Thursday, November 24, 2011

လတ်တလော ကျွန်မရဲ့နေ့တွေညတွေ

နှစ်ကုန်ခါနီးလေ အလုပ်များလေပဲ.. စိတ်ညစ်တဲ့ထဲမှာ အဲဒါကထိပ်ဆုံးကပါတယ်.. သူများတကာတွေက ဟောလီးဒေးမုဒ်နဲ့ တက်ကြွနေကြချိန်မှာ ကျွန်မကတော့ အော့ဒစ်များစွာနဲ့ ချာလပတ်လည်နေရတာပါ.. နှစ်ကုန်ပိုင်းလောက် အိမ်ပြန်မယ်လို့ ရည်ရွယ်ထားပေမယ့် ခုတော့ ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး.. တလောက ဂျက်စတားလက်မှတ်ဝယ်ထားသူတွေ ကိုးယို့ကားယားဖြစ်တယ်ကြားတော့ ကိုယ်မပြန်ဖြစ်တာပဲ ခပ်ကောင်းကောင်းလို့ ခံစားမိသလားပဲ.. ထိခိုက်ခံစားရသူတွေအတွက် ကိုယ်ချင်းမစာလို့တော့ မဟုတ်ရပါဘူး.. နောက်ဆုံးကျတော့ ကိုယ့်အတ္တက ပထမမို့လား..

ခုတလော သားလေးကို ခဏခဏအိပ်မက်တွေမက်တယ်.. သေချာတာတော့ ကျွန်မ သိပ်လွမ်းနေပြီ.. မအားတဲ့ကြားကကို လွမ်းတယ်.. တကယ်ကိုမအားရတာ.. အလုပ်မသွားရလဲ အိမ်မှာမအားရပါဘူး.. အိမ်အလုပ်တွေက မကုန်နိုင်အောင်များတယ်.. လက်ထပ်စာချုပ်မှာ အိမ်အလုပ်တွေအကုန်ကို အိမ်ရှင်မဖြစ်တဲ့ ကျွန်မပဲလုပ်ပါ့မယ်လို့ လက်မှတ်မထိုးခဲ့မိပေလို့ပဲ.. နှစ်ယောက်စလုံး ခွဲဝေပြီးလုပ်ပါ့မယ်လို့ စာချုပ်ထဲမထည့်လိုက်ရတာအတွက်တော့ နောင်တရမိသလိုလို.. မလုပ်ဘဲထားလို့ သူက ကွန်ပလိန်းမတက်ပေမယ့် မနေတတ်တဲ့အကျင့်ကြောင့် ပင်ပန်းရသူက ကိုယ်ပဲလေ.. အိုးသစ်အိမ်သစ် ထူထောင််ကြမယ့် နောင်လာနောက်သားများမှတ်သားဖွယ်ကတော့ လက်ထပ်စာချုပ်အပြင် အိမ်ထောင်တာဝန်ခွဲဝေရေး သဘောတူညီချက်လေးပါ လက်မှတ်ထိုးထားဖို့ အကျိတ်အနယ်စဉ်းစားပါလော့..

ခုလောလောဆယ် ပြင်းထန်နေတဲ့ရောဂါက ရုံးပိတ်ရက်ဆို အိမ်မှာမနေချင်တဲ့ရောဂါ.. အဲဒါကိုသက်သာမလားလို့ လာမယ့်ဆန်းဒေးကျရင် ဘာတမ်ကိုလည်လည်သွားပါမယ်.. ဗီစာမလိုတော့ဘူးဆိုကတည်းက သွားချင်နေတာ ခြေဖဝါးတွေကိုယားလို့.. ခုမှပဲသွားဖြစ်တော့မယ်.. အသွားအပြန်ဖယ်ရီခရယ်.. တနာရီစာ မာဆာ့ချ်ရယ်.. ဘူဖေးနေ့လည်စာရယ်.. စျေးဝယ်ပို့ပေးမှာရယ်.. ဖွတ်ကလိဒင်္ဂါး ၃၀ကျော်ဆိုတော့ တန်ပါတယ်လေ.. တစ်ညအိပ်သွားဖို့ကို ပိတ်ရက်သွားရင်ပေးရမယ့် ဆာချာ့ချ်ဆိုတာကြီး မပေးချင်တာနဲ့ပဲ မေ့ပစ်လိုက်တယ်..

လာမယ့်နှစ်သင်္ကြန်ကို ရန်ကုန်ပြန်ဖို့ လက်မှတ်တောင်ဝယ်ပြီးသွားပြီ.. ၂ပါတ်တိတိပြန်မယ်.. ယောက်ျားကိုပဇင်းတက်ပေးမယ်.. ရဟန်းအမဖြစ်ရချည်သေး.. သင်္ကြန်ပြီးရင်တော့ ချောင်းသာကို လည်လည်သွားပါမယ်.. အဝေးကြီးလိုသေးပေမယ့် တွေးတွေးပြီးပျော်နေမိသေးတယ်.. ပြန်မယ့်ရက်မတိုင်ခင်အထိ ဆက်တိုက်အလုပ်တွေများမှာကို တွေးမိပြန်တော့ ဘယ်သူ့ကိုမှန်းမသိ သတ်ချင်စိတ်တွေပေါက်ပေါက်လာတယ်.. သတ်ချင်တယ်ဆိုလို့ တလောက အချစ်အတွက်နဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေတဲ့သတင်းကြားရတော့ သူငယ်ချင်းတွေနဲ့ပြောဖြစ်သေးတယ်.. ငါသာဆိုရင်တော့ ကိုယ့်ကိုကိုယ်သတ်သေမယ့်အစား သစ္စာမဲ့တဲ့သူ့ကိုပဲသတ်ပစ်လိုက်မယ်လို့..

ညညဆို ဘားမိစ်ကလပ်စစ်မှာ မြန်မာကားတွေ ရှာဖွေကြည့်ဖြစ်နေလို့ နောက်ကျမှအိပ်ဖြစ်နေပြီး မနက်မနက်အိပ်ယာကမထချင်တာလဲ ရောဂါပဲ.. ရနာရီခွဲစတဲ့အလုပ်ကို အမှီရောက်ဖို့ ၆နာရီအိပ်ယာထရတာလေ.. ရုံးကားက ၆နာရီ၄၀ဆိုလာကြိုတယ်.. ကားမှတ်တိုင်ကို အိမ်ကနေ ၁၀မိနစ်လောက်လမ်းလျှောက်ရသေးတာမို့ မနက်ပိုင်းခေါင်းလျှော်ဖြစ်တဲ့နေ့ဆို ရုံးကားမှီအောင် ပြေးပေရော့ပဲ.. ကားပေါ်ရောက်မှ သီချင်းနားထောင်ရင်း ဆက်ငိုက်ပေါ့..

အလှအပအတွက် အချိန်မပေးချင်တာရယ် ၀ါသနာလဲမပါလှတာရယ်ကြောင့် ကျွန်မမှာ အလှကုန်ရယ်လို့ သိပ်ရှိလှတာမဟုတ်ဘူး.. ခုတလောတော့ ဘာကြောင့်ရယ်မသိ ပြင်ပြင်ဆင်ဆင်လေး နေချင်မိတယ်.. ဘလော့ဖတ်ရင်လဲ သနပ်ခါးမေလေးမြတ်ကြည်တို့ ညီမကန်ဒီလေးတို့ရဲ့ အလှပြင်နည်းလေးတွေကို စိတ်ဝင်တစားဖတ်မိနေတယ်.. လက်သည်းအလှဆိုးနည်းလေးတွေတင်တတ်နဲ့ မဘေဘီဆီကိုလဲ ခဏခဏရောက်မိနေတယ်.. ခုတလော အလှပြင်ဖြစ်နေတော့ ယောက်ျားကပြောတယ်.. အိမ်အိုလို့ကျားကန်တဲ့သဘောလားတဲ့.. ဘာရမလဲ နှုတ်ခမ်းထော်ပြီး မျက်စောင်းပစ်ထိုးလိုက်တယ်.. ချော့စမ်း..

Monday, November 14, 2011

ကျွန်မရဲ့ ၀ါသနာလေးများ

ကျွန်မက ငယ်ငယ်လေးကတည်းက လက်မှုပညာကို ၀ါသနာပါပါတယ်.. လေးတန်းကျောင်းသူလောက်မှာ သိုးမွှေးတချောင်းထိုး ထိုးတတ်နေပါပြီ.. လက်ကိုင်ပုဝါအနားလေးတွေ ခေါင်းစီးကွင်းလေးတွေ ကလေးဦးထုပ်လေးတွေ ထိုးတတ်ပါတယ်.. နှစ်ချောင်းထိုးကတော့ အခြေခံလောက်ပဲထိုးတတ်ပြီး အထည်ဖြစ်အောင် မထိုးတတ်ပါဘူး.. အထက်တန်းလောက်ရောက်တော့ ပန်းထိုးတတ်လာပါတယ်.. ပိတ်စအဖြူပေါ်မှာ ရောင်စုံချည်လေးတွေနဲ့ အပ်ချုပ်အပ်နဲ့ထိုးတာပေါ့.. မျက်လုံးကိုအရမ်းအားစိုက်ရတာမို့ နောက်ပိုင်းလုံးဝမထိုးဖြစ်တော့ပါဘူး.. မှော်ဘီမှာကျောင်းတက်နေတုန်းကကျတော့ ချည်အိတ်တွေ ကတ်အိတ်တွေထိုးပါတယ်.. ချည်အိတ်က ငါးဖမ်းပိုက်ကြိုးတွေကို ရောင်စုံဆိုးထားတဲ့ချည်နဲ့ အထုံးလေးတွေချည်ပြီး ထိုးရတာပါ.. ချည်တွေကို သိမ်ကြီးစျေးမှာဝယ်ရတယ်.. ချည်ကြိုးတွေကကြမ်းတော့ လက်တွေတောင်ပေါက်ရောပဲ.. စိတ်ကူးကောင်းရင်ကောင်းသလို ပုံဖော်လို့ရတာမို့ တခါတလေဆို ပုံစံလေးတွေစဉ်းစားရင် ကားမှတ်တိုင်တောင်ကျော်သွားတဲ့အထိပဲ.. ကတ်အိတ်ကတော့ ပလတ်စတစ်ကတ်လေးတွေမှာ နိုင်လွန်ချည်နဲ့ ပန်းပုံလေးတွေဖော်ထိုးရတာပါ.. နိုင်လွန်ချည်က အရောင်လေးတွေစိုပြီး လှလွန်းတော့ ကတ်အိတ်လေးတွေကို လူတိုင်းသဘောကျကြပါတယ်.. အဒေါ်တွေကို တယောက်တလုံး ထိုးပေးပြီးတော့ ကတ်အိတ်ထိုးရတာ ငြီးငွေ့သွားလို့ ကိုယ့်အတွက်တောင် မထိုးဖြစ်တော့ပါဘူး..

နောက်ထပ် ကျွန်မရဲ့ဝါသနာကတော့ အချက်အပြုတ်ပေါ့.. စားမယ့်သူသာရှိလို့ကတော့ မီးဖိုထဲကမထွက်စတမ်းကို ချက်နေချင်တော့တာပဲ.. အစားအစာအသစ်အဆန်းတွေ ထွင်ပြီးချက်ရတာကိုလဲ သိပ်ပျော်တယ်.. အရမ်းစားကောင်းတာလဲရှိသလို ဘာအရသာကြီးမှန်းမသိလို့ သွန်ပစ်လိုက်ရတာလဲ ရှိသပေါ့လေ.. စားကောင်းတာကများပါတယ်.. အမေဖက်ကအဖွားဆီက ရခိုင်ဟင်းချက်နည်းလေးတွေရယ် အဖေဖက်ကအဖွားဆီက မော်လမြိုင်ချက်လေးတွေရယ်နဲ့တင် တော်ဟုတ်နေပြီမို့လား.. အကျွမ်းကျင်ဆုံးကတော့ အသုပ်ပါပဲ.. ကျွန်မမို့ ဘာပဲသုပ်လိုက်လိုက် အရမ်းစားကောင်းတယ်လို့ လူတိုင်းပြောကြတယ်.. ရခိုင်သုပ်လား ဗမာသုပ်လား ဘက်စုံကျွမ်းပဲနော်..

စာဖတ်ဝါသနာပါတဲ့ကျွန်မက စာရေးချင်တာလဲ ဆန်းတော့မဆန်းဘူးပေါ့.. ကဗျာတွေ စာအတိုအစလေးတွေ သိပ်ရေးချင်တာ.. ကိုယ်ရေးတဲ့စာကို ကောင်းတယ်များပြောလို့ကတော့ ပါးစပ်ကိုစေ့မရတော့ဘူး.. ကဗျာရေးတာကတော့ မူလတန်းကတည်းက.. လေးလုံးစပ်ကဗျာလေးတွေကို ကာရံအကျိုးကျိုးအပဲ့ပဲ့နဲ့ ရေးထားတာမှမနည်းမနော.. ရင်ခုန်တတ်တဲ့အရွယ်ရောက်လာတော့ အချစ်ကဗျာတွေပေါ့.. အရွယ်လေးရလာတာနဲ့အမျှ ရင့်ကျက်ခြင်းကိုဖော်ဆောင်တဲ့ ကဗျာလေးတွေ ဖန်တီးဖြစ်လာတယ်.. ကဗျာအဟောင်းလေးတွေကို ပြန်ဖတ်တိုင်း အတိတ်ရဲကအရိပ်လေးတွေ ပြန်ထင်ဟပ်လာတတ်လို့ ကဗျာဟောင်းလေးတွေကို ပြန်ဖတ်ရင်း အတွေးနယ်ချဲ့ရတာကိုလဲ ကျွန်မသိပ်ကြိုက်တယ်..

ကျွန်မရဲ့နောက်ဝါသနာတခုကတော့ ဆံပင်အလှပြင်ခြင်းပါပဲ.. ကျစ်စာမြီးမျိုးစုံကျစ်ရတာ ဆံထုံးလေးတွေထုံးရတာ အရမ်းဝါသနာပါပါတယ်.. ကိုယ်တိုင်က ဆံပင်သိပ်မကောင်းတော့ သူများတွေကိုပဲ လုပ်ပေးဖြစ်ပါတယ်.. အဆောင်မှာနေတုန်းက မနက်မနက်ဆို ဆံပင်ပြင်မယ့်သူတွေ ကျွန်မအခန်းရှေ့ စည်ကားနေတတ်တာလေ.. အဒေါ်တွေ မင်္ဂလာဆောင်သွားမယ်ဆိုရင်လဲ ဆံထုံးပုံစံမျိုးစံ ထုံးပေးရတတ်တာ ကျွန်မပဲပေါ့.. ကိုယ့်ဝါသနာမို့ စိတ်ပါလက်ပါနဲ့ ဆံထုံးနဲ့လိုက်ဖက်မယ့် ပန်းလေးတွေတောင် တကူးတကရှာပေးသေးတယ်.. ကိုယ်တိုင်ကတော့ ခရေပန်းကလွဲရင် ဘာပန်းမှမပန်တတ်တဲ့သူ..

အပင်စိုက်တာကိုလဲ ကျွန်မ ၀ါသနာပါပါသေးတယ်.. ကိုယ်စိုက်ထားတဲ့အပင်လေးက အသီးအပွင့်တွေ ဝေနေပြီဆို ဖြစ်ပေါ်လာရတဲ့ပီတိက ဘာနဲ့မှမလဲနိုင်ဘူးမို့လား.. မှတ်မှတ်ရရ အများကြီးစိုက်ဖူးတာကတော့ ကစ်မီကွစ်လို့ခေါ်တဲ့ ဆူးများနဲ့ပန်းကလေးတွေပါပဲ.. သဲနဲ့ဖွဲပြာကို ဆတူရောပြီးစိုက်ရင် အပင်အရမ်းဖြစ်ပြီး အပွင့်အကြီးကြီးတွေပွင့်ပါတယ်.. တခိုင်တည်းမှာ ၁၆ပွင့်ကနေ ၂၄ပွင့်အထိပွင့်တယ်လေ.. မုန်လာ မုန်းညင်းစတဲ့ စားပင်လေးတွေရယ်.. ဗူး ခရမ်းစတဲ့ သီးပင်လေးတွေရယ်လဲ စိုက်ဖူးတယ်.. ကိုယ့်အပင်က အသီးအရွက်တွေနဲ့ ချက်တဲ့ဟင်းကမှ ပိုချိုတယ်ထင်တတ်တာ လူ့သဘာဝပဲလေ.. လတ်လတ်ဆတ်ဆတ်မို့လား..

ခုတလော အကောင်အထည်အဖော်ဖြစ်ဆုံး ကျွန်မရဲ့ဝါသနာကတော့ သီချင်းဆိုတာပေါ့.. တနေ့တနေ့ singforyou.net မှာ သီချင်းတွေဆို အသံတွေသွင်းနေဖြစ်တယ်.. ပထမတော့ အလကားရတဲ့အမှတ်လေးတွေနဲ့ပေါ့.. နောက်တော့ အားမရတော့လို့ Gold Plan ၀ယ်ပြီး အားရပါးရဆိုနေပါတယ်.. အလုပ်ကနေ အိမ်ပြန်ရောက်တာနဲ့ အိမ်အလုပ်တွေ ကမန်းကတမ်းလုပ်ပြီးရင် အခန်းတံခါးပိတ် အဲကွန်းဖွင့်ပြီး.. ဟုတ်ကဲ့.. မြူးမြူး အသံသွင်းနေပါသည်ရှင်..

(ရုံးကနေ ပို့စ်တင်ချင်လို့ တင်လိုက်တာ ယူကျုမရလို့ သီချင်းလေးတွေ အမြည်းမပေးရသေးဘူး.. ညကျမှတင်လိုက်မယ်.. ဆက်ဆက်လာနားထောင်လှည့်နော်.. )

Wednesday, November 9, 2011

ဘယ်တော့လဲ

စလုံးကို စရောက်တယ်ဆိုကတည်းက ဒီမှာပဲ တသက်လုံးနေလိုက်တော့မယ်လို့ တခါမှမတွေးခဲ့ဖူးတာအမှန်ပဲ.. တနေ့နေ့တော့ ကိုယ့်မြေကိုယ့်ရေမှာ ကိုယ့်ဆွေမျိုးတွေနဲ့ သိုက်သိုက်ဝန်းဝန်း ပြန်နေမယ်ဆိုတဲ့အတွေးပဲ တချိန်လုံးကြီးစိုးနေခဲ့တာလေ.. အိမ်ဆိုတဲ့စကားလုံးကြားတိုင်း မခမ်းနားမကြီးကျယ်တဲ့ မီးမှန်မှန်မလာတဲ့အရပ်က အိမ်အိုလေးကိုပဲ မျက်လုံးထဲမြင်နေတတ်တာမို့လား.. ရုပ်ဝတ္ထုတွေဘယ်လောက်ပဲ ပြည့်စုံနေပါစေ ချစ်ခြင်းမေတ္တာ ခေါင်းပါးလွန်းတဲ့ ဒီမြို့မှာ ကျွန်မ မပျော်ဘူး.. မိုးလင်းကနေမိုးချုပ် စက်ရုပ်တွေလို ရုန်းကန်လှုပ်ရှားနေရတော့ ဘဝက လူမဆန်တော့သလိုပဲ.. ငွေကြောင့်သာမဟုတ်ရင် ဒီမြို့မှာ တစ်မိနစ်လေးတောင် ကျွန်မဆက်မနေချင်တော့ဘူး..

ရင်းနှီးတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့တောင် တွေ့ဖို့ဆုံဖို့ စကားတွေပြောဖို့ အချိန်ဆိုတာရှားပါးလွန်းတယ်.. ဂျီတော့မှာပဲ ပြောကြ ဖဘမှာပဲတွေ့ကြ အတုအယောင်လောကထဲမှာပဲ ပျော်နေကြရတဲ့ဘဝမျိုးကို သိပ်ငြီးငွေ့မိတယ်.. ကိုယ့်မြေမှာတုန်းက မိသားစုတမျှ ရင်းနှီးနွေးထွေးတဲ့ အိမ်နီးချင်းတွေရှိတဲ့ ပတ်ဝန်းကျင်မျိုးမှာ ကြီးပြင်းခဲ့ရတဲ့ကျွန်မအတွက် အချိန်တိုင်းတံခါးတွေပိတ်ထားပြီး ဘယ်လိုလူမျိုးတွေနေလဲဆိုတာတောင် မသိနိုင်တဲ့ အိမ်နီးချင်းမျိုးတွေနဲ့ နေသားကိုမကျနိုင်ဘူး..

မီးဆိုတာ ခလုတ်နှိပ်ရင်ရတယ်.. ရေဆိုတာ ဘုံဘိုင်ခေါင်းကလာတာ.. ဆိုတာလောက်ပဲ သိထားတဲ့လူမျိုးတွေနဲ့ ပြောဆိုဆက်ဆံလုပ်ကိုင်နေရတာ တခါတလေကျတော့ သိပ်စိတ်ပျက်ဖို့ကောင်းတယ်.. မီးပျက်သွားရင် ရေပျက်သွားရင် အဆင်ပြေအောင်ဖြေရှင်းရမယ့်အစား ကွန်ပလိန်းတက်လိုက်ဖို့ကိုသာ စိတ်ဝင်စားတတ်တဲ့သူတွေနဲ့ ကျွန်မဘယ်လိုမှ သဟဇာတမဖြစ်နိုင်သလို.. ကိုယ့်အကြောင်းကိစ္စထက် သူများအကြောင်းကို ပိုပြီးစိတ်ဝင်စားတတ်တဲ့ စကားတင်းမျိုးစုံပြောတတ်တဲ့ လူတန်းစားတွေနဲ့ ဆက်ဆံရတာ ဘယ်လိုမှအံမဝင်ဘူး..

ဟိုးတုန်းက လွတ်လပ်ပေါ့ပါးစွာနဲ့ ပျော်ဖူးတဲ့အချိန်တွေကို ခဏခဏ အိပ်မက်မက်နေမိတယ်.. သူငယ်ချင်းတွေနဲ့ လက်ဖက်ရည်ဆိုင်မှာထိုင်ရင်း နှစ်သက်မိတဲ့ သီချင်းတွေအကြောင်း ကဗျာတွေအကြောင်း စာအုပ်တွေအကြောင်း မမောနိုင်မပန်းနိုင်ပြောရင်း နေဝင်ချိန်တွေကို အတူတူကုန်ဆုံးခဲ့ကြဖူးတယ်.. မနက်မိုးလင်းတိုင်း ပဲပြုတ်သည်ရဲ့အသံနဲ့ နိုးထခဲ့ဖူးတဲ့ မနက်ခင်းလေးများစွာကိုလဲ ပိုင်ဆိုင်ဖူးခဲ့တယ်.. နေ့လည်နေ့ခင်းတွေမှာ သရက်ပင်အောက်ထိုင်ရင်း အိမ်နီးချင်းမိတ်ဆွေတွေနဲ့အတူ သရက်သီးစိမ်းတွေကို ငံပြာရည်နဲ့တို့စားခဲ့ဖူးတယ်.. ရုပ်ဝတ္ထုတွေ မပြည့်စုံပေမယ့် ရင်းနှီးနွေးထွေးတဲ့ ဆက်ဆံရေးက ပျော်စရာလေးတွေ ဖန်တီးပေးနိုင်ခဲ့တယ်လေ..

ကျွန်မအချစ်ဆုံး သားလေးနဲ့ခွဲနေရတော့ အိမ်ပြန်ချင်စိတ်က ပိုပြီးတော့ကြီးစိုးလာတယ်.. မောင်ကလဲ စလုံးမှာမပျော်တဲ့သူမို့ အိမ်ပြန်မယ့်အကြောင်း ပြောဖြစ်တဲ့အခါတိုင်း ၂ယောက်သားမျက်ဝန်းမှာ အရောင်တွေတလက်လက်ပေါ့.. မောင်က ကျွန်မထက်တောင် ပိုပြီးအိမ်ပြန်ချင်နေတဲ့သူ.. တလောက သူ့ ပါ့စ်သက်တမ်းတိုးတော့ ၃နှစ်ရတယ်.. အဲဒါကုန်ရင် ထပ်မတိုးချင်တော့ဘူးတဲ့.. သူအိမ်ပြန်ပါရစေတော့တဲ့.. ရန်ကုန်မှာပဲ စီးပွားရေးတခုခုလုပ်ချင်တယ်တဲ့လေ.. ကျွန်မ မောင့်ကို မောင်နေချင်တဲ့နေရာမှာပဲ နေစေချင်ပါတယ်.. တကယ်တမ်းကျတော့ ကျွန်မကိုယ်တိုင်လဲ မနေချင်တဲ့အရပ်မှာ နေနေရသူမို့လား.. သေသေချာချာစဉ်းစားပြန်တော့ ရန်ကုန်မှာ တကယ်လို့ စီးပွားရေးလုပ်ငန်းက အဆင်မပြေဘူဆိုရင် သားလေးအတွက် လိုအပ်တာတွေအပြည့်အဝ ဖန်တီးမပေးနိုင်မှာ စိုးရိမ်မိတယ်.. ကိုယ်တွေချည်းဆို အကြောင်းမဟုတ်ဘူးလေ.. ရသလောက်လေးနဲ့ ဖြစ်သလိုဖြတ်သန်းလို့ရပါရဲ့.. သားလေးအတွက်ကျတော့ မိဘတို့ရဲ့ထုံးစံအတိုင်း အကောင်းဆုံးဆိုတာတွေကိုပဲ ပေးချင်တာမို့လား..

မောင့်အတွက်စဉ်းစားမိတော့လဲ စိတ်မကောင်းဘူး.. ကျွန်မကြောင့်သာ သူက စလုံးကိုရောက်လာရတယ်.. သူမပျော်တဲ့နေရာမှာ သူမလုပ်ချင်တာတွေ လုပ်နေရတာမို့လား.. အဲလိုဆိုတော့ ကျွန်မလဲ ဆုံးဖြတ်လိုက်တယ်.. မောင်က ပြန်ချင်တယ်ဆိုလဲ ပြန်ပါစေတော့.. ကျွန်မကတော့ ရန်ကုန်မှာ စီးပွားရေးလုပ်ငန်းလေးတစ်ခု အခြေကျမှပဲ ပြန်တော့မယ်လို့.. စလုံးကိုရောက်လာတယ်ဆိုကတည်းက မေမေနဲ့တူတူနေခဲ့ရတာ ခုကျတော့လဲ မောင်နဲ့တူတူလေ.. မောင်ပြန်သွားရင် တယောက်တည်းနေရမှာမို့ အစပိုင်းတော့ ကျွန်မအတွက် သိပ်ကိုခက်ခဲမှာပေါ့.. ဖြစ်အောင်တော့ လုပ်ရမှာပေါ့လေ..

အိမ်ထောင်တစ်ခုမှာ အမေဆိုတဲ့နေရာက အခက်ခဲဆုံးပါလားဆိုတာ ပိုသဘောပေါက်လာမိတယ်.. ကျွန်မမေမေတုန်းကလဲ ဖေဖေကျန်းမာရေးမကောင်းတော့တဲ့အချိန်မှာ သားသမီးတွေအတွက် စလုံးကိုတယောက်တည်းရောက်လာပြီး ၁၅နှစ်လုံးလုံး ရုန်းကန်ခဲ့ရတာမို့လား.. ကျွန်မလဲ လုပ်နိုင်ရမှာပေါ့.. ကျွန်မစလုံးကိုရောက်တာ နောက်နှစ်ဆန်းဆို ၅ နှစ်ရှိပြီ.. အသက်၂၅နှစ်တုန်းကလာခဲ့တာမို့ ခု အသက်၃၀တောင်ပြည့်တော့မယ်.. နောက်ထပ်ဘယ်နှနှစ်လောက်များ ဆက်နေရဦးမယ်မသိဘူး.. ဘယ်အသက်အရွယ်ထိ အသက်ရှင်နေရဦးမလဲဆိုတာတောင် မသေချာတဲ့ဘဝထဲမှာ ဖြစ်နိုင်မယ်ဆိုရင်တော့ သိချင်ပါရဲ့.. ကျွန်မအတွက်.. အိမ်ပြန်ချိန်ဆိုတာ.. ဘယ်တော့လဲ.. လို့..