Friday, December 30, 2011

အဝေးကသံစဉ်

လာမယ့်နှစ်သစ် ၁ရက်နေ့ဆို ကျွန်မရဲ့ ချစ်လှစွာသော တစ်ဦးတည်းသောသားလေး ၃နှစ်တင်းတင်းပြည့်ပြီ.. မိဘတွေနဲ့ခွဲပြီး နေနေရပေမယ့် သူကလေးက ဆွေမျိုးတွေအလယ်မှာ ပျော်နေပါရဲ့.. သူ့မွေးနေ့ပွဲကိုလဲ သူ့စိတ်ကြိုက် စီစဉ်ပေးဖို့တောင် တောင်းဆိုတတ်နေပြီ.. မွေးနေ့လက်ဆောင် ဘာယူမလဲမေးသူတွေဆီက သူလိုချင်သမျှကို ကလေးပီပီ အားမနာတမ်းတောင်းတတ်နေပြီ.. မွေးနေ့ကိတ်သွားမှာတော့လဲ သူ့စိတ်ကြိုက် ကိတ်ကို ကိုယ်တိုင်ရွေးသတဲ့.. ခုခောတ်ကလေးတွေများ လူဖြစ်မြန်လိုက်တာ..

သားသားက မှတ်ဉာဏ်သိပ်ကောင်းတယ်.. စလုံးကလူတွေ နေရာတွေ အားလုံးကိုလဲ အတိအကျ မှတ်မိနေသေးတယ်လေ.. သူနဲ့ဖုန်းပြောလို့ မေမေ့ဆီလာမလားမေးရင် ခဏပဲလာမယ်တဲ့.. ရန်ကုန်အိမ်ကမှ သားသားအိမ်တဲ့လေ.. သားသားက ရန်ကုန်အိမ်ကို အရမ်းကြိုက်နေပြီ.. ခြံထဲမှာ သစ်ခွပင်လေးတွေ သူ့မားမားကိုစိုက်ခိုင်းပြီး သူကနေ့တိုင်း ရေလောင်းသတဲ့.. အိမ်နီးချင်းတွေဆီမှာ သူကြိုက်တဲ့သစ်ပင်လေးတွေတွေ့ရင် သားသားလဲစိုက်ချင်လို့ ပေးပါနော်ဆိုပြီး တောင်းယူစိုက်ထားတဲ့အပင်လေးတွေလဲ အများကြီးဆိုပဲ.. ခုအရွယ်လေးကတည်းက အိမ်ကိုအလှဆင်ပြီး သပ်သပ်ရပ်ရပ်လေးထားရတာကို သူလေးက သိပ်သဘောကျသတဲ့လေ.. အိမ်အတွက် ပရိဘောဂအသစ်လေးတခုခု ၀ယ်ဖြစ်ပြီဆို ကျွန်မဖုန်းဆက်တဲ့အခါ သူလေးက ၀မ်းသာအားရပြောပြရှာတယ်.. မေမေရေ.. ဘာလေးဖြင့်ဝယ်လိုက်တယ်.. ဘယ်နားလေးမှာ ထားလိုက်တယ်.. သားသားအိမ်လေးက လှသွားပြီ စသည်ဖြင့်ပေါ့.. သားသားက အရွယ်နဲ့မလိုက်အောင် လူကြီးဆန်ပါတယ်..

ကျွန်မက သားသားကို ရန်ကုန်ပြန်မပို့ခင် ပြောပြထားဖူးတယ်.. သားသားအိမ်က ရန်ကုန်မှာရှိတယ်.. သားသားနေဖို့အတွက် မေမေတို့ဝယ်ပေးထားတာလို့.. အဲ့စကားကို သူကအသေမှတ်ထားပြီး ရန်ကုန်အိမ်ဟာ သူ့အိမ်.. သူ့အတွက် မေမေတို့ဝယ်ပေးထားတာလို့ လူတိုင်းကို ကြုံတိုင်းပြောနေတော့တာ.. ကျွန်မ ညီမလေးတို့ မောင်လေးတို့ ရန်ကုန်အလည်ပြန်တုန်းကလဲ သူကပြောသတဲ့.. တီထူးတို့ လေးလေးဇော်တို့က ခဏလာလည်တာလား.. ဒီအိမ်က သားသားအိမ်နော်.. သားသားအတွက် မေမေဝယ်ပေးထားတာလို့ ပြောတယ်တဲ့လေ.. ညီမလေးက မကြီးရေ နင့်သားတော့ ငါတို့ကို အိမ်ပေါ်ကနှင်ချနေပြီပြောလို့ ရယ်ရသေးတယ်..

သောကြာသားမဟုတ်ပေမယ် ့သားသားက စကားအရမ်းပြောပါတယ်.. လမ်းထဲက တွေ့သမျှလူတွေကို နှုတ်ဆက်.. အလာပ သလာပတွေပြော.. လူချစ်အောင်လဲ နေတတ်ပါတယ်တဲ့.. အိမ်နီးချင်းတွေက အငိုနည်းပြီး စကားသိပ်တတ်တဲ့သားသားကို ချစ်ကြတယ်.. တခြားကလေးတွေလို အကြောင်းမဲ့ဂျီတိုက်ပြီး ငိုယိုနေတာမျိုး လုံးဝမရှိတာမို့ အားလုံးကချီးကျူးကြတယ်တဲ့.. ဖေဖေနဲ့မေမေရောလို့ မေးသူတိုင်းကို ဖေဖေနဲ့မေမေက စင်္ကာပူမှာ သားသားအတွက် ပိုက်ပိုက်ရှာနေတာလို့ ပြန်ဖြေတတ်သတဲ့.. မနက်မိုးလင်းလာရင် အိပ်ယာထတာနဲ့ သီချင်းလေးတအေးအေးနဲ့ နေတတ်တယ်ဆိုပဲ.. တနေ့က ကျွန်မကို သီချင်းဆိုပြတယ်.. ဟဲလေးသီချင်း.. ကျွန်မတောင် သေချာမကြားဖူးသေးဘူး.. သူက သံစဉ်မှန်မှန်နဲ့ ကောင်းကောင်းဆိုတတ်နေပြီ..

သားသားက သူ့ကိုဆူပြီဆိုရင် ဘာလို့လဲဆိုတာကို သေသေချာချာပြန်မေးတတ်တယ်.. မားမားက ဘာလို့စိတ်ဆိုးတာလဲ.. သားသားကိုမအော်ပါနဲ့.. နောက်ကို သားသားအဲလိုမလုပ်တော့ပါဘူးလို့ ပြောတတ်သတဲ့.. တနေ့ကလဲ ဖိနပ်မစီးပဲ ခြံထဲမှာလျှောက်သွားနေလို့ ကျွန်မမေမေက သူ့ကို လူဆိုတာဖိနပ်စီးရတယ်.. စာကလေးတွေ ကြောင်တွေပဲ ဖိနပ်မစီးတာလို့ပြောတော့ သူက ချက်ချင်းပြန်ပြောသတဲ့.. ဆွမ်းခံကြွတဲ့ ဘုန်းဘုန်းကျတော့ ဖိနပ်ဘာလို့မစီးတာလဲတဲ့လေ..

သားသားက အစားအစာနဲ့ပတ်သတ်လာရင် အရသာကိုသိပ်သိတယ်.. သူစားနေကြမဟုတ်ရင် ချက်ချင်းသိပြီး ပြောတော့တာပဲ.. သူ့မားမားက အချိန်မရလို့ သူစားနေကျဆိုင်မှာမဟုတ်ပဲ အိမ်နားကမုန့်ဟင်းခါးဆိုင်မှာပဲ ၀ယ်ကျွေးတဲ့နေ့ဆို ကျွန်မဖုန်းဆက်ရင် သူကပြောတတ်တယ်.. မနက်က မားမားမအားလို့ ဖြစ်သလိုမုန့်ဟင်းခါးလေးပဲ စားရသတဲ့လေ.. ဖြစ်သလိုမုန့်ဟင်းခါးရယ်လို့ သူပဲပြောတတ်ပါ့.. ဟိုဆိုင်ကဟိုဟာလေးစားချင်လိုက်တာ ရယ်လို့လဲ ၀ယ်ကျွေးခိုင်းတတ်နေပြီဆိုပဲ..

သားလေးရဲ့ သိတတ်လိမ်မာမှုလေးတွေက ကျွန်မတို့အတွက် အားဆေးပါပဲ.. ပျော်ရာမှာမနေရ တော်ရာမှာပျော်အောင်ကြိုးစားနေရသူတွေမို့ သားလေးလိမ်မာလို့သာ စိတ်အေးချမ်းသာနဲ့ ငွေရှာနိုင်တာမို့လား.. အရွယ်နဲ့မလိုက်အောင် အသိဉာဏ်မြင့်မားပြီး သိတတ်လိမ်မာတဲ့သားလေးအတွက် မွေးနေ့မှစလို့ နောင်နှစ်ပေါင်းများစွာတိုင်အောင် အေးချမ်းအောင်မြင်ပြီး ပျော်ရွှင်စရာအတိပြီးတဲ့ ဘဝလှလှလေးကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်..

Thursday, December 22, 2011

ဒီဇင်ဘာအချစ်

ဒီဇင်ဘာက ကိုယ့်အတွက်တော့ အမှတ်ရစရာတွေအပြည့်.. ရာစုနှစ်တခုကနေ နောက်ရာစုနှစ်တခုကို ကူးပြောင်းလုဆဲဆဲ ဒီဇင်ဘာနေ့ရက်လေးရဲ့တမနက်မှာ ကိုယ် အချစ်တခုကို ကောက်ရဖူးခဲ့တယ်..

မြို့သစ်လေးရဲ့ ဒေသန္တရဆေးခန်းမှာ ကျောင်းအပ်ဖို့အတွက် ဆေးစစ်ချက်ယူရင်း ဆံပင်ရှည်ရှည်အရပ်မြင့်မြင့် ကောင်မလေးတယောက်နဲ့ ဆုံဆည်းခွင့်ရခဲ့တယ်.. ဒီဇင်ဘာရဲ့ နှင်းဖွေးဖွေးမနက်ခင်းထဲမှာပေါ့.. သူမကလည်း ကိုယ့်လိုပဲ ဆေးစစ်ချက်လာယူတာတဲ့.. ကိုယ်နဲ့ တက်ရမယ့်ကျောင်းကလဲ အတူတူပဲလေ.. နာမည်ဆန်းဆန်းလေးနဲ့အတူ သိပ်မဆန်းလှတဲ့သူမကို ကိုယ် မှတ်မှတ်ထင်ထင်လေးတော့ ဖြစ်သွားမိတယ်.. ကျောင်းဖွင့်တော့ သူမနဲ့ပြန်တွေ့ရတယ်.. ဖြစ်ချင်ပြန်တော့ နေတဲ့အဆောင်ချင်းက ကပ်လျှက်..

ကိုယ် အချစ်ဆိုတာကို နားမလည်ပါဘူး.. ချစ်လဲမချစ်တတ်ပါဘဲ.. ဘာလို့များ သူမကိုချစ်ရေးဆိုမိပါလိမ့်.. သူမကတော့ ကိုယ့်ကို တကယ်နှစ်နှစ်ကာကာချစ်မိသွားပုံပါပဲ.. အဖြေပေးတာတောင် ချစ်တယ်ဆိုတဲ့စကားကို သွေးနဲ့ရေးပြီးပေးတယ်လေ.. တကယ်တမ်းကျတော့ သူမက သိပ်ထက်တဲ့မိန်းမတစ်ယောက်.. စာလဲကြိုးစားတယ် ရည်မှန်းချက်လဲကြီးတယ်.. ကိုယ့်ခံယူချက်ကတော့ မိန်းမတယောက်ဟာ အဲသလောက်တော်နေထက်နေဖို့ မလိုဘူးရယ်လို့

အစကတည်းက အချစ်ကို ပေါ့ပေါ့လေးသဘောထားခဲ့တဲ့ ကိုယ့်အတွက် အချိန်ကြာလာတာနဲ့အမျှ သူမရဲ့အချစ်တွေက စိတ်ကျဉ်းကြပ်စရာလို့ မြင်လာမိတယ်.. သူငယ်ချင်းတွေကလဲ တခုခုဆို မင်းမှာကပိုင်ရှင်ရှိပြီးသားပါကွာ ဆိုတာမျိုး.. ပေပေတေတေနေချင်တဲ့ကိုယ့်ကို သူမက ထိန်းချုပ်မှုတွေရှိလာမှာစိုးတာကတမျိုးတွေကြောင့်.. မလုပ်သင့်တာကို ကိုယ်လုပ်မိသွားတယ်..

မေ့လိုက်တော့ဆိုတဲ့စကားတခွန်းနဲ့ သူမကို ကိုယ်ကျောခိုင်းစွန့်ခွာခဲ့တယ်.. ကိုယ့်ကိုကိုယ်လဲ လွတ်လပ်ပြီရယ်လို့ ကြွေးကျော်ရင်း ပေနေတေနေခဲ့တယ်ပေါ့.. သူမနဲ့ဝေးရင် ပျော်မှာပဲလို့ ထင်ခဲ့ပေမယ့် တကယ်တမ်းကျတော့ သူမငိုနေတာတွေ့တိုင်း ကိုယ့်ရင်ထဲမှာ ထိထိခိုက်ခိုက်လေး ခံစားရတယ်.. ကိုယ့်ကြောင့် သူမရဲ့ရည်မှန်းချက်တွေများ ထိခိုက်လေမလားလို့ စိုးရိမ်စိတ်ခပ်ပါးပါးလေးလဲ ဖြစ်မိသေးရဲ့.. တကယ်တော့သူမက ကိုယ်ထင်သလောက် မပျော့ညံ့ပါဘူး.. ကိုယ့်ကြောင့် သူမငိုခဲ့ရတာမှန်ပေမယ့် အသည်းကွဲခဲ့ရပေမယ့် သူမရဲ့အနာဂတ်ကိုတော့ အထိခိုက်မခံခဲ့လို့ ကိုယ့်မှာ စိတ်ချမ်းသာခဲ့ရတယ်ပေါ့..

ကျောင်းပြီးခါနီး သူမတို့သူငယ်ချင်းတတွေ ကဗျာစာအုပ်လေးထုတ်တော့ ကိုယ့်ကိုရည်ရွယ်ပြီးရေးတဲ့ သူမရဲ့ကဗျာလေးက ကိုယ့်မာနကို လှုပ်နှိုးလိုက်သလိုပဲ.. ဘယ်သူမှမသိအောင် ကိုယ်သိမ်းထားခဲ့တဲ့ သူမနဲ့သက်ဆိုင်တဲ့ပစ္စည်းလေးတွေ သူမဆီပြန်ပို့ပေးလိုက်တယ်.. တကယ်တမ်းကျတော့ သူမကို သတိရတိုင်း ထုတ်ကြည့်နေကျလေးတွေလေ.. ကိုယ့်မာနကို အထိမခံချင်တာနဲ့ပဲ ပြန်ပို့ပေးလိုက်တော့ ကိုယ့်မှာ သတိရရင်ကြည့်စရာတောင် မရှိတော့ဘူးဖြစ်သွားတာပေါ့.. သူမကတောင် “မင်းမရှိလဲဖြစ်ပါတယ်” လို့ ရေးရက်မှတော့ ကိုယ်လဲပြတ်သားပြလိုက်တယ်ပေါ့..

ကျောင်းတွေမပိတ်ခင် နောက်ဆုံးကျောင်းသွားတဲ့ရက်က ကိုယ့်ဆီကို သူမဆီက စီဒီလေးတစ်ချပ်ရောက်လာတယ်.. သီချင်းလေးတပုဒ်ပဲ သွင်းထားတာပါ.. သူမကိုယ်တိုင် ဆိုထားတာလို့ ကိုယ်ထင်တယ်.. ကာရာအိုကေဆိုပြီး အသံသွင်းထားပုံရတယ်.. သီချင်းလေးနာမည်က ဒီဇင်ဘာအချစ်တဲ့.. အဲဒီသီချင်းလေးနားထောင်တိုင်း ကိုယ်တကယ်ရင်နာရတယ်.. သူမကို နာကျင်ခံစားရအောင် လုပ်မိလို့လေ့.. ကိုယ် သူမကို ချစ်မှန်းမသိ ချစ်မိခဲ့တာ.. သိပ်ကို သေချာတာပေါ့..

“အဆိပ်မရှိတဲ့သိုးငယ်လို အချစ်မရှိခဲ့ပါ..
လွမ်းဆွေးတဲ့စိတ်ဘာလဲ.. နားမလည်..
သစ်ရွက်လေးနဲ့လိပ်ပြာလို.. ငြိမ်းချမ်းတဲ့စိတ်နားခိုရာ.. ရုပ်ပုံလွှာကားချပ်ပေါ်မှာ..
အသည်းတံခါးလေးခေါက်ရောက်လာသူကို ငေးမောကြည့်ရင်း..
သူခိုဝင်လာ အမှတ်တမဲ့ကိုယ့်ရဲ့ကမ္ဘာ..

ဒီဇင်ဘာမှာတွေ့ခဲ့ရလို့ အေးချမ်းတဲ့အချစ်မျိုးရှိလိမ့်မယ်..
ဒါကိုတွေးရင်း တို့ကပျော်..
ဧပြီမေလိုသူ့ရဲ့အချစ်က အခုတော့နွေနေကဲ မအေးချမ်းပါ..
ပြန်လည်တွေးတိုင်းဆွေးနေပြီ..
ဘယ်နေရာရာစားစားသွားသွား စိုးမိုးနေပြီပဲ သူ့မျက်နှာ..
ဒီမှာ နှလုံးသားကျွမ်းရော့မယ်..
ဒီဇင်ဘာရဲ့နှင်းပွင့်နဲ့အတူ တဖြေးဖြေးကြွေနေဆဲ လွမ်းမျက်ရည်
ဘယ်ခါကျမှ ခမ်းရော့မယ်မသိ..”



xxxxxxxxxxxxxxxx

ဒီဇင်ဘာရောက်တိုင်း ဘာရယ်မဟုတ် ကိုယ် သူမကို သတိရတတ်တယ်.. ဟုတ်တယ်လေ.. ဒီဇင်ဘာမှာစတွေ့တာမို့လား.. အချိန်တွေဘယ်လောက်ပဲကြာကြာ မေ့သွားတယ်လို့တော့ မရှိပါဘူး.. တိုက်ဆိုင်မှုလေးတွေရှိတိုင်း သတိရတတ်တယ်... ကျောင်းပြီးကတည်းက သူမသတင်း မကြားရတော့တာ ဆယ်စုနှစ်တခုတောင်ကျော်ပြီပေါ့.. အဲသလိုအချိန်ကျမှ မထင်မှတ်ပဲ သူမနဲ့အဆက်အသွယ်ပြန်ရတယ်.. ထုံးစံအတိုင်း ဖေ့ဘွတ်မှာပေါ့.. နာမည်တူမရှိနိုင်တဲ့ သူမနာမည်နဲ့ ကိုယ့်ဆီကို မက်ဆေ့ချ်လေးရောက်လာတယ်.. မှတ်မိသေးရဲ့လားတဲ့.. မမှတ်မိပဲနေပါ့မလား.. ဘယ်ရောက်လို့ ဘာတွေလုပ်နေလဲ မေးလိုက်တော့ သူမကစလုံးမှာ အလုပ်လုပ်နေပြီတဲ့..

ကိုယ်ကတော့ ပင်လယ်ပျော်ကြီးပေါ့.. အချစ်သစ်တွေ့ပြီလားမေးတော့ သူမက အားရပါးရအော်ရယ်တယ်.. “အိမ်ထောင်ကျလို့ သားလေးတောင် ၂နှစ်ပြည့်တော့မယ်” တဲ့လေ.. ကိုယ့်အတွက် မင်းဆိုပြီးအသံသွင်းပေးခဲ့ဖူးတဲ့သီချင်းလေး မှတ်မိသေးလားဆိုတော့ မှတ်မိပါတယ်ဆိုပဲ.. ဆိုပြခိုင်းတော့ မဆိုချင်ဘူးတဲ့.. သီချင်းဆိုတာ ခံစားချက်နဲ့ဆိုမှ နားထောင်လို့ကောင်းတာတဲ့လေ.. ဒါဆို ခုဘာခံစားချက်မှမရှတော့ဘူးလားမေးတော့ ထုံသွားပြီတဲ့..

ကိုယ်က အတ္တကြီးတဲ့သူ.. ကိုယ်လိုချင်တဲ့လွတ်လပ်ပျော်ရွှင်မှုအတွက် သူမနှလုံးသားကို ကစားမိခဲ့သူ.. ဒါနဲ့များတောင် သူမက ကိုယ့်ကို အပြစ်အမြင်ဘူးတဲ့.. သူမမှာ သားလေးတယောက်ရှိနေပြီပြောတော့ ကလေးနာမည်က ဘာလဲဟင်လို့ အလောတကြီး မေးမိတယ်.. သိပ်လှတဲ့နာမည်လေးကို သူမက ရွတ်ပြတယ်.. ကဗျာဆရာမက သားလေးအတွက် နာမည်လှလှလေးပေးထားပေမယ့် ကိုယ်မျှော်လင့်မိသလို ကိုယ့်နာမည်ထဲက စာလုံးလေးတလုံးတလေတောင် မပါလာဘူးလေ..

ဒီဇင်ဘာရောက်ပြီလို့ သူမဆီကို မေးလ်ပို့ထားတာ.. မနေ့က ပြန်စာရောက်လာတယ်..

“ဒီဇင်ဘာမှာ ကောက်ရဖူးတဲ့အမှိုက်တစ်စကို.. ဧပြီနွေခေါင်ခေါင်ထဲ တောင်လေနဲ့အတူဝဲပစ်ခဲ့ပြီး.. ဆယ်စုနှစ်လွန်ခါမှ နှင်းတွေကြားထဲ ပြန်ရှာချင်သေးလို့လား မောင်.. ခု ငါရောက်နေတဲ့နေရာမှာ ဆောင်းမရှိဘူး.. နှင်းလဲမကျဘူး.. တို့၂ယောက်စတွေ့တုန်းက ဒီဇင်ဘာရဲ့အငွေ့အသက်မျိုး ဘာမှမရှိဘူးလေ.. အဲဒီတော့ ငါ့မှာ ဒီဇင်ဘာကို မေ့နေတာ ကြာလှပေါ့” တဲ့..

ကိုယ်ရောက်နေတဲ့နေရာမှာလဲ ဆောင်းတွေနှင်းတွေ ရှိမနေပါဘူး.. ဒါပေမယ့် ကိုယ့်ရဲ့ဒီဇင်ဘာကတော့ ရင်မှာနှင်းတွေဝေနေဆဲဆိုတာ သူမ ဘယ်တော့မှ သိနိုင်တော့မယ် မထင်ပါဘူးလေ...

Thursday, December 8, 2011

ကျွန်မနှင့်စျေးဝယ်ခြင်းအနုပညာ

မိန်းကလေးအတော်များများက စျေးဝယ်ရတာကို နှစ်သက်မယ်ထင်ရဲ့.. ကျွန်မလဲ စျေးဝယ်ထွက်ရတာကြိုက်ပါတယ်.. အလှအပကို သိပ်ဝါသနာမပါတဲ့ကျွန်မအတွက်တော့ စျေးဝယ်ခြင်းဆိုတာ မီးဖိုချောင်အတွက်စျေးဝယ်တာကို ဆိုလိုပါတယ်.. အဝတ်အထည်တွေ အလှကုန်တွေကိုတော့ ကြုံသလိုပဲဝယ်လေ့ရှိပြီး တကူးတကစျေးဝယ်ထွက်တာမျိုး မရှိသလောက်ပါပဲ.. ပွဲလေးလမ်းလေးသွားစရာရှိမှသာ တကူးတကသွားဝယ်တတ်တာမျိုးပါ..

ကိုယ်တိုင်ချက်ပြုတ်တဲ့အစားအစာတွေကိုသာ အလေးထားစားတတ်တဲ့ မြန်မာအိမ်ထောင်စုတွေမှာ မီးဖိုချောင်အတွက် စျေးဝယ်တယ်ဆိုတာ တော်တော်အရေးကြီးပါတယ်.. ကျန်းမာရေးအတွက် အရေးပါတာက အစားအသောက်မို့လား.. နေ့တိုင်းစားနေရတာမို့ ကျန်မာရေးအတွက်သင့်တော်ပြီး အာဟာရမျှတအောင် စားသောက်နိုင်ဖို့ဆိုတာ စျေးဝယ်သူအပေါ်မှာလဲ အများကြီးမူတည်တယ်လေ..

ကျွန်မတို့ငယ်ငယ်တုန်းက မေမေ့ဘက်ကအဖိုးအဖွားတွေနဲ့ တူတူနေကြပါတယ်.. တောင်ဥက္ကလာပမှာပေါ့.. အဲသည်တုန်းက မိသားစုအတွက် စျေးဝယ်သူက ပါပါကြီး (အဖိုး)ပါ.. ရခိုင်ပြည်မှာ စျေးဝယ်သူအများစုက အမျိုးသားတွေပါတဲ့.. ပါပါကြီးက တရက်ခြားတခါလောက် နန္ဒဝန်စျေးမှာ စျေးဝယ်တတ်ပါတယ်.. တော်တော်ကြီးတဲ့စျေးကြီးပေါ့.. ကျွန်မက ပါပါကြီးစျေးသွားရင် လိုက်ချင်လို့အမြဲပူဆာတတ်ပေမယ့် တခါတလေမှပဲ လိုက်ခွင့်ရပါတယ်.. လိုက်ရတဲ့အခါလဲ ကျွန်မစိတ်တိုင်းကျ စျေးလိုက်ပတ်ခွင့်မရဘဲ မုန့်ဟင်းခါးဆိုင်မှာ စားနေခဲ့ဆိုပြီး ထားခဲ့တာများတယ်လေ.. စျေးဝယ်ပြီးမှ လာပြန်ခေါ်ပါတယ်.. ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ စျေးလိုက်ရရင်ပျော်တာပါပဲ.. ဟင်းသီးဟင်းရွက် လတ်လတ်ဆတ်ဆတ်တွေ တောင်ပုံယာပုံနဲ့ အော်ဟစ်ရောင်းနေကြတဲ့ စျေးသည်တွေကိုက ကျွန်မအတွက်တော့ စိတ်ဝင်စားစရာ.. အဲသည်တုန်းက ခုလိုကျွတ်ကျွတ်အိတ်တွေ မပေါ်သေးတော့ ငါးတို့အသားတို့ဝယ်ရင် အင်ဖက်ကြီးတွေ ဗာဒံရွက်တွေနဲ့ထုပ်လို့ နှီးကြိုးလေးနဲ့တုပ်ပေးပါတယ်.. ငရုတ်သီးတို့ နနွင်းတို့လို အခြောက်အခြမ်းဆိုရင်တော့ သတင်းစာစက္ကူလေးနဲ့ပေါ့..

နည်းနည်းကြီးလာတော့ မေမေ့နောက်ကို စျေးခြင်းလိုက်ဆွဲပေးတယ်.. အဲသည်မှာ မေမေ့ဆီက စျေးဝယ်ပညာတွေကို အသံတိတ်လေ့လာတော့တာပေါ့.. ငါးတွေအသားတွေ လတ်မလတ်ဘယ်လိုရွေးတယ် စျေးဘယ်လိုဆစ်ရတယ်.. ဘယ်အသားဟင်းဆို ဘယ်ဟင်းရံလေးနဲ့တွဲဝယ်တတ်တယ် စသည်ဖြင့်ပေါ့လေ.. မေမေ့ဆီက ကျွန်မ အမွေရလိုက်တဲ့အကျင့်လေးကတော့ ဘုရားပန်းတို့ ဆွမ်းတော်တင်မယ့်သစ်သီးတို့ဝယ်ရင် ဘယ်တော့မှ စျေးမဆစ်တတ်တာပါပဲ..

ကိုယ်တိုင်စျေးဝယ်ခွင့်ရတာကတော့ အဆောင်မှာသွားနေတော့မှပေါ့.. ကျောင်းတက်နေရတာမို့ ညနေပိုင်းမှသာ စျေးသွားဖြစ်တာများပါတယ်.. တစ်ယောက်စာလေးဝယ်ရတာမို့ စိတ်တိုင်းကျ အားရပါးရဝယ်ရတာမျိုးတော့ မဟုတ်ဘူးပေါ့.. ကျောင်းပိတ်ရက်တွေဆိုရင်တော့ အဆောင်နားလေးက ပျံကျစျေးကလေးကိုသွားကြတယ်.. မှော်ဘီမှာဆိုတော့ ဟင်းသီးဟင်းရွက်တွေ ပန်းတွေက အရမ်းကိုလတ်ဆတ်ပါတယ်.. ခြံထွက်တွေရောင်းတဲ့စျေးကလေးမို့ ရန်ကုန်ထဲထက် စျေးကလဲချိုတယ်လေ..

စလုံးကိုရောက်လာတော့ မေမေနဲ့တူတူနေတာမို့ မေမေကပဲ စျေးဝယ်တာများပါတယ်.. မေမေပြန်သွားပြီး လင်မယား၂ယောက်တည်းကျန်ခဲ့တော့မှ ကျွန်မလဲ စျေးဝယ်သူတယောက် ပီပီပြင်ပြင်ဖြစ်လာတော့တာပါပဲ.. ပုံမှန်အားဖြင့် NTUC မှာပဲ အလွယ်တကူဝယ်လေ့ရှိပေမယ့် တကယ်တမ်းကျွန်မသဘောကျတာက Wet Market ထဲမှာဝယ်ရတာကိုပါ.. ပိုပြီး လတ်ဆတ်တယ်လို့ ထင်တာလဲပါတာပေါ့.. တပတ်မှာ တနင်္ဂနွေတရက်ပဲအလုပ်ပိတ်တာမို့ စျေးထဲမှာဝယ်ဖို့က သိပ်တော့မလွယ်လှပါဘူး.. ကိုယ်တိုင်စျေးဝယ်ရတော့မှ မလွယ်ပါလားလို့ သိလာတယ်.. ကျွန်မတို့က နေ့တိုင်းထမင်းဘူးထည့်တာမို့ အဆင်ပြေမယ့်ဟင်းကို စဉ်းစားရတာကိုက ဦးနှောက်ခြောက်စရာပါ..

ပြီးခဲ့တဲ့နှစ်က ၀ိတ်လျှော့တဲ့အစီအစဉ်တစ်ခုမှာ ၀င်ပါလိုက်တော့ အာဟာရနဲ့ပတ်သတ်တဲ့ ဗဟုသုတ တော်တော်လေးရလိုက်တယ်.. ခေါက်ဆွဲခြင်းအတူတူထဲကမှ အမျှင်ဓါတ်ပိုပါတဲ့ whole meal ခေါက်ဆွဲကို ရွေးဝယ်တာမျိုး.. ဘာလေးပဲဝယ်ဝယ် Healthier choice သင်္ကေတလေးရှာမိတာ.. သကြားလျှော့ အဆီလျှော့ထားတဲ့ထုတ်ကုန်တွေကို ရှာဝယ်မိတတ်တာ.. ကယ်လိုရီတန်ဖိုးတွေ တွက်ကြည့်တတ်တာ စသည်ဖြင့်ပေါ့လေ.. မောင်နဲ့အတူတူစျေးဝယ်ရင်ကျပြန်တော့ ဒုက္ခတမျိုးပါ.. သူဝယ်ချင်လိုက်သမျှက ၀ိတ်တက်မယ့်အစာတွေချည်းပဲ.. အာလူးကြော်တွေ သီဟိုစေ့လိုကယ်လိုရီများတာတွေ ရေခဲမုန့်တွေ.. ကျွန်မမှာ ပြူးပြလဲမရ မျက်စောင်းထိုးလဲမသိချင်ယောင်ဆောင်ပြီး ဇွတ်အတင်းကို ခြင်းထဲကောက်ထည့်တော့တာပဲ..

အဲသလို ကျွန်မရဲ့ ပေါင်၂၀၀ချစ်သူကို ၀ိတ်ထပ်မတက်စေဖို့ ကျွန်မရဲ့စျေးဝယ်ခြင်းအနုပညာက သိပ်ကိုအရေးပါတာပေါ့.. ၀က်သားဆိုလဲ အဆီလုံးဝမပါတာဝယ်ပါတယ်.. အသားလုံးအတွက် ကြိတ်ထားတာလေးလိုချင်ရင်တောင် စျေးထဲမှာအသားတုံးကို ကိုယ်တိုင်ရွေးပြီး ကြိတ်ခိုင်းရပါတယ်.. ကြိတ်ပြီးသားတွေဆို အဆီများမှများပေါ့.. ခေါက်ဆွဲခြောက်ထုပ်တွေဝယ်ရင်လဲ ဆီချက်ခေါက်ဆွဲအစား ခေါက်ဆွဲပြုတ်ကိုပဲ ရွေးပါတယ်.. အဆာပြေမုန့်အတွက်ဆိုရင် ဆီနဲ့ကြော်ထားတာတွေအစား Roasted / baked ထားတာတွေ ရွေးရတာပေါ့.. တီဗွီကြည့်ရင်းစားဖို့ အာလူးကြော်တွေအစား အသီးလေးဘာလေး အစားထိုးပေးရတယ်.. တခါတလေတော့ အသုတ်လေးတွေ လုပ်ပေးဖြစ်တယ်.. ခရမ်းချဉ်သီးသုတ်တို့ ပြောင်းဖူးသုတ်တို့ပေါ့.. ညနေစာအတွက်ကို အသားတွေငါးတွေမဝယ်တော့ဘဲ ခေါက်ဆွဲလေးကြာဇံလေးကို အသီးအရွက်များများနဲ့ ပြုတ်ပေးတာမျိုး.. ကြော်ရင်လဲ ဆီနည်းနည်းနဲ့ ရေလေးထည့်ပြီး ကြော်ရတာမျိုးတွေ လုပ်ရပါတော့တယ်.. ၂ယောက်လုံးက အသီးအရွက်တော့ အရမ်းကြိုက်တာမို့ ကျွန်မတို့၂ယောက်စာ ဟင်းသီးဟင်းရွက်တွေက သူများတွေအတွက်ဆို လေးငါးယောက်စာလောက်ရှိတတ်တယ်..

ငယ်ငယ်လေးကတည်းက စျေးသွားတာပျော်တာမို့ ခုလိုကိုယ်တိုင်ဝယ်ခြမ်းစီစဉ်နေရတာကိုက ကျေနပ်စရာပေါ့.. ကျွန်မက စျေးဝယ်ခြင်းအနုပညာကို အမှန်တကယ်မြတ်နိုးသူပါ..

Friday, December 2, 2011

မေးခွန်းများနဲ့ မိုးသံစဉ်

သုံးလေးနှစ်အရွယ်ကလေးတွေဟာ သိပ်ကိုအမေးအမြန်းထူတာပဲတဲ့.. သုံးနှစ်ပြည့်တော့မယ့် ကျွန်မရဲ့တစ်ဦးတည်းသော ချစ်သားလေးကလဲ သိပ်ကို အမေးအမြန်းထူပါတယ်.. တခါတလေဆို သူမေးတဲ့မေးခွန်းတွေကိုဖြေဖို့ ကျွန်မမေမေခမျာ တော်တော်လေးဦးနှောက်စားရတယ်တဲ့လေ.. တစ်နှစ်ခွဲလောက်ကတည်းက စကားစပြောတဲ့သားသားက သုံးနှစ်ပြည့်ခါနီးမှာတော့ လူကြီးတယောက်လို လည်လည်ပတ်ပတ်ပြောဆိုတတ်နေပါပြီ.. အေဘီစီတွေကိုတော့ ဇက်အထိ ရန်ကုန်မပြန်ခင်ကတည်းက အကုန်သိပြီးသားပါ.. ခု ရန်ကုန်မှာ ကျွန်မမေမေက ကကြီးခခွေးတွေ သင်ပေးနေတယ်တဲ့.. အဲ့သည်မှာ ဖြေရခက်တဲ့မေးခွန်းတွေ စတော့တာပဲ..

“မာမားရေ စလုံးကဘာလို့ဘေးကိုကြည့်ပြီး ဓအောက်ချိုင့်က ဘာလို့အောက်ကိုကြည့်တာလဲ.. ဗထက်ချိုင့်ကျတော့ အပေါ်ကိုကြည့်နေတယ်”

“ဌဝမ်းဘဲဘေးနားက နှစ်ခုမှာ တစ်ခုကဘာလို့ညာဘက်ကိုလှည့်ပြီး နောက်တစ်ခုက ဘာလို့ဘယ်ဘက်ကိုလှည့်နေတာလဲ”

“ဠကြီးကနဲ့ ဏကြီးက ဘာလို့ ကကြီးနဲ့တစ်တန်းထဲမနေပဲ ဃကြီးကဘာလို့တစ်တန်းထဲဖြစ်နေတာလဲ”

အဲလိုမေးခွန်းတွေနဲ့ တနေ့တနေ့ နပမ်းလုံးနေရတာ ကျွန်မမေမေပေါ့.. သူမေးတာကို ပြန်မဖြေမချင်း မေးနေတော့တာတဲ့..

သားသားက ဖြတ်ထိုးဉာဏ်ကောင်းသလို ဆက်စပ်ပြီးတော့လဲ တွေးတတ်တယ်.. သူများမစဉ်းစားမိတာလေးတွေကိုလဲ စဉ်းစားမိတတ်တယ်.. မြန်မာစာလုံးတွေကိ အေဘီစီတွေနဲ့ ယှဉ်ကြည့်ပြီး “ဒဒွေးက သရီးနဲ့တူတယ်”တို့ “နှစ်ကဂျေနဲ့တူတယ်”တို့ “၀လုံးက အိုနဲ့တူတယ်”တို့ ပြောတတ်တဲ့အပြင်.. “ဌဝမ်းဘဲကို ပြောင်းပြန်လှန်ရင် ဖိုက်ဖြစ်သွားတယ်နော်..” သူလက်လေးနဲ့ နငယ်ခြေထောက်ကိုအုပ်ပြီး “မားမားကြည့်ပါဦး နငယ်က အက်စ်ဖြစ်သွားပြီ” “အင်န်ကို ကွေးကွေးလေးရေးရင် လနဲ့တူမှာနော်” တို့လုပ်တတ်သေးတယ်..

ရန်ကုန်ရောက်စက သားသားကြီးလာရင် ဘာလုပ်မလဲမေးတော့ နေတိုးလို မင်းသားလုပ်မှာတဲ့.. ခုတော့ပြောင်းသွားပြီ.. ကြီးလာရင် သမ္မတလုပ်မယ်တဲ့.. နေပြည်တော်မှာ လွှတ်တော်ရှိတယ်.. လွှတ်တော်မှာ သမ္မတလုပ်မှာတဲ့လေ.. သူ့မာမားကိုလဲ နေပြည်တော်လိုက်ပို့ပေးဖို့ ခဏခဏ ပူဆာလေ့ရှိသတဲ့.. တလောကတော့ တီဗွီမှာသတင်းပြနေရင် လွှတ်တော်ထဲက ဖတ်ကြားကြေငြာနေတာတွေကို နားထောင်နေတယ်တဲ့.. ထုံးစံအတိုင်း အပိုက် ကကြီးတို့ အပိုက်ခွဲ ခခွေးတို့ ဖတ်နေကြမှာပေါ့.. အဲသည်မှာ သားသားက ကောက်ကာငင်ကာထပြောတယ်တဲ့.. “မားမားရေ.. နေပြည်တော်က လွှတ်တော်မှာလဲ ကကြီးခခွေးတွေပဲ ဆိုရတာနော်.. သားသားလဲ လွှတ်တော်သွားလို့ရပြီ” တဲ့လေ..