Sunday, June 28, 2009

စကားပြောသောသီချင်းများ

(စိုးစန္ဒာထွန်း) မောင့်အချစ်မြားစူး ရူးရပြီပေါ့လေ....
(လေးဖြူ) ရူးချင်ယောင်ဆောင်မနေနဲ့ ဟေ့ ရူးချင်ယောင်ဆောင်မနေနဲ့....

(နန်းစုရတီစိုး) ကျမနောက်ကို မလိုက်ခဲ့ပါနဲ့ မေမေဆူလိမ့်မယ်...
(မိုးမင်း) မင်းသဘော မင်းသဘော မင်းသဘောပဲ...

(အငဲ) ဟောင်းသွားပြီလား ....ဟောင်းသွားပြီလား.....
(စိုးစန္ဒာထွန်း) မနှောင်းသေးပါဘူး...မဟောင်းသေး ပါဘူး အချစ်ရေ...

(Lဆိုင်းဇီ) ဖုန်းဆက်လည်း မပြောချင်ဘူးလား.....
(၀ိုင်ဝိုင်း) တော်ပြီကွာ ဒီဖုန်းစုပ်ကြီးကို လွှင့်ပစ်လိုက်စမ်းပါ.....

(ထွန်းအိနြာဗို) ငါလေ မြင်နိုင်ရင် နင့်ကိုပြချင်တယ်.....
(ဗဒင်) မြင်တယ် အိပ်မက်ထဲလည်းမြင်တယ်၊ စိတ်ကူးထဲလည်း မြင်တယ်...

(ဗဒင်) လမ်းကြားမှာ အလစ်သုတ်ပြီး ခိုးနမ်းတုန်းကပေါ့.....
(တင့်တင့်ထွန်း) နမ်းပါ နမ်းပါ..... ....

(ဖြိုးကြီး) ဝေးဝေးသွားလို့ မရအောင် အချစ်ရယ် ဖက်ထားချင်တယ်......
(တင့်တင့်ထွန်း) ကြိုက်တယ်....မင်းလုပ်သမျှ ကြိုက်တယ်.....

(ထူးအိမ်သင်) မေ့လိုက်တော့ အချစ်လေးရေ..........
(ဖြူဖြူကျော်သိန်း) ငါတော့မေ့လို့မရနိုင်ဘူး အချစ်ဆုံးရေ..........

(လွှမ်းမိုး) စိတ်ညစ်လို့ အရက်ကိုသောက်တယ်........
(မေဆွိ) စိတ်ညစ်ရင် ဂစ်တာတီးပါလား ကိုကိုရယ်.........

(ခင်ဖုန်း) မင်းကြောင့် မင်းကြောင့် ပါနော်.......
(စည်သူလွင်) အချစ်ရေ ......ကိုယ့်ကြောင့်........


(သီရိဆွေ) နင်နဲ့ငါနဲ့ ...ငါနဲ့နင်နဲ့....အိုး...အိုး......
(ရွှေပြည်တန်သိန်းဇော်) အိစက်ညက်ညောတဲ့ ဖဲမွေ့ယာပေါ်ဝယ်.........

(စန္ဒရားလှထွတ်) အိပ်မပျော်သော ညတစ်ည သံသရာဝယ်....
(မေဆွိ) ကြင်နာစွာ အိပ်ဆေးလေးများ ပေးပါ...

(ပိုးအိစံ) အချစ်ဆိုတာ ရယူခြင်းမှမဟုတ်ပဲမဏိစန္ဒာ...
(မျိုးကြီး) ရယူခြင်းမဟုတ်ရင်အချစ်ကဘာလဲ...

email မှရသော ဟာသများကို ပြန်မျှဝေပါတယ်... ဘယ်သူစုစည်းထာမှန်းမသိပေမယ့် အဲဒီလူကို ကျေးဇူးပါ...

Thursday, June 25, 2009

အဲဒီနေ့က

အဲဒီနေ့က မိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး...

အဲဒီနေ့က...
ငါ့နားထဲ အထပ်ထပ်ရိုက်ခတ်နေခဲ့တဲ့
ပဲ့တင်သံတွေဟာ
မိုးချုန်းသံတွေလား???
လွတ်လပ်ခွင့်ပေးပါတော့ဆိုတဲ့
နင့်ရဲ့တောင်းဆိုသံတွေလား???

အဲဒီနေ့က
ငါ့ပါးပြင်ပေါ်
အဆက်မပြတ် စီးဆင်းနေခဲ့တာတွေဟာ
ပူလောင်တဲ့ ငါ့မျက်ရည်တွေလား???
အေးစက်စက် မိုးရေတွေများလား???

အဲဒီနေ့က
ငါ့ရင်ဘတ်ထဲက နှလုံးသားအစုံဟာ
အချစ်လွန်လို့ နွံနစ်ခဲ့ရတာလား???
ကြင်နာလွန်းတတ်ခဲ့လို့
နာကျင်ခဲ့ရတာလား???

သေချာတာတစ်ခုကတော့..
အဲဒီနေ့ကမိုးရွာနေခဲ့တယ်
သဲသဲမည်းမည်း
မစဲစတမ်း ပွဲကြမ်းခဲ့တဲ့မိုး......

Wednesday, June 24, 2009

မူပိုင်

ကျွန်မရင်တွင်း
ခိုဝင်ဖွဲ့တည်
ရင်ခုန်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
တမ်းတဖြစ်တည်
မျှော်လင့်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
ခိုင်မာဆောက်တည်
ယုံကြည်ခြင်းသည်... မောင့်အတွက်...

ကျွန်မရင်တွင်း
ညင်သာစီးဆင်း
ကြင်နာခြင်းသည်... မောင့်အတွက်...

ခိုဝင်လာတဲ့ ရင်ခုန်ခြင်း..
တမ်းတမိတဲ့ မျှော်လင့်ခြင်း..
ခိုင်မာသွားတဲ့ ယုံကြည်ခြင်းနှင့်...
ညင်သာလွန်းတဲ့ ကြင်နာခြင်းအားလုံးတို့သည်..
ချစ်ခြင်းစေရာ မောင့်ထံသို့သာ.....

ဒီကဗျာလေးကို လွန်ခဲ့တဲ့ ၆ နှစ်လောက်က မောင့်အတွက် မွေးနေ့လက်ဆောင်အဖြစ် ရေးပေးခဲ့တာပါ... ကျွန်မရေးတဲ့ ကဗျာတွေကို နားမလည်ဘူးဆိုလို့ အရိုးရှင်းဆုံးဖြစ်အောင် ကြိုးစားထားရတာလေ... ဒီကဗျာကိုတော့ နားလည်ပါသတဲ့... တော်သေးတာပေါ့နော်... :)

Saturday, June 20, 2009

ဘာသာစကားအလွဲ

ကျွန်မမေမေက ရခိုင်စစ်စစ်ဆိုတော့ ငယ်ငယ်လေးကတည်းက ရခိုင်စကားနဲ့ ရင်းနှီးနေခဲ့တယ်... မေမေ့ဖက်ကအမျိုးတွေအားလုံးက ရခိုင်စကားပဲပြောကြတာလေ... ရခိုင်စကားက ဗမာစကားနဲ့သိပ်မကွာဘူး... စကားလုံးအတူတူချင်းကို အသံထွက်ပဲကွာတာများတယ်... ဆပ်ပြာကို သပုန်.. သော့ခလောက်ကို လက်ခုပ်သီး.. ရေပုံးကို ဘာတီပုံး... အဲဒီလို အခေါ်အဝေါ်မတူတာလေးတွေလည်းရှိတာပေါ့... အများအားဖြင့်တော့ တူပါတယ်... အဘောင်ရှင် (အဖွား) ပြောပြောပြတတ်တဲ့ ဟာသအလွဲလေးတွေကို အားလုံးအတွက် ပြန်မျှဝေချင်တာပါ...

တနေ့မှာ ရခိုင်တစ်ယောက်နဲ့ ဗမာတစ်ယောက် တောင်ကုန်းထိပ်မှာ ဆုံကြတယ်... ရခိုင်ကြီးက ဗမာကြီးကို လုံးချင်းလားလို့ မေးလိုက်သတဲ့... ဗမာကြီးကလည်း ဒီကောင် ဒီလောက်မောနေတဲ့ကြားက နပန်းလုံးချင်နေသေးတယ်လို့တွေးပြီး မလုံးချင်ပါဘူးကွာလို့ ပြန်ပြောတာပေါ့... ရခိုင်ကြီးကလည်း ထပ်မေး... ဗမာကြီးကလည်းထပ်ဖြေနဲ့ ၃ခါ ၄ခါလောက်လည်းရှိရော စိတ်တိုလာတဲ့ဗမာကြီးက ဒီလောက်တောင်လုံးချင်တဲ့ကောင် လုံးတယ်ကွာ ဆိုပြီး နပန်းဖက်လုံးတဲ့အဖြစ်ကို ရောက်ရပါလေရော... အမှန်တကယ်တော့ ရခိုင်ကြီးမေးတဲ့ လုံးချင်းလားဆိုတာ တစ်ယောက်တည်းလားလို့မေးတာပါ...

ရုပ်ရှင်ရုံထဲကို နောက်ကျမှဝင်လာတဲ့ ရခိုင်တစ်ယောက်က ဗမာတစ်ယောက်ကို ခြေထောက်တက်နင်းမိပါလေရော... နင်းခံရတဲ့သူက ဘာလို့နင်းတာလဲကွ ဆိုပြီးရန်တွေ့တယ်တဲ့... ရခိုင်ကြီးက မိုက်လို့နင်းတာလို့ ပြန်ဖြေတယ်... ဗမာကြီးလည်း ဒီကောင်တော်တော်မိုက်ရိုင်းတာပဲ... တက်လည်းနင်းသေးတယ် အပြောကလည်းရင့်သေးတယ်ဆိုပြီး အကြီးအကျယ် ရန်ဖြစ်ကြတော့တာပေါ့... အမှန်က မှောင်တယ်ဆိုတာကို ရခိုင်လို မိုက်တယ်လို့ခေါ်တယ်လေ... ရခိုင်ကြီးပြောချင်တာက မှောင်နေလို့ နင်းမိတာပါရယ်လို့ပါ...

အဘောင်ရှင်ပြောဖူးတာတွေကတော့ အများကြီးပဲ... ခုတော့ဒါပဲ စဉ်းစားလို့ရသေးတယ်... နောက်ထပ်ပေါ်လာမှပဲ ထပ်ရေးတော့မယ်နော်...

ဆန့်ကျင်ဘက်လမ်း

ကျွန်မက ငယ်ငယ်လေးကတည်းက အင်ဂျင်နီယာဖြစ်ချင်ခဲ့တာ... အရမ်းဝါသနာပါတယ်... ဖေဖေက သူကိုယ်တိုင်လည်း အင်ဂျင်နီယာဆိုတော့ ကျွန်မကိုသူ့ခြေရာနင်းစေချင်တယ်လေ... ကံဆိုးချင်တော့ ကျွန်မ ၁၀ တန်းအောင်တဲ့နှစ်ကစပြီး YIT မရှိတော့ဘူးတဲ့... အဲဒီတော့လည်း GTC ပဲတက်ရတော့တာပေါ့... ကျောင်းတက်ခဲ့တဲ့တလျှောက်လည်း ကိုယ်ဝါသနာပါတာလုပ်နေရတော့ အရမ်းပျော်ခဲ့ပါတယ်... ၅နှစ်တိတိကို ပျော်ပျော်ကြီးကျောင်းတက်ခဲ့တာ... ကျောင်းပြီးသွားတော့ ဖြစ်ပြီဟဲ့ပေါ့ အင်ဂျင်နီယာ... ဒီလိုနဲ့ပဲ Singapore ဆိုတဲ့ ဒီကျွန်းလေးကိုရောက်လာခဲ့တယ်...

အလုပ်ကရမည့်ရတော့ Shipyard တစ်ခုမှာသွားရတယ်... HR Department မှာလုပ်ရတာ... Safety Management System အတွက် Planning Officer တဲ့... စာရွက်စာတမ်းတွေ handle လုပ်ရတာပေါ့... ဒီအလုပ်ကို လက်မခံခင် ဖေဖေနဲ့တိုင်ပင်တော့ ဖေဖေက မိန်းကလေးနဲ့လိုက်တဲ့အလုပ်မို့ ကောင်းပါတယ်တဲ့... မေမေကလည်း လက်ခံစေချင်တယ်... HR Manager ကြီးကလည်း Training တွေပေးပါမယ် ဘာ ညာ ဆိုတာနဲ့ပဲ... လုပ်ဖြစ်သွားတယ်ဆိုပါတော့... တစ်ပြိုင်တည်း offer ရတဲ့ Control Engineer အလုပ်ကို ငြင်းလိုက်တယ်လေ... တကယ်လည်း Training Course မျိုးစုံ သွားခဲ့ရပါတယ်... Safety နဲ့ပတ်သတ်တဲ့ Certificate တော်တော်များများလဲ ရခဲ့ပါပြီ... ခိုင်းသမျှကိုလည်း တာဝန်ကျေအောင် လုပ်ပေးနိုင်ခဲ့ပါတယ်...

ရောဂါစတာကတော့ ရုံးမှာအတူတူလုပ်တဲ့ အစ်မတစ်ယောက်ကြောင့်ပဲ... သူက Private School တစ်ခုမှာ Bachelor တန်းတက်ဖို့ Bridging Course တက်နေတယ်... အဲဒီမှာ PLC သင်ရတယ်... ကျွန်မရဲ့ အကြိုက်ဆုံး ဘာသာရပ်ပေါ့... အဲဒီအစ်မက ကျောင်းမှာသင်တာနားမလည်လို့ ကျွန်မကိုမှလာမေးတယ်လေ... သူ့ကို စာရှင်းပြ.. Program တွေစဉ်းစားပေရင်းနဲ့ ကျွန်မကိုယ့်ကိုကိုယ် သတိထားမိလာတယ်... ငါဒါတွေကို ဒီလောက်ထိတောင် ကြိုက်နှစ်သက်နေမိပါလားလို့ပေါ့... ခုလက်ရှိအလုပ်အပေါ် စိတ်ပျက်စလည်းပြုလာတယ်... ကိုယ်တကယ်ဝါသနာပါတာကိုများ လုပ်နေရရင် အလုပ်လုပ်နေရတယ်လို့တောင် မထင်ရဘူးလေ... ခုတော့ ကျွန်မမကြိုက်တဲ့ Documentation တွေလုပ်ရတိုင်း လူဖြစ်ရှုံးရသလို ခံစားနေရတာ... နောင်တရနေမိတာ... နောက်ပြန်ဆုတ်မလား စဉ်းစားကြည့်တော့ ဒီ field ထဲရောက်နေတာ.. ကြာပဲကြာနေပြီ... ဒီလိုနဲ့ပဲ ကိုယ်သွားချင်တဲ့အရပ်နဲ့ ဆန့်ကျင်ဘက်ကို ကျွန်မ ဆက်လျှောက်နေဆဲပေါ့...

Playful Moe Thanzin

You can see his happiness on his face.

Tuesday, June 16, 2009

အပူရောင်အတ္တ

သူငယ်ချင်းရေ...
နင်နဲ့ပတ်သတ်တာဆိုလို့
ငါ့မှာ..
အိပ်မက်ကလေးတစ်ခုတောင်
အပိုင်မှမရခဲ့ဖူးတာလေ...

ပူလောင်လွန်းတဲ့..
အဖြူရောင်အရိပ်အောက်က
ဒင်္ဂါးတစ်ပြားရဲ့ခေါင်းနဲ့ပန်းလို
နီးရက်နဲ့မဆုံနိုင်တဲ့ဘ၀မျိုးထဲ
ငါပျော်နေတယ်
နင်ထင်လို့လား...

နင်မရှိတဲ့အရပ်မှာ
နင်မသိတဲ့အချစ်တွေနဲ့
ရွက်လွှင့်နေတဲ့ငါ့နှလုံးသားက
နင့်ကိုလွမ်းတဲ့အခါများဆို...
ငါ့ရင်ခွင်ပြိုမတတ်ပါပဲ...

ဒါပေမယ့်.. ငါကလေ..
ငါ့နှလုံးသားရဲ့ဘာသာစကားကို
နင်နားမလည်စေချင်ဘူး...
ငါ့အတ္တ.. ငါ့မာနနဲ့..
အနားသတ်ထားတဲ့ ငါ့နှလုံးသားအကြောင်း
ဒီဘ၀အဆုံးထိ..
နင်လုံးလုံးမသိစေချင်လို့.....

Sunday, June 14, 2009

သားသားလမ်းဗိုလ်လေး



သားသားက လမ်းထွက်ရတာကြိုက်နေပြီ... အပြင်သွားနေရရင် ပျော်မှပျော်... ညနေဆို ကျွန်မတို့ပြန်လာခါနီးရင် သူ့မာမား (ကျွန်မမေမေ) နဲ့ တိုက်အောက်ကနေ ဆင်းကြိုနေတတ်ပြီ... စနေ တနင်္ဂနွေဆိုရင်ကျတော့ ညနေရောက်တာနဲ့ အဖေအမေကို အောက်လိုက်ပို့ခိုင်းတာ... ချီထားရင် သူ့ကိုယ်လုံးကြီးကို တံခါးပေါက်ဖက်အတင်းကြီး ဟပ်ထိုးနေတော့တာပဲ... လူလည်လုပ်နေပြီ... လှည်းထဲထည့်ပြီး အောက်ကိုခေါ်သွားပြီဆို ဟိုကြည့် ဒီကြည့်နဲ့... စပ်စုသလားမမေးနဲ့... အသံကြားတဲ့ဘက်ကို လိုက်ကြည့်ရတာအမော... တိုက်အောက်က ကလေးကစားကွင်းမှာ သူများတွေကစားနေတာကြည့်ပြီး သဘောကျလိုက်တာများ ခိုးခိုးခစ်ခစ် အသံစုံကိုထွက်လို့... မမှောင်မချင်း အပေါ်ပြန်မတက်ချင်ဘူး... ကိုလမ်းဗိုလ်လေးဖြစ်နေပြီ...

Saturday, June 13, 2009

ခရေ

နှင်းအဆမ်းမှာ
ဖြန်းခနဲပွင့်
လန်းဆန်းမာန်ဝင့်မယ်မှမကြံသေး
လေသင့်ရာ ကြွေလွင့်ရပြီ
ဒို့လေ.... ခရေပွင့်လေးပေါ့....

မြေထက်ကကောက်ကာယူမယ့်...
ရွှေလက်ကိုတောင့်တနေဆဲ...
ဟော... ခြေတစ်ဖက်...
ဒို့... ကြေပျက်ရတော့မယ်လေ...

Thursday, June 11, 2009

နွေဦးပုံပြင်

မှော်ဘီမှာကျောင်းတက်ရမယ်ဆိုတော့ အပင်ပန်းသိပ်မခံနိုင်တဲ့ကျွန်မကို ဖေဖေက ဘော်ဒါဆောင်သွားနေခိုင်းတယ်... ပထမဆုံး နေဖို့အဆောင်သွားရှာတဲ့နေ့က ဦးချိုနဲ့အန်တီမိုးက လိုက်ပို့တယ်... ကျောင်းနဲ့မျက်နှာချင်းဆိုင်လမ်းမတလျှောက် ရွာခံတွေက ဘော်ဒါဆောင်တွေ ကိုယ်စီဖွင့်ထားကြတာလေ... နောက်ဆုံးတော့ နွေဦးဆိုတဲ့အဆောင်ကိုပဲ ရွေးဖြစ်သွားတယ်... အဆောင်ပိုင်ရှင်က ချဲထိုးဝါသနာပါတဲ့ အပျိုကြီးနှစ်ယောက်...သွပ်မိုး ထရံကာ ပျဉ်ခင်း တစ်ထပ်အဆောင်လေးပေါ့... အခန်း ၆ ခန်းရှိတယ်... နောက်ဆုံးကျန်တဲ့ ၁နေရာစာကို မြန်မြန်ယူလိုက်ရတာ...

အဆောင်ကို စပြောင်းတဲ့နေ့ကိုလည်း မှတ်မိသေးတယ်.. အဲဒီနေ့က ကျွန်မတက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ စုံညီပွဲတော်ရှိတယ်လေ... ဒါမျိုးပွဲဆို လက်လွတ်မခံတတ်တဲ့ကျွန်မ အိမ်ကိုတော်တော်နဲ့ ပြန်ရောက်မလာလို့ အဆောင်ကိုလိုက်ပို့ပေးမယ့် ဘဘက အကြာကြီးစောင့်လိုက်ရသေးတယ်... အဆောင်ကိုရောက်ပြီး အိမ်ကလူတွေလည်းပြန်သွားရော ၀မ်းနည်းသလိုလို ငိုချင်သလိုလို... ပထမဆုံးအကြိမ် မိသားစုနဲ့ခွဲပြီး တစ်ယောက်တည်းလာနေရတာကိုး... ဒီလိုနဲ့ပဲ မှော်ဘီသူဘ၀ စခဲ့တာပေါ့....

ကျွန်မတို့အဆောင်က အန်တီအပျိုကြီးတွေအိမ်ရဲ့ အနောက်ဘက်မှာ ဆောက်ထားတာ... ခြံထဲမှာ မချစ်စုသရက်ပင်တွေ ပိန္နဲပင်တွေ အများကြီးရှိတယ်... ခြံရှေ့မှာက ညောင်ပင်အကြီးကြီးတစ်ပင်ရှိတယ်... ညောင်ပင်အောက်မှာက ကျွန်မတို့စားနေကျ ပြည့်ဝဆိုတဲ့ထမင်းဆိုင်... ဟင်းချက်ကောင်းတဲ့ အန်တီအိရဲ့လက်ရာက နေ့တိုင်းစားလည်း မရိုးပါဘူး... အဆောင်သူတွေကိုဆိုရင် အမြဲတမ်းဟင်း ပိုထည့်ပေးတတ်တာလေ...

အဆောင်သူတွေကတော့ တစ်ယောက်တစ်မျိုး မရိုးရအောင်ပါပဲ... ကလေးဆန်ပြီး စိတ်အရမ်းကောက်တတ်တဲ့ ဆုဝေဆိုတဲ့ သထုံသူ... (ခုတော့လည်း အချော့ကောင်းတဲ့ ကိုကြီးနဲ့တွေ့ပြီး.. သမီးရဲ့မေမေဖြစ်နေပေါ့...) သီချင်းဆိုကောင်းတဲ့ မဝေ (သူလည်းမကြာမီ မေမေဖြစ်တော့မည်...) ညနေတိုင်း စက်ဘီးစီးတတ်တဲ့ ဇာကြီး (ခုတော့ ယောက်ျားနောက်လိုက်ပြီး ရွာသူလုပ်နေလေရဲ့...) ကဗျာအရေးကောင်းတဲ့ မနုခိုင်... အရမ်းကြောက်တတ်တဲ့ တိုးတိုး (သူလည်း သားသားမေမေဖြစ်နေပြီ..) အစအနောက်သန်တဲ့မ၀ါ (ဖက်တီးမလေးရဲ့မေမေ..) ရေခဲတုံးကြီး မဆွေ... နောက်ပြီးတော့ ကျွန်မရဲ့ အချစ်ဆုံးလေး အိမွန်... နင်နဲ့အတူတူ Singapore မှာအလုပ်သွားလုပ်မှာလို့ အမြဲပြောတတ်ပြီး ခုကျတော့ သင်္ဘောသီးကတော်လုပ်ပြီး ရန်ကုန်မှာ ဇိမ်ကျနေတာလေ... ကျွန်မနဲ့တစ်ခန်းတည်းနေတဲ့ ဇာဇာကတော့ စာကြမ်းပိုး... ညညဆို စာအုပ်ထဲဝင်မတတ်ကို စာကြည့်တာ... သူကတခါတလေ တစ်ယောက်တည်းလည်း စကားပြောချင်ပြောနေတတ်သေး... ပထမတော့ ကျွန်မလည်း ကိုယ့်ကိုပြောနေတယ်ထင်တာ... ဘာပြောနေတာလဲမေးတော့ သူက နင့်ကိုမပြောပါဘူတဲ့... မေးမိတဲ့ကျွန်မတောင် ခေါင်းကြီးသွားတယ်... ဒီအခန်းထဲ သူနဲ့ကိုယ်ပဲရှိတာ ကိုယ့်မပြောဘူးဆိုတော့ ဘယ်သူ့ပြောနေပါလိမ့်ပေါ့... နောက်မှသူကပြောပြတယ်... သူစကားပြောရင် အမှားပါတတ်လွန်းလို့ မနက်ကျရင်သူ့ဆရာကိုပြောမယ့်စကား ခုကတည်းကပြောကြည့်နေတာပါတဲ့လေ... မှားပါတယ် ဇာဇာရယ်...

မီးမရှိတဲ့ ရွာလေးဆိုတော့ အဆောင်မှာကမီးစက်နဲ့မီးပေးတယ်... ည ၇နာရီကနေ ၁၁နာရီအထိပေါ့... ၁၁နာရီကျော်ရင်တော့ ဖယောင်းတိုင်အားကိုးပေတော့ပဲ... ကျွန်မကတော့ ဖယောင်းတိုင်မလိုဘူး... မီးမပိတ်ခင်က အိပ်ပြီးသားပဲ... အဲဒီလောက် စာကြိုးစားတာ... ညဘက်ဆို အိမ်သာကို တစ်ယောက်တည်းမသွားရဲကြဘူး... အိမ်သာက ဟိုးခြံတောက်မှာဆိုတော့ အားလုံးစုပြီးသွားကြတာ... တရုတ်ကားတွေထဲမှာ သွေးသောက်ညီအစ်မတွေဖွဲ့ကြသလို ကျွန်မတို့တွေက သေးပေါက်ညီအစ်မတွေဖွဲ့ထားကြတယ်... တစ်ယောက်ကသွားချင်ပြီဆို ပေါက်ဖော်တွေရေ လို့သာခေါ်လိုက်... တန်းစီပါပြီးသားပဲ... ပြန်အလာကျရင် တစ်ယောက်ထက်တစ်ယောက် အလုအယက်ပြေးကြတာ ခုံဖိနပ်တောင် ထက်ပိုင်ကျိုးတဲ့အထိ...

ရေချိုးဖို့က ရေတုံကင်နှိပ်ရတယ်... နှိပ်ပြီးပြီးချင်းလည်း ချိုးလို့မရသေးဘူး... ရေထဲပါတဲ့ အနည်တွေထိုင်အောင်စောင့်ရသေးတာ... သံဓါတ်များတဲ့ရေတွေဆိုတော့ ရေချိုးပြီးရင် လက်သည်းတွေကို ၀ါထိန်နေတာပဲ... ဆံပင်တွေဆိုတာကတော့ ကြမ်းလိုက်တာမှ ကျွပ်ကျွပ်ကိုမြည်ရော... ဘယ် shampoo မှ မကယ်နိုင်ဘူး... ကျွန်မရဲ့ ဆံပင်ရှည်တွေကတော့ လုံးပါးပါးခဲ့ရတာပေါ့...

တစ်ညတစ်လေတော့ အဆောင်ရှေ့ကသီချင်းသံ ကြားရလေ့ရှိတယ်... သူတို့ခမျာလည်း သိပ်မသက်သာရှာပါဘူး.. အဆောင်က ခြံဝနဲ့အဝေးကြီးဆိုတော့ အသံကုန်ဟစ်မှ သဲ့သဲ့လေးကြားရတာ... ဂစ်တာလာမတီးတဲ့ညတွေဆိုရင်တော့ ကိုယ်တိုင်ပဲဟစ်ကြတယ်... ကျွန်မနဲ့ မဝေကခေါင်းဆောင်တွေလေ... လည်ချောင်းတွေနာတဲ့အထိကို အော်ကြတာ...

ခုတော့ အဲဒီလိုလွတ်လပ်ပျော်ရွှင်မှုလေးတွေနဲ့ ဝေးနေရတာ ကြာပါပြီ... နွေဦးသူတွေအားလုံးလည်း တစ်ယောက်တစ်နေရာစီပေါ့... မဆုံဖြစ်တာလည်း အတော်ကိုကြာပြီ... ရန်ကုန်ပြန်ဖြစ်တဲ့အခါကျရင်တော့ အားလုံးဆုံကြဖို့ ကြိုးစားရဦးမယ်... အဲဒီအခါရော.. အရင်လိုလွတ်လပ်ပေါ့ပါးမှုလေးတွေ ပြန်ရဦးမှာလားဆိုတာတော့..............

Wednesday, June 10, 2009

ရင်ခွင်ရဲ့အလင်း

အရင်တုန်းကပေါ့...
ငါ့ရင်ခွင်မြေတလင်းမှာ
လရောင်ကျင်းလို့လင်းခဲ့ဖူးပါရဲ့...

ရက်စက်မှုတိမ်လွှာအဖုံးမှာ
အမုန်းဆိုတာမရှိပေမယ့်..
ရှုံးပြီဆိုတဲ့အသိက
ရင်ကိုထိမှန်ပေါက်ကွဲစေတယ်...

လရောင်မရှိတဲ့
ညမှောင်အတိမှာ
လမ်းပျောက်လုဆဲ ငါ့ဝိဥာဉ်အတွက်...
နှလုံးသားကိုမီးစာတင်..
နှလုံးသွေးကိုလောင်စာပြုလို့..
ခုချက်ချင်းလောင်ကျွမ်းကာလင်းစေမယ်..
လမင်းရဲ့အလင်း....
မင်းမရှိလဲဖြစ်ပါတယ်...

ဒီကဗျာလေးက ဒုတိယနှစ်တုန်းက သူငယ်ချင်းတွေနဲ့ စုပြီး ပထမဆုံးထုတ်ဖြစ်တဲ့ နေလောင် circuit တို့ရဲ့သမိုင်းဆိုတဲ့ ကဗျာစာအုပ်ထဲကလေ... အဲဒီစာအုပ်ထွက်ပြီး နောက်တနေ့လဲကျရော ရည်းစားဟောင်းက ကိုယ်ပေးထားဖူးတဲ့ လက်ဆောင်တွေရော စာတွေရော ပြန်လာပေးသွားလေရဲ့... သူ့နာမည်က လရောင် တဲ့...

Tuesday, June 9, 2009

သားသားနေမကောင်းပါ

သားသားဖျားနေတယ်... မနေ့ကတည်းကစဖျားတာ... ဒီမနက်ကျတော့ အဖျားပြန်ကျသွားတယ်... ခုညကျတော့ အဖျားပြန်တက်နေပြန်ပြီ... သားသားက မွေးကတည်းက ဘာမှဖြစ်ဖူးတာမဟုတ်ဘူး... ကာကွယ်ဆေးထိုးတာတောင် မဖြုံဘူး... ဒီတစ်ခါ ပထမဆုံးဖျားတာဆိုတော့ ကျွန်မလဲတော်တော်စိတ်ပူနေရတယ်.. သားသားမျက်နှာလေး နွမ်းနေတာတွေ့တော့ ရင်ထဲမှာမကောင်းဘူး... အမြဲတမ်း active ဖြစ်နေတဲ့ကလေးလေးက နွမ်းဖတ်ဖတ်ကလေးဖြစ်နေတယ်... ဆေးတိုက်ထားတော့ ဆေးအရှိန်နဲ့ အိပ်ပျော်နေပြီလေ... ဆေးခါးခါးကြီးကို ထွေးမထုတ်ပဲ ကျိတ်မှိတ်မျိုချနေတဲ့ပုံလေးက သနားစရာကလေး... သားသားနေမြန်မြန်ကောင်းအောင် ၀ိုင်းပြီးဆုတောင်းပေးကြပါနော်...

The Moment I'll Never Forget



Friday, June 5, 2009

ဒုတိယမိခင် (သို့) TU မှော်ဘီ

တက္ကသိုလ်ဆိုတာ ဒုတိယမိခင်လို့ တင်စားကြတာ ကြားဖူးတယ်... ကျွန်မအတွက်လည်း တကယ်ကို ဒုတိယမိခင်ပါပဲ... အင်းလျားကန်မရှိ သစ်ပုတ်ပင်မရှိ ဂျဒ်ဆင်မရှိပေမယ့် တသက်မမေ့စရာ အမှတ်တရလေးတွေရှိတာပေါ့... ဆယ်ကျော်သက်အရွယ် အတောင်စုံစငှက်ကလေးလို လွတ်လပ်ပေါ့ပါးခြင်းတွေနဲ့ ဒုတိယမိခင်ရဲ့ရင်ခွင်ထဲမှာ လောကကြီးရဲ့အကြောင်း ကောင်းကောင်းလေ့လာခွင့် ရခဲ့တာပေါ့...

နည်းပညာကျောင်းသူကျောင်းသားတွေက တခြားကျောင်းသူကျောင်းသားတွေထက် ပိုရင်းနှီးကြတယ်... ပိုခင်ကြတယ်ဆိုတာလည်း အစဉ်အလာတစ်ခုပဲလေ... ၅နှစ်လုံးလုံး ဒီလူ ဒီဆရာ ဒီအခန်းမှာပဲ တက်နေရတာပေမယ့် ပျင်းစရာမကောင်းခဲ့ဘူးနော်... နေ့ခင်းဘက် lecture ချိန်တွေမှာ အိပ်ငိုက်မနေအောင် ဟာသတွေအမျိုးမျိုး ဖန်တီးတတ်တဲ့ ဘော်ဒါတွေကိုလည်း သိပ်လွမ်းတယ်...

ဂျဒ်ဆင်မရှိပေမယ့် ရှိတဲ့ရေစင်ပေါ်တက်ဆော့ပြီး ပျော်ခဲ့ဖူးတယ်... ဆရာမကြီးအော်တာနဲ့ ဆင်းပြေးခဲ့ရလို့ ၀အောင်တော့ မဆော့လဲ့ရဘူးပေါ့... ခရေပန်းလိုချင်လို့ ခရေပင်ကိုဖိနပ်နဲ့ပစ်တာ ဖိနပ်က အပင်ပေါ်တင်နေလို့ ဆရာက ၀ါးလုံးနဲ့ထိုးချပေးခဲ့ရဖူးတာလည်း မှတ်မိသေးတယ်... ကထိန်ပွဲဆိုရင်လည်း Major တစ်ခုနဲ့တစ်ခု ပဒေသာပင်အလှပြိုင်ရတာအမော... ကဗျာစာအုပ်ထုတ်ပြီးလိုက်ရောင်းတုန်းက Auto ရေးခိုင်းတဲ့သူတွေတရုန်းရုန်းနဲ့ မင်းသမီးလိုလို ဘာလိုလိုပေါ့ ပေါခဲ့တာ...

နွေရာသီဆို ငုဝါပန်းတွေဝေနေတဲ့ ကျောင်းအ၀င်လမ်း ကံ့ကော်တန်းလောက် မခန်းနားပေမယ့် ငုဝါမြင်တိုင်း လွမ်းနေဆဲပေါ့... မိုးတွင်းဆို ကျောင်းဝင်းထဲ အလေ့ကျပေါက်တဲ့ ဖလံတောင်ဝှေးတွေ မာလာဖူးတွေ လိုက်ချိုး... သရက်သီးတွေကို ၀ရံတာကနေ ထီးနဲ့လှမ်းခူးပြီးစား... အဲဒီအရသာတွေကဘာနဲ့မှ မလဲရက်စရာပေါ့... ဆောင်းနှင်းဖွေးဖွေးတွေကြားမှာ အဆုပ်လိုက်အခဲတိုက်ပွင့်တတ်တဲ့ ငွေပန်းတွေကို ခူးပန်ခဲ့တာလည်း ဥစ္စာစောင့်နဲ့ နင်လားငါလားပေါ့...

တကယ်တမ်းကျတော့ ကျွန်မတို့ကျောင်းက တောကြိုအုံကြားမှာ ဘာပကာသနမှမရှိ.. အဆောက်အဦးရယ်လို့တောင် ကြီးကြီးမားမား ပြစရာမရှိပါဘူး... ဒါပေမယ့် ဒီဒုတိယမိခင်ရဲ့ရင်ခွင်ထဲမှာပဲ ဘ၀အကြောင်း အချစ်အကြောင်း လောကကြီးရဲ့အကြောင်းတွေကို ပိုသိလာရတာ... တကယ်လွမ်းပါတယ်... ရေးနေရင်နဲ့ကို ပိုလွမ်းလာလို့ ဆက်မရေးတော့ဘူး... ကျွန်မရဲ့ ဘော်ဘော်တွေအကြောင်းကတော့ မကြာမီ... လာမည်.... မျှော်..............

Before Hair Cutting

He has quite thick and curly hair. The above photo was taken before his hair cut. You can see how messy is his long and curly hair. But he is quite cute with that hairstyle also, right? :)

Thursday, June 4, 2009

ဖေဖေ့ရဲ့သားသား



သားသားက သူ့ဖေဖေကို အရမ်းသိတယ်... သူ့ဖေဖေနဲ့များ ကစားနေရရင် ခိုးခိုးခစ်ခစ်နဲ့ အသံပေါင်းစုံကိုထွက်လို့... ကျွန်မခေါ်ရင်တောင် လှည့်မကြည့်ချင်ဘူး... သူ့ဖေဖေဆီကနေ သူ့ကိုပြန်ခေါ်မှာစိုးတာလေ... သူ့ဖေဖေရင်ဘတ်ပေါ်မှာ ခုန်ပေါက်ဆော့ရတာ အရမ်းပျော်တယ်... အဖေနဲ့အမေက တနေကုန်အလုပ်သွားနေတာဆိုတော့ သူ့ခမျာလည်း ညမှပဲ အဖေအမေနဲ့ နေရရှာတာလေ... OT ရှိလို့ နောက်ကျရင်တောင် မအိပ်ဘဲနဲ့ စောင့်နေရှာတာ... သူ့ဖေဖေနဲ့ ကစားချင်လွန်းလို့ပေါ့...

My son's improvement



That's great!!!!
He knows how to hold the milk bottle using his cute fingers.

Tuesday, June 2, 2009

Monday, June 1, 2009

မိုးသံစဉ် စတင်ခြင်း


၂၀၀၉ရဲ့ ပထမဆုံးမနက်ခင်းမှာပေါ့... ထူးဆန်းတဲ့ခံစားချက်ကြောင့် ဖြတ်ခနဲ လန့်နိုးသွားခဲ့တာ... ချက်ချင်းပဲသတိရလိုက်တာက... ဗိုက်ထဲက သားသား... သူ... အပြင်ကိုထွက်ချင်ပြီဆိုတာ အချက်ပြနေပြီလေ...
Due Date က ၁၄ရက်နေ့မှဆိုပေမယ့် သားသားက မေမေ့ကိုစောစောမြင်ချင်လို့ထင်တယ်... မနက် ၁၀း၃၀ လည်းကျရော အပြင်ကိုရောက်လာပါလေရော... New Year Baby လေးပေါ့... ၈ပေါင်နဲ့၁၀အောင်စဆိုတော့ တုတ်ကစ်ကစ်လေး... ကျွန်မအတွက်တော့ ကြည့်မ၀တဲ့ သားလှရတနာလေးပါပဲ... အဲဒါက မိုးသံစဉ်ရဲ့ စတင်ခြင်းပေါ့...