Thursday, March 29, 2012

သားသားကိုပြောပြချင်တဲ့ အိပ်ယာဝင်ပုံပြင်လေးတွေ (၁)

ကျွန်မတို့ငယ်ငယ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးခွင့်ရခဲ့တာ ကျွန်မတို့ရဲ့ ပါပါကြီး (အဖိုး)နဲ့ ဘောင်ဘောင်ကြီး (အဖွား) တို့ကြောင့်ပါ.. တီဗွီတွေ ဗွီဒီယိုတွေ တွင်တွင်ကျယ်ကျယ်မရှိသေးတဲ့ ကျွန်မတို့ခေတ်တုန်းက အိပ်ယာဝင်ပုံပြင်လေးတွေနဲ့သာ အပျင်းပြေစေရတာပေါ့.. ခု သားသားတို့ခေတ်မတော့ အီလက်ထရောနစ်တွေထွန်းကားလို့ ကြည့်စရာ ဆော့စရာတွေက များမှများမို့လား.. ဘယ်လိုပဲတိုးတက်တဲ့ခေတ်ကြီးလိုဆိုဆို သားသားကိုတော့ အိပ်ယာဝင်ပုံပြင်လေးတွေနဲ့ ရင်းနှီးစေချင်မိတယ်.. သားသားက ရန်ကုန်မှာဆိုတော့ ကိုယ်တိုင်ပြောပြခွင့် မရှိဘူးပေါ့.. ကျွန်မမေမေကိုပဲ ပုံပြောခိုင်းထားရတယ်.. ကျွန်မရင်ထဲမှာတော့ သားသားကိုပြောပြချင်တဲ့ပုံပြင်လေးတွေမှ အများကြီး.. ပြောလိုမှမရတော့ ပြောချင်ရာပြောခွင့်ရှိတဲ့နေရာမှာပဲ ရေးလိုက်တော့မယ်.. စီးရီးလိုက်ကိုရေးမှာနော်.. ဆားချက်တယ်လို့တော့ မထင်စေချင်ဘူး.. ရေးချင်လွန်းလို့ကို ရေးတယ်မှတ်ပါတော့..


ဟိုးရှေးရှေးတုန်းကပေါ့ကွယ် မြင်းကြီးတစ်ကောင်နဲ့ ခရုလေးတစ်ကောင်တို့ဟာ လမ်းတနေရာမှ ဆုံမိကြပါသတဲ့.. အပြေးမြန်တဲ့မြင်းကြီးက အလွန်နှေးတဲ့ခရုလေးကို အထင်သေးတဲ့မျက်လုံးတွေနဲ့ စောင်းငဲ့ကြည့်ပြီး..

"ဟေ့မောင်ခရု.. အပြေးမြန်သူတွေလာရင် မင်းတို့လိုကောင်တွေက လမ်းဖယ်ပေးရမယ်ဆိုတာ နားမလည်ဘူးလားကွ.." လို့ ခပ်ဆတ်ဆတ်လေးပြောလိုက်တယ်..

ခရုလေးလဲ အနှိမ်ခံရတာကို မခံချင်ဖြစ်သွားတာပေါ့.. "ဒီမှာ ဦးမြင်းကြီးရဲ့.. ကျုပ်တို့ခရုတွေဆိုတာက ပြိုင်ပွဲလေးဘာလေးရှိမှသာ မြန်မြန်ပြေးချင်ကြတာဗျ.. အလကားနေရင်း လျှောက်ပြေးပြီး အမောခံကြတာမဟုတ်ဘူး.." လို့ ခပ်ကြွားကြွားလေးပြန်ပြောသတဲ့..

မြင်းကြီးက "ဟားဟားဟား.. ဟုတ်မှလဲလုပ်ပါမောင်ခရုရယ်.. မင်းတို့မြန်မြန်ပြေးတယ်ဆိုတာလောက်များ ငါလမ်းလျှောက်သလောက်တောင် မြန်မယ်မထင်ပါဘူး.. အကြောင်းသိတွေချင်းများ လာကြွားမနေစမ်းပါနဲ့" လို့ လှောင်ရယ်ရင်းပြောလိုက်တယ်..

ခရုလေးက "ကြွားတာမဟုတ်ရပေါင်ဗျာ.. ခင်ဗျားမယုံရင် ကျုပ်နဲ့အပြေးပြိုင်မလား" လို့ စိန်ခေါ်လိုက်တော့တယ်..

မြင်းကြီးက "မင်းနဲ့ပြိုင်ရမှာများ အချိန်မရွေး နေရာမရွေးပေါင်မောင်ခရုရယ်.. ကဲ.. ဘယ်တော့ပြိုင်မလဲပြော.. " လို့ဆိုတော့.. နောက်သုံးရက်နေရင် အပြေးပြိုင်ကြမယ်လို့ ချိန်းလိုက်ကြသတဲ့..

သားသားသိတယ်မို့လား.. ခရုဆိုတာ အင်မတန်နှေးတဲ့အကောင်လေးဆိုတာ.. မြင်းကြီးကိုနိုင်ဖို့ဘယ်ဖြစ်နိုင်မလဲ.. အဲဒီတော့ ခရုလေးလဲ ဉာဏ်များရတော့တာပေါ့.. သူရဲ့သူငယ်ချင်းတွေအားလုံးကို ခေါ်ပြီး ပြောသတဲ့..

"သူငယ်ချင်းတို့ရေ.. မင်းတို့ငါတို့တွေ တနေ့တနေ့ တရွေ့ရွေ့နဲ့သွားနေရတာ အရောက်နှေးသလောက် ညောင်းလှနာလှသကွာ.. ငါကြားဖူးတာတစ်ခုရှိတယ်.. မြင်းရဲ့အသားကိုစားရလို့ရှိရင် ညောင်းညာကိုက်ခဲတာတွေ ပျောက်တယ်တဲ့ကွ.. ဘယ်လိုလဲ မင်းတို့ မြင်းသားမစားချင်ကြဘူးလား.. "

သူငယ်ချင်းခရုတတွေလဲ "စားချင်တာပေါ့ကွာ" လို့ တညီတညာတည်း ပြန်ဖြေကြတာပေါ့..

အဲဒီတော့ ခရုအလည်ကောင်လေးက ပြောတယ်.. "မင်းတို့မြင်းသားစားရဖို့ ငါကြံထားတာရှိတယ်.. ငါပြောသလိုသာလိုက်လုပ်ကြ" ဆိုပြီး.. အပြေးပြိုင်ဖို့ မိုင်ပေါင်းများစွာရှည်တဲ့လမ်းကြီးကို ရွေးလိုက်သတဲ့.. သူ့သူငယ်ချင်းခရုလေးတွေကို တစ်ဖာလုံမှာ တစ်ကောင်ကျစီ နေရာယူထားဖို့နဲ့ မြင်းကြီးအနားရောက်လာပြီး မောင်ခရုရေလို့ခေါ်ရင် ရှိပါတယ်လို့အော်ကြဖို့ သင်ပေးလိုက်တယ်.. အလွန်နှေးတဲ့ခရုလေးတွေလဲ တရွေ့ရွေ့နဲ့ ခရီးနှင်လိုက်ကြတာ ၃ရက်မြောက်တဲ့နေ့မတိုင်ခင်လေးမှာပဲ လမ်းရှည်ကြီးတလျှောက် အဆင်သင့်ဖြစ်နေကြတော့တယ်..

ပြိုင်ပွဲနေ့မနက်လဲရောက်ရော ချိန်းထားတဲ့နေရာကို မြင်းကြီးရောက်လာတာပေါ့.. ခရုလေးက ပြိုင်ပွဲစည်းကမ်းတွေကို ပြောပြသတဲ့..

"ကဲဦးမြင်းကြီးရေ.. ကျုပ်တို့ အပြေးပြိုင်ကြမယ်.. စည်းကမ်းကတော့ ရှင်းပါတယ်ဗျာ.. ၂ယောက်တူတူပြေးနေကြရင်း ပြတ်ကျန်ခဲ့တဲ့သူက ရှုံးစတမ်းပေါ့.. အဲဒီတော့ တစ်ဖာလုံပြေးပြီးတိုင်း ခင်ဗျားက မောင်ခရုရေလို့သာခေါ်လိုက်.. ကျုပ်က ရှိပါတယ်လို့ပြန်ပြောမယ်.. မပြောနိုင်ရင် ကျုပ်ရှုံးတယ်ပေါ့ဗျာ.. "

မြင်းကြီးလဲသဘောတူပြီး အပြေးပြိုင်ကြတာပေါ့.. တစ်ဖာလုံပြေးပြီးတိုင်း မြင်းကြီးက "မောင်ခရုရေ" လို့ခေါ်ရင် ကြိုပြီးနေရာယူထားတဲ့ခရုလေးက "ရှိပါတယ်" လို့ အော်တော့တာပေါ့.. မြင်းကြီးက တအံ့တသြနဲ့ ခရုလေးမမှီအောင် အမြန်ဆုံးပြေးရင်း ခရီးကလဲဝေးလွန်းတော့ အမောဆို့ပြီး လဲကျသေဆုံးသွားတော့သတဲ့ကွယ်.. အဲဒီတော့မှ ခရုလေးတွေလဲ အောင်သေအောင်သားအဖြစ် မြင်းသားတွေတဝကြီးစားသောက်လိုက်ကြပြီး.. အဲသည်ကစလို့ ခရုလေးတွေမှာ ညောင်းညာကိုက်ခဲခြင်းရယ်လို့ လုံးဝမရှိတော့ဘူးတဲ့ကွယ်..

ပုံပြင်လေးကတော့ ဒါပါပဲသားသားရေ.. မေမေ့သားလေးကိုတော့ ခရုလေးလိုလဲ အနိုင်လိုချင်ဇောနဲ့ မကောက်ကျစ်စေချင်ဘူး.. မြင်းကြီးလိုလဲ မစဉ်းစားမဆင်ခြင်ပဲ သူများပြောတိုင်း မယုံစေချင်ဘူး သိလား.. အရာရာကို စဉ်းစားချင့်ချိန်ပြီး ယုံသင့်မှယုံလို့ သူတပါးနဲ့ယှဉ်ပြိုင်ရတဲ့အခါတိုင်းလဲ တရားသောယှဉ်ပြိုင်ြင်းနဲ့သာ အနိုင်ရဖို့ ကြိုးစားစေချင်တယ် သားလေးရေ...