Wednesday, March 31, 2010

အိပ်မက်ထဲကကျောင်းတော် (၅)


ကျွန်မတို့ တတိယနှစ် စတက်တဲ့အချိန်မှာတော့ ကျောင်းတော်ကြီးက တော်တော်စည်ကားနေပါပြီ.. ကျောင်းသားတွေအပြည့်နဲ့ စာသင်ခန်းတွေ လက်တွေ့ခန်းတွေ ပုံဆွဲခန်းတွေ တွေ့နေရတာတစ်မျိုးကြည်နူးစရာပေါ့.. ဘီတက်ခ်တန်းမှာတော့ ကျွန်မတို့နှစ်က လမ်သစ်ထွင်သူတွေ မဟုတ်တော့ဘူး.. စနစ်ဟောင်းဂျီတီအိုင်သမားတွေထဲက သုံးလေးနှစ်စာလောက်လူတွေကို ရွေးခေါ်ပြီး ဘီတက်ခ်သင်တန်း တက်ခွင့်ပေးထာတော့ သူတို့က ရှေ့ပြေးဖြစ်သွားတယ်.. စီနီယာတွေရှိသွားတော့ ကျွန်မတို့လည်း စာမေးချင်ရင် သူတို့ကိုမေးလို့ရသွားတာပေါ့.. ကျွန်မတို့ကပ်သီးကပ်သပ်မေးသမျှတွေကို စိတ်ရှည်လက်ရှည်ဖြေပေးတတ်တဲ့ စီနီယာအစ်ကိုကြီးတွေကိုလည်း ကျေးဇူးတင်ရပါတယ်..

အဲဒီအချိန် ကျောင်းမှာ မောင်မယ်သစ်လွင်ကြိုဆိုပွဲတွေလုပ်တာ ခောတ်စားလာတယ်.. ကျွန်မတို့တုန်းက ကြိုဆိုမယ့်သူမရှိခဲ့ပေမယ့် ကိုယ့်မောင်ညီမလေးတွေကို ကြိုဆိုဖို့တော့ အားလုံးပဲ တက်တက်ကြွကြွ ရှိခဲ့ကြပါတယ်.. ပိုက်ဆံတွေစုကြ.. အစီအစဉ်တွေဆွဲကြနဲ့.. ပျော်ပျော်ပါးပါးပါပဲ.. အဲဒီအချိန်မှာ မောင်နဲ့စတွေတာပေါ့.. ကျွန်မက မောင်မယ်သစ်လွင်တွေကို ကြိုဆိုမယ့် စီနီယာ.. သူက အကြိုဆိုခံရမယ့်ဂျူနီယာလေး.. ကြိုဆိုပွဲနေ့မှာ မောင်မယ်သစ်လွင်လေးတွေကို ကိုယ်ပိုင်နံပါတ်လေးတွေလိုက်ဝေပေးတော့ ကျွန်မကိုကူပေးတဲ့ ကောင်လေးတစ်ယောက်ကို သတိထားမိတယ်.. သူ့ရဲ့နံပါတ်က ၁၇တဲ့.. ကင်းရွေးတော့ကျွန်မမဲပေးတဲ့နံပါတ်က ၁၇ပေါ့.. ဟိဟိ.. သူကင်းမဖြစ်ခဲ့ပါဘူး.. သို့သော်.. သို့သော်ပေါ့နော်..

ကျွန်မတို့အီလက်ထရောနစ်မေဂျာမှာ ကိုယ်ပိုင်စာကြည့်တိုက်လေး လုပ်ထားပါတယ်.. စာအုပ်တွေကတော့ အလှူခံလို့ ရသမျှပေါ့.. လစဉ်ကြေးရသမျှလေးစုပြီး စာအုပ်ဈေးပွဲတော်တွေမှာလဲ လိုက်ဝယ်ကြသေးတယ်.. စာကြည့်တိုက်စဖွင့်ကတည်းက ကျွန်မနဲ့မိစုက ထမင်းစားချိန်ဆို စာကြည့်တိုက်ထဲပဲရောက်နေတတ်တာလေ.. မောင်မယ်သစ်လွင်ကြိုဆိုပွဲပြီးတော့ နောက်တနေ့ ကျွန်မရဲ့ နံပါတ်၁၇လေး စာကြည့်တိုက်ကို ရောက်လာပါတယ်.. သူစာအုပ်ငှားတော့ ကျွန်မစာရင်းမှတ်ပေးရင်း သူ့နံမည်ကိုသိလိုက်တယ်.. ကျော်ကိုကိုတဲ့.. ဖြစ်ချင်တော့ စာသင်ခန်းချင်းကလည်း ကပ်ရက်ဖြစ်နေတယ်.. ကျွန်မတို့က ၃၀၇မှာ.. သူတို့က ၃၀၈မှာ.. သူအပြင်သွားတိုင်း ကျွန်မတို့အခန်းရှေ့ကဖြတ်သွားရတာလေ.. ကျွန်မထိုင်တဲ့နေရာက ပြတင်းပေါက်ဘေးမှာဆိုတော့ ဆရာမရှိတဲ့အချိန်တွေဆို သူကလာလာပြီး စကားပြောတတ်ပါတယ်.. တဖြေးဖြေးနဲ့ ခင်သွားကြတယ်ပေါ့.. နောက်နဲနဲကြာတော့ ကျွန်မကို သူရည်းစားစကားပြောပါတယ်.. ဖုန်းဆက်ပြီးပြောတာပါ.. ကျွန်မကသိပ်ဟန်မဆောင်တတ်တော့ ခပ်မြန်မြန်ပဲ ချစ်သူတွေဖြစ်သွားကြတာပေါ့.. တနင်္ဂနွေနေ့တိုင်း မှော်ဘီကဆောင်ကိုပြန်တတ်တဲ့ကျွန်မနဲ့ ကျူရှင်လာတက်ပြီး အိမ်ပြန်တဲ့သူနဲ့ တိုက်ကြီးရန်ကုန် အမြန်ကားကြီးစီးပြီး အတူတူပြန်ကြတယ်.. သူကမှော်ဘီ လေတပ်ထဲမှာနေတာလေ.. ကျွန်မတို့ရဲ့ တနင်္ဂနွေညနေတိုင်းဟာ လှပခဲ့တယ်ပေါ့.. တနင်္ဂနွေညနေတိုင်းရဲ့ နေ၀င်ချိန်တွေကို ရန်ကုန်ပြည်လမ်းပေါ်မှာ အတူတူဖြတ်သန်းခဲ့ကြတယ်ပေါ့..

ကျွန်မတို့ရဲ့ချစ်သူဘ၀က ရိုးရိုးတမ်းတမ်းပါပဲ.. မနက်ကျောင်းကိုအတူတူလာ.. ကန်တင်းမှာမနက်စာအတူတူစား.. ကိုယ့်အတန်းကိုယ်တက်.. နေ့လည်စာတူတူစား.. ကျောင်းဆင်းရင်အတူတူပြန်.. ကျောင်းပြေးတဲ့အခါလဲ အတူတူပြေးကြသပေါ့.. မောင်က ကျွန်မထက် လေးနှစ်နီးပါးငယ်ပါတယ်.. အဲဒီတော့ ကျွန်မကအမြဲဆရာလုပ်ခွင့်ရတာပေါ့.. ဆရာလုပ်ချင်တဲ့ကျွန်မအဖို့တော့ အကွက်ပဲ.. တစ်ခုပဲစိတ်ညစ်ရတာ.. ကျွန်မရေးတဲ့ကဗျာတွေကို သူနားမလည်ဘူးလေ.. ကိုယ့်မှာတော့ ခံစားချက်တွေအပြည့်နဲ့ရေးလိုက်ရတာ.. သူကနားမလည်ဘူးဆိုတော့ သေပြီဆရာပေါ့.. အဲ.. အစားအသောက်ကတော့ ဘာညီသလဲမမေးနဲ့.. မှော်ဘီကားလေးဂိတ်က ၀က်သားတုတ်ထိုး၊ ၀က်ခေါင်းသုပ်.. မှောဘီဈေးရှေ့ကကြံရည်.. တာဆုံနား နန်းကြီးသုပ်.. မှောဘီတခွင်ပြဲပြဲစင်အောင် ဆိုင်တကာလှည့်စားဖူးတယ်.. ရန်ကုန်မြို့ထဲ လျှောက်လည်ကြတဲ့နေ့ဆိုရင်တော့ ကြေးအိုးဆိုင်ပေါင်းစုံ လျှောက်စားကြတယ်လေ.. ပျော်ပျော်ပါးပါး ချစ်သူဘ၀လေးပေါ့..

ကျွန်မတို့အတန်းထဲမှာတော့ လူတွေနည်းသွားပြီး တစ်ကျောင်းလုံးမှာတော့ လူတွေပိုများများလာတယ်.. နှစ်နှစ်တိတိ ဒီလူတွေပဲအတူတူတက်ခဲ့ရတော့ အရမ်းကိုခင်မင်ရင်းနှီးနေကြပါပြီ.. မောင်နှမတွေလိုပဲ ပြောမနာဆိုမနာတွေဖြစ်ကုန်ကြပြီမို့ အရင်ကထက်ပိုပြီးပျော်စရာကောင်းပါတယ်.. တတိယနှစ်ကတော့ စာလဲသိပ်မကြည့်ဖြစ်တဲ့နှစ်ပေါ့.. ဘီအီးတန်းတက်ခွင့်ရဖို့လဲ တတိယနှစ်အမှတ်တွေကို မယူဘူးဆိုတော့ အေးအေးဆေးဆေးပါပဲ.. စိတ်ပါရင်အတန်းတက်လိုက်.. ပျင်းလာရင်ကန်တင်းထိုင်လိုက်.. အလွန့်အလွန်ပျင်းရင် အဆောင်မှာခွေနေလိုက်နဲ့ အချိန်တွေကုန်ခဲ့တယ်.. စာမေးပွဲဖြေတော့လဲ အရင်နှစ်တွေလောက် စိတ်ဖိစီးမှုတွေမရှိပဲ ခပ်ပေါ့ပေါ့လေးပဲဖြေခဲ့တယ်လေ.. ကျွန်မရဲ့စိတ်တွေအလွတ်လပ် အပေါ့ပါးဆုံးကာလလေးပေါ့..

ကျောင်းတော်ကြီးကတော့ အရင်အတိုင်းပါပဲ.. နွေရာသီမှာ ရွက်ဝါတွေကြွေဆဲ.. ငုဝါပန်းတွေ ဝေနေအောင်ပွင့်နေဆဲ.. မိုးရာသီမှာ ဗွက်တွေထူနေဆဲ.. ဆောင်းရာသီမှာ ခရေတွေမွှေးနေဆဲ.. နှင်းတွေသည်းနေဆဲ..

(ဆက်ပါဦးမည်)

Tuesday, March 16, 2010

အိပ်မက်ထဲကျောင်းတော် (၄)

အဆောင်ပြောင်းပြေးကြတဲ့သူတွေအားလုံး ကံကောင်းတယ်ပဲဆိုရမလား.. အသစ်ဖွင့်တဲ့အဆောင်တစ်ခုမှာ အတူတူနေခွင့်ရကြတယ်လေ.. ကျောင်းနဲ့တော့တော်တော်လေးလှမ်းတာပေါ့.. အဆောင်က မှော်ဘီအ၀င် တပ်ကြီးကုန်းရပ်ကွက်မှာ.. ကျောင်းကမှော်ဘီအထွက်မှာဆိုတော့ ကားစီးရင် မိနစ်၂၀လောက်စီးရပါတယ်.. အရင်ကလို အတန်းချိန်နီးမှ ကမန်းကတမ်းထပြေးသွားလို့ မရတော့ဘူးပေါ့.. ကားခလည်းပိုကုန်လာတယ်.. ဒီအဆောင်လေးကတော့ သားသားနားနား တိုက်ဆောင်လေးပါ.. အရင်ကလို သွပ်မိုး ထရံကာမဟုတ်တော့ဘူး.. နှစ်ထပ်တိုက်လေးပေါ့.. အပေါ်ထပ်မှာ ၄ခန်း.. အောက်ထပ်မှာ ၄ခန်း.. ခုတင်တွေစားပွဲတွေလည်း ပါပါတယ်.. ခုတင်လေးတွေကတော့ ကျဉ်းတာပေါ့.. ခုကိုယ်လုံးနဲ့ဆို တော်တော်ကျပ်မှာ.. အဲဒီတုန်းက စလင်းဘော်ဒီလေးဆိုတော့ အတော်ပါပဲ.. ဖုန်းလည်းဆက်လို့ရတော့အဆင်ပြေတယ်.. အဆောင်ပိုင်ရှင်က စာရေးကိရိယာဆိုင်လေးနဲ့ မိတ္တူဆိုင်လေးလဲ ဖွင့်ထားသေးတယ်လေ.. ဖုန်းလာတဲ့အခါ အင်တာကွန်းကနေတဆင့် အော်ခေါ်ပေးတာ.. ညညဆို တိတ်ဆိတ်နေတဲ့အချိန် အင်တာကွန်းက အသံကျယ်ကြီး ထွက်ထွက်လာလို့ လန့်သွားရတာလဲ ခဏခဏပဲ.. လျှပ်စစ်မီးလဲရှိတော့ ပိုအဆင်ပြေတယ်.. ဟင်းလေးဘာလေးချက်ချင်လဲ ရတာကိုး.. ထမင်းပေါင်းအိုးကြီးထဲမှာတင် ထမင်းတွေသုပ်.. ဇွန်းတစ်ယောက်တစ်ချောင်းကိုင်ပြီး လက်ရည်တပြင်တည်းစားကြတဲ့ ညလယ်စာထမင်းသုပ်လေးများ ခုထိတောင်လွမ်းမိတုန်း..

ဒုတိယနှစ်မှာ စာတွေပိုများလာတာကတစ်ကြောင်း.. ဘာသာစုံဂုဏ်ထူးရမှ ကျောင်းဆက်တက်ခွင့်ရမှာကတစ်ကြောင်းမို့ စာတွေပိုကြည့်ဖြစ်လာတယ်.. မှော်ဘီတ၀ိုက်မှာ လည်စရာပတ်စရာကလဲ ကုန်ပြီကိုး.. အတန်းထဲမှာ ဖဲဝိုင်းရှိလို့ အတန်းပြင်သိပ်မထွက်ဖြစ်တော့တာလို့ ပြောရင်လဲရသပေါ့.. ၀ါသနာဆိုတာလဲ တားရခက်သားနော်.. နည်းပညာကျောင်းသားနဲ့ ဖဲဝိုင်းဆိုတာ အစဉ်အဆက် ခွဲလို့မှမရခဲ့ပဲကိုး.. အသစ်ပြောင်းလာတဲ့ဆရာကိုတောင် တစ်အိမ်လိုတယ် ပါဦးမလားမေးတတ်ကြတဲ့သူတွေပေါ့.. ဆရာမှန်းမှမသိတာ.. ဆရာကလည်း ငယ်ငယ်လေး.. ကချင်လွယ်အိတ်စလွယ်သိုင်းနဲ့.. ကွမ်းတ၀ါးဝါးနဲ့ အနားလာပြီး.. ဟေ့ကောင်တွေ.. ဘာလုပ်နေတာတုန်းတဲ့.. ဖြေတဲ့သူကလည်းဖြေတယ်.. ဖဲရိုက်နေတာပေါ့ကွ.. တစ်အိမ်လိုတယ်ပါဦးမလားလို့လေ.. နောက်မှ ဆရာမှန်းသိလို့ တောင်းပန်လိုက်ရတာ..

ဒုတိယနှစ်ကုန်ခါနီးလေးမှာ သူငယ်ချင်းတွေစုပြီး ကဗျာစာအုပ်လေးတစ်အုပ် ထုတ်ဖြစ်ကြတယ်.. ‘နေလောင်ဆားကစ်တို့ရဲ့သမိုင်း” တဲ့.. စပြောတာကတော့ကျွန်မပဲ.. တကယ်တမ်းလုပ်ဖြစ်တော့ ကျန်တဲ့ယောက်ျားလေးတွေပဲ ပင်ပန်းကြတာ.. ကျွန်မက ကဗျာလေးသုံးပုဒ် ရေးပေးလိုက်ရုံပဲလေ.. သူတို့တွေပဲ မျက်နှာဖုံး ဒီဇိုင်းတွေဆွဲကြ.. ကွန်ပြူတာစာစီကြ.. စာအုပ်တွေချုပ်ကြနဲ့.. အလုပ်တွေရှုပ်ကုန်ကြတာပေါ့.. စာအုပ်လေးဖြစ်လာတော့ ပျော်လိုက်တာမပြောပါနဲ့.. ကျောင်းထဲမှာ သိတဲ့သူရော မသိတဲ့သူရော လိုက်ရောင်းကြတာပဲ.. သိတဲ့သူငယ်ချင်းတွေက စာအုပ်ဝယ်ပြီးရင် လက်မှတ်တွေထိုးခိုင်းကြတော့ ဘ၀င်တွေကိုမြင့်လို့.. နောက်နေ့လဲကျရော ရည်းစားဟောင်းက ကျွန်မပေးထားဖူးတဲ့ စာတွေ လက်ဆောင်တွေ ပြန်လာပေးသွားလေရဲ့.. သူက “ ကံဇာတ်ဆရာအလိုကျ ဇာတ်နာအောင်လွမ်းပြခဲ့သူပါ” လို့ သူ့ကဗျာထဲရေးထားတာကို ကျွန်မက “လမင်းရဲ့အလင်း မင်းမရှိလဲဖြစ်ပါတယ်” လို့ လုပ်ချလိုက်တာကိုး.. (မောင့်ကို ပြန်မတိုင်ကြနဲ့နော်.. သူကကျွန်မဘလော့ကိုမဖတ်ဘူး)..

ဒုတိယနှစ် နှစ်ကုန်စာမေးပွဲ မဖြေခင်လေးတင် လှော်ကားကိုသွားလည်ကြတာလဲ ပျော်စရာအရမ်းကောင်းပါတယ်.. ကျောင်းကားတစ်စီးကို ငှားပြီးသွားကြတာပေါ့.. ထောက်ကြံ့က စစ်သင်္ချိုင်းကို အရင်သွားကြတယ်.. အဲဒီမှာ ဓါတ်ပုံတွေရိုက်ကြပြီးတော့ လှော်ကားကိုဆက်သွားကြတယ်.. ဟိုရောက်တော့ လှေငှားပြီး ကျွန်းပေါ်ကိုသွားကြတယ်.. လှေကြီးကလဲလေးလိုက်တာမပြောပါနဲ့တော့.. ရေတွေက၀င်ဝင်လာလို့ ခပ်ထုတ်ရသေးတယ်.. ကျွန်းပေါ်မှာလျှောက်သွားကြရင်း တစ်ယောက်က အကောင်ကြီးခြေရာတွေ့တယ်ဆိုလို့ ပြေးလိုက်ရတာမောရောပဲ.. တကယ်တမ်းပြန်စဉ်းစားတော့မှ ဘာကောင်ရှိမှာမို့လဲလို့ တွေးမိတယ်.. အကောင်ကြီးရှိမှတော့ ဘယ်သွားခွင့်ပေးမှာလဲနော်.. လှော်ကားကအပြန် ရန်ကုန်ထဲမှာကျူရှင်သွားတက်ပြီး အဆောင်ကိုပြန်ရောက်တော့ တော်တော်လေး မိုးချုပ်နေပြီ.. ချမ်းလိုက်တာလဲမပြောပါနဲ့.. ကားပေါ်မှာလေတွေကတိုက်.. အနွေးထည်ကမပါနဲ့.. ပျော်တာကတော့အရမ်းပါပဲ.. ဘာလို့မှန်းမသိ.. အဲဒီနေ့လေးကအဖြစ်အပျက်တွေကို ခုထက်ထိ အသေးစိတ်မှတ်မိနေတုန်း.. အဲဒီနေ့တင်မဟုတ်ဘူး.. သူ့ရဲ့နောက်တနေ့ကိုလဲမှတ်မိသေးတယ်.. ကျွန်မရဲ့အချစ်ဆုံးသူငယ်ချင်းက ကျွန်မကို စိတ်ဆိုးသွားတဲ့နေ့ပေါ့.. သူ့ကို ဓါတ်ပုံရိုက်လို့တဲ့.. နောက်တော့လဲ စိတ်ဆိုးပြေသွားပါတယ်..

ဒီလိုနဲ့ပဲ စာမေးပွဲဖြေရပါတော့တယ်.. နေ့တိုင်းဖြေပြီးထွက်လာရင် မဖြေနိုင်ပါဘူးဆိုပြီး မျက်ရည်တ၀ဲဝဲနဲ့ကတော့ ကျွန်မပဲပေါ့.. သူငယ်ချင်းတွေက ၀ိုင်းပြီးနှစ်သိမ့်ကြတယ်.. အောင်စာရင်းတွေလဲထွက်ရော ကျွန်မတို့အဖွဲ့ထဲက ကျွန်မနဲ့မိစုပဲ ကျောင်းဆက်တက်ခွင့်ရတယ်.. ကျန်တဲ့ယောက်ျားလေးတွေ တစ်ယောက်မှပါမလာတော့ဘူး.. တက်ခွင့်ရတဲ့တစ်ယောက်တည်းသောယောက်ျားလေးကလဲ ကျောင်းပြောင်းသွားတယ်.. ရှေ့ဆက်ရမယ့် တတိယနှစ်ကြီးက ခြောက်ကပ်ကပ်ကြီးဖြစ်မှာပဲလို့ ထင်ခဲ့တာပေါ့.. (တကယ်တမ်းကျတော့ ဇာတ်လမ်းက ခုမှစတာ.. မောင်နဲ့စတွေ့ဆုံခြင်းဇာတ်လမ်းလေ.. :) ).....

ဆက်ပါဦးမည်..