Friday, December 25, 2009

ဖိတ်ကြားအပ်ပါသည်


ဖေဖေဦးကျော်ကိုကို မေမေဒေါ်ပွင့်မြူးဇင်တို့ရဲ့ တစ်ဦးတည်းသော ရင်နှစ်သည်းချာ သားလှရတနာလေး "မိုးသံစဉ်ကို" ရဲ့ တစ်နှစ်မြောက် မွေးနေ့မင်္ဂလာကို အထက်ပါ အစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသောကြောင့် ကြွရောက်ချီးမြှင့်ပါရန် ဘလော့လောကသားအပေါင်းအား ဖိတ်ကြားအပ်ပါသည်...

နှစ်သစ်ကူးညမှာ ဘာဘီကျူးပါတီလေး ကျင်းပမှာမို့ အားလုံးပဲ အတူတူပျော်ရအောင် မပျက်မကွက် တက်ရောက်ကြစေလိုပါသည်...

ခင်မင်ရင်းနှီးစွာဖြင့်...
မိုးသံစဉ်ကို

Tuesday, December 22, 2009

အပြစ်ရှိလား

မြေညီမှာမှမလျှောက်ခဲ့ဖူးလေတော့
ခုလျှောက်နေရတဲ့လမ်း
မတ်စောက်နေမှန်းလဲ
သိခဲ့ဘူးလေ...

နေခြည်အောက်မှမရောက်ခဲ့ဖူးလေတော့
ခုရောက်နေရတဲ့နန်း
မှောင်အတိလွှမ်းနေမှန်းလဲ
သိခဲ့ဘူးလေ...

ရေကြည်တစ်ပေါက်မှမသောက်ခဲ့ဖူးလေတော့
ခုသောက်နေရတဲ့စမ်း
နောက်ကျိနေမှန်းလဲ
သိခဲ့ဘူးလေ...

အဲဒီအတွက်....
ကျွန်မမှာ......... အပြစ်ရှိလား.....????

Friday, December 18, 2009

ကျွန်မညီမလေး


မောင်နှမသုံးယောက်ရှိတဲ့အထဲမှာ ညီမလေးက အလတ်ပေါ့... ကျွန်မနဲ့ မောင်လေးကို အနေအေးတယ်လို့ပြောကြတယ်... အလတ်မကတော့ စတားပဲ... ငယ်ငယ်ကတည်းက စကားလဲအရမ်းတတ်တယ်... စွာသလားလဲမမေးနဲ့... ခေါင်းမာချက်ကလဲ လန်ထွက်နေရော...သူက အသားလေးတော်တော်ညိုပါတယ်... အသားဖြူချင်လိုက်တာလဲ သူ့အပြင်မရှိဘူး... ကျွန်မတို့မေမေကို အသားဖြူဆေးလုပ်ခိုင်းရတာလဲအမော... မေမေက မလုပ်တတ်ဘူးပြောတော့ ဘွဲ့ရတယ်ဆိုပြီး အသားဖြူဆေးလေးတောင် မလုပ်တတ်ဘူးလားတဲ့... တနေ့တော့ မေမေ့ကိုပြောလာတယ်... "ငယ်လေးကို ၀က်သားနဲ့ဂေါ်ဖီထုပ်ပဲ နေ့တိုင်းချက်ပေးပါ" တဲ့... ဘာလို့လဲမေးတော့ သူ့သူငယ်ချင်းကောင်မလေးက ၀က်သားနဲ့ ဂေါ်ဖီထုပ်စားလို့ အသားဖြူတာတဲ့... ငယ်လေးလဲ အသားဖြူချင်လို့ပါတဲ့လေ... ဟိုကလေးမကဖြင့် တရုတ်မလေးဟာကို...

ခြံရှေ့မှာလာကစားနေကြတဲ့ နှင်းဆီကုန်းထဲကကလေးလေးတွေကိုကြည့် ခါးလေးထောက်ဖင်လေးကောက်ပြီး ဟင်း.. အောက်တန်းစားလေးတွေတဲ့ မဲ့ကာရွဲ့ကာပြောတတ်သေးတယ်... ငယ်လေးကဘာလဲလို့မေးတော့ "မောက်တန်းစား" တဲ့... တကယ်တော့ အောက်တန်းစားဆိုတာဘာလဲ သူမသိပါဘူး... ရုပ်ရှင်ထဲမှာကြားဖူးတာကို လိုက်ပြောတာလေ...

မေမေကသူ့ကိုစိတ်ဆိုးလို့ အိမ်မှာမထားဘူးလို့ပြောရင် ရတယ်... အိမ်ပေါ်ကဆင်းမယ်ဆိုပြီး သူလွယ်နေကျအိတ်လေးကောက်လွယ်... ဆောင့်ဆောင့်အောင့်အောင့်နဲ့ ထွက်သွားရော... ခြံဝမရောက်ခင် ပြန်လှည့်လာပြီး ဒီနေ့ကမှောင်နေပြီ နက်ဖြန်မှပဲဆင်းတော့မယ်တဲ့လေ...

သူမူကြိုစတက်တဲ့နေ့က အိမ်ပြန်ရောက်တော့ အဲဒီမူကြိုမှာ မတက်တော့ဘူးတဲ့... လှေကားလေးနှစ်ထစ်ပဲတက်ရသေးတယ်.. ငယ်လေးကိုလာရိုက်တယ်တဲ့လေ... သူ့ကိုပြောမရလို့ ရေချိုးခန်းထဲလှောင်ထားမယ်လို့ ခြောက်ရင်လဲ ကြောက်မယ်ထင်လား... ရတယ်.. ရေပုလင်းပဲပေးတဲ့... ရိုက်ခံရတော့မယ်လို့ငေါက်ရင်လဲ ရိုက်ပေါ့ ငယ်လေးကြိုက်တာလုပ်ရရင်ပြီးတာပဲ ဆိုတာကလာသေးတယ်...

သူငယ်တန်းစတက်တော့လဲ ရယ်ရသေးတယ်... မေမေက ကျွန်မတို့ကို စာမတတ်ရင် ပလက်စတစ်ကောက်ရမယ်လို့ ခဏခဏပြောတတ်ပါတယ်... တနေ့သူကျောင်းကပြန်လာတော့ လွယ်အိတ်ကလေး ဘုတ်ဆိုပစ်ချပြီးပြောတယ်... ငယ်လေးဆုံးဖြတ်ချက်ချလိုက်ပြီ... ပလက်စတစ်ပဲကောက်တော့မယ်...တဲ့လေ... စာမလုပ်ချင်လို့တဲ့...

သူ၎နှစ်သမီးမှာ မောင်လေးကိုမွေးတယ်... အစက ငယ်ဆုံးလေးဆိုပြီး ဗိုလ်လုပ်နေရာက ရာထူးကျသွားတော့ မောင်လေးကို သူမကျေနပ်ပါဘူး... အဓိကကတော့ မောင်လေးရဲ့အသားလေးက ဖြူဖွေးနေတာကြောင့်ပါပဲ... သူကအရမ်းဖြူချင်တာဆိုတော့ အရမ်းကိုမနာလိုဖြစ်ပါတော့တယ်... ကလေးလာကြည့်တဲ့သူတွေက ကလေးလေးကချစ်စရာလေး အသားလေးကိုဖွေးနေတာပဲ ဘာညာပြောကြတော့ ပိုဆိုးပေါ့... တနေ့ အိမ်လာလည်တဲ့ အန်တီတစ်ယောက်က ငယ်လေးရေ မောင်လေးကိုအန်တီခေါ်သွားရမလားလို့မေးပါတယ်... အငယ်မပြန်ဖြေလိုက်တာက ခုမယူသွားနဲ့ဦး မနက်ဖြန်ကျရင် အဲဒီကလေးကိုဟင်းချက်မှာ အဲဒီတော့မှ တစ်ခွက်လာယူ တဲ့လေ...

မောင်လေးက ဟိုဟိုဒီဒီလိုက်ကြည့်တတ်တဲ့အရွယ်ရောက်လာတော့ သူ့ကိုလိုက်ကြည့်တာပေါ့... သူကအရောင်တောက်တောက်လေးတွေဝတ်ပြီး ပြေးလွှားနေတာကိုး... အဲဒီတော့သူကမေးတယ်... မောင်လေးက ဘာလို့လိုက်ကြည့်နေတာလဲတဲ့... ငယ်လေးကိုချစ်လို့ပေါ့ဆိုတော့ သဘောကျသွားတယ်... အဲဒီကစပြီး မောင်လေးကိုသူချစ်လာတယ်လေ... တနေ့တော့ မေမေ့ကိုလာပြောတယ်... "မေမေရေ... မောင်လေးကတော်လိုက်တာ.. ၄လပဲရှိသေးတယ် ဂျိုးဂျိုးလေးပေါက်နေပြီ.. ငယ်လေးက ၄နှစ်ရှိပြီ ခုထိမပေါက်သေးဘူး" တဲ့လေ...

(အဲဒီလို ကပေါက်တိကပေါက်ချာမလေးက ခုတော့ US မှာ မူကြိုဆရာမလေးဖြစ်နေပြီလေ... ကလေးအရမ်းချစ်တတ်တဲ့ ညီမလေး ကလေးလေးတွေကြားမှာ ပျော်နေပြီ... မောင်လေးနဲ့အတူတူ မောင်နှမနှစ်ယောက်သား ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီနဲ့ ချစ်ချစ်ခင်ခင်ရှိနေကြတယ်လေ...)

Thursday, December 17, 2009

တနေ့တာ

မနက် ၅နာရီ...

ယောက်ျားကလာနှိုးနေပြီ... အိပ်ရေးကမ၀ချင်သေးဘူး... ဒီနေ့ MC ယူလိုက်ရင်ကောင်းမလား... မဖြစ်သေးပါဘူး... မပြီးသေးတဲ့အလုပ်တွေက အများကြီး... မွေ့ယာကြီးကလည်းနော် ဆွဲငင်အားကကောင်းမှကောင်း... မေမေ့ကို သားသားဘေးလာအိပ်ခိုင်းပြီး မျက်လုံးမဖွင့်ပဲ ရေချိုးခန်းထဲဝင် မျက်နှာသစ်လိုက်တော့ မျက်လုံးနည်းနည်းကျယ်သွားပြီ... ရေချိုးလိုက်တော့ ပိုလန်းသွားတယ်... ၅နာရီ၄၅မှာ နှစ်ယောက်သား အိမ်ကထွက်ခဲ့တယ်... အလုပ်က Company သာတူတာ Yard ကမတူဘူးလေ... သူက Lake side ကိုရထားစီးသွားပြီး အဲဒီကမှ ဖယ်ရီစီးရမှာ... ကျွန်မကတော့ Admirality မှာသွားစီးရမှာလေ...

မနက်၆နာရီ...

ကားလာပါပြီ... ကားပေါ်မှာဆက်အိပ်ရမယ်... ရုံးရောက်တဲ့အထိဆို ၁နာရီလောက်တော့ အနည်းဆုံးအိပ်လို့ရသေးတယ်... ရုံးရောက်မှ မနက်စာစားရမယ်... ဒီနေ့ Breakfast special ကဘာပါလိမ့်...

မနက်ရနာရီခွဲ မှ ညနေ၄နာရီ၁၅..

ဘလော့လေးဖတ်လိုက်... ဖေ့ဘွတ်လေးလှမ်းကြည့်လိုက်... လုပ်စရာရှိတာလေးပြေးလုပ်လိုက်နဲ့ မအားရပါဘူး... နှစ်ကုန်ခါနီးဆိုတော့ Audit တွေစုပြုံပြီးလာစစ်ကြတော့မှာလေ... လိုမယ်ထင်ရတာလေးတွေ ပြင်ဆင်နေရတာနဲ့ပဲ ခေါင်းတောင်ကိုက်သွားပြီ... ကော်ဖီလေးဖျော်သောက်ဦးမှ... ထမင်းစားပြီးကတည်းက ဇယားတွေဆွဲနေလိုက်တာ ၄နာရီတောင်ထိုးသွားပြီ... ပြန်မယ်... ဒီနေ့တော့ အချိန်ပိုမဆင်းချင်ဘူး... ယောက်ျားဆီ ဖုန်းဆက်လိုက်တော့ သူလည်းပြန်လာမယ်တဲ့... Jurong East ကစောင့်နေမယ်လို့ပြောလိုက်တယ်... ဖယ်ရီပေါ်ရောက်တော့ မခိုင်နဲ့ပွား.... ကိုတင်မင်းထက်နဲ့ပေါင်းပြီး အပျိုကြီးတွေကိုနှိပ်ကွပ်နဲ့ တစ်ကားလုံး ဗမာသံတွေချည်းပေါ့....

ညနေ၅နာရီ...

ယောက်ျားကိုစောင့်ရင်း ဈေးတန်းထဲပတ်နေဦးမှ... ပိုက်ဆံအိတ်လေးတွေတန်တယ်တော့... လက်ဆောင်ပေးဖို့ ၀ယ်ထားဦးမှ... တရုတ်နှစ်ကူးကျရင် ရန်ကုန်ပြန်မှာဆိုတော့ ပြန်ခါနီးမှ စုဝယ်ရရင် မလွယ်ဘူးလေ... ဟော သူတို့ကားကြီးဝင်လာပြီ... Woodlands အထိရထားစီးရမှာဆိုတော့ ရထားပေါ်မှာ အေးအေးဆေးဆေး ပြောစရာရှိတာလေးပြော တိုင်ပင်စရာရှိတာလေးတိုင်ပင်ရတာပေါ့... အခန့်မသင့်ရင် ရန်လည်းဖြစ်ကြသေး...

ညနေ၆နာရီခွဲ....

အိမ်ရောက်ပါပြီ... သားသားကအောက်မှာလာကြိုနေတယ်... မေမေနဲ့ဖေဖေကို တူတူပြန်လာတာမြင်တော့ သားသားပျော်သွားပြီး ရှိသမျှသွားလေးနှစ်ချောင်း ဖြဲပြီးရယ်နေတယ်... မေမေ့မှာတော့ အမောတွေပြေသွားပေါ့... အိမ်ပေါ်ရောက်တော့ တလှည့်စီရေချိုး ထမင်းစားပေါ့... စားပြီးတော့ သားသားနဲ့တူတူ လမ်းလျှောက်ထွက်ကြတယ်... ကစားကွင်းမှာဆော့ကြတယ်... သားသားဆော့လို့ဝလို့ ပြန်တက်လာတော့ ည၈နာရီ... ဖေဖေရေ ဘူးလေးဖျော်ပေးပါ... သားသားဗိုက်ဆာပြီ... သားသားက ပုခက်စီးရင်း ဘူးသောက်နေတုန်း မေမေက Computer လေးပြေးဖွင့်... လယ်လေးအပြေးအလွှားစိုက်... Blog ကိုဝင်ကြည့်တော့ Blog roll မှာ ပို့စ်သစ်တွေမှ အများကြီးပဲ... မနက်ရုံးရောက်မှပဲ ဖတ်တော့မယ်...

ည၉နာရီ...

ဟိုသားအဖရန်ဖြစ်နေကြပြီ... သားသားကအာဗြဲကြီးနဲ့ အော်နေပါလား... သူ့ဖေဖေ အ၀တ်လဲပေးနေပြီထင်တယ်... Computer မြန်မြန်ပိတ်မှ... သားသားကိုသိပ်ရတော့မယ်... သားသားအိပ်မှပြန်ထမယ်လို့ စဉ်းစားပြီး အခန်းထဲပြေး... တကယ်တမ်းကျတော့ သားသားလဲအိပ် ကိုယ်လဲအိပ်ပဲ... ဟူး... ကုန်သွားပြန်ပေါ့ တနေ့တာ....

Wednesday, December 9, 2009

ရင်ခွင်အခန်း

ချစ်ရသူရဲ့ ဥပေက္ခာဆိုတာ
အသွားထက်တဲ့ ဓါးတစ်လက်မှန်း
သိလိုက်ရတဲ့အချိန်မှာ
ကျွန်မနှလုံးသားက
တစ်စစီကွဲနေခဲ့ပြီးပြီ.....

ကျွန်မပြောသမျှစကား
မုသားရယ်လို့ ယုံမှတ်ထားသူကို
ဘယ်လိုရှင်းလင်းအောင်
ခင်းကျင်းပြသရမှာတဲ့လဲ

တကယ်ပါ....ချစ်သူ....
မယုံဘူးဆိုတာသိပါတယ်
ဒါပေမယ့်...
ရင်မှာတင်းကြပ်
အငြင်းခက်တဲ့ခံစားချက်တွေအကြောင်း
ပြောပြနေချင်သေးတယ်လေ...

Wednesday, December 2, 2009

Journey of မိုးသံစဉ်

ဘာလိုလိုနဲ့ ဒီဇင်ဘာလတောင်ရောက်လာပြီ... တကယ်ပါ... ၂၀၀၉ခုနှစ် ကုန်သွားတာအရမ်းမြန်တယ်... သားသားတောင် တစ်နှစ်ပြည့်တော့မယ်လေ... မနှစ်က ဒီအချိန် ကျွန်မ ရန်ကုန်ရောက်နေတာပေါ့... နိုဝင်ဘာ ၃၀ ရက်နေ့မှာပြန်သွားတာ... သားသားကိုမွေးဖို့ပြန်တာလေ... အဲဒီရက်က ကိုယ်ဝန်ဆောင်တွေ လေယာဉ်စီးခွင့်ရတာ နောက်ဆုံးရက်ပဲ... အဲဒီထက်ကျော်သွားရင် စီးခွင့်မရှိတော့ဘူး... ခွင့်ကနှစ်လခွဲပဲရတာဆိုတော့ အရမ်းစောစောပြန်ရင် မွေးပြီးသွားရင် ရက်များများမကျန်မှာစိုးလို့ နောက်ဆုံးရက်မှပဲပြန်ဖြစ်တယ်...

သားသားကိုယ်ဝန်ရှိတာ စသိတော့ Polyclinic ကိုအရင်သွားပြတယ်... အဲဒီကမှာ KK Hospital ကို သွားပြရတာ... OG က အရမ်းသဘောကောင်းတယ်... India ကုလားမကြီး... သားသားက အမေကိုဘာဒုက္ခမှမပေးပါဘူး... အစားအသောက်လဲ မပျက်ဘူး... ခေါင်းမူးခေါင်းကိုက်လေးတောင် မဖြစ်ဘူး... ကိုယ်ဝန်မရှိခင်ကမှ ခေါင်းခဏခဏကိုက်သေးတယ်... OG က ပထမတော့ Obimin သောက်ခိုင်းတယ်... ၅လကျော်လာတော့ နောက်ဆေးတစ်မျိုးပြောင်းပေးတယ်လေ... ငါးကြီးဆီပါတဲ့ အားဆေးပေါ့... Ganilia တဲ့... Germany ကထုတ်တာ... တော်တော်လေးကောင်းတယ်... ကိုယ်ဝန်၅လမှာ Ultra Sound ရိုက်တော့ ကျန်တာအားလုံးအဆင်ပြေတယ်... သားသားလေးလား မီးမီးလေးလားကြည့်တဲ့အခါကျမှ မမြင်ရဘူးဖြစ်နေတယ်... သားသားကမလှည့်ဘူးလေ... ရေတွေသောက်လိုက် လမ်းလျှောက်လိုက် နဲ့ သုံးခါလောက်ပြန်ရိုက်ရတယ်... အဲဒီကျမှပဲ သိရတော့တာ...

ရန်ကုန်ရောက်တော့ ဒေါက်တာဒေါ်ခင်သိန်းဦးနဲ့ဆက်ပြတယ်... ကျွန်မကိုလည်း သူပဲမွေးထုတ်ပေးခဲ့တာလေ... ၃၈ပါတ်မြောက် သွားပြတဲ့အထိ သားသာက ခေါင်းအောက်မစိုက်ဘူး... လူကလည်းထွားတော့ လှည့်မနိုင်တော့တာဖြစ်မယ်ဆိုပြီး ဆရာမကြီးက ခွဲမွေးဖို့တိုက်တွန်းတယ်... ခွဲဖို့ရက်ချိန်းတွေဘာတွေယူထားတာပေါ့... ဇန်န၀ါရီ ၁၄ရက်နေ့ မနက်ပိုင်းခွဲမယ်လို့ ရက်ချိန်းယူထားလိုက်တယ်... လိုတဲ့ပစ္စည်းတွေကိုလည်း ကိုယ်တိုင်လိုက်ဝယ်သေးတာဆိုတော့ လမ်းကတော့ ဘာလျှောက်သလဲမမေးနဲ့... အဲဒါတွေကြောင့်ပဲ ထင်ပါရဲ့ ဇန်န၀ါရီ ၁ရက်နေ့ မနက်အစောကြီး ရေမွှာပေါက်ပြီး ရေတွေဆင်းလာပါလေရော... ဗိုက်ကတော့လုံးဝမနာဘူး... ဆရာကကြီးဆီကို ဖုန်းဆက်တော့ ဆေးရုံကိုလာခဲ့ပါ... စမ်းကြည့်ပြီး ခွဲလို့ရရင်ခွဲမယ်ဆိုလို့ အခန်းကြိုပြီး booking လုပ်ထာတဲ့ SSC Women Centre ကိုပြေးကြတာပေါ့... တော်ပါသေးရဲ့ လိုချင်တဲ့အခန်းရတယ်လေ... ဆရာမကြီးရောက်လာတော့ စမ်းကြည့်ပြီး ၁၀နာရီမှာခွဲမယ်တဲ့... ထုံဆေးနဲ့ပဲခွဲတာပါ... ချောချောမွေ့မွေ့ပါပဲ... သားသားက မွေးမွေးချင်း ၈ပေါင်နဲ့ ၁၀အောင်စရှိတယ်... ဆံပင်လေးတွေကလည်း မည်းနက်နေတာပဲ... ခြေကဖွားတဲ့ကလေးလေးပေါ့... ခေါင်းမှာဗွေက နှစ်လုံးနဲ့... ကြာသပတေးသားလေးဆိုတော့ သူ့လေးလေးဇော် (ကျွန်မမောင်လေး) က မိုးသံစဉ်လို့နာမည်ပေးတယ်... သူ့ဖေဖေနာမည်ထည့်လိုက်တော့ မိုးသံစဉ်ကို ဖြစ်သွားတာပေါ့....

အားလုံးကို မနေ့တနေ့ကလိုပဲထင်နေရင်းကို တစ်နှစ်ပြည့်တော့မယ်... မြန်လိုက်တဲ့အချိန်တွေနော်... ခုလည်းအလုပ်ရှုပ်နေပြန်ပြီ... သားသားမွေးနေ့အတွက်ပေါ့... သားသားလေးရဲ့ ပထမဆုံးမွေးနေ့လေးကို ကောင်းကောင်းလေးလုပ်ပေးချင်တာကိုး.... နီးမှပဲ အားလုံးကိုဖိတ်တော့မယ်... နော်....

Sunday, November 22, 2009

ကြေးအိုး

ဒီနေ့ အိမ်မှာကြေးအိုးချက်စားဖြစ်တယ်... ကျွန်မတို့လင်မယားက ကြေးအိုးဆိုရင် နေ့တိုင်းလည်းစားနိုင်တယ်လေ... ရန်ကုန်မှာတုန်းကဆို မစားဖူးတဲ့ နာမည်ကြီးကြေးအိုးဆိုင် မရှိသလောက်ပဲ... YKKO ရွှေယုန်လေး ရွှေနဂါး ယူဂျီးနီးယား ရွှေတောင်တန်း ကြေးအိုးဘုရင် အောင်မြင့်မိုရ် ဆိုင်တွေစုံအောင် စားဖူးတယ်... ဒီမှာကျတော့ ကြေးအိုးဆိုင်ကောင်းကောင်းလဲ မရှိတော့ ကိုယ့်ဟာကိုယ်ပဲ ချက်စားဖြစ်တာများတယ်လေ... ချက်ရတာလဲ သိပ်မခက်လှဘူးဆိုတော့ ခဏခဏချက်စားဖြစ်တယ်... ချက်နည်းလေးလဲ မျှဝေပေးချင်ပါတယ်... လုပ်စားကြည့်ကြပေါ့နော်....

ဝက်ရိုးကို ညကတည်းက၀ယ်ပြီး ဆား သကြား အချိုမှုန့်တွေထည့်လို့ မီးနည်းနည်းနဲ့ ပြုတ်ထားရပါတယ်.... ၀က်သားကြိတ်ထားတာကို ဆား သကြားနဲ့ ကြက်ဥအကာတို့ထည့်ပြီး နှပ်ထားလိုက်ပါ... အူချိုကို မခါးအောင် ဆီနည်းနည်းထည့်ဆေးပြီး ပြုတ်ထားရပါမယ်... အူမကြီးနဲ့ နှလုံးကိုလည်းပြုတ်ထားပေးပါ... အသည်းကိုတော့ ခပ်ပါးပါးလှီးပြီး ရေနွေးပွက်ပွက်ဆူထဲ ခဏထည့်ပြီးပြန်ဆယ်ထားပါ... အသည်းက အကြာကြီးပြုတ်ထားရင် မာသွားတတ်တယ်လေ... ငုံးဥလည်း ပြုတ်ပြီးအခွံခွာထားရပါမယ်... နောက်ထပ်အရေးကြီးတာကတော့ မုန့်ညင်းစိမ်းပါ... အဲဒီမုန်ညင်းစိမ်းမပါရင် ကြေးအိုးနံ့ မရတော့ပါဘူး... NTUC မှာရှိတတ်ပါတယ်... Da Chai လို့ခေါ်ပါတယ်...

စားခါနီးကျရင် ၀က်ရိုးပြုတ်ရည်ကို တစ်ပွဲစာထည့်ပြီး တည်ထားပါ... ဆူလာရင် ၀က်သားနှပ်ထားတာလေးကို လုံးပြီးထည့်ပါ... ကလီစာတွေကိုလည်း ထည့်ပြုတ်ပါ... ဆား သကြား အချိုမှုန့် လိုသလောက်ထည့်ပါ... ရေစိမ်ထားတဲ့ ကြာဆံကိုလဲ ထည့်ပြုတ်ပါ... ကြာဆံနူးခါနီးရင် ငုံးဥ မုန့်ညင်းစိမ်းနဲ့ ကုဆိုင်ထည့်ပြီး သုံးဆောင်နိုင်ပါပြီ... ကြေးအိုးဆီချက်ကြိုက်ရင်တော့ အရည်စစ်ပြီး ဆီချက်လေးချက်ထားတာရယ် ပဲငံပြာရည်လေးရယ်နဲ့ နယ်စားယုံပါပဲ... စစ်ထားတဲ့အရည်ကိုတော့ ငရုတ်ကောင်းလေးထည့်သောက်ပေါ့...

အချဉ်ရည်ကတော့ ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်း ထောင်းထားတာကို Chilli Sauce နဲ့ ဖျော်လိုက်ယုံပါပဲ... ကဲ သုံးဆောင်သွားပါဦးနော်....

ဒါကတော့ ကျွန်မစားတဲ့ အရည်သောက်လေးပါ... သားဖေဖေစားတဲ့ဆီချက်တော့ ဓါတ်ပုံရိုက်ဖို့ မမှီလိုက်ဘူး...

အချဉ်ရည်လေးပါ ချပေးထားတယ်....

Saturday, November 21, 2009

စမ်းကြည့်လိုက်ကြရအောင်

မိဘဆိုတာ ကိုယ့်သားသမီးလေးတွေကို ကျန်းမာရွှင်လန်းနေတာပဲ အမြဲမြင်ချင်တတ်ကြတာ သဘာဝပါ... ကိုယ့်သားသမီးလေးများ နေထိုင်မကောင်းဖြစ်ရင် စိတ်ပင်ပန်းဆင်းရဲရတာလဲ မိဘတွေပဲပေါ့...

ကလေးတွေမှာ ဖြစ်တတ်တဲ့ သွေးလွန်တုပ်ကွေးရောဂါကိုမှ သယ်ဆောင်ပျံ့ပွားစေတဲ့ ခြင်တွေကတော့ မိဘတွေအတွက် အကြီးစားရန်သူပေါ့... သန့်ရှင်းလှပါတယ်ဆိုတဲ့ ဒီစင်္ကာပူမှာတောင် သွေးလွန်တုပ်ကွေးရောဂါ လုံးဝပပျောက်အောင် တိုက်ဖျက်နိုင်ခြင်း မရှိသေးပါဘူး... အဲဒီတော့ သယ်ဆောင်သူခြင်တွေကို နှိမ်နင်းနိုင်ဖို့ အရေးကြီးပါတယ်...

ခြင်နှိမ်နင်းရေးနဲ့ပါတ်သတ်ပြီး အရမ်းလွယ်ကူတဲ့နည်းလေးတစ်ခု email ကတဆင့် ဖတ်လိုက်ရလို့ ဘာသာပြန်ပြီး မျှဝေပေးချင်ပါတယ်... ခြင်တွေကိုနှိမ်နင်းဖို့က ခြင်ဥတွေကို ပိုးလောက်လန်းဘ၀တောင် ရောက်ခွင့်မရအောင် ဖျက်စီးပစ်နိုင်ရင် အကောင်းဆုံးပေါ့... ခြင်ဥတွေက ရေထဲမှာရှိနေတတ်တာမို့လား... ဘုရားပန်းအိုးတို့ စားပွဲတင်ပန်းအိုးတို့ကတော့ ခြင်တွေရဲ့ ဂေဟာပေါ့...



ဒီနည်းလေးက လွယ်သလောက် ငွေကုန်ကြေးကျလည်း သက်သာပါသေးတယ်... စင်္ကာပူပိုက်ဆံ 1 cent coin လေးတွေကို သိကြမှာပေါ့... ကြေးနီ (copper) နဲ့လုပ်ထားတာလေ... အဲဒီ copper coin လေးတွေကို ခြင်မပေါက်ပွားစေချင်တဲ့ ရေထဲမှာထည့်ထားလိုက်ယုံပါပဲ... copper ကထွက်လာတဲ့ ဓါတ်တစ်မျိုးက ခြင်ဥတွေကိုပျက်စီးသွားစေပါတယ်... စင်္ကာပူမှာ နေတာမဟုတ်တဲ့သူတွေအတွက်တော့ အခြား copper coin လေးတွေ ရှာကြည့်ရမှာပေါ့... (ရှာရများခက်မလားပဲ)... ဒီရိုးရှင်းလွယ်ကူတဲ့ နည်းလေးက ဘာဘေးထွက်ဆိုးကျိုးမှလည်း မရှိနိုင်တာမို့ စမ်းကြည့်လိုက်ကြရအောင်လားနော်... ကျွန်မလည်း ပြားစေ့လေးတွေ ပြေးရှာလိုက်ဦးမယ်.... အားလုံးအတွက်လဲ အသုံးဝင်မယ်လို့ ထင်ပါတယ်....

Monday, November 16, 2009

တန်ဖိုး


တစ်နှစ်တာဆိုတဲ့အချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် စာမေးပွဲကျလို့ နောက်တစ်နှစ်ပြန်တက်ရတော့မယ့် ကျောင်းသားကိုမေးပါ....

တစ်လတာအချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် လမစေ့ခင် တစ်လစောမွေးပြီး ပေါင်မပြည့်တဲ့ကလေးလေးရဲ့ မိခင်ကိုမေးပါ...

ရက်သတ္တပါတ်တစ်ပါတ်ရဲ့ တန်ဖိုးကိုသိချင်ရင် အပါတ်စဉ်ထုတ် သတင်းဂျာနယ်ရဲ့ အယ်ဒီတာကိုမေးပါ...

တစ်နာရီဆိုတဲ့အချိန်ရဲ့ တန်ဖိုးကိုသိချင်ရင် ချစ်သူနဲ့တွေ့ဖို့အတွက် မျှော်လင့်တကြီး စောင့်မျှော်နေသူကို မေးပါ...

တစ်မိနစ်အချိန်လေးရဲ့ တန်ဖိုးကိုသိချင်ရင် ရထားလွတ်သွားတဲ့သူကိုမေးပါ... (တစ်မိနစ်နောက်ကျသွားပြီ.. ရထားကြီးထွက်လို့သွားပြီ..)

တစ်စက္ကန့်လေးရဲ့တန်ဖိုးကိုသိချင်ရင် မတော်တဆမှုကနေ လက်မတင်လေးလွတ်သွားသူကို မေးကြည့်ပါ...

တစ်စက္ကန့်ရဲ့ တစ်ထောင်ပုံတစ်ပုံအချိန်လေးရဲ့ တန်ဖိုးကို သိချင်ရင်တော့ အိုလံပစ်ငွေတံဆိပ်ဆုရှင်ကို မေးကြည့်လိုက်ပါ....

**ဘာသာပြန်လေးပါ**

Saturday, November 14, 2009

လိုသလိုသာ အသုံးချပါတော့

"သခွားရည်နဲ့ထုတ်လုပ်ထားတဲ့ ပင်တိုင်စံမိတ်ကပ်ကို နာမည်ကြီးလွန်းလို့လိမ်းကြည့်လိုက်တော့ အရမ်းအရမ်းကို ကောင်းတာပါပဲရှင်" ဆိုတဲ့ ကြော်ငြာလေးကို မှတ်မိကြဦးမယ်ထင်ပါရဲ့.... ကြော်ငြာခောတ်ဦးတုန်းက အန်တီခင်သန်းနုရဲ့ ကြော်ငြာလေးပေါ့... ပင်တိုင်စံမိတ်ကပ်ရဲ့အကြောင်းတော့ မသုံးဖူးလို့မသိပေမယ့် သခွားသီးရဲ့အစွမ်းလေးကိုတော့ လိုအပ်ရင်သုံးလို့ရအောင် အားလုံးအတွက် မျှဝေပေးချင်ပါတယ်...

သခွားသီးတစ်လုံးထဲမှာ ကျွန်မတို့နေ့စဉ်လိုအပ်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်... ဗီတာမင် B1, B2, B3, B5, B6 ဖောလစ်အက်ဆစ် ဗီတာမင်စီ ကယ်လစီယမ် သံဓာတ် မဂနီစီယမ် ဖော့စ်ဖရပ်စ် ပိုတက်စီယမ်နဲ့ ဇင့်တို့ပေါ့...

နေ့လည်နေ့ခင်း အလုပ်ထဲမှာ ပင်ပန်းပြီး ငိုက်နေပြီဆို ကဖင်းပါတဲ့ ကော်ဖီ လက်ဖက်ရည်တွေ သောက်မယ့်အစား သခွားသီးနည်းနည်းလောက် စားကြည့်လိုက်ပါ... သခွားသီးထဲမှာပါတဲ့ ဗီတာမင်တွေက သင့်ကို ချက်ချင်းလန်းဆန်းသွားစေပါလိမ့်မယ်...



ရေနွေးလေးနဲ့ ရေချိုးပြီးတိုင်း ရေချိုးခန်းမှန်မှာ ရေငွေ့တွေရိုက်နေတတ်တာကို စိတ်ပျက်နေပြီလား.... သခွားသီးကို အကွင်လိုက်လေးလှီးပြီး မှန်ကိုတိုက်လိုက်ပါ... ရေငွေ့တွေမရိုက်တော့တဲ့အပြင် မွှေးရနံ့သင်းသင်းလေးတောင် ပေးပါလိမ့်ဦးမယ်....

အပင်စိုက်ဝါသနာပါသူအတွက် အပင်ဖျက်ပိုးတွေက ရန်သူတွေပေါ့... သင့်စိုက်ခင်းလေးမှာ ပိုးတွေကျနေရင် သခွားသီးကွင်းလေးတွေကို ဒန်ဘူးဝိုင်းလေးထဲထည့်ပြီး စိုက်ခင်းထဲချထားပေးပါ... သခွားသီးထဲက ဓာတ်တစ်မျိုးနဲ့ အလူမီနီယမ်နဲ့ ဓာတ်ပြုရာက ထွက်လာတဲ့အနံ့က လူတွေအနံ့ခံကြည့်လို့မရပေမယ့် ပိုးမွှားတွေကိုတော့ ပြေးစေပါတယ်....

ရေကူးကန်သွားခါနီးဖြစ်ဖြစ်... ဘောင်းဘီတိုလေးတွေ ၀တ်ချင်ရင်ပဲဖြစ်ဖြစ် ပေါင်တွေမှာရှိနေတတ်တဲ့ ဆယ်လူလိုဒ်အဆီပြင်တွေကို ခဏတာဖုံးကွယ်ချင်တယ်ဆိုရင် လိုအပ်တဲ့နေရာကို သခွားသီးနဲ့ပွတ်တိုက်ပေးပါ... သခွားသီးက အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတဲ့အတွက် အဆီပြင်တွေကို ဖုံးကွယ်ပေးထားပါလိမ့်မယ်...



မနက်အိပ်ယာကနိုးလို့ ငြီးစီစီဖြစ်နေတာတွေ ခေါင်းကိုက်နေတတ်တာတွေက တကယ်ကို အနှောက်အယှက်ပါပဲ... အဲဒါမျိုးတွေကို ကာကွယ်ချင်တယ်ဆိုရင် မအိပ်ခင် သခွားသီးနည်းနည်းလောက်စားပြီးမှအိပ်ပါ... အိပ်ယာကနေ လန်းလန်းဆန်းဆန်း နိုးထနိုင်ပါလိမ့်မယ်...

အရေးကြီးတဲ့ အင်တာဗျုးသွားရခါနီးမှာ ဖိနပ်ကလည်းမတိုက်ရသေးဘူး အချိန်လည်းမရတော့ဘူးဆိုရင် သခွားသီးကိုလှီးပြီး တိုက်လိုက်ပါ... အချိန်တိုတိုအတွင်းမှာ ပြောင်လက်တောက်ပတဲ့ ဖိနပ်လေးရပါလိမ့်မယ်...

နေ့လည်စာစားပြီး ငုံဆေးကလည်းကုန်နေလို့ ပါးစပ်နံမှာစိုးနေရင် သခွားသီးတစ်ကွင်းလောက်ကို အာခေါင်မှာကပ်ပြီး တစ်မိနစ်လောက်ငုံထားလိုက်ပါ... အနံ့ဆိုးတွေပျောက်ပြီး ခံတွင်းနံ့သင်းပျံ့စေပါတယ်...




ဘောပင်နဲ့ရေးထားတဲ့ အမှားတွေကိုဖျက်ချင်ပြီဆိုရင် သခွားသီးအခွံပိုင်းနဲ့ ပွတ်တိုက်ပြီးဖျက်လို့ရနိုင်ပါတယ်... ကလေးငယ်ရှိတဲ့မိခင်တွေရေ... နံရံတွေမှာညစ်ပေနေတဲ့ သားသားမီးမီးတို့ရဲ့ ပန်းချီလက်ရာတွေကိုလည်း သခွားသီးနဲ့ပွတ်ပြီး ဖျက်လို့ရပါတယ်နော်....

အားလုံးပဲ လိုအပ်ရင်အသုံးဝင်အောင် email ကရတာလေးကို ဘာသာပြန်မျှဝေပါတယ်....

Friday, November 13, 2009

ကူညီလိုက်ကြပါဦးနော်

မမမျက်မှန်လေးဆီမှ ကူးယူဖော်ပြပါသည်... တတ်နိုင်သမျှ ၀ိုင်းဝန်းကူညီကြစေလိုပါသည်ရှင်...

Dear all,

The two Myanmar Students (Maung Zaw Myo Lwin and Ma Phyo Thida Tun) had a hit and run accident by lorry on the middle of October. Maung Zaw Myo Lwin is studying at ITE and Ma Phyo Thida Tun is an ACCA student from N2P2 Professional Training Centre. Due to the accident, Maung Zaw Myo Lwin has minor injury despite his leg has been broken. He has been discharged from hospital a few days later.

However, Ma Phyo Thida Tun is having serious and numerous injuries on lower part of her body where she can not move totally. The doctors at Tan Tock Seng Hospital are trying their best to avoid her to be amputed. She has been admitted at Ward 12D, Bed 109 since then. Her brother (also a student) from Malaysia has come to Singapore to
look after her since the accident has taken place.

Yesterday, Ko Zaw Zaw Cho (Ex-RIT member + Myanmar Club member), Ko Thant Zin Myo
(Ex-RIT) and Moh Moh Minn (Ex-RIT) went to hospital and met with Ma Phyo Thidar Tun.

Here are the scopes we are trying to help them:

1. Regarding the insurance claim from Car owner’s company and other law related matters, Ko Zaw Tun (Myanmar Club, VP) and Ko Zaw Zaw Cho are in the process of negotiating. For your information, Maung Zaw Myo Lwin’s hospital bill is about S$20,000 and that of Ma Phyo Thida Tun is about S$ 70,000 as on today. We heard that the hospital doesn’t want to continue her treatment if the bill is not paid. She seems to be in hospital for another one month, at least.

2. Regarding her brother’s visa extension in Singapore, Ko Zaw Zaw Cho will try to request to ICA.


3. Since they are just students and their family has difficulty to support them for long term medication bill, we would like to request help from all Myanmar communities in Singapore to support them as much as we can.

AC No. : 038-84088-6 POSB Saving

Please notify me if you have credited to the above account.

Thanks and Best wishes,

Shwe Zin Ma (Ex-RIT, Ec 2000) -- Phone (93245885)
Zaw Zaw Cho (Myanmar Club + Ex-RIT, Mech 1998) - Phone (92702925)
U Zaw Tun (Myanmar Club + Ex-RIT, Ec 1981) ---- Phone (90105910)
Thant Zin Myo (Ex-RIT, Civil 2003) - Phone (92381646)

Monday, November 9, 2009

လွမ်းတယ်ဆောင်းရယ်

တနေ့က cousin တစ်ယောက်ရဲ့ Facebook status ကိုမြင်ပြီး ဆောင်းရာသီကို လွမ်းသွားတယ်... သူရေးထားတာက "ဆောင်းလေလေးတွေ စတိုက်နေပြီ" တဲ့...ဟုတ်တာပေါ့... ဒီအချိန်ပဲ... နေ့ဘက်သာ ပူချင်ပူမယ်... ညဆိုရင်တော့ ဟေမာန်ဆောင်းရဲ့ အငွေ့အသက်လေးတွေ စခံစားနေရပြီ...

အဆောင်မှာနေတုန်းကဆို အအေးဓာတ်ကို ပိုခံစားရတယ်... ဟုတ်တယ်... ရန်ကုန်နဲ့စာရင် မှော်ဘီကပိုအေးတယ်... ကျွန်မတို့ မှော်ဘီမှာကျောင်းစတက်တော့ ဒီဇင်ဘာလကြီး... အေးမှအေးပေါ့... ညဘက်ဆို ပျဉ်ကြားကလေတိုးတဲ့ဒဏ်ကို အလူးအလဲခံရတယ်... အနွေးထည် အထူကြီးဝတ် စောင်တွေနှစ်ထပ်သုံးထပ်ခြုံထားတာတောင် အေးတုန်းလေ... မနက်ကျောင်းသွားခါနီးဆို ရေချိုးနိုင်ဖို့ကအဝေးကြီး .. မျက်နှာတောင်မနဲသစ်ရတယ်... အိပ်ယာကမထနိုင်လို့ အတန်းလွတ်ရတာလဲ ခဏခဏ... နှင်းတွေအများကြီးကျတဲ့အခါများဆို ကျောင်းဝင်းထဲက ခနော်ခနဲ့ မြေနီလမ်းလေးမှာ ရှေ့ကိုဝေးဝေးမမြင်ရဘဲ စမ်းတ၀ါးဝါးလျှောက်ရတာကိုက အရသာသိပ်ရှိပေါ့... နှင်းဆမ်းထားတဲ့ ခရေပန်းလေးတွေကလည်း ဘာမွှေးသလဲမမေးနဲ့... နှင်းဝေတဲ့ဆောင်းမနက်ခင်းတစ်ခုမှာ တစ်ယောက်သောသူ ပန်ပေးဖူးတဲ့ ငွေပန်းလေးတွေရဲ့ မွှေးရနံ့က ခုထက်ထိတောင် မွှေးနေသယောင်...

မိုးရာသီမှာမွေးတဲ့ကျွန်မက သားလေးကိုတော့ ဆောင်းရာသီမှာမွေးခဲ့တာ... ဇန်န၀ါရီ ၁ရက်နေ့ပေါ့... နယူးရီးယားည ခြံထဲမှာ ဘာဘီကျူးပါတီလုပ်ပြီး ကောင်းကောင်းသောင်းကျန်းလိုက်တာ မနက်လည်းကျရော သားသားလေး ထွက်လာပါလေရော... သားသားရဲ့ ချစ်စရာကောင်တဲ့မျက်နှာလေးကို မြင်လိုက်ရတဲ့ ကျွန်မရဲ့ နှလုံးသားဟာလည်း ဆောင်းလေလေးနဲ့ ထွေးပွေ့ခံလိုက်ရသလို အေးမြကြည်လင်သွားရတာပေါ့... နှင်းခဲလေးလို ဖြူဖွေးနူးညံ့တဲ့ သားသားလေးကို ပိုင်ဆိုင်ခွင့်ရလိုက်တဲ့အတွက် ကျွန်မရဲ့ဆောင်းမနက်ခင်းက ပိုပြီးပြည့်စုံသွားခဲ့ရတာလေ...

ခုရောက်နေတဲ့နေရာမှာ ဆောင်းရာသီဆိုတာ ဘယ်သွားရှာရမှန်းမသိပေမယ့် ကျွန်မရင်ထဲက ဆောင်းရာသီကတော့ အချိန်တန်ရင် နှင်းတွေဝေနေဆဲ... ထူထူထဲထဲ နှင်းတောထဲက မှုန်ဝါးဝါးနေခြည်အောက်မှာ ဆိတ်ငြိမ်စွာလှပနေမယ့် ကျွန်မတို့ရဲ့ကျောင်းတော်ကြီးကိုလဲ လွမ်းမိနေဆဲပေါ့......


Saturday, November 7, 2009

မိုးသံစဉ်... Dependent Pass နဲ့ LTSVP

တစ်နေ့က သူငယ်ချင်းတစ်ယောက်နဲ့ စကားစပ်မိတော့ သူကမေးတယ်... PR ကျပြီလားတဲ့... မကျသေးဘူးဆိုလို့ သူကအံ့သြနေတာ... ဒါဆိုနင့်သားလေးက ဘာPassနဲ့နေနေတာလဲတဲ့... အဲဒီPassအကြောင်းလေး ရေးပြချင်တာပါ...

သားသားရဲ့ Pass က Long Term Social Visit Pass ပါ... ICA ကချပေးတာမဟုတ်ပါဘူး... MOM ကပေးထားတာပါ... သားသားကိုရန်ကုန်မှာပြန်မွေးပြီး ပြန်ခေါ်လာတော့ ၀င်ဝင်ချင်း ၁လ stay ရပါတယ်... လူကြီးတွေလိုပဲပေါ့... ကျွန်မတို့ လင်မယားနှစ်ယောက်စလုံးက S Pass ဆိုတော့ ICA မှာ Long Term Pass လျှောက်ပေမယ့် မပေးပါဘူး... PR မှရမှာပါတဲ့... အဲဒါနဲ့ Dependent Pass တင်ကြည့်ပါတယ်... သိပ်တော့မျှော်လင့်ချက်မရှိဘူးပေါ့... ကျွန်မရဲ့အခြေခံလစာက ၂၅၀၀မှ မပြည့်ပဲကိုး... ထင်တဲ့အတိုင်းပါပဲ... Not successful ပါတဲ့... အဲဒီတော့ Appeal Letter တင်ရတော့တာပေါ့... ကံကောင်းတာက လင်မယားနှစ်ယောက်စလုံး Company တစ်ခုတည်းမှာလုပ်နေတာရယ်... ကျွန်မက HR Department မှာလုပ်နေတာရယ်ပါပဲ... Appeal Application အတွက် Cover Letter ကို စိတ်ကြိုက်ရေးခွင့်ရပါတယ်... Boss က နင်ကြိုက်သလိုရေး... လက်မှတ်ထိုးပေးမယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့... Employer အနေနဲ့ရေးရတာဆိုတော့ အကြိုက်ပဲလေ... ကိုယ်မရှိရင်ပဲ Company ပိတ်ပစ်ရတော့မလိုကို ရေးပစ်လိုက်တယ်... အဲဒါလည်း Dependent Pass မပေးပါဘူး... Long Term Social Visit Pass လျှောက်ပါ... ဒီစာကို Cover Letter အဖြစ်သုံးပါဆိုပြီး စာပြန်လာပါတယ်... အဲဒါလျှောက်လိုက်တော့ ကျလာပါတယ်... ကျွန်မ S Pass သက်တမ်းရှိသလောက်ရပါတယ်... အဲဒီတော့မှပဲ စိတ်အေးရတော့တာလေ.... ဒါတောင် ကြားထဲမှာ မောရတာတွေက များသား... Appeal တင်ထားတုန်း သားသားရဲ့ Social Visit Pass က ကုန်သွားပါတယ်... E extend တိုးထားတာဆိုတော့ ဘယ်လိုမှထပ်တိုးလို့မရတော့ဘူး.... အဲဒါနဲ့ ရန်ကုန်ကို ခဏပြန်လိုက်ရသေးတယ်လေ... ကျွန်မမှာ ခွင့်ကလည်းမကျန်တော့တာနဲ့ ၄ရက်ပဲနေမယ်... ပြီးရင်ပြန်ခေါ်လာမယ်ဆိုပြီး သားသားအတွက် visa တင်ခဲ့လိုက်တယ်... ကံများဆိုးချင်တော့ ပြန်မယ့်ရက်အထိ visa ကျမလာတာနဲ့ သားသားကို ထားခဲ့ရတာပေါ့.... ဒီကိုရောက်တော့မှ visa ကကျနေပြီတဲ့... စိတ်တိုလိုက်တာ အရမ်းပဲ... အဲဒါနဲ့ စနေနေ့သွား တနင်္ဂနွေပြန်ပြီး သားသားကို ပြန်ခေါ်လာရတော့တာပေါ့... Silk Air ကို လုပ်ကျွေးလိုက်ရတာလေ...

ခုဒီမှာ S Pass နဲ့ လုပ်နေကြသူတွေချင်း လက်ထပ်ကြတာတွေများလာတော့ လိုအပ်ရင် အသုံးဝင်အောင် ကျွန်မရဲ့ ကိုယ်တွေ့လေးကို မျှဝေပေးတာပါ.......

Wednesday, November 4, 2009

ချစ်သောကမ္ဘာမြေ

၂၀၁၂ကျရင် ကမ္ဘာကြီးပျက်တော့မယ်ဆိုတဲ့သတင်းကြားတော့ တစ်ခုစဉ်းစားမိတယ်.... ကင်ဆာရောဂါသည်တစ်ယောက်ကို ၆လပဲခံတော့မယ်ဆိုပြီး သက်တမ်းခန့်မှန်းပေးတာမျိုးလိုပါပဲလားလို့... တိုးတက်လာတဲ့ သိပံပညာရဲ့ ဘေးထွက်ဆိုးကျိုးက ကမ္ဘာကြီးကို နာမကျန်းဖြစ်စေတယ်ဆိုတော့ အားလုံးသိပြီးသားပါပဲ... ခုတော့ နာမကျန်းဖြစ်ရုံမကလို့ နောက်ဆုံးအချိန်ကိုရောက်နေပြီတဲ့လား.... လူသားအားလုံးကို သူ့ရင်ခွင်ထဲထည့်ထမ်းထားရတဲ့ မိခင်နဲ့တူသောကမ္ဘာကြီး... သူ.... ပျက်စီးရတော့မယ်တဲ့လား...

၁) ဘယ်သူတွေနဲ့ ရှိနေချင်လဲ ...
ကျွန်မသိပ်ချစ်တဲ့သူတွေ.... ကျွန်မကိုချစ်တဲ့သူတွေနဲ့ အတူတူ... မွေးရပ်မြေမှာ ရှိနေချင်ပါတယ်...

(၂) ဘာတွေခံစားနေရမလဲ ...
အတွေအကြုံသစ်တွေအတွက် ရင်ခုန်နေမယ်ထင်ပါရဲ့...

(၃) ဘာတွေ ပြင်ဆင်ထားမလဲ ...
ပြင်မနေတော့ပါဘူး.... ဖြစ်သမျှအကြောင်းအကောင်းပေါ့

(၄) ဝမ်းနည်းမိမှာက ...
အရင်သွားနှင့်တဲ့ ဖေဖေ့အတွက်.... (နောက်ဆုံးခရီးကို အတူတူသွားချင်တာ)

(၅) ကြောက်လန့်မိတာက ...
ငါမသေပဲကျန်ခဲ့ရင် ဒုက္ခ...

(၆) ဆောင်ထားချင်တာက ...
ဘာမှဆောင်ထားချင်တော့ပါဘူး... အဲ... ရေဘူးတော့ဆောင်ထားရမယ်ထင်ပါရဲ့... လူစုံတက်စုံဆိုတော့ ပွားကြမှာလေ...

(၇) ဘာတွေရေးမိမလဲ ..
ရေးနိုင်မယ်မထင်ဘူး... ခုတောင်ဖြစ်ညှစ်ရေးနေရတာ...

(၈) တွေးမိတွေးရာ အတွေး ...
သြော်... လူဖြစ်ရတဲ့ဒုက္ခ... ကမ္ဘာပျက်မှာတောင်ကြိုသိနေရတယ်လို့နော်...

(၉) ဂုဏ်ယူချင်တာက ...
ကမ္ဘာကြီးရဲ့ နောက်ဆုံးအချိန်ထိ ငါရှင်သန်ခွင့်ရခဲ့တယ်...

(၁၀) ရှာကြံဖြေသိမ့်မိတာက ...
နှစ်၃၀.... တော်လောက်ပါပြီလေ...

(၁၁) ကျူးရင့်ချင်တဲ့ ဥဒါန်း ...
"ကမ္ဘာထက်မာတဲ့ ငါကွ"

ကိုတင်မင်းထက်ရေ... ရေးပြီးပြီ... ဘာတွေရေးမိမှန်းတော့မသိဘူး... ဥဒါန်းကတော့ ကူးချထားတယ်... သဘောကျလို့... :)

Friday, October 30, 2009

နှလုံးသားနှင့်ရင်း၍

အရင်တုန်းက
တယုတယပြုခဲ့သမျှ...
ခုကျတော့လည်း
သမုဒယနွယ်တွေပါပဲ မောင်....

ရှောင်ဖယ်မရအောင်
နှောင်တွယ်မိနေတယ်ဆို
အချစ်မသိတဲ့ရှင်က
လှောင်ရယ်နေမလားပဲ...

အမုန်းကနတ္ထိ
အရှုံးသာအတိပြီးတာမို့
ပြုံးနေတဲ့အကြည့်မျိုးနဲ့လည်း
မကလိရဲခဲ့ပါဘူး...

မှန်းဆကြည့်ရင်တောင်
တမ်းတမိနေဆဲမို့
လွမ်းရတဲ့ရက်တွေဆိုတာလည်း
တွက်ရေလို့တောင်မရခဲ့ပါဘူး...

ပျော်ရာမှာမနေ
တော်ရာမှာနေရသူမို့
အဝေးရပ်က
ဆွေတသက်သက်နဲ့
ပေးအပ်လိုက်တဲ့ အချစ်တွေအတွက်
မှေးစက်ရာရင်ခွင်ကို
ပြင်ဆင်ပေးနိုင်သူက
သခင်....
ရှင်တစ်ယောက်ပဲ ရှိတာလေ...

လိုချင်တာကဆန္ဒ
ကြုံလာတာကဘ၀မို့
လိုအင်မပြည့်လို့လည်း
မငြိုငြင်ပါဘူး သခင်....
ရှင့်ဘ၀အခြေအနေ
ပျော်ပါစေလို့ပဲဆုမွန်ခြွေပါရစေ......
နှလုံးသားနှင့်ရင်း၍.................................

Tuesday, October 27, 2009

ဟန်ဆောင်ခြင်းရဲ့ရလာဒ်

ကဗျာကိုအလွမ်းနဲ့ဖွဲ့တာဟာ
တမ်းတခြင်းရဲ့နမိတ်
အဆွေးပုံရိပ်တွေသာဆိုရင်
ငါလေ...
မင်းကို... တမ်းတလွမ်းဆွေးနေရတုန်းပေါ့....

အမုန်းအမုန်းနဲ့
တချိန်လုံးဟစ်ကြွေးနေသမျှ
အလှဆုံးပြုံးရင်း
မာနတွေတင်းပြနေသမျှ
ရင်ထဲကဆန္ဒ.... တကယ်မဟုတ်ရပါဘူး...

ငါမကျွမ်းကျင်တဲ့ဟန်ဆောင်ခြင်းတွေနဲ့
ဖန်ဆင်းကာ မာန်တင်းနေရတာတွေ
မင်းကတော့... အလျှင်းမသိခဲ့ပါဘူးလေ...

အလွမ်းတွေရဲ့အနားသတ်
ပျော်ရွှင်ခြင်းကမ်းစပ်ကို
အပြင်းလှော်ခတ်သွားချင်ပေမယ့်
ဥပေက္ခာလှိုင်းကြမ်းတွေကြောင့်
ကမ်းနဲ့ဝေးရာကိုပဲ ပြေးခွာခဲ့ရတယ်....

ချစ်သူရေ.....
တကယ်ဆို ငါလျှောက်လှမ်းနေတာ...
မာနတွေခင်းထားတဲ့
အတ္တလမ်း ခပ်ကြမ်းကြမ်းပေါ့.....

Monday, October 26, 2009

ပဲများနေသောသားသား



ကထိန်အလှူ


လာမယ့် လပြည့်နေ့ (တနင်္ဂနွေနေ့) ကျရင် Eunos က ဘုန်းကြီးကျောင်းမှာ ကထိန်ရှိတယ်... အဲဒီမှာ ကျွန်မတို့မိသားစုက အုန်းထမင်းလှူပါမယ်... လူ ၂၀၀ စာချက်မှာပါ... အားလုံးပဲ ကြွရောက်ချီးမြှင့်ဖို့ ဖိတ်ပါတယ်... အိမ်မှာပဲချက်ပြီး ဘူးလေးတွေနဲ့ထည့် ယူသွားပြီးဝေပေးမှာပါ... ကထိန်က နေ့လည်ပိုင်းမှဆိုတော့ မနက်ပိုင်း ဓာတ်တော်တိုက်ကို အရင်သွားမှာလေ... အဲဒီမှာ ပဒေသာပင်တွေ ပြင်ကြဆင်ကြမှာဆိုတော့ ကူလုပ်ရင်း ထမင်းဘူးတွေလည်းဝေရင်းပေါ့...

ဓာတ်တော်တိုက်လိပ်စာက 59 Geylang Lor 4 ပါ... Kallang MRT နဲ့ နီးပါတယ်... နေ့လည်ဘက် ကထိန်လုပ်မှာက Eunos MRT နားက သီရိလင်္ကာကျောင်းမှာလေ... လာခဲ့ကြနော်...

လမ်းညွှန်မြေပုံလေးပါ

Sunday, October 18, 2009

ရေကူးကြစို့

မနေ့က သားသားကို Chinese Garden က Swimming Complex ကို ခေါ်သွားတယ်... ပထမဆုံး ရောက်ဖူးတာဆိုတော့ ရေထဲချရင် ငိုများငိုမလားလို့ ထင်နေတာ... လုံးဝမငိုတဲ့အပြင် ပျော်လိုက်တာမှ အရမ်းပဲ... ရေထဲကကို မတက်ချင်တော့ဘူး.... မနဲပြန်ခေါ်ထုတ်ယူရတယ်.... ပထမတစ်ခါရေထဲဆင်း... ပြီးတော့ ပြန်ခေါ်တင်ပြီး ထမင်းကျွေးတယ်... ပြီးတော့တစ်ခါထပ်ဆင်းပြီး ကစားသေးတာ... ရေတွေစီးနေတဲ့ Lazy River ထဲမှာ တစ်ပတ်ပြီးတစ်ပတ် ပတ်ကြတယ်... အပေါ်ကရေတွေပန်းတဲ့နေရာရောက်ရင် ကျွန်မတို့ကတော့ သူမွန်းမှာစိုးလို့ ကာပေကြတယ်... သူကတမင်တကာ ရေလိုက်ခံတယ်... ပျော်ပြီးတော့ အော်လိုက်တာလဲ အသံစုံကိုထွက်နေရောပဲ... ရေဆော့ပြီးကြတော့ KFC မှာစားကြတယ်... သားသားကတော့ Potato စားပေါ့... မနက် ၉နာရီကတည်းက အိမ်ကထွက်လိုက်ကြတာ ပြန်ရောက်တော့ ၂နာရီထိုးနေပြီ... သားသားကတော့ ကားပေါ်မှာတင်အိပ်ပျော်သွားတာပေါ့...




Saturday, October 3, 2009

မိသားစု ကန်တော့ပွဲ

ဒီနေ့ သီတင်းကျွတ်လပြည့်နေ့...

ရန်ကုန်က အဖွားတို့အိမ်မှာ လာကန်တော့ကြတဲ့ သားသမီးမြေးမြစ်တွေနဲ့ စည်ကားနေရောပေါ့... အဲဒီမိသားစုကန်တော့ပွဲလေးထဲ မပါဝင်နိုင်ပဲ အဝေးကနေပဲ ကန်တော့ရတာ ၂နှစ်ရှိပြီ... ကျွန်မတို့အမျိုးတွေက စည်းစည်းလုံးလုံးရှိတယ်လို့ပြောရမယ်... မောင်နှမ၀မ်းကွဲတွေအချင်းချင်းလည်း ရင်းရင်းနှီးနှီးရှိကြတယ်... ၀မ်းကွဲတွေထဲက အထက်အောက်တွေဆို အရင်းထက်တောင်ပိုခင်ကြသေးတာ... ဒီနေ့လို သီတင်းကျွတ်လပြည့်ဆို အားလုံးအဖွားတို့အိမ်မှာ ဆုံနေကြပေါ့... လူစုံပြီဆိုရင် မိသားစုကန်တော့ပွဲ စပြီလေ... အဖွားနဲ့ ဖွားလေးသန်းကို အရင်ကန်တော့ကြတယ်... ပြီးရင် ကြီးစဉ်ငယ်လိုက်ပေါ့... တစ်ယောက်ပြီးတစ်ယောက် ကန်တော့ခံကြ... မုန့်ဖိုးတွေပေးကြနဲ့ ပျော်စရာကြီးပေါ့...

ကန်တော့လို့ ပြီးကြရင် အဖွားချက်ထားတဲ့ စားစရာတွေကို စားပွဲဝိုင်းကြီးခင်းပြီးစားကြတာလေ... ဖေတို့မောင်နှမ ၇ယောက်ကမွေးထားတဲ့ မြေးတွေက ၁၄ယောက်ဆိုတော့ လူစုံတက်စုံဆိုရင် အဖွားအိမ်က အကျယ်ကြီးဆိုတာတောင် သိပ်မလောက်ချင်ဘူး... စားပြီးကြရင်တော့ ကျွန်မတို့ ကလေးတတွေရဲ့ဆော့ပွဲပေါ့... အဖွားရဲ့ခြံကကျယ်တယ်လေ... တူတူပုန်းတမ်း.. စိန်ပြေးလိုက်တမ်း... ရေလားကုန်းလား... မျိုးစုံအောင်ဆော့ကြတာပေါ့... လမ်းကဖြတ်သမျှမုန့်သည်ကိုလည်း အလွတ်မပေးပဲ ခေါ်ပြီးဝယ်စားကြသေးတာ... လူကြီးတွေကတော့ အိမ်ထဲမှာ ရှေးဟောင်းနှောင်းဖြစ်တွေပြန်ပြောကြပေါ့... ကျွန်မတို့လဲ မောလာရင် လူကြီးတွေစကားဝိုင်းထဲ ၀င်ပါကြတယ်... အဖွားပြောပြတဲ့ ဖေတို့ငယ်ငယ်ကအကြောင်းတွေဆို နားထောင်လို့ သိပ်ကောင်းပေါ့...

ညနေစာစားပြီးလို့ နေ၀င်ပြီဆိုရင် မီးထွန်းပွဲစပါပြီ... ခြံဝကနေ အိမ်ဝအထိ လျှောက်လမ်းလေးရဲ့ ဘေးတစ်ဖက်စီမှာ ဖယောင်းတိုင်လေးတွေထွန်းကြတယ်... ၀ရန်တာမှာရောပဲပေါ့... ပြီးတော့ ပွဲဈေးတန်းက ၀ယ်ထားတဲ့ မီးပုံးတွန်းလှည်းလေးတွေ ကိုယ်စီတွန်းပြီး... လမ်းသလားကြတယ်လေ... ဗျောက်အိုးတွေလည်း ဖောက်ကြသေးတာ... ငရဲမီးဆော့ရတာလဲ ပျော်မှပျော်ပေါ့... မီးပန်းတွေကို ပန်းပင်တွေမှာချိတ်ပြီးဆော့တော့ အဖွားရဲ့ပန်းပင်တွေ မီးကျွမ်းကုန်လို့ ဆူခံထိတာလဲ မှတ်မိသေးတယ်...

မြေးတွေအရွယ်ရောက်လာတာနဲ့အမျှ အဖွားတို့အိမ်က မိသားစုကန်တော့ပွဲလေးလည်း လူမစုံတော့တာကြာပြီလေ... မနှစ်ကအထိ ပါဝင်နိုင်သေးတဲ့ ကျွန်မရဲ့ ချစ်ဖေဖေလည်း မရှိတော့ဘူး... ဖွားလေးသန်းလဲ မရှိတော့ဘူးလေ... ကျွန်မတို့ မောင်နှမ ၃ ယောက်စလုံးလည်း အဝေးမှာရောက်နေကြတယ်... မနက်က အဖွားဆီဖုန်းဆက်တော့ အဖွားကငိုတယ်... သူ့သား (ကျွန်မဖေဖေ) ကို လွမ်းသွားတယ်နေမှာပေါ့... ကျွန်မလည်းမျက်ရည်ကျမိတယ်...

သားသားကိုလည်း ဒီလိုမိသားစုကန်တော့ပွဲလေးနဲ့ မိတ်ဆက်ပေးချင်မိတယ်... ရေခြားမြေခြားမှာ ကြီးပြင်းရမယ့် သားသားကို မြန်မာ့ဓလေ့တွေနဲ့တော့ ဝေးမနေစေချင်ဘူး... မြန်မာတို့ရဲ့ ချစ်စရာကောင်းတဲ့ ရိုးရာဓလေ့လေးတွေကို သားသားသိတတ်စအရွယ်ကတည်းက သင်ပေးရမယ်... ခုလောလောဆယ်တော့ သီတင်းကျွတ်အလွမ်းပြေ... Chinese Garden က တရုတ်မီးထွန်းပွဲကိုပဲ သားသားကိုခေါ်သွားလိုက်တော့မယ်... ကျွန်မအတွက်လည်း စိတ်အဆာပြေပေါ့....

Sunday, September 27, 2009

လယ်တောထဲက မမ

ခုတလော ဘလော့ကိုပစ်ထားတာကြာပြီ... လယ်ထဲဆင်းနေတာလေ... ဒီလောက်ကြိုးစားပန်းစား စိုက်ပျိုးမွေးမြူလုပ်နေတာတောင်မှ ခုထိအိမ်တစ်လုံးတောင် မ၀ယ်နိုင်သေးပါဘူး... သူများလယ်တောလေးတွေ သွားသွားကြည့်ပြီး အားကျရတာလဲအမော... စက်မှုလယ်ယာအဆင့်ကို ရောက်နေကြသူတွေ... အိမ်လှလှလေးတွေ ပိုင်ဆိုင်ထားကြသူတွေ... အားကျစရာပေါ့... virtual world မှာပျော်နေတာလေ...

တကယ်တော့ ကျွန်မက ငယ်ငယ်ကတည်းက အပင်စိုက်ဝါသနာပါတယ်... ကျွန်မသိတတ်စအရွယ်မှာ စပြီးစိုက်ဖူးတာက ငရုတ်သီးပင်လေးတွေ... မျိုးစေ့လေးကနေ စပြီးတော့ ပျိုးယူရတာလေ... လျှာထိုးပြားလေးတွေကို လေးထောင့်ပုံးလေးရိုက်ပြီးစိုက်တာ... ငရုတ်သီးလေးတွေက စထွက်ကာစမှာ ဖက်ဖူးစိမ်းရောင်လေးတွေ... ကြီးလာတော့ အဖြူရောင်လေးတွေဖြစ်သွားတယ်... မှည့်လည်းသွားရော နီနီရဲရဲလေးတွေဖြစ်ကုန်ရော... တစ်ပင်တည်းမှာ သုံးရောင်ချယ်ငရုတ်သီးလေးတွေနဲ့ အရမ်းလှတာပေါ့... မြို့သစ်ကိုပြောင်းတော့ ပါပါကြီး (အဖိုး) က ခြံထဲမှာ သီးပင်တွေစိုက်တယ်... အိမ်နောက်ဖေး ရေကပြင်ပေါ်မှာ ဗူးစင်လေးထိုးပြီးမိုးထားတာ... ဗူးသီးလေးတွေသီးလာတော့ လက်ညိုးနဲ့ထိုးရင် ပုပ်တတ်တယ်ဆိုလို့ လက်သန်လေးနဲ့ ထိုးထိုးပြီး သူ့ဗူးသီး ကိုယ့်ဗူးသီးနဲ့ မောင်နှမတတွေ ဗူးသီးဦးရတာလဲအမော... ငယ်ငယ်ကစောင်ခြုံအောင်း ကြီးလာတော့ဦးထုပ်ဆောင်း လို့ စကားထာဝှက်ကြရတဲ့ ခရမ်းသီးပင်လေးတွေလည်း စိုက်သေးတယ်... မုန်လာပင်တွေစိုက်တော့လည်း ဖြစ်တာပါပဲ... မုန်လာဥတွေက ရောင်းတန်းဝင်အောင်တော့ မကြီးဘူးပေါ့... စားလို့တော့ရသား...

ပန်းတွေထဲမှာဆိုရင်တော့ kiss me quick ကအများဆုံးစိုက်ဖြစ်တယ်... သဲနဲ့ ဖွဲပြာကို ဆတူရောပြီးစိုက်တာလေ.. အရမ်းလှတယ်... တစ်ခိုင်တည်းမှာ ၁၆ ပွင့်အထိပွင့်တာ... အ၀ါရောင်အပင်နဲ့ အနီရောင်အပင်ကို ကပ်ပြီးချထားလိုက်ရင် အ၀ါရောင်အပွင့်လေးတွေမှာ အနီစက်လေးတွေလာထင်နေတတ်တယ်... ၀တ်မှုန်ကူးတာကြောင့်လို့ ထင်တာပဲ... ဂျပန်နေကြာလို့ခေါ်တဲ့ ပန်းလေးတွေလည်းစိုက်သေးတယ်... နေကြာပန်းအသေးစားလေးတွေပေါ့... တကယ့်နေကြာပန်းလိုပဲ... နေကြာစေ့လေးတွေတောင်ပါတယ်... ဆယ့်နှစ်ရာသီပန်းဝါ၀ါလေးတွေကလည်း ရာသီမရွေးပွင့်တတ်တယ်... ခိုင်ရွှေဝါပန်းနွယ်ပင်လေးကိုတော့ ခြံအ၀င်ဝမှာ ပန်းမိုးခုံးလေးလုပ်ထားတယ်...

အဲဒီပန်းပင်လေးတွေနဲ့ ဝေးနေတာကြာပြီပေါ့... ခုတော့ farm ville ထဲမှာ အပင်စုံစိုက်ပြီးပျော်နေတယ်... အားမယ့်အချိန်နဲ့ ချိန်ကိုက်ပြီး စိုက်လိုက်ရိတ်လိုက် အဆင်ကိုပြေလို့... အချိန်ကုန်လို့ကုန်မှန်းမသိ... အတုအယောင်လောကမှာ.... ဘာပဲဖြစ်ဖြစ် စိတ်အဆာပြေပေါ့လေ... တနေ့နေ့တော့ တကယ့်လယ်သူမကြီး လုပ်ဦးမှာ... အဲဒီခါကျရင်လည်း ကျွန်မလယ်တောထဲ လာလည်ကြဦးနော်.......

Saturday, September 12, 2009

ကူညီကြပါဦး

ခုတလော စိတ်ညစ်နေတာနဲ့ပဲ ဘာအသစ်မှမတင်ဖြစ်ဘူး... သားသားကိုထိန်းဖို့လူ မရှိဘူးဖြစ်နေတာလေ... အရင်ကထိန်းတဲ့ အစ်မကြီးက မလာတော့ဘူး... ကျွန်မက PR မကျသေးတော့ full time maid လဲ ခေါ်လို့မရသေးဘူးလေ... အရင်ကထိန်းတဲ့ အစ်မက တော်တော်စိတ်ရှည်တာ... သားသားကိုလဲ အရမ်းဂ၇ုစိုက်တယ်... ခုတော့ အသစ်ထပ်ရှာနေရတယ်လေ... စလုံးကမောင်နှမတွေလည်း အဆက်အသွယ်ရှိရင် ကူရှာပေးကြပါဦး... တစ်နေ့ကို S$30 ပေးမှာပါ... မနက်၇နာရီကနေ ညနေ၇နာရီအထိပါ... ကလေးထိန်းရုံပါပဲ... တခြားအိမ်အလုပ် လုပ်ပေးစရာမလိုပါဘူး... နေ့လည်စာလည်း အိမ်မှာစားလို့ရပါတယ်... ကလေးအမေဆိုရင် ပိုကြိုက်ပါတယ်... သားသားကို တနေကုန်သူနဲ့ပဲထားရမှာဆိုတော့ စိတ်ချရတဲ့သူ လိုချင်တာပါ... အားလုံးပဲ ကူညီနိုင်ရင် ကူညီကြပါဦးနော်...

Wednesday, September 2, 2009

အသွင်တူမှ အိမ်သူဖြစ်တာလား????

ကျွန်မက ကိုယ်ကိုယ်တိုင်အလှပြင်ရတာသာ မကြိုက်တာ အလှအပ အထူးအဆန်းလေးတွေကို သိပ်ကြိုက်တတ်တယ်... စိတ်ကူးကလည်း ယဉ်တတ်သလားမမေးနဲ့... ကဗျာတွေ စာတွေ ရေးရဖတ်ရတာလဲ ကြိုက်မှကြိုက်ပေါ့... သီချင်းများနားထောင်နေရရင် ပတ်ဝန်းကျင်ကို မေ့နေရော... သီချင်းဆိုရတာလည်း အရမ်းပျော်တယ်... အသင့်အတင့်လဲ ဆိုတတ်ပါတယ်... ကျွန်မရဲ့ဖူးစာဖက်ကို ဘယ်လိုလူစားမျိုးများဖြစ်မလဲလို့ စိတ်ကူးကြည့်မိတာလည်း ခဏခဏပေါ့... ကိုယ့်ချစ်သူက ဂစ်တာလေးတီးလို့ ကိုယ့်အတွက်ရည်စူးဖွဲ့ဆိုထားတဲ့ သီချင်းလေးညည်းနေတာကို သူ့ပုခုံးလေးမှီပြီး နားထောင်ခွင့်ရမယ့် လသာညလေးမျိုးကိုလည်း ခဏခဏစိတ်ကူးကြည့်ဖူးပါရဲ့.. ချစ်သူဆီကနေ ဖတ်ခွင့်ရမယ့် စာသားအလှအပ အဆန်းအပြားလေးတွေနဲ့ ကိုယ့်ကိုဘယ်လောက်ချစ်ကြောင်း ရေးဖွဲ့ထားတဲ့ ချစ်သဏ်လွှာလေးတွေကိုလည်း မျှော်လင့်ဖူးပါရဲ့... (ချစ်သူဆီကပဲနော်.. မချစ်သူတွေဆီကတော့ လိုချင်ပေါင်..) ချစ်သူကိုယ်တိုင် သီကုံးထားတဲ့ ခရေပန်းလေးတစ်ကုံးကို ကိုယ့်ကေသာကြော့မှာ သူကိုယ်တိုင်ပန်ဆင်ပေးဖို့ကိုလည်း အိပ်မက်ဖူးပါရဲ့...

တကယ်တမ်းကျတော့ ကျွန်မရဲ့ 'မောင်' ကလေ...

ကိုယ့်အတွက်ရည်းစူးဖွဲ့ဆိုမယ့်သီချင်းဝေးလို့ ရောင်စုံဘောလုံး ကဗျာတောင် ကီးဝင်အောင် မဆိုတတ်တဲ့သူ...

ဂစ်တာတီးတတ်ဖို့ဝေးလို့ လက်ခုပ်တောင် စည်းချက်ကျအောင်မတီးတတ်တဲ့သူ...

စာသားအလှအပတွေနဲ့ ချစ်သ၀ဏ်လွှာရေးတတ်ဖို့ဝေလို့ စာစီစာကုံးတောင် တစ်ပုဒ်မှမရေးဖူးဘူးတဲ့... မရေးတတ်တာလည်း ခပ်ကောင်းကောင်းရယ်... ရေးတတ်ခဲ့ရင်တောင် သူ့ရဲ့ ပဲပင်ပေါက်ကားကြိတ် လက်ရေးကြောင့် ဖတ်မရတာနဲ့ စိတ်ဆင်းရဲရဦးမှာ..း)

ကိုယ်ရေးတဲ့ကဗျာလေးများ သူ့ကိုပေးဖတ်မိရင် "နားမလည်ပါဘူး မ,ရာ" တဲ့... ကြိုးစားပြီးဖတ်ခိုင်းကြည့် မှတ်ချက်ပေးခိုင်းကြည့်မိပါတယ် ကိုယ်ဘယ်လိုမှ မရည်ရွယ်မစဉ်းစားမိတဲ့ အဓိပါယ်တွေဖြစ်ကုန်ရော...

တစ်လုံးထဲရှိတဲ့ ကွန်ပျူတာကို Blogging ချင်တဲ့ ကျွန်မနဲ့ Game ဆော့ချင်တဲ့ ဒင်းနဲ့ ရန်ဖြစ်ပြီး လုရတာလည်း ခဏခဏ...

အသွင်မတူ အိမ်သူမဖြစ်ဆိုတဲ့စကားက ကျွန်မတို့အတွက်တော့ အလွဲပေါ့... နှစ်ယောက်သား တက်ညီလက်ညီရှိတာကတော့ အစားအသောက်ပဲ... ဟိုဟာလေးစားရအောင်ဆိုလည်း OK... ဒီဟာလေးချက်မယ်နော်ဆိုလည်း All Right ပဲ... သူနဲ့စတွဲကတည်းက အတွဲညီညီ စားလိုက်သောက်လိုက်နဲ့မို့ မင်္ဂလာဆောင်တော့တောင် တော်တော်ဝနေပြီ... ခုတော့ ပြောကိုမပြောချင်ဘူးလို့ပဲ ဒေါ်မြလေးအသံနဲ့ ညည်းလိုက်ချင်တော့တယ်...

ဒီလောက်တောင်ညည်းပြနေတာ စိတ်ပျက်လို့လားမေးရင်.. ဟုတ်ပါဘူးနော်... ဒီလောက်အသွင်မတူ ကွဲပြားနိုင်လွန်းသူကို ဘာလို့လက်တွဲဖော်အဖြစ် ရွေးခဲ့တာလဲလို့မေးရင်တော့... အဖြေက ရှင်းရှင်းလေးပါပဲ... ချစ်လို့ပေါ့.... အပြစ်တွေမမြင်နိုင်လောက်အောင် အချစ်တွေနဲ့ဖုံးသွားခဲ့လို့ပေါ့ကွယ်.... အဟိ

http://emo.huhiho.com

လာလည်သူတွေလဲ အသွင်မတူ အိမ်သူမဖြစ် ဆိုတဲ့ စကားပုံလေးအပေါ် ဘယ်လိုမြင်ကြလဲ သိချင်ပါတယ်... ပြောပြခဲ့ကြပါနော်...

Tuesday, August 25, 2009

နှစ်သက်မိတဲ့ နာမည်လှလှလေးများ

ကျွန်မကလေ ငယ်ငယ်ကတည်းက နာမည်လှလှ ဆန်းဆန်းလေးတွေဆို သဘောကျတတ်ပြီး မှတ်မှတ်ထားတတ်တယ်... ပထမဆုံးအနေနဲ့ ကျွန်မကြိုက်မိတာက မေမေကိုယ်တိုင်ပေးထားတဲ့ ကျွန်မရဲ့နာမည်.. "ပွင့်မြူးဇင်" ဆိုတာလေးပေါ့... မေမေက "မြူး" ဆိုတဲ့ စာပေတိုက်နာမည်လေးကို သဘောကျလို့ ဒီနာမည်ပေးခဲ့တာတဲ့... ပထမတော့အားလုံးက ခေါ်ရတာထောက်တယ်ဆိုပြီး ကန့်ကွက်ကြသေးတယ်တဲ့... နောက်တော့လဲ အဆင်ပြေသွားပါတယ်... အားလုံးက "မြူးမြူး" လို့ပဲခေါ်ကြတာကိုး... Blog လေးစရေးဖြစ်တော့လဲ "မြူးမြူး"လို့သုံးလိုက်သေးတယ်... နောက်တော့ "မြူးသျှရီလေး" နဲ့မှားမှာစိုးလို့ နာမည်အပြည့်အစုံပဲ ပြောင်းသုံးခဲ့တာ...

ကျွန်မညီမလေးရဲ့ "၀င့်ထူးဇင်" ဆိုတဲ့ နာမည်လေးကိုလည်း ကြိုက်တာပဲ... ကျွန်မနာမည်နဲ့ ကာရံညီတယ်လေ... မောင်လေးနာမည်က "ကြည်ဇော်ဇင်" ... ၈၈မှာ ကျည်ဆန်တွေကြားမွေးတာမို့ မေမေက ကျည်ဆန်ဇင်လို့ ပေးချင်တာတဲ့... အားလုံးဝိုင်းဖျက်ကြလို့... အဲဒီအချိန်မှာ ရေဒီယိုက ဇာတ်လမ်းလေးတစ်ပုဒ်လွှင့်တယ်... ဇာတ်လိုက်နာမည်က ကြည်ဇော်တဲ့... အဲဒီ ကြည်ဇော်ဆိုတာလေးကို သဘောကျပြီး ကြည်ဇော်ဇင်ဖြစ်သွားတာပေါ့...

ပြီးတော့ ဖေဖေတို့မောင်နှမ ၇ယောက်ရဲ့နာမည်လေးတွေ... ဖိုးဖိုးကြီးနာမည်က ဦးဇင်ဆိုတော့ အားလုံးကဇင်တွေချည်းပဲလေ... သက်သက်ဇင်.. မြင့်မြင့်ဇင်.. ချိုနွယ်ဇင်.. ဆွေဆွေဇင်.. ဖေဖေက လွှမ်းမိုးဇင်.. ပြီးတော့ သိဂီင်္ဇင်.. ခွာညိုဇင်... ကျွန်မသူငယ်ချင်းတွေကဆို နာမည်မှာ ဇင်နဲ့ဆုံးတဲ့သူတိုင်းကို ကျွန်မအမျိုးလို့ကို ထင်တော့တာ... ဟိုတလောကတောင် အသိအစ်မကြီးတစ်ယောက်ကမေးတယ်... စာအုပ်ထုတ်ဝေရေးလုပ်တဲ့ အံ့ဘွယ်ဇင်ဆိုတာ မြူးမြူးတို့ အမျိုးလားတဲ့... မဟုတ်ပါဘူးလို့ဖြေရတယ်... အဲဒီလောက် ဇင်များတဲ့အမျိုးလေ...

လေးတန်းတုန်းက ဆရာမတစ်ယောက်နာမည်ဆို ခုထိမှတ်မိနေသေးတယ်... "နီလာမြုတေ" တဲ့... ဆန်းတယ်နော်... ဆရာမကလဲ ချောချောလေး... သူ့နာမည်လေးနဲ့ လိုက်မှလိုက်ပေါ့... အဲဒီတုန်းကပဲ သူငယ်ချင်းတစ်ယောက်လဲ ရှိသေးတယ်... သူ့နာမည်လေးက "ကျော့ယဉ်ဝင်း" တဲ့... သူ့နာမည်လေးကြားတာနဲ့ ကျော့ကျော့လေးကနေတဲ့ ယမင်းရုပ်လေးကို မြင်ယောင်မိသလိုပဲ... နောက်တစ်ယောက်က "နွေး" တဲ့... တစ်တန်းတုန်းကသူငယ်ချင်း... သူ့နာမည်လေးက တစ်လုံးတည်းနဲ့ ဆန်းတာလေ... GTC မှာပြန်တွေ့ကြတော့ သူကမမှတ်မိဘူးလေ... ကျွန်မကတော့ သူ့နာမည်ဆန်းဆန်းလေးနဲ့တွဲပြီး ခပ်ချောချောသူငယ်ချင်းလေးကို မမေ့ခဲ့ပါဘူး...

GTC စတက်တော့ ပထမဆုံးခင်မိတဲ့ ကောင်လေးက "လရောင်ဝေး" တဲ့... ကဗျာဆရာ ဦးအောင်ဝေးရဲ့ သားကြီးပေါ့... သူ့ညီလေးနှစ်ယောက်က "လပြည့်ဝေး" နဲ့ "လမင်းဝေး"... နာမည်လေးတွေက အပျံစားလေးတွေနော်... လရောင်ရဲ့ သူငယ်ချင်းတစ်ယောက်က "မင်းနေ၀န်း" တဲ့... Civil ကကောင်လေးတစ်ယောက်လဲရှိသေးတယ်... "ဆုမွန်ရ" ဆိုပဲ... ပေးလည်းပေးတတ်ကြတယ်နော်... နောက် ညီအစ်ကိုနှစ်ယောက်ရှိသေးတယ်... "အဏ၀ါကျော်ထွတ်" နဲ့ "ရာသက်ပန်ကျော်ထွတ်" တဲ့... ရာသက်ပန်ရဲ့ သားလေးက "ဒီပါကျော်ထွတ်" တဲ့...

Blog လောကထဲရောက်လာတော့လဲ နာမည်ဆန်းဆန်းလေးတွေ အများကြီးတွေ့ရသေးတယ်... ထင်းထင်း... လင်းကြယ်ဖြူ.. နေဒေးသစ်.. နဒီမိုးညို.. နိုင်းနိုင်းစနေ.. ပြည့်ဝတ်မှုန်.. မိုးခါး.. သီဟသစ်.. ညခင်း.. စန္ဒကူးမေ.. မြူးသျှရီ.. ဂျာမုန်း.. သုနှင်းဆီ.. အိမ့်ချမ်းမြေ့.. ဖြူစင်ကြယ်.. မဟာဆန်.. နွေးနေခြည်.. နေနေနိုင်.. ၀သန်မိုး.. အို... အမျာကြီးပေါ့... ဒါတောင် မှတ်မိသလောက်ချရေးထားတာ... အားလုံးရဲ့ နာမည်လေးတွေက လှလည်းလှ ဆန်းလည်းဆန်း....

သားသားအတွက်နာမည်ကိုတော့ သူ့ဦးလေး ကိုကြည်ဇော်ပေးတာလေ... နေ့သင့်နံသင့်ပေါ့... ကြာသပတေးသားလေးလေ... "မိုးသံစဉ်ကို" တဲ့... ခုလောလောဆယ်ရော နောင်ရော ကျွန်မအမြဲကြိုက်နေတော့မယ့် နာမည်လေးပါ... သားသားနာမည်လောက် လှတာလဲမရှိတော့ဘူးထင်နေတာလေ... အင်း.... ထမင်းတော့ ငတ်ဦးမယ်....


သူများတွေ Tag Game ကစားကြတာမြင်တော့ ကျွန်မလဲ Tag ချင်လာတယ်... ညီမလေးထင်းထင်း ညီမလေးမေဇင် နဲ့ မောင်လေးအရမ်းဖြစ်ချင်တဲ့ လင်းကြယ်ဖြူ တို့ကို Tag ချင်ပါတယ်... ကြုံဖူးတဲ့ နာမည်လှလှလေးတွေအကြောင်း ရေးပေးကြပါနော်...

Friday, August 21, 2009

အမေဆိုတာ

တနေ့က ကျွန်မ သားသားကို ပုခက်ထဲထည့်လွှဲနေရင်းနဲ့ "မေမေ့သားလေးက အချောလေးနော်... သားလေးလောက်ချောတာဘယ်သူမှမရှိဘူး..." ဆိုပြီး သားလေးကို မြှုမိပါတယ်... အဲဒါကို ကျွန်မမေမေကကြားတော့ "အင်း... ထမင်းတော့ငတ်ဦးမယ်..."တဲ့.. ဘာလို့လဲလို့မေးတော့ ဒီအကြောင်းလေးကို ပြောပြတယ်...

ဒေါ်နုနဲ့ ဒေါ်ပုက တစ်ရပ်ကွက်တည်းသားချင်းတွေ.... မရင်းနှီးပေမယ့် မျက်မှန်းတော့တန်းမိနေတာပေါ့... သူတို့မှာ သမီးလေးတွေကိုယ်စီရှိကြတယ်... တစ်နေ့တော့ ဒေါ်နုက သူ့သမီးလေးဆီထမင်းသွားပို့မယ်လုပ်တုန်း ဒေါ်ပုတစ်ယောက် အလောတကြီးရောက်လာတယ်... သူ့မှာအရေးတကြီး ကိစ္စပေါ်လာလို့ သူ့သမီးလေးအတွက် ထမင်းဗူးကို လူကြုံပေးချင်လို့ပါတဲ့... ဒေါ်နုကလည်း ရပါတယ်ပေါ့... သမီးလေးနာမည်ဘယ်သူလဲလို့မေးတော့ "နာမည်မလိုပါဘူး အစ်မကြီးရယ်... တစ်ကျောင်းလုံးမှာ အချောဆုံး ကလေးမကိုသာရှာလိုက်... အဲဒါကျွန်မသမီးလေးပဲ..." လို့ဖြေသတဲ့... ညနေကျောင်းလဲဆင်းရော ဒေါ်ပုသမီးလေးက စိတ်ဆိုးမာန်ဆိုးနဲ့ပြန်ရောက်လာတယ်... နေ့လည်စာထမင်းမစားရလို့တဲ့... အဲဒီအချိန်မှာ ဒေါ်နုရောက်လာတယ်... ထမင်းဗူးလာပြန်ပေးတာလေ... ထမင်းကတော့ကုန်ပြီတဲ့... ဒေါ်ပုက ဘယ်လိုဖြစ်တာလဲမေးတော့ ဒေါ်နုပြန်ဖြေလိုက်တာက... "နေ့လည်က ကျွန်မကျောင်းကိုရောက်သွားတော့ အချောဆုံးကလေးမကို သေသေချာချာရှာပါတယ်... ဘယ်လိုပဲကြည့်ကြည့် ကျွန်မသမီးလေးကိုပဲ အချောဆုံးလို့ မြင်နေတာမို့ ထမင်းဗူးကို ကျွန်ကသမီးလေးကိုပဲ ကျွေးလိုက်တော့တယ်...." တဲ့လေ....

Wednesday, August 19, 2009

လူပျောက်ကြော်ငြာ

ဝါဆိုမိုးပွင့်
ဆင်းလွင့်နေဆဲ
ဝသန်ရာသီ
တစ်နံနက်ထဲမှာပေါ့...

စာသင်နှစ်သစ်
ကျောင်းစဖွင့်မှာမို့
ကျောင်းတော်ကြီးဆီ
လှမ်းလို့ချီခဲ့သည်
ခပ်တည်တည်ပဲနော်...

ရဲဖော်ရဲဖက်
ကဲဖက်တော်အပေါင်းအား
ဒေါင်းတောက်မျှရှာဖွေစဉ်
ကျောင်းဝင်းမဟာ
လမ်းတစ်နေရာမှာ
ဆုံခဲ့တဲ့မျက်ဝန်း
လှရက်လွန်းတာကြောင့်
နှစ်သစ်အစမှာ
မေ့မရစရာဖြစ်ခဲ့ပြီ...

နောက်တစ်မနက်
ကျောင်းပြန်အတက်မှာ
နှလုံးသားသခင်
ထိုမျက်ဝန်းရှင်လေး
ရှာမယ့်အရေးတွေးကြည့်ပြန်တော့
ကျွန်မမှတ်မိသည်က
သူ၏မျက်ဝန်း
လှလွန်းသည်သာ
ရှိခဲ့ပြီမို့..............

****နေလောင် circuit တို့၏သမိုင်း ဆိုတဲ့ ကဗျာစာအုပ်လေးထဲက ကျွန်မရဲ့ကဗျာလေးပါ... ရူးလို့ကောင်းဆဲအရွယ်က ရေးခဲ့တာပေါ့... ****

Tuesday, August 18, 2009

သားချော့တေး (၂)

မြှောက်ပေးတဲ့သူ ရှိတာနဲ့ပဲ သားချော့တေးလေးတွေ ထပ်ရေးဖြစ်ပါတယ်... သားသားကိုကျွန်မဆိုပြဖြစ်တဲ့ ကလေးကဗျာလေးတွေပါ... ကျွန်မက ကလေးကဗျာလေးတွေကို သိပ်ချစ်တာ... ကလေးတွေနားလည်လွယ်မယ့် စာသားနုနုလေးတွေနဲ့မို့ ဆိုလို့ကလည်းကောင်းမှကောင်း... ကဲ... ဆိုကြရအောင်နော်...

ဆွမ်းအုပ်နီနီ အမေရွက်လို့
နက်ဖြန်မနက်ကျောင်းတက်မယ်
မောင်လည်းလိုက်မယ် ချန်မထားနဲ့
အမေသွားတော့ ပျင်းလှတယ်
ကျောင်းကြီးပေါ်မှာမောင်ငယ်ဆော့တော့
ဘုန်းကြီးအော်လို့ရိုက်လိမ့်မယ်
မောင်မဆော့ပေါင် စိပ်ပုတီးနဲ့
ဘုန်းတော်ကြီးလိုနေပါ့မယ်
လိုက်မယ်... လိုက်မယ်

ဒီကဗျာလေးဆိုတိုင်း ရွာလေးတွေမှာရှိတတ်တဲ့ ကျွန်းတိုင်လုံးကြီးတွေနဲ့ ဘုန်းကြီးကျောင်းကြီးကိုမြင်ယောင်မိတယ်...

တို့ဘ၀ရဲ့ငယ်စဉ်တလျှောက်
ရွာဦးကျောင်းက အုန်းမောင်းခေါက်
ရောင်နီလာမိုးဦးသောက်
ခရေပင်ရှိရာအပြေးလာ
အပြေးရောက်ပန်းလေးရွေးသီကောက်..
မိုးစက်ကလေးတွေတဖေါက်ဖေါက်
သစ်ရွက်ကြွေသံဖြောက်ဖြောက်
ချမ်းတယ်စီးတယ်သဘောမှာမပေါက်
တို့မှာကိုယ်စီခမောက်...
တေးသီချင်းတကျော်ကျော်အော်လည်းနောက်
ဘယ်ခါတို့စိတ်မကောက်
ပြန်ကြမယ်အိမ်ပြန်ရောက်
တို့ကောက်ထားတဲ့ပန်းတွေမှာကွယ်အမောက်...
ငှက်ကလေးတွေတေးဆိုလို့
အော်မြည်ပျံပြေးအဝေးကိုရောက်
လှေကလေးတွေထိုးဝါးထောက်
တို့ချောင်းရိုးဆီတလျှောက်
တို့ရှေ့နားကဖြတ်ကာလျှောက်
လယ်လုပ်သားကြီးတစ်ယောက်
လက်ကနှင်တံအသာမြှောက်
ငညို ငနီအော်မြည်ကာပဲငေါက်...

ဒီကဗျာလေးကတော့ ကျွန်မမေမေ သင်ပေးထားတာ... သူငယ်ငယ်တုန်းက ကျောင်းကပွဲမှာ ယိမ်းကတဲ့ကဗျာလေးတဲ့... အကတိုက်တုန်းကတော့ ဟုတ်လို့ပဲတဲ့... တကယ့်ပွဲနေ့ကျတော့ လုံချည်ဝတ်ရတာကိုး... မ၀တ်တတ်ဝတ်တတ်ဆိုတော့ ခဏခဏကျွတ်နေလို့ လုံချည်ဝတ်နေရတာနဲ့ပဲ သီချင်းသာဆုံးရော မကလိုက်ရဘူတဲ့လေ...

ယုန်ကလေးကနားရွက်ထောင်
ပညာရှိယောင်ဆောင်
ကြောင်ကလေးကလက်သည်းဖွက်
ချောင်းလိုက်ရတဲ့ကြွက်
ရွှေဇီးကွက်ရဲ့အိနြေ္ဒ
ဘုရင်ကြီးလိုနေ
မိုးလေတွက်ကာဗေဒင်ဟော
တောက်တဲ့ကိုလေပေါ
ပြောတိုင်းယုံတဲ့ပုတ်သင်ညို
ခေါင်းညိတ်လှတယ်ဆို
ရွှေကျီးညိုသာပါစ
ဧည့်သည်လာပါစ

ဒါကတော့ လူတိုင်းသိမယ့် ကဗျာလေးပါ... အမူအယာလေးတွေနဲ့ ဆိုလို့ကောင်းတယ်လေ... သားသားအရမ်းကြိုက်တယ်...

ပူစီကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
မီးဖိုချောင်ကငါးကြော်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦးပူစီရယ်
မေမေဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မေမေ့ဆီမှာတောင်း

အဲဒီကဗျာကို ကျွန်မက...

သံစဉ်ကလေးတညောင်ညောင်
ဘာကိုတောင်းလဲမောင်
ရေခဲသေတ္တာထဲက ချောကလက်များ
တောင်းလို့နေသလား
မတောင်းနဲ့ဦး သံစဉ်ရယ်
မာမားဈေးသွားတယ်
ဈေးဝယ်ပြန်မှဆာတဲ့ကြောင်း
မာမားဆီမှာတောင်း....
လို့ ဖျက်ဆိုတာလေ.... သားသားကနားလည်တဲ့အတိုင်း တခစ်ခစ်နဲ့...

နောက်တစ်ပုဒ်ကတော့ နာမည်ကြီးလေ... ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းပေါ့...

ညိုပြာပြာ လတာပြင်ခြေရင်း
လှိုင်းတက်ရာဗေဒါတက်
လှိုင်းသက်ရာဆင်း....
ဆင်းရလည်းမသက်သာ
အုန်းလက်ကြွေရေပေါလော
မြောစုန်လို့လာ...
အဆင်းနဲ့အလာ
ဗေဒါမှအထွေး
အုန်းလက်ကြွေသူ့နံဘေး
စောင့်ခဲ့ပြန်သေး...
စောင့်ခဲ့လည်းမသက်သာ
နောက်တချီ ဒီတစ်လုံးက
ဖုံးလိုက်ပြန်ရာ
မြုပ်လေပေါ့ ပေါ်မလာ
မဗေဒါအလှ
တလံကွာလှိုင်းအကြွ
ပေါ်လိုက်ပြန်ရ...
ပေါ်ပြန်လဲမသက်သာ
ချောင်းအစွယ်မြောင်းငယ်ထဲက
ဘဲထွက်လို့လာ...
ဘဲအုပ်မှာတစ်ရာနှစ်ရာ
မဗေဒါက တစ်ပင်တည်း
အယက်အကန်ခံလို့
ဗေဒါပြန်အံကိုခဲ
ပန်းပန်လျှက်ပဲ....

ဘယ်လိုလဲ.... ဆိုလို့ကောင်းတယ်မဟုတ်လား... မောနေကြပြီထင်တယ်... သောက်လိုက်ကြဦးနော်...

Thursday, August 13, 2009

အဖော်

"ချစ်တယ်" ဆိုတဲ့စကား
အလှအပတွေထုံမွှန်းထားတဲ့
ပန်ကြားလွှာလေးတစ်ရွက်
ရုတ်တရက် ဖတ်မိခဲ့တုန်းက
ကျွန်မရဲ့အဖော်က....... ရင်ခုန်ခြင်း...

ညအခါလေးဝေးရတာကို
တစ်ဘ၀ တစ်ကမ္ဘာလားတွေးရတယ်ဆိုတဲ့
စာပုလဲသွယ်တစ်ကုံး
အပြုံးနဲ့ဖတ်ခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က....... ကြည်နူးခြင်း...

"မေ့လိုက်တော့" ဆိုတဲ့စကား
တန်ဆာတွေဆင်မထားတဲ့
လမ်းခွဲစာလေးတစ်ရွက်
တုန်လှုပ်စွာဖတ်ခဲ့ရတုန်းက
ကျွန်မရဲ့အဖော်က........ ကြေကွဲခြင်း...

"မင်္ဂလာ" ဆိုတဲ့စကား
ပကာသနတွေခြုံလွှမ်းထားတဲ့
လက်ထပ်ဖိတ်စာလေးတစ်ရွက်
မျက်ရည်နဲ့ဖတ်နေခဲ့ရပြန်တော့
ကျွန်မရဲ့အဖော်က........ အထီးကျန်ခြင်း...

ကဲ.... ဘယ့်နှယ်လဲမောင်...
ရှင်ထားရစ်ခဲ့တဲ့ ကျွန်မ
ဘယ်တုန်းကမှ အဖော်မမဲ့ခဲ့ပါဘူး..နော်.....

****၂၀၀၄ သြဂုတ်လရဲ့ အပျိုစင်မဂ္ဂဇင်းမှာ ဖော်ပြခဲ့ဖူးတဲ့ ကျွန်မရဲ့ကဗျာဟောင်းလေးပါ****

Tuesday, August 11, 2009

ကြာဆံချက်

မနေ့က အိမ်မှာကြာဆံချက် ချက်စားတယ်... ဒီမှာကကြာဆံချက်ထဲ ထည့်ရမည့် အမယ်တွေအစုံ အလွယ်တကူ ၀ယ်လို့ရနေတော့ ခဏခဏချက်စားဖြစ်တယ်လေ... ချက်နည်းကလည်း လွယ်ပါတယ်...

ကြက်သားကို ငံပြာရည်နဲ့ပြုတ်ပြီး အသားနွှင်ထားပါ... ကြွက်နားရွက်မှိုခြောက်ကို ရေစိမ်ထားရပါမယ်... ဒယ်အိုးထဲ ဆီသင့်ရုံထည့်ပြီး ဆီပူလာတဲ့အခါ ထောင်းထားတဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ... မွှေးလာရင်ငရုတ်သီးမှုန့်ပါထည့်ပြီး စိမ်းနံ့ပျောက်တဲ့အထိ မွှေပေးပါ... ပြီးရင် ခပ်သေးသေးဖဲ့ထားတဲ့ ကြက်သားတွေကိုရောထည့်ရပါမယ်... ကြက်သားတွေ ကျစ်သွာပြီဆိုရင် ရေစိမ်ထားတဲ့ ကြာဆံနဲ့မှိုခြောက်တွေကိုပါ ရောထည့်လိုက်ပါ... fish cake လှီးထားတာလည်း ထည့်ပါတယ်... ကြာဆံကိုဆီသတ်တဲ့အထဲ ထည့်လိုက်တော့ တော်ရုံနဲ့ ပျော်မထွက်သွားတော့ဘူးပေါ့... ပြီးရင်ရေလိုသလောက်ထည့်ပြီး ဆူအောင်တည်ပါ... ဆား တော်သလိုထည့်ပါ... ဆူလာရင် ကြက်သွန်နီ လေးစိတ်ခွဲထားတာထည့်ပါ... ကြက်သွန်နီတွေ နူးပြီဆိုရင်တော့... အသင့်ဖြစ်ပါပြီ...
သံပုရာသီး ကြက်သွန်နီနဲ့ နံနံပင်တွေကို ဒီလိုလေးလှီးလိုက်...

ကဲ စားလို့ရပြီပေါ့.....

Saturday, August 8, 2009

ပြတင်းတံခါးနဲ့အတင်းစကား

ညားခါစဇနီးမောင်နှံတစ်စုံတွဲ.. အိမ်အသစ်လေးဆီပြောင်းလာကြတယ်... မနက်မိုးလင်းတော့ ထမင်းစားခန်းထဲ မနက်စာစားကြတုန်း မိန်းမလုပ်သူက ပြတင်းပေါက်ကနေ တစ်ဖက်ခြံကိုလှမ်းကြည့်ရင်း...
"ကြည့်ပါဦးမောင်ရယ်... အ၀တ်တွေလျှော်ထားလိုက်တာ... စင်လဲမစင်ဘူး... အ၀တ်လျှော်ဆပ်ပြာကောင်းကောင်း မသုံးဘူးထင်တယ်.."
ယောက်ျားလုပ်သူကတော့ ဘာမှမပြော ခပ်ပြုံးပြုံးပဲ...
နောက်နေ့တွေမှာလည်း... တစ်ဖက်ခြံက အ၀တ်လှန်းထားတာမြင်တိုင်း မိန်းမက အပြစ်တင်စကားဆိုစမြဲပဲ...
တစ်လခန့်ကြာပြီးနောက်.......
"ဟယ်... ကြည့်ပါဦး... အ၀တ်တွေကလည်း ဖြူလို့သန့်လို့ပါလား... ဘယ်လိုဖြစ်လို့ပါလိမ့်... ထူးဆန်းပါ့မောင်ရယ်.."
"အင်း ဟုတ်တယ်... မောင်မနက်က စောစောနိုးနေတာနဲ့... မောင်တို့အိမ်ပြတင်းပေါက်တွေကို သန့်ရှင်းရေးလုပ်လိုက်တာလေ"

ဘာသာပြန်လေးပါ... ကျွန်မတို့လည်း သူများကိုအပြစ်မတင်ခင်... ကိုယ့်ပြတင်းပေါက်လေးကိုယ် သန့်ရှင်းရေးလုပ်လိုက်ကြရအောင်လား... နော်...

Friday, August 7, 2009

သားသားဓာတ်ပုံများ

ဒီ Walker လေးက မာမားဝယ်ပေးတာ...

သားသားက burger king လဲကြိုက်တယ်...

လည်လည်သွားမယ်... လိုက်မလား...

လုပ်ကြပါဦး... မေမေက သားသားကို ကြမ်းပြင်ပေါ်မှာချထားပါတယ်ဗျိုး...

ဒီ High Chair လေးကို သားသားကြိုက်တယ်ခင်ဗျ..

Wednesday, August 5, 2009

HAPPY BIRTHDAY TO ME

ဒီနေ့.... ကျွန်မမွေးနေ့ပါ... ၂၇နှစ်တင်းတင်းပြည့်တာပေါ့... ဘာမှတော့ ထူးထူးခြားခြားမလုပ်ဖြစ်ပါဘူး... မေမေက ဘုန်းကြီးကျောင်းမှာ သွားလှူပေးတယ်... အလုပ်ဆင်းရတော့ ကိုယ်တိုင်တောင်သွားမလှူနိုင်ဘူး... Lunch Time တုန်းက Boss ကအပြင်မှာလိုက်ကျွေးတယ်... ဒီမှာကပြောင်းပြန်နော်... မွေးနေ့ရှင်ကို သူတို့က ကျွေးရတာ... ကျွန်မကတော့ မြန်မာ့ရိုးရာမပျက်... လာလည်တဲ့သူတွေကို တစ်ခုခုကျွေးချင်ပါတယ်... ခုတော့မအားသေးလို့... လာမယ့် Long Weekends ကျရင် ဆက်ဆက်လာစားကြပါနော်...

ပြီးခဲ့တဲ့ ပို့စ်တစ်ခုမှာ... မောင့်ဆီက လိုချင်တဲ့ လက်ဆောင်အကြောင်းရေးဖူးတယ်... လိုချင်တာတော့မပေးဘူး... ကျွန်မအတွက် အလိုအပ်ဆုံးအရာတစ်ခု ၀ယ်ပေးတယ်လေ... အဲဒါဘာလဲ သိလား....




ဒါကြီးပေါ့...

အင်း........ ကျွန်မ.. တော်တော်ဝနေပြီထင်ပါရဲ့...

Tuesday, August 4, 2009

သားချော့တေး

သားသားက သီချင်းအရမ်းကြိုက်ပါတယ်... သီချင်းဆိုသိပ်မှအိပ်တာ... ကျွန်မသားသားကိုဆိုသိပ်နေကျ သားချော့တေးလေးတွေအကြောင်း ရေးပြချင်ပါတယ်...

"သားသားလေးရယ်အိပ်ပါကွယ်
မေမေသီချင်းဆိုမယ်...
သားသားလေးရယ်အိပ်ပါတော့
မေမေတေးဆိုချော့...
ပစ်တိုင်းထောင်လေးပုတိုတို မျက်နှာပြုံးချိုချို
ပစ်ချင်သလိုပစ်လို့ချ ကျရာထောင်လို့ထ...
သူ့ဘ၀နဲ့ သူ့အလှတွေ အံ့သြလောက်ပါပေ
ခြေတွေလက်တွေ ရှိပါပဲ ကိုယ်ထူကိုယ်ထမြဲ
အခက်အခဲသူရင်ဆိုင် စိတ်ဓာတ်မယိမ်းမယိုင်
အနိုင်မခံ အရှုံးမပေး ပြေးပြိုင်ချင်သေး...
မတ္ထီလာကန်ဝယ် ဖားကောက်ခဲ့ပါ့မယ်
ဗျိုင်းရှေ့ကပျံကာပျံကာရယ်
မိုးစုပ်စုပ်ချုပ်ပေါ့သားငယ်ရယ်
အိပ်ပါတော့ကွယ် ကြောင်ကြီးကိုက်လိမ့်မယ်
အိပ်ယာနိုးရင် ကျောင်းသွားရဦးမယ်
မျက်စေ့မှိတ်ထားကွယ်
အိပ်မက်လှလှ မက်စေမယ်... "

အဲဒါက သားသားရဲ့ အကြိုက်ဆုံးပေါ့... မူရင်းသီချင်းက သမီးလေးကိုသိပ်တဲ့သီချင်းဆိုတော့ နောက်ဆုံးတစ်ပိုဒ်က သားသားနဲ့မကိုက်ဘူးဖြစ်နေတယ်...

"အမေ့ခြေရာနင်းမယ့် အလှကြိုက်တဲ့သမီးငယ်ရယ်
သမီးကျောင်းသွားချိန်မှာပန်ဆင်စရာ
ပန်းလှလှလေးခူးပေးပါမယ်
ပါးကွက်ကွက်ပေးမယ် နေတစ်ဖက် လတစ်ဖက်လို
ပါးပေါ်တင်ထားတဲ့ ၀လုံးဝိုင်းဝိုင်းလေးရယ်
သမီးလေးရေးတတ်အောင်
စောစောကျောင်းသွားဖို့အိပ်ပါကွယ်..." တဲ့.....

နောက်ထပ်သားသားကြိုက်တာက...

"နေလုံးနီနီ ညနေစောင်းတော့
အမေ့ကျောင်းကိုသွားရမယ်
ငွေဗျိုင်းဖြူရယ် ကျွန်တော်သွားတော့
လိုက်မှာလားကွယ့်ပျော်လှတယ်...
သင့်မှာတောင်စုံ လေဟုန်စီး
ဒုံးပျံကြီးထက်မြန်လိမ့်မယ်
ဖိုးလ၀ါဝါပြူကာထွက်တော့
ကျောင်းတက်ချိန်လို့မှတ်ရမယ်...
မေမေ့ရင်ခွင် ထိုင်ခုံလုပ်လို့
ငုတ်တုတ်ကလေးထိုင်ပါ့မယ်
ကောင်းကင်ကြီးဟာ ကျောက်သင်ပုန်းပေါ့
ကြယ်ဝလုံးတွေရေးရမယ်...
ကမ္ဘာ့မြေပုံ တိမ်တွေရှိပါ့
အလွယ်ကြည့်ရင်သိနိုင်တယ်
မေမေ့နှုတ်သံ တအေးအေးနဲ့
ကဗျာတေးတွေသင်ပေးတယ်...
ကျောင်းအားချိန်မှာမေမေကျွေးတဲ့
ချိုချိုမွှေးကိုစို့ပေါ့ကွယ်
ရွှေကျားရွှေယုန် ပုံပြင်ခင်းတော့
တအင်းအင်းနဲ့နားထောင်မယ်...
မေမေ့ကြာနွယ် လက်သွယ်ပျောင်းနဲ့
မျက်တောင်ညောင်းတော့ အိပ်ပေါ့ကွယ်
သားသားအိပ်ချိန် ကြက်သံညောင်းမှ
မေမေ့ကျောင်းလည်း ဆင်းတော့တယ်.... သွားမယ်.... သွားမယ်...."

ဒီကဗျာတေးလေးကတော့ ကျွန်မတို့ငယ်ငယ်က အဘောင်ရှင်ဆိုသိပ်နေကျပေါ့... စာသားလေးတွေ အရမ်းကြိုက်တယ်... ရှိသေးတယ်... ဘ၀မေ့တတ်တဲ့ မဗျိုင်းအကြောင်းရေးထားတဲ့ကဗျာလေး....

"ဇီးသီးကောက်.. ဇီးသီးကောက်
မဗျိုင်းဇီးသီးကောက်...
ဇီးပင်အောက်ကမရွှေဗျိုင်း မျက်နှာခပ်ဝိုင်းဝိုင်း
ဘုရင်ကြီး.. ဘုရင်ကြီး ဆင်ပြောင်ကြီးကိုစီး
ဇီးပင်အောက်ကို မင်းကြီးဝင်
မဗျိုင်းလေးကိုမြင်..
တောင်ညာတင်လို့ ဘုရင်ကောက်
မဗျိုင်းနန်းတော်ရောက်
နန်းတော်ရောက်တဲ့မဗျိုင်းမှာ စိတ်ကြီးဝင်လှစွာ
ကိုယ့်ရွာကိုယ့်ပြည်သူမသိ မာနမိုးခေါင်ထိ
ဇီးသီးကောက်ဖော်များကလေ
မဗျိုင်းလေးကိုလွမ်းလို့နေ
ဇီးရွက်ကြွေသည်မြင်လေတိုင်း
လွမ်းလိုက်ပါရဲ့မရွှေဗျိုင်း
ဇီးသီးသည် ဇီးသီးသည်
ချိုလှ ရွှမ်းလှတယ်..
ဝယ်လိုက်ကြပါအရပ်ကတို့
ဇီးသီးချိုချိုမို့.....
မိဖုရားကြီးမဗျိုင်းမှာ ဇီးသီးအသံကြားသောခါ
ဘယ်ရွာကလဲ ဘယ်သူလဲ
ဇီးသီးဆိုတာဘယ်ဟာလဲ
မဗျိုင်းအဖော်ဇီးသီးသည် နန်းတော်ထဲမှာတလည်လည်
ထည်နိုင်ပါပေ့မရွှေဗျိုင်း
မာန်ဂုဏ်မောက်လို့ရိုင်း.....
မဗျိုင်းမာနစကားသံ ဘုရင်ကြားရပြန်
ဘ၀မှန်မေ့သူအား နန်းတွင်းငါမထား
အခုချက်ချင်းသွား....... "

ဒီကဗျာကတော့ ညီမလေး ထူးထူးငယ်ငယ်တုန်းက အရမ်းကြိုက်တာပေါ့... အိပ်ချင်ပြီဆိုရင်... "အဘောင်ရှင်ရေ ဇီးသီးကောက်မယ်" ဆိုပြီး အော်တော့တာပဲ....

"လှည်းယာဉ်ကလေးက ဂလုံ ဂလုံ ခြူလုံးတေးသံစုံ
မြင်းလှည်းလေးက ခွပ် ခွပ် အပြေးသူမရပ်
စက်ဘီးလေးက ကလင် ကလင် လမ်းကြိုလမ်းကြားဝင်
မော်တော်ကားကြီး ၀ီး ၀ီး တူပျော်ပျော်ခရီး
မီးသင်္ဘောကြီး တူ တူ မီးခိုးတလူလူ
ငှက်သမ္မာန်က ကျွိ ကျွိ လှိုင်းကတအိအိ
လေယာဉ်ပျံကြီး ၀ီ ၀ီ ကောင်းကင်ထက်မှာမြည်
မီးရထားကြီ ဂျုံး ဂျုံး လိုက်ပါရစေဦး..... "

ဒါလေးကတော့ မြည်သံစွဲ အလင်္ကာတွေနဲ့ ဖွဲ့ထားတာလေ... ဆိုလို့လည်းကောင်းတယ်... နားထောင်လို့လည်းကောင်းပါတယ်...

"၀ါဆိုဝါခေါင်ရေတွေကြီးလို့
သပြေသီးမှည့်ကောက်စို့ကွယ်
ခရာစူးချုံ ဟိုအထဲက
မျှော့နက်မဲကြီးတွယ်လိမ့်မယ်
မျှော့နက်ဆိုတာ ဂျိုနဲ့လားကွယ့်
မြွေနဂါးတောင်ကြောက်ဖူးကွယ်
ဒို့လည်းကြောက်ပေါင် အတူသွားစို့
အုန်းလက်နွားလေးထားခဲ့မယ်
လိုက်မယ်... လိုက်မယ်...."

ဒါကတော့ မိုးရာသီကဗျာလေးပေါ့....

ကဲ................ အဲဒီကဗျာတွေအားလုံး ဆိုပြီးပြီဆိုရင်တော့... သားသားလဲအိပ်... မေမေလည်းမောပြီပေါ့...

Monday, August 3, 2009

Joke

မေး။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံကိုပြောပြပါ
ဖြေ။ မြန်မာနိုင်ငံဖြစ်ပါတယ်။
မေး။ ဘယ်လိုသက်သေပြနိုင်ပါသလဲ။
ဖြေ။ နှစ် ၅၀ နီးပါး ခိုးလို့ရတာအကုန်ခိုးတာတောင် အခုထိမကုန်သေးလို့ပါ။

Source: Shwe Bo Thar
Credit to Ko Shwe Bo Thar & My cousin Yokeks.

Friday, July 31, 2009

When You are Falling in Love!!!

When you are together with that special one, you pretend to ignore that person.
But when that special one is not around, you might look around to find him/her.
At that moment, you are in love.

Although there is someone else who always makes you laugh, your eyes and attention might go only to that special one.
Then, you are in love.


Although that special one was supposed to have called you long back, to let you know of his/her safe arrival, your phone is quiet.
You are desperately waiting for the call!
At that moment, you are in love.

If you are much more excited for one short e-mail from that special one than other many long e-mails,
You are in love.

When you find yourself as one who cannot erase all the Emails or SMS messages in your phone because of one message from that special one, you are in love.

When you get a couple of free movie tickets, you would not hesitate to think of that special one.
Then, you are in love.

You keep telling yourself, "that special one is just a friend", but you realize that you can not avoid that person's special attraction.
At that moment, you are in love.

While you are reading this post, if someone appears in your mind,
Then u are in love with that particular person...


***Just Sharing what I had read***

Thursday, July 30, 2009

PHILOSOPHY OF LIVING

Talk-----Softly
Walk------Humbly
Eat---------Sensibly
Breathe------
-Deeply
Sleep---------
--Sufficiently
Dress----------
--Smartly
Act---------------Fearlessly
Work---------------Patiently
Think----------------Truthfully
Believe-----------------Correctly
Behave-------------------Decently
Learn-------------------
---Practically
Plan--------------------
-----Orderly
Earn---------------------------Honestly
Save-----------------------------Regularly
Spend------------------------------Intelligently
Love---------------------------------Passionately
ENJOY---------------------------------COMPLETELY!!!

Tuesday, July 21, 2009

Monday, July 20, 2009

Don't Touch Me, May May



Don't touch me, May May.
I can sit on my own already. Don't worry!! I won't fall down.
(Thar Thar Moe Thanzin)

Sunday, July 12, 2009

အသုပ်စုံ






အသုပ်စုံစားကြပါဦးနော်... ကျွန်မသုပ်ပေးရင် မကောင်းမှာစိုးလို့ ဗန်းလိုက်တွေပဲ ချပေးထားလိုက်တယ်... စိတ်ကြိုက်သာနယ်စားကြပါနော်... အမယ်တွေကတော့ အစုံပဲ... သင်္ဘောသီးစိမ်း... ဂေါ်ဖီထုပ်... သခွားသီး... ပဲပြားကြော်... အာလူးပြုတ်... ပဲပင်ပေါက်ပြုတ်... ကြက်သွန်စိမ်း... ခေါက်ဆွဲ... ပဲကြာဆန်... ထမင်းကိုလည်း ငရုတ်ဆီလေးနဲ့နယ်ထားတယ်... ရွှေပုစွန်ခြောက်လေးလည်းထောင်းထားတယ်... အချဉ်ရည်ကလည်း ရှယ်ဖျော်ထားတာနော်... ကြက်သွန်ဖြူဆီချက်လေးလည်း ထည့်သုပ်စားဦး...

Saturday, July 11, 2009

HAPPY BIRTHDAY


HAPPY BIRTHDAY TO YOU, MY LOVELY YOUNGEST BROTHER, KYI ZAW ZIN!!!

WISH YOU FULFILL WITH ALL YOUR DESIRE!!!

Wednesday, July 8, 2009

အဲဒီညကပေါ့...
ငါ့ရဲ့ရင်ခုန်သံတွေဟာ
နာရီလက်တံတွေကို
တရွေ့ရွေ့ခိုစီးနေခဲ့တယ်...

ဒီဂရီသုံးရာ့ခြောက်ဆယ်ကို
အကြိမ်ကြိမ်လှည့်ပတ်မိတာနဲ့အမျှ
ငါ့မျှော်လင့်ချက်နံရံတွေလည်း
တစတစပြိုကျခဲ့ရပေါ့...

အလင်းရောင်ကိုတမ်းတစွာနဲ့
ခေါင်းမော့ကြည့်မိတော့
ဖြူဆုတ်ဆုတ်မျက်နှာကြက်က
ငါ့ကို လှောင်ရယ်နေတယ်...

သြော်...
နံရံခြောက်ခုရဲ့ကြား
ငါတစ်ယောက်တည်းပါလား...

ငါ့နံဘေးမှာတော့
ဆွံ့အနေတဲ့
တယ်လီဖုန်းလေးကလွဲလို့...........

Monday, July 6, 2009

ငယ်ငယ်တုန်းကမိုးရာသီ

ဒီအချိန်ဆို အမိမြေမှာမိုးတွေဖြိုင်ဖြိုင်ရွာနေရောပေါ့... ကျွန်မက မိုးတွင်းမှာမွေးတဲ့သူမို့ထင်တယ်.. မိုးရွာတာကိုအရမ်းကြိုက်တယ်... ငယ်ငယ်တုန်းကဆို မိုးရွာတာနဲ့ မေမေရေ မိုးရေချိုးချင်တယ်လို့ အော်တော့တာပဲ... မိုးဦးကျခါစ ပထမဆုံးရွာတဲ့မိုးဆို မေမေကပေးမချိုးဘူး... ဖျားတတ်တယ်တဲ့... ကျွန်မကလည်းအဲဒီမိုးရေကိုမှ အရမ်းချိုးချင်တာလေ... ကျွန်မငယ်ငယ်ကနွေရာသီဆို မိတ်ယားတွေအရမ်းထွက်တယ်... လူကသရဲရုပ်ပေါက်တဲ့အထိကိုထွက်တာ... မိုးရေချိုးပြီရင် မိတ်တွေပျောက်မှာသိတော့ အရမ်းချိုးချင်တာပေါ့... မေမေ့ဆီကခွင့်ပြုချက်ရတာနဲ့ ညီအစ်မနှစ်ယောက်သား မိုးရေထဲပြေးဆင်းတော့တာ... မောင်လေးကငယ်သေးတော့မပါရဘူး... ကျွန်မတို့မိုးရေထဲဆော့နေတာကြည့်ပြီး သူလည်းပျော်နေတာပေါ့... ကျွန်မတို့ကလည်းဆော့တာမှ နှုတ်ခမ်းတွေပြာတဲ့အထိပဲ...

မိုးရေချိုးပြီးတိုင်း ဗိုက်ဆာဆာနဲ့ တ၀တပြဲအုပ်နေကျ မိုးရာသီထမင်းဝိုင်းလေးကိုလည်း သတိရမိတယ်... ကျွန်မတို့ အဘောင်ရှင် (အဖွား) ကဟင်းချက်အရမ်းကောင်းတာ... မိုးတွင်းဆို သူချက်နေကျဟင်းတွေက ငါးလေးအိုးကပ်.. ပုဇွန်ဆိတ်ကြော်.. ဒေါင်းပျောက်ငါး (ဗမာလိုမခေါ်တတ်ဘူး) ကိုငရုတ်သီးအနှစ်နဲ့ စပ်စပ်လေးချက်.. ဘူးသီးဟင်းခါး.. ပိန်:ဥဟင်းခါး.. တခါတလေ ဖလံတောင်ဝှေးကို ငပိနဲနဲ ပုဇွန်ခြောက်နဲနဲ ငရုတ်သီးစိမ်းနဲ့ ရခိုင်ချက်လေးချက်... ရခိုင်ငပိထောင်းလေးထောင်း.. တို့စရာတွေက မာလာဖူး.. လယ်ကန်စွန်း.. ဇရစ်ရိုး... ဟင်း... သွားရည်ကျလာပြီနော်... အချိုတဲဖို့ ရင်ကွဲသရက်သီ:မှည့်ချိုချိုလေးလည်းပါသေးတယ်...

မိုးအေးအေးမှာ အိပ်ယာထဲစောင်ခြုံကွေးပြီး ကာတွန်းစာအုပ်ဖတ်ရတာကလည်း ဇိမ်ပဲနော်... မိုးတိတ်သွားတဲ့အခါကျတော့ မြေးအဖိုးတတွေလမ်းလျှောက်ထွက်ကြတယ်... လမ်းလျှောက်ရင်းနဲ့ ချောင်းနားရောက်ရင် ချောင်းစပ်ကိုဆင်းပြီး ကြာဟင်းညွန့်တွေခူး.. ခရာပန်းခရမ်းရောင်လေးတွေခူး... ကြိမ်စေ့လေးတွေခူး... အိမ်ရောက်ရင် ခရာပန်းတွေ ကြိမ်စေ့တွေကို ပုတီးကုံးတွေ ဘယက်တွေဖြစ်အောင်သီနဲ့ အရမ်းပျော်တာပေါ့...

ခုခောတ်ကလေးတွေမှာတော့ အဲဒီလို သဘာဝကျကျပျော်လေးတွေ ရှိတော့မယ်မထင်ဘူး... Computer Game တွေ Amusement Park တွေက ဖန်းတီးတီထွင်ထားတဲ့ ပကာသနတွေကြားမှာပဲ ပျော်နေကြတော့တာ.. တနေ့က ညနေပိုင်း မိုးတွေသည်းသည်းမဲမဲရွာတော့တောင် မေမေ့ကိုပြောမိသေးတယ်... မိုးဒီလောက်ရွာနေတာ မိုးရေချိုးမယ့်သူလည်းတစ်ယောက်မှမရှိဘူး.. မိုးရေထဲဆော့ချင်လိုက်တာဆိုတော့ မေမေက အရူးမတဲ့.. ကလေးအမေပဲဖြစ်နေပြီ... သူငယ်ပြန်မနေနဲ့တဲ့ ကောင်းချီးပေ:တယ်လေ... တကယ်လွမ်းမိတာပါ... ငယ်ငယ်တုန်းကမိုးရာသီကိုရော... အဘောင်ရှင်ချက်ကျွေးတဲ့ မိုးရာသီဟင်းလေးတွေကိုရောပေါ့...

Sunday, July 5, 2009

ပန်းဘဝ

နေရောင်တွေမခ
အပူဒဏ်တွေဝေးလေစွရယ်လို့
အေးလှပြီမထင်လိုက်ပါနဲ့...

နေခြည်အောက်မှာ
ရွှေရည်လွှမ်းလို့လန်းဆန်းလိုပေမယ့်
ဒို့လေ...
လောင်းရိပ်မိတဲ့ပန်းရယ်မို့.......

Friday, July 3, 2009

သံသယ

တနေ့... ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် အတူတူကစားနေကြတယ်... ကောင်လေးဆီမှာ သူစုဆောင်းထားတဲ့ ကျောက်ခဲရောင်စုံလှလှလေးတွေ ရှိပြီး.. ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေရှိတယ်... ကောင်လေးက သကြားလုံးစားချင်လို့ ကောင်မလေးကို နင့်သကြားလုံးတွေအားလုံးနဲ့ ငါ့ကျောက်ခဲလေးတွေအားလုံး လဲကြရအောင်လို့ ပြောတာပေါ့... ကောင်မလေးကလဲ ကျောက်ခဲလေးတွေလိုချင်တော့ လဲမယ်လို့သဘောတူလိုက်တယ်... ကောင်မလေးက ကတိအတိုင်း သကြားလုံးတွေ အကုန်ထုတ်ပေးပေမယ့် ကောင်လေးကတော့ ကျောက်ခဲလေးတွေ အကုန်မပေးခဲ့ဘူး... အကြီးဆုံးနဲ့ အလှဆုံးကျောက်ခဲလေးကို ကောင်မလေးမမြင်အောင် ဖွက်ထားခဲ့တာ...

ညကျတော့ ကောင်မလေးက ဘာအပူအပင်မှမရှိလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့အချိန်မှာ ကောင်လေးကတော့အိပ်မပျော်နိုင်ဘူး... သူလည်းငါ့လိုပဲဖွက်ထားတဲ့ သကြားလုံးတွေရှိချင်ရှိနေမှာ.. ခုအဲဒါတွေစားနေပြီလားမသိဘူးလို့တွေးပြီး အိပ်မရနိုင်ဖြစ်နေတာပေါ့...

အဲဒီလိုပါပဲ... ဘ၀တစ်သက်တာမှာ အချစ်ကိုပဲဖြစ်ဖြစ် ခင်မင်မှုပဲဖြစ်ဖြစ် အလုပ်နဲ့ပတ်သတ်လို့ပဲဖြစ်ဖြစ် ကိုယ့်ဖက်က ရာနှုန်းပြည့်ပေးမထားမိဘူးဆိုရင် တဖက်က ရာနှုန်းပြည့်ပြန်ရလိုက်တာတောင်မှ သံသယရဲ့ဖိစိးမှုကို ခံစားရတတ်စမြဲပါ....


**** ဖတ်ဖူးတာလေးတွေကို ဘာသာပြန်ပြီး မျှဝေတာပါ... ရေးသူတော့ဘယ်သူလည်းမသိပါဘူး... ****