Friday, April 30, 2010

အညာမြေ တမာလမ်းက ရွှေညာသူအလွမ်း

၂၀၀၆ခုနှစ် ဧပြီလ

ပူလောင်ပြင်းရှတဲ့ နွေနံနက်စောစောကြီးမှာ လေအေးစက်တ၀က်တပျက်သာပါတဲ့ ကားကြီးစီးလို့ အညာမြေကိုခရီးထွက်ခဲ့တယ်.. လမ်းမှာကားကပျက်သေးတော့ အညာကိုဝင်တဲ့အချိန်က နေ၀င်ရီတရောပေါ့.. ကျွန်မရဲ့ပထမဆုံး အညာမြေခရီးမို့ မြင်သမျှတွေ့သမျှ အထူးအဆန်းတွေချည်းပါပဲ.. ညနေစောင်းတာတောင် တံလျှပ်တွေထနေဆဲမြေက နေ့လယ်ခင်းဆို ဘယ်လောက်တောင်ပူလိုက်မလဲ.. ကားလမ်းနံဘေးက ကွင်းပြင်ကျယ်တွေထဲမှာ ခြောက်သယောင်းနေတဲ့မြက်ပင်ရှည်ဝါ၀ါတွေ အရိုးပြိုင်းပြိုင်းထနေတဲ့ သစ်ခြောက်ပင်ကြီးတွေက တကယ့်ကိုလွမ်းချင်စရာ..

“နှစ်ပြောင်းလရှည် ကြာခဲ့ပြီမောင်ရေ..
ငယ်ကကျွမ်းလို့လဲ လွမ်းရပါတယ်လေ..
ဒါကြောင့်သာပဲလေ.. မောင်နဲ့နှစ်ယောက်သားတွေ့ရာ..
အညာကတမာလမ်းလေးတွေ..
မောင်ရေမောင်ရေ.. ပြေးကြည့်မိလေတော့..
တမာတွေဆယ်ကြိမ်ဖူး နှစ်ဦးခွဲခွာ
ဆယ်လီနှစ်များ ကြာခဲ့ပြီမောင်ရေ..”

ကားကက်ဆက်ကလွင့်လာတဲ့သီချင်းသံနဲ့ ရှေ့မှာမြင်လိုက်ရတဲ့မြင်ကွင်းက တကယ့်ကိုအချိန်ကိုက်.. လမ်းတစ်ဖက်တချက်မှာ တမာပင်တွေက အုပ်ဆိုင်းလို့.. လမ်းကိုတောင် ပေါင်းမိုးလေးလို အုပ်မိုးပေးထားလိုက်သေးရဲ့.. ပြတင်းတံခါးကိုဖွင့်မိလိုက်တော့ တမာနံ့သင်းသင်းလေးက တိုးဝင်လာတယ်.. ရင်ထဲကိုအေးသွားတာပဲ.. နွေခေါင်ခေါင်ကြီးထဲမှာမှ ပွင့်တတ်တဲ့တမာပန်းလေးတွေရဲ့အားမာန်ကို လေးစားသွားမိတယ်.. တဆက်တည်းတွေးမိတာက သီချင်းထဲကအညာသူလေးရဲ့ခံစားချက်.. ဆယ်နှစ်ကြာခွဲခွာနေရတဲ့ချစ်သူကို လွမ်းနေလေတဲ့ သူမရဲ့အလွမ်း.. တမာလမ်းမှာတွေ့နေကျမို့ တမာပင်တွေမြင်တိုင်း လွမ်းနေရတော့မယ့် သူမရဲ့ဖြစ်အင်..

“တမာတောမှာပျော်တယ်ဆိုတဲ့ မောင်ရေ မောင်ရေ
အညာမြေကိုမေ့လို့လား အညာသူလေးကိုမေ့လို့လား
ကွဲကွဲပြားပြားပြောပါမောင်ရေ..
ရွှေစည်းခုံစေတီအပါးမှာ မောင့်သက်ထားချစ်သက်ဝေ
နံသာပျားထုံ တူစုံယှဉ်လျှက် လှူချင်ပါတယ်လေ..
ဒီဆုချွေထား တောင်းတိုင်းပြည့်စေသားလို့
မြတ်ဘုရားထံ ဆုပန်ဆုပန်ချွေ”

သူမရဲ့ချစ်သူက တမာတောမှာပျော်ပါတယ်တဲ့.. ပျော်တယ်ဆိုပြီးတောင် ဆယ်နှစ်ဆယ်မိုးပြန်မလာခဲ့တဲ့သူက လှည့်စားတတ်တဲ့သူမျိုးလား.. သူမ အညာမိခဲ့လေသလား.. ချစ်သူနဲ့အတူယှဉ်တွဲလို့ ဘုရားမှာပန်းနံသာကပ်လှူချင်လို့ တောင်းထားတဲ့သူမဆုတောင်းလေးရော.. ပြည့်နိုင်ပါ့မလား.. ပြည့်စေချင်ပါရဲ့အညာသူလေးရယ်..

“မောင့်အပေါ်ထားတဲ့မေတ္တာရေ တမာတောမှာရွာသည့်မိုးနှယ်
မေတ္တာမိုးပြေး.. မဟုတ်ပါမောင်ရေ..
အချစ်မိုးအုံ့ပျံ့ အတောမသတ်အောင်ရွာသည့်အလား
မောင့်အသည်းပြင်ဝယ်.. ချစ်မိုးစွေချင်ပါပေ..
မောင်ပြန်လာမယ့်ရက်တွေ ချိုးရေတွက်သော်
တွက်သည့်ရက်များ အခက်သားရှင်ရေ..
မြောက်လေပြေသွေးပြန်တော့ နှင်းပွင့်ကိုစေ..
ရွှေမင်းဝံ ဟိုတောင်ရိုးဆီက သစ္စာထားခဲ့ကြတဲ့ လွမ်းစေတီကိုလေ
ဆောင်းညတိုင်းသတိရနေ..
သဇင်တွေပွင့်ပြီမောင်ရေ.. မောင်ပြန်ချိန်ဖြင့် သင့်ပြီထင်တယ်လေ..”

တမာတောမှာကတော့ မိုးပြေးလေးပဲ ရွာတတ်သတဲ့.. သူမရဲ့မေတ္တာကဖြင့် အုံ့အုံ့မှိုင်းမှိုင်း အတောမသတ်စွေရွာတတ်တဲ့မိုးလိုပါပဲတဲ့လေ.. ချစ်သူပြန်လာမယ့်ရက်ကို လက်ချိုးရေတွက်နေတဲ့သူမကို သနားမိတယ်.. မြောက်လေအေးတွေတိုက်ခတ်တဲ့ ဆောင်းတညထဲ လွမ်းစေတီမှာ သစ္စာထားခဲ့ဖူးတယ်ဆိုရဲ့.. သဇင်တွေတောင်ပွင့်နေပြီမို့ ပြန်လာဖို့ သင့်ပါပြီတဲ့.. အညာသူတွေက တကယ်ပဲအချစ်ကြီးချစ်တတ်သလား.. ဆယ်နှစ်ဆယ်မိုး သစ္စာရှိရှိနဲ့ ချစ်သူကိုလွမ်းနေရတဲ့ သူမရဲ့မေတ္တာက ထုထည်ကြီးမားခိုင်မာလှပါလား.. သစ္စာရှင်မလေးကို သူမချစ်သူနဲ့ မြန်မြန်ပြန်ဆုံစေချင်မိတယ်..

သီချင်းနားထောင်ရင်း ပတ်ဝန်းကျင်ကိုမေ့နေတဲ့ ကျွန်မ.. သတိပြန်ဝင်လာတဲ့အချိန်မှာ တော်တော်တောင်မှောင်နေပြီ.. ကျွန်မစီးလာတဲ့ကားကြီးကလည်း ကျွန်မတို့တည်းခိုမယ့်ဘုန်းကြီးကျောင်းထဲကိုတောင် ချိုးကွေ့ဝင်နေပြီ.. ကျွန်မရဲ့ပထမဆုံးအညာမြေခရီးမှာ ကြုံခဲ့ရတဲ့ အညာမြင်ကွင်းတွေနဲ့ တမာလမ်းသီချင်းလေးကိုတော့ အမြဲအမှတ်ရနေဦးတော့မှာပါပဲ.. ချစ်သူတိုင်း စုံစည်းပေါင်းဖက်နိုင်ကြပါစေလေ...


(မက်မက်ရဲ့ ကံစမ်းမဲနံပါတ် ၂၅ပါ.. အာဘွား ၂သိန်းယူပြီးသွားပါပြီ မက်မက်ရေ..)

Tuesday, April 20, 2010

ကျွန်မနဲ့ ၀တ်စားဆင်ယင်မှု

ကျွန်မက အ၀တ်အစားအလှအပနဲ့ပတ်သတ်ရင် လောဘနည်းတယ်ဆိုရမယ်.. သိပ်ဝါသနာမပါဘူးဆိုပါတော့.. လှချင်ပချင်တဲ့စိတ်နဲ့ ကိုယ့်ကိုကိုယ်ခြယ်သနေတာမျိုးလဲ မလုပ်တတ်ပါဘူး.. တခြားမိန်ကလေးတွေလှနေတာမြင်ရင်တော့ သဘောကျတတ်ပါတယ်... ဖက်ရှင်ကျကျ လှလှပပ၀တ်စားတတ်သူတွေကိုလည်း သဘောကျတတ်တယ်ပေါ့.. ကိုယ်တိုင်လုပ်ကြည့်ဖို့တော့ တစ်ခါမှမစဉ်းစားဖူးပါဘူး.. ကျွန်မဘ၀မှာ မိတ်ကပ်တွေဘာတွေလိမ်းပြီး ကျကျနနပြင်ဆင်ဖူးတာဆိုလို့ ၂ခါပဲရှိပါတယ်.. ဘွဲ့ယူတုန်းကတစ်ခါ.. မင်္ဂလာဆောင်တုန်းကတစ်ခါလေ..

ကျောင်းတက်နေတုန်းကလဲ ကျွန်မမှာအ၀တ်အစားသိပ်များများမရှိခဲ့ပါဘူး.. ချည်လုံချည်လေးတွေ ပါတိတ်လုံချည်လေးတွေကို အင်္ကျီပြောင်လေးတွေနဲ့ တွဲဝတ်တတ်တာ.. နောက်ပိုင်း ကျောင်းဝတ်စုံသတ်မှတ်လိုက်တော့ အဖြူနဲ့အပြာပဲ ၀တ်ရတော့တာပေါ့.. စလုံးကိုရောက်လာတော့ ဘောင်းဘီပဲဝတ်ဖြစ်တာများတယ်.. စကတ်ဝတ်ထားရင် မနေတတ်မထိုင်တတ်ကိုဖြစ်နေရော.. အင်္ကျီပုံစံဆိုရင်ကျွန်မက ပွပွချောင်ချောင်လေးတွေကိုကြိုက်တတ်တယ်.. ကိုယ်လုံးနေရာမှာပွပွလေးနဲ့ အောက်နားမှာစည်းထားတာမျိုးလေးကြိုက်တယ်လေ.. ကျွန်မမှာရှိသမျှ ပုံစံတူတွေချည်းပဲ..

ခုတလောတော့ ဘာဖြစ်တယ်မသိ လုံချည်ဝတ်ရတာကို အရမ်းကြိုက်နေတယ်.. ရုံးကိုလည်း လုံချည်ပဲဝတ်ပြီးသွားချင်တယ်.. အိမ်မှာနေရင်းတော့ အမြဲလုံချည်ပဲဝတ်တာလေ.. ဈေးသွားတာလောက်ဆိုရင်လဲ ဘောင်းဘီလဲဝတ်မနေတော့ပဲ လုံချည်နဲ့ထွက်သွားပစ်လိုက်တာပဲ.. ခုတော့ ရုံးကိုပါလုံချည်ဝတ်လာဖြစ်တယ်.. ရန်ကုန်ပြန်တုန်းက ပါထိုင်းစလေးတွေကို ချိတ်နဲ့ချိတ်ရတဲ့ စကတ်လုံချည်မျိုးတွေချုပ်လာခဲ့တာ အတော်ပဲဖြစ်သွားတယ်.. လုံချည်လေးတွေကို ဘလောက်စ်လေးတွေနဲ့တွဲပြီး ရုံးကိုဝတ်ဝတ်လာတယ်.. တော်တော်ကိုလွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးရှိတာပါ.. ကိုယ့်မန်နေဂျာကတောင် သဘောတွေကျနေသေး.. ကျွန်မတို့ရုံးက မြို့လယ်ခေါင်မှာလဲမဟုတ်တော့ ဘာဝတ်ရမယ် ညာဝတ်ရမယ်ရယ်လို့ တင်းကျပ်ထားတာလဲ မဟုတ်ပါဘူး.. မလေးလူမျိုးတွေလဲ သူ့ရိုးရာဝတ်စုံဝတ်နေကြတာပဲကိုး.. ကျွန်မကိုလာပြောရင်တော့ ပြန်စွာပစ်လိုက်မှာ.. ဒါငါတို့ရိုးရာလို့.. နောက်ကိုလည်းရန်ကုန်ကနေ လုံချည်လေးတွေထပ်မှာဦးမှာ.. တိုင်းရင်းသားရိုးရာလုံချည်လေးတွေပေါ့.. များလာတဲ့အခါ နေ့တိုင်းလုံချည်ပဲဝတ်တော့မယ်လို့ စဉ်းစားထားတယ်..

စလုံးမှာနေကြတဲ့သူတွေရေ.. အရှေ့ဂျူရောင်းဘူတာမှာဖြစ်ဖြစ်.. ဘွန်လေးဘူတာမှာဖြစ်ဖြစ်.. လုံချည်ဝတ် မျက်မှန်တပ်ထားတဲ့ ခပ်၀၀မိန်းမတစ်ယောက်များတွေ့ရင် လှမ်းခေါ်လိုက်နော်.. ကျွန်မဖြစ်ဖို့များတယ်..

Friday, April 9, 2010

ကျွန်မနဲ့ကဗျာ

ကျွန်မက ငယ်ငယ်လေးကတည်းက ကဗျာတွေကိုချစ်တဲ့သူ.. ကျွန်မအဖွားဆိုပြခဲ့တဲ့ ကလေးကဗျာလေးတွေက ကျွန်မနဲ့ဦးဆုံးထိတွေ့ခဲ့တဲ့ ကဗျာလေးတွေပေါ့.. မူကြိုကျောင်းမှာသင်ရတဲ့ ကဗျာလေးတွေကိုလဲ ကျွန်မချစ်ခဲ့တယ်.. အတန်းကျောင်းတက်ရပြန်တော့ မြန်မာကဗျာမျိုးစုံနဲ့ ရင်းနှီးလာရတယ်ပေါ့..

ကဗျာတွေကိုချစ်တဲ့ကျွန်မ ၈တန်းကျောင်းသူအရွယ်လောက်ကစပြီး ကဗျာလေးတွေစမ်းရေးခဲ့တယ်.. ကျောင်းကလုပ်တဲ့ ကဗျာပြိုင်ပွဲတွေဆိုရင်လဲ ၀င်ပြိုင်ဖြစ်တယ်.. သဘာဝအလှကို ဖော်ကျူးတဲ့ကဗျာလေးတွေ.. မြန်မာရိုးရာ ယဉ်ကျေးမှုကိုဖော်ကျူးတဲ့ကဗျာလေးတွေပေါ့.. ပန်းချီကားလေးပေးထားပြီး ကဗျာရေးခိုင်းတဲ့ပြိုင်ပွဲလေးမျိုးတွေဆိုရင်လဲ ၀င်ပြိုင်တာပဲ.. ဆုရတဲ့အခါလဲရ.. မရတဲ့အခါလဲမရပေါ့..

အချစ်ကဗျာလို့ပြောရင်ရမယ့် ကဗျာလေးတစ်ပုဒ်ကို စရေးဖြစ်တာကတော့ ပထမနှစ်တုန်းကပေါ့.. ကလေးအတွေးနဲ့ရေးထားတဲ့ကဗျာလေးကို တနေ့ကစာရွက်တွေရှင်းရင်းပြန်တွေလိုက်တော့ ရယ်ချင်ပက်ကျိလေးဖြစ်မိရဲ့.. ရေးခဲ့တုန်းကတော့ ခံစားချက်အပြည့်နဲ့ပေါ့.. ခုဖတ်ကြည့်တော့သာ ရယ်ချင်စရာ.. ဘာပဲဖြစ်ဖြစ် အမှတ်အရအနေနဲ့ တင်လိုက်မယ်လို့ စိတ်ကူးရသွားတယ်.. ဖတ်ကြည့်ကြပါဦး.. ကဗျာလေးခမျာ ခေါင်းစဉ်တောင်မရှိရှာဘူး...


နင်သိရဲ့လား..
နင့်ဆီကယုယမှုလေးတစ်ချက်
ငါ့အသက်ထက်မက်မောတယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အကြည့်နွေးနွေးလေးတစ်ချက်
ငါအလေးအနက်ထားတတ်တယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အပြုံးလက်လက်လေးတစ်ချက်အောက်
ငါအသက်ပျောက်သွားနိုင်တယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အနမ်းဖွဖွလေးတစ်ချက်က
ငါ့ရင်ကိုအေးမြစေမယ်ဆိုတာ..

နင်သိရဲ့လား..
နင့်အမုန်းခါးခါးအောက်မှာ
ငါ့နှလုံးသားဆုံးပါးသွားလောက်တယ်ဆိုတာ..

တကယ်တော့ငါက..
မွေးကတည်းကနောက်ကျခဲ့သူ...

Wednesday, April 7, 2010

ကျွန်တော့်ရည်မှန်းချက် တွေးလျှက်နဲ့ မောသည်မောသည်

သားသားကိုယ်ဝန်စရှိကတည်းက ၀လာလိုက်တာ ခုသားသားတောင် ၁၅လကျော်နေပြီ.. နည်းနည်းမှကိုပြန်မပိန်တော့ဘူးလေ.. အစားအသောက်ကလည်းမလျှော့နိုင်တော့ ပိုဆိုးပေါ့.. အရင်က ပေါင်၁၃၀၀န်းကျင်ပဲအမြဲရှိခဲ့ရာ ခုပေါင်၁၅၀ကျော်ဆိုတော့ လူကပုံပျက်နေပါပြီ.. ၅ပေ၅လက်မရှိတဲ့ အရပ်ကလေးသာမကယ်ရင် ရာဝင်အိုးပုံဖြစ်နေလောက်ပြီ.. ခုလည်းသိပ်မထူးပါဘူး.. ရာဝင်အိုးမဟုတ်ပေမယ့် ကတ္တရာပုံးလောက်တော့ ဖြစ်နေပါပြီ... မိန်းမတွေများ ၀ပြီဆို ဗိုက်ကပူခါးကတုတ်ပြီး အင်မတန်ရုပ်ဆိုးတော့တာကိုး.. တနေ့တနေ့ ကိုယ့်ကိုယ်ကို မှန်ထဲကြည့်ပြီး စိတ်ဆင်းရဲနေရတော့တာပေါ့..

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းလောက်က စလုံးအစိုးရကနေ စီစဉ်တဲ့ Lose To Win ဆိုတဲ့ Programme ထဲလဲ ၀င်ပါလိုက်သေးတယ်.. တစ်ပတ်ကို နှစ်ရက် လေ့ကျင့်ခန်းတွေလုပ်.. နေထိုင်စားသောက်ပုံနဲ့ပတ်သတ်တဲ့ ဟောပြောပွဲတွေသွားတက်နဲ့.. လေ့ကျင့်ခန်းကလဲ ပင်ပန်းသလားမမေးပါနဲ့.. နေပူကျဲကျဲကွင်းပြင်ထဲ ဟိုပြေးဒီလွှား ဟိုခုန်ဒီပေါက်.. ထိုင်ထတွေလုပ်ခိုင်း.. ဒိုက်တွေထိုးခိုင်းနဲ့.. သေချင်စော်ကိုနံရောဆိုပါတော့.. ပိန်လားဆိုတော့ မပိန်ပါဘူး.. အဆီပမာဏလျော့သွားပြီး Fitness Level တော့တက်လာတယ်ပေါ့.. တလောက အကြောတွေခဏခဏတက် ခေါင်းတွေကိုက်နဲ့ဖြစ်နေရာက လက်ပျဉ်တနေရာမှာ ထုံနေတာကိုသတိထားမိပါတယ်.. ဆရာဝန်သွားပြတော့ အကြောကြောင့်ဖြစ်တာတဲ့.. ဆေးတွေပေးပါတယ်.. ၀ိတ်လျှော့ဖို့လဲ အလေးအနက်ကို တိုက်တွန်းပါတော့တယ်.. ရှိသင့်တာထက် ၁၀ကီလိုလောက်ပိုနေပါတယ်တဲ့.. ဘုရားရေ.. ၁၀ကီလိုဆိုတော့ ၂၂ပေါင်ပေါ့.. ၀ိတ်မလျှော့နိုင်ရင် ခုလိုပဲခဏခဏ မအီမသာဖြစ်နေရဦးမှာပဲလို့လဲ ပိသာလေးနဲ့ ပစ်ထဲ့လိုက်ပါသေးတယ်..

ခုတော့ကျွန်မပြတ်ပြတ်သားသားဆုံးဖြတ်လိုက်ပါပြီ.. ပိန်မှကိုဖြစ်မယ်လို့.. Target လဲထားထားပါတယ်.. တစ်လကြာရင် ၃ကီလိုလျော့သွားအောင်လုပ်မယ်လို့... ၁၀ကီလိုလျော့ဖို့ အနည်းဆုံး ၃လတော့လိုမှာပေါ့.. နည်းကတော့ အစားလျှော့တဲ့နည်းရယ်.. လေ့ကျင့်ခန်းနည်းနည်းရယ်.. ကိရိယာအကူအညီရယ်ပေါ့... ကျွန်မပိန်ချင်တယ်ဆိုတာ အဓိကဗိုက်ပိန်ချင်တာပါ.. ရှိသမျှအဆီက ဗိုက်မှာစုနေသလားထင်ရတာမို့လား.. အစားအသောက်အနေနဲ့ ဆီနဲ့အဆီများတဲ့အစားအစာတွေကို လုံးဝရှောင်ပါမယ်.. ထမင်းကိုလဲ လက်ရှိစားနေတာရဲ့ ထက်ဝက်ပဲ စားပါမယ်.. ညနေစာကို ထမင်းလုံးဝမပါပဲ ဟင်းသီးဟင်းရွက်တွေကို ပြုပ်ပြီးသုပ်ပြီးစားပါမယ်.. ကြွပ်နေအောင်ကြော်ထားတဲ့ ဆီကြော်စာတွေကို လုံးဝစွန့်လွှတ်ရပါတော့မယ်..

လေ့ကျင့်ခန်းကတော့ များများမလုပ်နိုင်ပါဘူး.. မနက်အစောကြီးတက်ရတဲ့အလုပ်နဲ့ဆိုတော့ ညနေပြန်ရောက်မှပဲ အချိန်နဲနဲရပါတယ်.. သားသားနဲ့ကစားရင်း တိုက်အောက်က အားကစားကွင်းမှာ ခါးလှည့်တာ စက်ဘီးစီးတာ ခြေလွှဲတာလောက်လေးပဲလုပ်နိုင်မှာပေါ့..

အကူအညီအနေနဲ့သုံးမယ့် ကိရိယာအတွက်တော့ မီးမီးချစ် ကိုကျေးဇူ:တင်တယ်လို့ ပြောချင်ပါတယ်.. သူ့ပို့စ်လေးကိုဖတ်ပြီး ကျွန်မ Slendertone လို့ခေါ်တဲ့ခါးပတ် သွားဝယ်ဖြစ်ပါတယ်.. သုံးကြည့်တော့ တော်တော်လေးထိရောက်တာတွေ့ရတယ်လေ.. သူက ကြွက်သားတွေကို လေ့ကျင့်ခန်းလုပ်ပေးတဲ့သဘောဆိုတော့ ထိရောက်တာပေါ့.. သူ့ကိုပတ်ထားပြီး အလုပ်ရှိရင်လုပ်နေလို့ရသေးတော့ တော်တော်အဆင်ပြေတယ်.. အိပ်နေရင်းပတ်ထားရင်လဲ ရတယ်တဲ့.. User Manual ထဲမှာ တလစာအတွက် ပေးထားတဲ့ဇယားလေးလဲပါတယ်.. ပြင်းအားကိုတဖြေးဖြေးတိုးသွားတာမျိုးပေါ့.. သူက Osim လိုမျိုးတုန်နေတာမဟုတ်ဘူး.. ကြွက်သားတွေကို ဆွဲကျုံ့ပေးတာဆိုတော့ လုပ်ပြီးနောက်တစ်ရက်ဆို နဲနဲတော့နာပါတယ်.. Osim ကိုလဲသုံးဖူးပါတယ်.. သုံးပြီးတိုင်း အသားတွေယားကျန်ခဲ့တာကို မခံနိုင်လို့ဆက်မသုံးဖြစ်တော့ဘူး.. Slendertone နဲ့တော့အဆင်ပြေနေပါတယ်.. စလုံးငွေ ၃၈၈ ပေးရပါတယ်..

ကဲ မောင်နှမတွေထဲကရော ပိန်ချင်တဲ့သူရှိရင် ပူးပေါင်းကြရအောင်လား.. လှချင်တာထက် ကျန်းမာရေးအတွက်ကိုလိုအပ်နေတာမို့ ကျွန်မအစွမ်းကုန်ကြိုးစားပါတော့မယ်.. ဒီလောက်ကြိုးစားလို့မှ မပိန်ဘူးဆိုရင်တော့ ဒွတ်ခပါပဲနော်......

Monday, April 5, 2010

မင်္ဂလာနှစ်ပတ်လည်အလှူ

မနက်ဖြန် ဧပြီ ၆ရက်နေ့မှာ ကျွန်မတို့မင်္ဂလာသက်တမ်း ၂နှစ်တိတိပြည့်ပါမယ်.. မဂ်လာနှစ်ပါတ်လည်အလှူအနေနဲ့ လာမယ့် တနင်္ဂနွေနေ့ ဓါတ်တော်တိုက်ကကျင်းပမယ့် မြန်မာနှစ်သစ်ကူးပွဲတော်မှာ စတုဒီသာအလှူလုပ်ဖို့ စီစဉ်ထားပါတယ်.. အားလုံးပဲ ကြွရောက်ချီးမြှင့်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်ရှင်.. သက်ကြီးပူဇော်ပွဲ.. ကဗျာပြိုင်ပွဲ.. မြန်မာသင်္ကြန်အဆိုအကတွေနဲ့ စည်စည်ကားကားလေးဖြစ်အောင် စီစဉ်ထားတဲ့ပွဲလေးမို့ အတူတူပျော်ရွှင်ဆင်နွှဲရအောင် လာခဲ့ကြပါနော်..

Place of Event :
Yeo 's Building
No. 2, Telok Blangah Street 31, Singapore 106942
Bus no. ( 10, 30, 57, 61, 93, 97, 100, 143, 166, 176, 188, 963 )
Bus stop name : B11 Opp Yeo's Bldg ,Telok Blangah Rd (from East Area)
B12 Telok Blangah Rd (from West Area)