံးစံအတိုင်း စည်ကားနေပြီ.. စာထိုင်ဖတ်နေတဲ့သူတွေ စာအုပ်လာငှားတဲ့သူတွေနဲ့ အပြည့်မို့ အခန်းလေးက မကျဉ်းဘူးဆိုတာတောင် လူငွေ့တွေနဲ့ လှောင်အိုက်လို့.. တပတ်မှာတစ်ရက် စာကြည့်တိုက်မှူးတာဝန်ယူထားလို့ စာအုပ်အငှားစာရင်းတွေမှတ်ပေးနေရတာ လက်မလည်နိုင်အောင်ပဲ..
“အသင်းဝင်ကဒ်အသစ်လုပ်ချင်လို့..”
“ဘယ်အတန်းကလဲ..”
မေးရင်းနဲ့မော့ကြည့်မိတော့ ဟို သတ္တဝါလေး..
“ဖရက်ရှာတန်းကပါ မ..”
“ဖောင်ဖြည့်လိုက်နော်..”
“ဟုတ်..”
သူ့လက်ဖောင်းဖောင်းလေးတွေနဲ့ ဖောင်ဖြည့်နေတယ်.. ဟွန့်.. ရုပ်လေးကသနားကမားနဲ့.. လက်ရေးကဆိုးချက်.. မင်းတော့ အမှတ်လျော့ပြီကွယ်.. ကိုယ်က လက်ရေးလှလှလေးမှ သဘောကျတာ.. ဘာပဲဖြစ်ဖြစ်.. နာမည်နဲ့ မွေးနေ့သိလိုက်ရတာ အမြတ်ပဲလေ.. ဘေးမှာထိုင်နေတဲ့ကိုယ့်သူငယ်ချင်းက ငါသိနေတယ်နော်ဆိုတဲ့အထာနဲ့ ကိုယ့်ကိုလှောင်ပြံုးရင်းကြည့်နေလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXX

ထမင်းစားပြီးကျောင်းပြန်တက်ချိန်မှာ သီအိုရီဘာသာအချိန်ဖြစ်နေတာမို့ တစ်တန်းလုံးအိပ်ငိုက်နေကြတယ်.. ဌာနမှူးကိုယ်တိုင် သင်တာမို့သာ အတန်းမလစ်ရဲလို့ ခုံအပြည့်လူရှိနေတာလေ.. ကိုယ်လဲ တက်စ်ဘုတ်ကိုထောင်ထားပြီး စားပွဲပေါ်မေးတင်လို့ အသာလေးငိုက်နေတာပေါ့.. ကြာတော့ ခါးညောင်းလာတာမို့ ကိုယ်ကိုမတ်ပြီး ဘေးကပြတင်းပေါက်ဖက်လှည့်ကြည့်မိတော့.. ၀ရံတာကိုမှီပြီး ကိုယ့်ကိုရယ်ကျဲကျဲနဲ့ ရပ်ကြည့်နေတဲ့ဟိုသတ္တဝါလေး.. သေလိုက်ပါတော့ကွယ်.. စာသင်ချိန်မှာ ကိုယ်ငိုက်နေတာ သူတွေ့သွားပြီပေါ့.. ဆရာမအတန်းထဲကထွက်သွားတော့ ကိုယ့်ဘေးကပြတင်းပေါက်နား သူရောက်လာတယ်..
“မ ကျွန်တော့်သူငယ်ချင်းက စာမေးချင်လို့တဲ့..”
“ရတယ်လေ.. နင့်သူငယ်ချင်းကမေးမယ်ဆိုတော့.. နင်ကမမေးဘူးလား..”
“နိုးပါ.. ကျွန်တော်က စာသင်ချိန်မှာအိပ်ငိုက်တတ်တဲ့သူကို စာမမေးချင်ဘူး..”
“သေလိုက်ပါလား.. နင်နော်.. လူကြီးကိုနောက်စရာလား..”
“နောက်ဆရာမဟုတ်ဘူး.. ရှေ့ဆရာ..”
ကိုယ်က လက်သီးနဲ့ရွယ်လိုက်တော့ လှစ်ခနဲနေအောင်ပြေးသွားလေရဲ့..

XXXXXXXXXXXXXXXXXXXXXXXXXXXXX


“မောင်မယ်သစ်လွင်ကြိုဆိုပွဲ”

ကိုယ်တွေတုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် အခုနှစ်တော့ ထူးထူးခြားခြား ကြိုဆိုပွဲလေး လုပ်ခွင့်ရတယ်.. နေရာတကာပါလေရာမို့ ကိုယ်တို့သူငယ်ချင်းနှစ်ယောက်လဲ အလုပ်တွေရှုပ်နေတာပေါ့.. မောင်သစ်လွင်နဲ့ မယ်သစ်လွင်ရွေးကြဖို့ မဲပေးမယ့်စာရွက်တွေပြင်ဆင် နံပါတ်တံဆိပ်တွေလုပ် စလွယ်တွေ သရဖူတွေလုပ်နဲ့.. တမနက်လုံး အလုပ်များနေတယ်.. အချိန်ကျလို့တဖွဲဖွဲရောက်လာတဲ့ ဖရက်ရှာလေးတွေကိုလဲ နေရာချပေးနေရသေး.. အမှတ်စဉ်ထိုးထားတဲ့ နံပါတ်တံဆိပ်လေးတွေကို ရင်ဘတ်မှာကပ်ထားကြဖို့ လိုက်ဝေပေးတော့ ဘေးနားကို သူရောက်လာတယ်..

“အဲ့ဆယ်လိုတိပ်ပေးလေ.. ကူဖြတ်ပေးမယ်..”

“မော်နီတာကြီးက မမအနားကကို မခွာတော့ဘူးနော်..”

သူ့အတန်းဖော်တွေက ၀ိုင်းစကြတော့ ရှက်နေသလို ရယ်ကျဲကျဲနဲ့..

“နင်ရော ကပ်လေ.. မကပ်ဘူးလား..”

“မကပ်တတ်ဘူး.. မ ကပ်ပေးပါလား..”

သူ့ကိုမျက်စောင်းတစ်ချက်ထိုးပြီး နံပါတ်လေးကို နှလုံးသားတည့်တည့် ဘယ်ဘက်ရင်ဘတ်နေရာမှာ ကပ်ပေးလိုက်တယ်.. သူ့နံပါတ်က “၁၇”

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

“မ ဒီနေ့သောကြာနေ့နော်.. ရန်ကုန်ပြန်မှာလား..”
“အင်းပေါ့.. ဘာလို့လဲ..”
“အတူတူပြန်မယ်လေ..”
“နင့်အိမ်က မှော်ဘီမှာမို့လား.. ရန်ကုန်မှာ ဘာသွားလုပ်မှာလဲ..”
“ကျူရှင်သွားတက်မှာပေါ့ဗျ.. ပြီးရင် အေဒီလမ်းက အစ်ကိုတွေအိမ်မှာအိပ်မှာ.. တနင်္ဂနွေနေ့မှ ပြန်လာမှာလေ.. မ တို့အတန်းအရင်လွှတ်ရင် စောင့်နေနော်.. ကျွန်တော်တို့ လိုင်းကားနဲ့သွားရအောင်..”
ကိုယ်ဘာမှပြန်မဖြေနိုင်ခင် သူကထွက်သွားပြီ.. ခက်ပါလားနော်..
ညနေအတန်းပြီးတော့ သူက အတန်းရှေ့မှာစောင့်နေတယ်.. ခါတိုင်း လက်မောင်းအောင့်အောင်သယ်ရတဲ့ ဆွဲခြင်းကို သူကဆွဲပေးပြီး ၁၇၅ ပါရမီကားဂိတ်ကို လမ်းလျှောက်ကြတယ်.. ခါတိုင်း သေလောက်အောင်ပူတဲ့ မှော်ဘီဆောင်းရဲ့ကျနေကို ကိုယ်မမှုတော့ဘူး.. သူဘေးမှာပါနေလို့လေ.. တစ်နာရီခွဲလောက်ကားစီးရတဲ့လမ်းတစ်လျှောက် ကိုယ်တို့၂ယောက် စကားတွေဖောင်ဖွဲ့မဆုံးဘူးပေါ့.. အဲ့နေ့က သူလဲကျူရှင်မတက်ဖြစ်တော့ဘဲ ကိုယ်တို့အိမ်လမ်းထိပ်ထိ လိုက်ပို့ပေးတယ်.. ပြန်ခါနီးကျတော့
“မ ညကျရင် ကျွန်တော်ဖုန်းဆက်လိုက်မယ်နော်”
ကိုယ်ခေါင်းညိတ်လိုက်မိတယ်ထင်ပါရဲ့..
ညစာစားပြီးချိန်လောက်မှာ သူ့ဆီက ဖုန်းလာတယ်..
“မ ကျွန်တော်မူးနေတယ်သိလား.. ဘီယာသောက်ထားလို့..”
“ဟယ်.. ဆိုးလိုက်တာ.. ဘာလို့သောက်တာလဲ..”
“အစ်ကိုတွေက မြှောက်ပေးလို့.. ရဲဆေးတဲ့..”
“ဘာရဲဆေးလဲ..”
“မ ကိုရည်းစားစကားပြောဖို့လေ..”
ကိုယ်ဘာမှပြန်မပြောဖြစ်.. ပါးစပ်ကလဲ ဘာမှထွက်မလာဘူး.. ကိုယ့်ရင်ခုန်သံကိုယ်ပြန်ကြားနေရတာ နားစည်တွေတောင် ကွဲမတတ်ပဲ.. နှုတ်ခမ်းကိုယောင်ပြီးကိုက်ထားမိတာ အရမ်းနာလာမှ သတိပြန်ဝင်လာတယ်..
“မ မကို ကျွန်တော်ချစ်တယ်သိလား.. မ လဲ ကျွန်တော့်ကို ချစ်တယ်မဟုတ်လားဟင်.. မငြင်းပါနဲ့နော်..”
“ဟာ.. မသိဘူး”
“သိပါတယ်ကွာ.. ကျွန်တော့်ကို ချစ်တယ်လို့ပြောနော်..”
“အာ.. မသိဘူး.. တော်ပြီ.. မပြောတော့ဘူး.. ဒါပဲဒါပဲ”
“နေပါဦး.. ခုမပြောချင်လဲနေ.. တနင်္ဂနွေနေ့ကျရင် တိုက်ကြီးဆူးလေကားဂိတ်ကနေ စောင့်နေမယ်.. တူတူပြန်ရအောင်နော်..”
ယောင်တောင်တောင်နဲ့ခေါင်းညိတ်ပြပြီး ဖုန်းချပစ်လိုက်တယ်.. ငါ့နှယ်နော် ခေါင်းညိတ်တာ သူကဘယ်မြင်ရပါ့မလဲ..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

၂၀၀၃ ဇန်နဝါရီ ၂၅

ကားဂိတ်က လက်ဖက်ရည်ဆိုင်မှာ သူထိုင်နေတာတွေ့တော့ သူ့ဆီတည့်တည့်လျှောက်သွားလိုက်တယ်..
“အန်တီမိုး.. သူက ကျော်ကိုကိုတဲ့ သမီးတို့ကျောင်းက.. ခု သူနဲ့တူတူပြန်မှာ.. သူကလဲ မှော်ဘီမှာနေတာလေ..”
ကိုယ့်ကိုလိုက်ပို့တဲ့ ကိုယ့်အဒေါ်နဲ့မိတ်ဆက်ပေးတော့ သူက အံ့သြနေပုံပဲ.. ကားပေါ်ရောက်တော့..
“မ အဒေါ်ပါလာလို့ လန့်သွားတာပဲ.. မှော်ဘီထိလိုက်ပို့ရင်တော့ ဂွပဲလို့..”
“ဘာဂွလဲ..”
“အာ.. ဘယ်ဖြစ်မှာလဲ.. ကျွန်တော်က အကြံနဲ့လေ..”
“ဘာအကြံလဲ..”
“မ နော်.. ရူးချင်ယောင်ဆောင်မနေနဲ့.. ကဲခုပြော.. ကျွန်တော့်ကိုချစ်တယ်လို့..”
“အံမယ်.. အပိုင်ပါလား.. ဘယ်သူကပြောမယ်ကတိပေးထားလို့လဲ..”
“ပြောပါ မရယ်.. ကျွန်တော်ကြားချင်လို့ပါ..”
သူက ပြောရင်းနဲ့ကိုယ့်လက်ကိုလှမ်းဆုပ်လိုက်တော့ ကိုယ့်တစ်ကိုယ်လုံး ရှိန်းခနဲဖြစ်သွားတယ်.. ခေါင်းကိုငုံ့ထားလိုက်တော့ ကိုယ့်ရင်တွေခုန်နေတာကို ပြန်မြင်နေရတယ်.. ငုံ့ထားရတာ  အသက်ရှူကြပ်လာလို့  သူ့ကိုမော့ကြည့်လိုက်တော့ မျှော်လင့်ချက်အပြည့်နဲ့ သူ့မျက်ဝန်းတွေကို တွေ့လိုက်ရတယ်.. ကဲ ကိုယ်ဘယ်လိုငြင်းရက်မှာလဲကွယ်..
သူ့နားနားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်..
“မောင့်ကိုချစ်တယ်..” လို့..

XXXXXXXXXXXXXXXXXXXXXXXXXXXXXXXXXX

(ချစ်သူသက်တမ်း ၁၀နှစ်ပြည့်အမှတ်တရ သူငယ်ပြန်ထားပါသည်.. ဟိ.. ပေါရဲလိုက်တာနော်..)